အခန်း ၁၁၇
Vol. 8 Ch. 117
အခန်း (၁၁၇) ကျီးကန်းတံတား ထပ်ပွင့်ပြီ
အခန်းထဲတွင်…..
ဟယ်ဟွိုင်အန်းက ကျန်းမန် လာပေးသွားသော အရက်အိုးကို ကြည့်နေသည်။
စိတ်ထဲတွင် ခံစားချက်ပေါင်းစုံ ရောထွေးနေလေသည်။
ဤတပည့်က သူ့ကို အလွန်အမင်း အရှက်ခွဲခဲ့သည်။
ဤသည်က အစသာ ရှိသေးသည်။
နောက်ပိုင်းတွင် အရှက်ခွဲခံရမည့် ကိစ္စများ ပိုများနေသေးသည်။
အလကားရခြင်းတွင် အားသာချက် ရှိသလို အားနည်းချက်လည်း ရှိပေသည်။
အမှန်ကို ကောက်ရခဲ့သလား အမှားကို ကောက်ရခဲ့သလား ဆိုသည့်အပေါ်တွင်သာ မူတည်သည်။
သံသယဖြစ်စရာ မလိုဘဲ ကျန်းမန်က သူ ကောက်ရခဲ့သမျှထဲတွင် အမှားဆုံး အလကားပစ္စည်းပင် ဖြစ်သည်။
စိတ်ထဲတွင် သက်ပြင်းချကာ သူက အရက်အိုးကို ယူ၍ တစ်ငုံ သောက်လိုက်သည်။
ထို့နောက် သူ သဘောပေါက်သွားခဲ့သည်။
"မင်းက ဝိညာဉ်ကျောက်တုံး လာချေးတာတော့ မဟုတ်ပါဘူးနော်"
ဟယ်ဟွိုင်အန်းက မေးလိုက်သည်။
ကျန်းမန် ကြောင်အမ်းသွားပြီး ထိုသို့ မစဉ်းစားမိခဲ့ချေ။
သူကလည်း တွေ့တဲ့သူတိုင်းကို လိုက်ချေးနေသူ မဟုတ်ပေ။
ချန်ချီဝမ်ကို အမြဲတမ်း လိုက်ရှာနေခြင်းက ရိုက်နှက်ရင်းနှင့် သိကျွမ်းသွားကြသောကြောင့် ဖြစ်သည်။
ထို့အပြင် တစ်ဖက်လူက ချမ်းသာသော ဆင်းရဲသား တစ်ယောက် ဖြစ်နေသည်။
သို့သော် အခြေခံအားဖြင့်တော့ ဆင်းရဲသားသာ ဖြစ်ပြီး သူတို့အားလုံးက လူတန်းစား တစ်ခုတည်းပင် ဖြစ်ကြသည်။
ချေးရသည်မှာ အဆင်ပြေလှသည်။
တစ်ဖက်လူကလည်း အတိုးရနိုင်သဖြင့် နှစ်ဦးနှစ်ဖက် အကျိုးရှိပေသည်။
ချမ်းသာသော သူများကမူ ဝိညာဉ်ကျောက်တုံးများကို သူ့အပေါ်တွင် ရင်းနှီးမြှုပ်နှံပြီး အတိုးစားချင်မှ စားမည် ဖြစ်သည်။
သူတို့က အလွန် ပါးနပ်ကြသည်။
သူနှင့် တစ်လမ်းတည်း မဟုတ်ကြချေ။
"ဆရာ ထင်တာ မှားနေပြီ ကျွန်တော် လာတာက အလုပ်တစ်ခုခု ရှာချင်လို့ပါ ပင်ပန်းဆင်းရဲလည်း ကိစ္စမရှိပါဘူး ဝိညာဉ်ကျောက်တုံး ရနိုင်ပြီး အချိန်တိုရင် ရပါပြီ ဥပမာ ဝိညာဉ်စုဆောင်းရေး ခန်းမမှာ မီးသွားထွန်းပေးရတာမျိုးပေါ့"
ကျန်းမန်က ခေါင်းခါပြရင်း ပြောလိုက်သည်။
ထိုစကားကို ကြားသော် ဟယ်ဟွိုင်အန်းက အနည်းငယ် အံ့ဩစွာဖြင့် ပြောလိုက်သည်။
"မင်းက ကိုယ့်ရဲ့ အခြေခံကို ထိခိုက်မှာ မကြောက်ဘူးပဲ ဒါပေမယ့် ဂိုဏ်းမှာ ဒီလို တစ်ဝက်တစ်ပျက် အစီအရင်မျိုး မရှိဘူး နောက်တစ်ခုက ပတ်ဝန်းကျင် နှစ်ခုက မတူဘူး တကယ် လိုအပ်ရင်တောင် ဂိုဏ်းသားတွေကို ပါဝင်ခွင့်ပြုမှာ မဟုတ်ဘူး"
"ဒါဆို လစာကောင်းတဲ့ အလုပ် တခြား ဘာရှိသေးလဲ"
ကျန်းမန်လည်း အံ့ဩမသွားဘဲ မေးလိုက်သည်။
"ရှိတာပေါ့ ဆေးဆရာတွေက တစ်ခါတစ်ရံ ဆေးစမ်းဖို့ လိုတယ် ခန္ဓာကိုယ်ကို အရမ်း ထိခိုက်စေတယ် မင်း စမ်းမလား"
ဟယ်ဟွိုင်အန်းက အရှေ့ရှိ လူကို နောက်ပြောင်သော အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။
"ကျင့်ကြံတာကို ထိခိုက်လား"
ကျန်းမန်က အချိန်အတော်ကြာ စဉ်းစားပြီးနောက် မေးလိုက်သည်။
ဟယ်ဟွိုင်အန်း ကြောင်အမ်းသွားခဲ့သည်။ မင်း ဤမျှကြာအောင် စဉ်းစားနေသည်က ဒါကို စဉ်းစားနေခြင်းလောဟု သူ တွေးလိုက်မိသည်။ ဆေးစမ်းခြင်းက ပြဿနာ အလွန် ကြီးမားလှသည်။ ဤလူကို ခြောက်လှန့်ချင်ရုံ သက်သက်သာ ဖြစ်သော်လည်း ဤမျှအထိ ခေါင်းမာလိမ့်မည်ဟု မထင်ထားခဲ့ချေ။
"သေချာပေါက် ထိခိုက်တာပေါ့ မင်းကို ရက်အတော်ကြာ ကျင့်ကြံလို့ မရအောင်တောင် လုပ်နိုင်တယ်"
ဟယ်ဟွိုင်အန်းက ပြောလိုက်သည်။
"ဒါဆိုရင်တော့ တပည့် မလုပ်နိုင်ပါဘူး"
ကျန်းမန်က ခေါင်းခါကာ ငြင်းလိုက်သည်။ ဤသို့ရှာရသော ဝိညာဉ်ကျောက်တုံးက မတန်ဟု သူ တွေးလိုက်သည်။
ဟယ်ဟွိုင်အန်းကလည်း ကျန်းမန်ကို ဆေးစမ်းခိုင်းရန် မရည်ရွယ်ခဲ့ပေ။ ဆေးပညာနှင့် ပတ်သက်၍ ဘာမှ မသိသောသူကို ဆေးစမ်းခိုင်းခြင်းက အလွန် နှမြောစရာ ကောင်းလှသည်။ ဆေးပညာကို သိမှသာ ဆေးတစ်လုံး သောက်လိုက်ပါက မည်သို့ ပြောင်းလဲသွားသည်ကို နားလည်နိုင်မည် ဖြစ်သည်။ သာမန်လူများက အကြမ်းဖျင်းမျှသာ သိနိုင်သဖြင့် ဆေးဆရာများ အတွက်မူ တိုးတက်မှု အလွန် နှေးကွေးစေသည်။
အချိန်အတော်ကြာ စဉ်းစားပြီးနောက် ဟယ်ဟွိုင်အန်းက စာအုပ်တစ်အုပ်ကို ထုတ်ယူကာ ပြောလိုက်သည်။
"အလုပ်တော့ မရှိတော့ဘူး ဒါပေမယ့် မင်း ဝိညာဉ်ကျောက်တုံး ရှာချင်တယ် ဆိုရင်လည်း နည်းလမ်း မရှိတာတော့ မဟုတ်ဘူး ဒါက ဆေးဆရာတွေရဲ့ ဝိညာဉ်ဆေးပင် ခွဲခြားသိမြင်မှု မှတ်တမ်းပဲ မင်းက ဝိညာဉ်ဆေးပင်ရဲ့ ဂုဏ်သတ္တိကို ရေးနိုင်ပြီး သူ့ရဲ့ ပုံစံကို ဆွဲပြနိုင်တယ် ဆိုရင် ဝိညာဉ်ကျောက်တုံး တစ်ရာ ရနိုင်တယ် အရူး တစ်ယောက် ဆိုရင်တောင် ဝိညာဉ်ကျောက်တုံး ငါးထောင် ရှာဖို့က မခက်ဘူး"
ကျန်းမန်က အံ့ဩစွာဖြင့် စာအုပ်ကို ဖွင့်ကြည့်လိုက်သည်။ အပေါ်တွင် ဝိညာဉ်ဆေးပင်၏ အရိပ်များ ရှိနေသည်ကို သူ တွေ့လိုက်ရပြီး ၎င်းတို့ကို မှတ်မိအောင် ကြည့်၍ ဆွဲပြရကာ ဂုဏ်သတ္တိကို ရေးရမည် ဖြစ်သည်။ ကြည့်ရသည်မှာ မလွယ်ကူလှချေ။ သို့သော် သာမန် ဝိညာဉ်ဆေးပင်များက အလွန် များပြားလှရာ တစ်နေ့လျှင် ဆယ်ပင် ဆိုပါက တစ်ထောင် ရပြီ မဟုတ်ပါလော။ ဤသို့ ကောင်းသော ကိစ္စမျိုး ရှိသလောဟု သူ တွေးလိုက်မိသည်။
ဤကဲ့သို့ ကောင်းသော ကိစ္စက အလွန် ကောင်းလွန်းနေသဖြင့် သေချာပေါက် တစ်ခုခုတော့ ပေးဆပ်ရမည်ဟု သူ တွေးကာ မေးလိုက်သည်။
"ဆရာ ကျွန်တော် ဘာပေးဆပ်ရမလဲ"
ဟယ်ဟွိုင်အန်းက ပြုံးလျက် ပြောလိုက်သည်။
"မင်း ဝိညာဉ်ဆေးပင် တစ်ပင် ဆွဲပြီးတိုင်း ဝိညာဉ်ဆေးပင် အစစ် တစ်ပင် ပူးတွဲပေးရမယ် ဒါ့အပြင် ဆယ်ပင် ပြည့်မှ လဲလို့ ရမယ်"
ထိုစကားကို ကြားသော် ကျန်းမန် အံ့ဩသွားခဲ့သည်။ ဆိုလိုသည်မှာ သူ ရှာရမည့် ငွေက တကယ်တော့ ကွာဟချက်ကို ရှာရမည်ဟု အဓိပ္ပာယ်ရသည်။ ထိုသို့ဆိုလျှင် သိပ်မများတော့ချေ။ သို့သော် ဈေးပေါသော ဝိညာဉ်ဆေးပင်များက အလွန် များပြားလှရာ ကိုယ်တိုင် မရှာနိုင်သည်တော့ မဟုတ်ပေ။ ဈေးကြီးသည်များကိုတော့ မရှာတော့ဟု ဆုံးဖြတ်လိုက်သည်။ ထို့နောက် ကျန်းမန် ပြန်ထွက်လာခဲ့သည်။
ဟယ်ဟွိုင်အန်းက အရက် တစ်ငုံ သောက်လိုက်ပြီး ခေါင်းခါကာ ပြောလိုက်သည်။
"ဘယ်လိုလုပ် ဒီလောက်တောင် ဆင်းရဲနေရတာလဲ ဆင်းရဲပြီး ဆေးဖော်စပ်ဖို့ လာတဲ့သူ ဘယ်မှာ ရှိလို့လဲ"
ပထမနေရာ ရသူက ဆင်းရဲလိမ့်မည်ဟု သူ တကယ် မထင်ထားခဲ့ပေ။ ဆေးဖော်စပ်ရန် လာသူက ဆင်းရဲလိမ့်မည်ဟုလည်း မထင်ထားခဲ့ချေ။
သူက ထပ်ပြောလိုက်သည်။
"ငါ့အမှားပါ ငါ ရေးထားတဲ့ အကြောင်းအရာတွေက ဆင်းရဲသားတွေကို ဆွဲဆောင်ဖို့ ရေးထားတာကိုး ချမ်းသာတဲ့သူတွေက ဘယ်မှာ ဒါကို ဂရုစိုက်မှာလဲ"
သို့သော် သူ မပြင်ရန် ဆုံးဖြတ်လိုက်သည်။ ပထမနေရာ ရသော ဆင်းရဲသား ဆိုသည်မှာ နောက်တစ်ယောက် ထပ်ရှိလာနိုင်မည်ဟု သူ မယုံကြည်ပေ။
——
အခြားတစ်ဖက်တွင်။ ရှဲ့ဝမ်က ချိန်းထားသော နေရာသို့ ရောက်လာခဲ့သည်။ ဤနေရာတွင် သူက အဋ္ဌမမြောက် ခြံဝင်းမှ ကျန်းပိုင်နှင့် တွေ့လိုက်ရသည်။
ရှဲ့ဝမ်က ရိုသေစွာ နှုတ်ဆက်လိုက်သည်။
"စီနီယာအစ်ကို ကျန်းပိုင် ကို ဂါရဝပြုပါတယ်"
ကျန်းပိုင်က မေးလိုက်သည်။
"ဘာတွေ တွေ့ခဲ့လဲ"
ချက်ချင်းပင် ရှဲ့ဝမ်က သူသိသမျှ အားလုံးကို ပြောပြလိုက်သည်။
ကျန်းပိုင်က အနည်းငယ် အံ့ဩသွားသည်။
"မင်း ပြောတာက သူ နဂါးကူး နဲ့ အရိပ်မဲ့ လက်ဝါး သုံးတာကို မင်း မြင်ခဲ့တယ်ပေါ့"
ဤသို့ဆိုလျှင် အရင်တုန်းက ပြန်လည်ကျင့်ကြံရေး ခြံဝင်းတွင် ကျန်းမန် ပြောခဲ့သည်များက တကယ်ပင် လိမ်ခဲ့ခြင်း ဖြစ်သည်။ ချီသန့်စင်ခြင်း အဆင့် ကျင့်ကြံသူ အချို့အတွက်ကတော့ အများကြီး ပြောပြစရာ မလိုလှပေ။
ကျန်းပိုင်က အနည်းငယ် စဉ်းစားပြီးနောက် မေးလိုက်သည်။
"သူ့ရဲ့ နဂါးကူး က ဘယ်အဆင့်မှာ ရှိလဲ ဆိုတာ မင်း သိလား"
ထိုစကားကို ကြားသော် ရှဲ့ဝမ် စကားစ ထစ်သွားခဲ့သည်။ သူ မသိပါချေ။
ကျန်းပိုင်ကလည်း ဂရုမစိုက်ဘဲ ဆက်မေးလိုက်သည်။
"မင်း ပြန်စဉ်းစားကြည့် အရင်တုန်းက သူ နဂါးကူး သုံးတုန်းက စုစုပေါင်း ခြေလှမ်း ဘယ်နှစ်လှမ်း လှမ်းပြီးမှ ရပ်သွားတာလဲ"
ရှဲ့ဝမ် စတင် စဉ်းစားလိုက်ပြီး အချိန်အတော်ကြာမှ သူ ပြောလိုက်သည်။
"နှစ်ဆယ့်ခြောက်လှမ်း ဒါမှမဟုတ် နှစ်ဆယ့်ခုနစ်လှမ်း လောက် ဖြစ်မယ်"
နဂါးကူး အဆင့်သုံးလောဟု တွေးကာ ကျန်းပိုင် ခေါင်းညိတ်လိုက်သည်။ အဆင့်က အနည်းငယ် နိမ့်သော်လည်း ၎င်းက တစ်ဖက်လူ၏ အမြင့်ဆုံး အဆင့်ပင် ဖြစ်ပေမည်။ ထိုသို့ဆိုလျှင် အရိပ်မဲ့ လက်ဝါးကလည်း အဆင့်သုံးလောက်ပင် ဖြစ်ရမည်။ သို့သော် လက်ဝါး အကြောင်း မေးကြည့်သောအခါ ကျန်းပိုင် အနည်းငယ် အံ့ဩသွားရသည်။ အဆင့်နှစ်သာ ရှိသေးသဖြင့် မျှော်မှန်းထားသည်ထက် အနည်းငယ် ပိုဆိုးနေသည်။ သို့သော်လည်း အဆင်ပြေပါသေးသည်။
တစ်ဖက်လူကို လုံလောက်သော ဝိညာဉ်ကျောက်တုံးများ ပေးပြီးနောက် ကျန်းပိုင်က နှစ်ပတ်လည် ပြိုင်ပွဲ အဆင့်သတ်မှတ်ချက်ကို ကြည့်ပြီးမှ ကျန်းမန်ကို ဆွဲဆောင်ရန် ဆုံးဖြတ်လိုက်သည်။ သူ၏ မျှော်မှန်းချက်လောက် မကောင်းသော်လည်း အတော်လေး နီးစပ်နေပြီ ဖြစ်သည်။ လုံလောက်အောင် ထူးချွန်ပေသည်။ ယခုကတော့ သူ နှစ်ပတ်လည် အဆင့်သတ်မှတ်ချက်ထဲ ဝင်နိုင်မလား ဆိုသည်ကိုသာ ကြည့်ရမည် ဖြစ်သည်။ သီအိုရီ အရတော့ ပြဿနာ မရှိနိုင်ချေ။
——
ရှဲ့ဝမ် ထွက်သွားပြီးနောက် ခြံဝင်းငယ်ဆီသို့ အမြန် ပြန်သွားခဲ့သည်။ အချိန်တန်ပြီဖြစ်ရာ အဆင့်သတ်မှတ်ချက် ထွက်တော့မည် ဖြစ်သည်။ ရှေ့ဆုံးတွင် ရှိနေသော သူများက ဘယ်လို လူမျိုးများလဲ ဆိုသည်ကို သူ အတော်လေး သိချင်နေသည်။ ရမှတ်များက ဘယ်လောက်လဲ ဆိုသည်ကိုလည်း သိချင်မိသည်။
အထူးသဖြင့် ဆရာမယန်က ရမှတ်များကို အပြင်သို့ မပြောရန် ပြောထားခြင်းက သူ့ကို ပို၍ သိချင်သွားစေသည်။ နဝမမြောက် ခြံဝင်းငယ်၏ ရမှတ်များက အရမ်း ဆိုးနေ၍လား သို့မဟုတ် မည်သို့ ဖြစ်၍ အပြင်ကိုပင် မပြောရသနည်းဟု သူ တွေးနေမိသည်။ အရမ်း ဆိုးနေခြင်း ဖြစ်နိုင်သည်ဟု သူ ထင်သည်။ အဘယ်ကြောင့်ဆိုသော် အဆိုပါ လူများ အကုန်လုံးက ညအိပ်ပျက်ခံပြီး ကျင့်ကြံနေကြသောကြောင့်ပင်။ မည်သို့ ကြည့်ကြည့် အခြေအနေ မကောင်းလှချေ။
သို့သော် ခြံဝင်းငယ်ကို ပြန်ရောက်ရောက်ချင်း အဆင့်သတ်မှတ်ချက် ထွက်နေပြီဖြစ်ကြောင်း သူ တွေ့လိုက်ရသည်။
ချောင်ချန်က ဝေ့ပေ့ချွမ် ဘေးတွင် ရပ်ပြီး ပြုံးလျက် ပြောနေသည်ကို တွေ့လိုက်ရသည်။
"စိတ်မပျက်ပါနဲ့ အနည်းဆုံးတော့ တိုးတက်လာတာပဲလေ ငါ နေရာမှာတင် ရပ်နေသလိုမျိုး မဟုတ်ဘူး"
အခြားတစ်ဖက်တွင် အန်းရုံကလည်း ဝင်ပြောသည်။
"ဟုတ်တယ် ဆယ့်ခြောက် ဆိုတာလည်း အရမ်း စွမ်းနေပါပြီ ဆယ့်ရှစ်ထက် နှစ်နေရာတောင် သာသွားတာပဲ ငါနဲ့တော့ မတူဘူး အခုထိ ထိပ်ဆုံး ငါးယောက်စာရင်း ထဲ မဝင်နိုင်သေးဘူး"
ဝေ့ပေ့ချွမ်က သူ့နေရာတွင် ထိုင်နေပြီး မျက်နှာက နီလိုက် မည်းလိုက် မည်းလိုက် ဖြူလိုက် ဖြစ်နေသည်။ ဘဝတွင် အကြီးမားဆုံး အရှက်ခွဲခံရသလို ခံစားနေရသည်။
ရှဲ့ဝမ်က ဤကိစ္စများကို သိပ်နားမလည်ပါချေ။ သို့သော် သူက အဆင့်သတ်မှတ်ချက်ကို သွားကြည့်လိုက်သည်။ သူ၏ အဆင့်သတ်မှတ်ချက်ကို အစောကြီးကတည်းက သိပြီးသားဖြစ်ရာ ပထမဆုံး အနေဖြင့် ပထမနေရာကိုသာ ကြည့်လိုက်သည်။ သို့သော် ထိုတစ်ချက်တည်းကပင် သူ့ကို တစ်ကိုယ်လုံး တောင့်တင်းသွားစေခဲ့သည်။ နှလုံးတုန်စရာ ကောင်းသော ခံစားချက်က တစ်ကိုယ်လုံးကို ပျံ့နှံ့သွား၏။ ထိုကြောက်စရာကောင်းသော ရမှတ်က သူ၏ စိတ်ထဲတွင် ဘယ်တော့မှ မေ့ဖျောက်၍ မရသော ကြောက်ရွံ့မှုကို ထွင်းထုသွားစေသည်။ သူ ဘယ်လောက်တောင် သေးငယ်သလဲ ဆိုသည်ကို ပိုနားလည်သွားစေခဲ့သည်။
နေရာတွင်တော့ ဝေ့ပေ့ချွမ်က မတ်တပ်ရပ်ပြီး ထွက်သွားခဲ့သည်။ သူက မျက်လွှာချထားပြီး မျက်လုံးများထဲတွင် မကျေနပ်မှုများနှင့် တွေဝေမှုများ အပြည့် ရှိနေသည်။ သူက အမြဲတမ်း ဖြည်းဖြည်းချင်း အခြေခံကို ခိုင်မာအောင် လုပ်လာခဲ့ခြင်း ဖြစ်ရာ သူ၏ အခြေခံက ဤနေရာရှိ လူအားလုံးထက် အများကြီး သာလွန်ပေသည်။
ပထမနေရာကို ဖယ်လိုက်လျှင် အခြားသူများက သူ့ကို ဘယ်လိုများ ယှဉ်နိုင်မည်နည်း။ သူတို့ ညအိပ်ပျက်ခံသည်ကို အားကိုးပြီးလောဟု သူ တွေးမိသည်။ သူ နားမလည်နိုင်ချေ၊ သူတို့များက ကြည့်ရသည်မှာ နွမ်းနယ်နေပုံပေါ်သော်လည်း အဘယ်ကြောင့် စာမေးပွဲ အမှတ်များက ထိုမျှ မြင့်နေရသနည်း။
သူ ညဘက်အထိ စဉ်းစားနေခဲ့သည်။ အနားယူသည့် အချိန်တွင်လည်း ဘာကြောင့်လဲ ဆိုသည်ကို စဉ်းစားနေခဲ့၏။ သူ မျက်လုံးမှိတ်ပြီး အနားယူချင်ခဲ့သည်။
သို့သော် မျက်လုံးမှိတ်လိုက်သည်နှင့် ချောင်ချန် ကျင့်ကြံနေသည်ကို၊ အန်းရုံ လှောင်ပြောင်နေသည်ကိုသာ မြင်နေရသည်။ မျက်လုံးဖွင့်လိုက်တော့ ထိုအရာများ ပျောက်သွား၏။
ပြန်မှိတ်လိုက်တော့လည်း အန်းရုံ ကျင့်ကြံနေသည်ကို၊ ချောင်ချန် ကျင့်ကြံနေသည်ကို ထပ်မြင်ရပြန်သည်။ သူ ဒေါသထွက်သွားခဲ့သည်၊ ဤလူနှစ်ယောက်က တစ္ဆေလိုပင် လိုက်နှောင့်ယှက်နေကြသည်။ သို့သော် ဒေါသထွက်ရုံသာ ရသည်။ ဘာမှ လုပ်၍ မရချေ။ တစ်ယောက်က ပဉ္စမနေရာ၊ တစ်ယောက်က ဆဋ္ဌမနေရာ၊ ကိုယ်က ဆယ့်ခြောက် ဆိုတော့ ဘာကောင်မှ မဟုတ်ဘူး ဖြစ်နေပြီလေ။
သန်းခေါင်ကျော်သည်အထိ သူ အိပ်မပျော်ခဲ့ပေ။ သူ အိပ်မပျော်တော့ချေ။ တစ်ခါမှ ဤသို့ မဖြစ်ဖူးခဲ့ပေ။ နဝမမြောက် ခြံဝင်းငယ်က လူများကို အဆက်မပြတ် သတိရနေသဖြင့် အိပ်နေခြင်းက သူတို့ တိုးတက်နေသည်ကို ကြည့်နေရသလို ခံစားရသည်။ သူ ထိုင်လိုက်ပြီး အပြင်က လရောင်ကို ကြည့်ကာ ထွက်သွားခဲ့သည်။ ယွန်းရှာတောင်ထွတ်၏ ညရှုခင်းက အလှဆုံး ဆိုတာ သူ အစောကြီးကတည်းက သိထားသည်။ သို့သော် ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်၏။
သူက ကြယ်ရောင်စုံသော ကောင်းကင်ကြီးကို ကြည့်ပြီး တိုက်ခတ်လာသော လေပြင်းလေးများကို ခံစားနေရသည်။ သူ့စိတ်ထဲတွင် ကြောက်စရာကောင်းသော အတွေးတစ်ခု ပေါ်လာခဲ့သည်၊ ကျင့်ကြံကြည့်ရမလားဟု ဖြစ်သည်။ ချက်ချင်းပင် ခေါင်းခါလိုက်သော်လည်း စိတ်ထဲတွင်တော့ အသံတစ်သံက သူ့ကို ကျင့်ကြံကြည့်ရန် တိုက်တွန်းနေ၏။
ထိုလူနှစ်ယောက်၏ လှောင်ပြောင်မှုကို နေ့တိုင်း ခံနေ၍ မဖြစ်ဘူး မဟုတ်ပါလော။ အချိန်အတော်ကြာ တွေဝေပြီးနောက် တစ်ညလောက်သာ ကျင့်ကြံကြည့်မည်ဟု သူ့ကိုယ်သူ ပြောလိုက်သည်။ အဓိကကတော့ ဒီနေ့ အိပ်မပျော်၍ ဖြစ်၏။ ထို့နောက် သူ စတင် ကျင့်ကြံတော့သည်။
သူ ညဘက် ကျင့်ကြံလိုက်သောအခါတွင် တခြားလူများ တိုးတက်နေသည် ဆိုသော ခံစားချက်က ပျောက်ကွယ်သွားခဲ့သည်။ သူ၏ ခြေလှမ်းများက ပိုကျယ်လာပြီး သူတို့ကို မြန်မြန်ဆန်ဆန် အမီလိုက်နိုင်တော့မည်ဟု ခံစားရသည်။ ထိုသက်တောင့်သက်သာ ဖြစ်မှုက သူ့ကို စွဲလမ်းသွားစေ၏။
ရှေ့က လူများကို အချိန်မရွေး ကျော်တက်နိုင်တော့မည်ဟု ထင်ရသည်။ စိတ်ထဲက မွန်းကျပ်မှုများကလည်း နည်းနည်းချင်းစီ ပျောက်ကွယ်သွားသည်။ သူ အံ့ဩသွားခဲ့သည်၊ ညအိပ်ပျက်ခံပြီး ကျင့်ကြံခြင်းက စိတ်အာရုံကို ထိခိုက်စေသည်ဟု ဘယ်သူ ပြောခဲ့သနည်းဟု တွေးမိသည်။
လမ်းသစ် တစ်ခုကို သူ လျှောက်လှမ်းလိုက်သလို ခံစားရပြီး ထိုလမ်းပေါ်တွင် နဝမမြောက် ခြံဝင်းငယ်က လူများ အကုန်လုံး ရှိနေသည်။ သူ ရှေ့ကို ဆက်လျှောက်သွားတော့ လူတိုင်း၏ ရှေ့တွင် လူရိပ်တစ်ခု ရှိနေသည်ကို သူ တွေ့လိုက်ရ၏။
အားလုံးက သူ့နောက်ကို လိုက်နေကြပြီး ညဉ့်နက်ထဲက အလင်းရောင် တစ်ခုလိုပင် ဖြစ်သည်။ ထိုလူရိပ်က အရမ်း မြန်မြန်နှင့် အရမ်း ဝေးဝေးကို လျှောက်သွားပြီး ညဉ့်နက်၏ အဆုံးသတ်ဆီသို့ လျှောက်သွားသည်။ သူ၏ ခြေလှမ်းများက ကြယ်များလိုပင် လမ်းညွှန်ပြသနေ၏။
မိုးလင်းသည်အထိနေမှ ဝေ့ပေ့ချွမ်က သတိပြန်ဝင်လာသည်။ သူက အရမ်း စိတ်လိုက်မာပါ လုပ်မိသည်ဟု ထင်လိုက်သည်၊ ညဘက် မကျင့်ကြံရန် အိမ်က လူကြီးများက တင်းတင်းကျပ်ကျပ် မှာထားခဲ့သည် မဟုတ်ပါလော။ နောက်ဘယ်တော့မှ မကျင့်ကြံတော့ဟု ဆုံးဖြတ်လိုက်သည်။
ထိုနေ့ ညဘက်…..သူ အိပ်မပျော်သေးပေ။ ထပ်ကျင့်ကြံကြည့်ရမလားဟု တွေးမိသည်။ ရက်အနည်းငယ် ဆက်တိုက် သူ မအနားယူခဲ့ချေ။ ယခုတော့ သူ၏ ခန္ဓာကိုယ်က ပင်ပန်းနွမ်းနယ်မှုကို ခံစားနေရပြီ ဖြစ်သော်လည်း ဤနေရာတွင် ရပ်မသွားချင်ပေ။
အဘယ်ကြောင့်ဆိုသော် သူ၏ စိတ်အာရုံက တစ်ခါမှ ဤမျှ မကောင်းဖူးသောကြောင့်ပင်၊ ဤအတိုင်း ဆက်သွားပါက သူ သေချာပေါက် တစ်ဟုန်ထိုး အောင်မြင်လာပြီး အံ့အားသင့်သွားစေမည် ဖြစ်သည်။ ထိုတိုးတက်မှု ခံစားချက်က သူ့ကို စွဲလမ်းစေပြီး ရုန်းထွက်၍ မရအောင် ဖြစ်စေ၏။
နေ့လယ်ပိုင်းတွင် သူက ကျိုးပုဖန်ကို သွားရှာခဲ့သည်။ ညအိပ်ပျက်ခံပြီး ဘယ်လို အခြေအနေ ကောင်းအောင် ထိန်းသိမ်းရမည်လဲ ဆိုသည်ကို နှိမ့်ချစွာ သွားမေး၏။ သေချာပေါက် သူက ဝိညာဉ်ကျောက်တုံး ငါးရာ ပေးခဲ့သည်။ ကျိုးပုဖန်ကလည်း မတွန့်တိုဘဲ သင်ပေးလိုက်သည်။ သူက သဘောကောင်း၍ မဟုတ်ပေ၊ အဓိကကတော့ တစ်ဖက်လူက ဝိညာဉ်ကျောက်တုံး ငါးရာ ယူပြီး ကျန်းမန်ဆီ သွားလျှင် သေချာပေါက် အဖြေရမည် ဖြစ်သောကြောင့်ပင်။
ထို ဝိညာဉ်ကျောက်တုံးကို ကိုယ်တိုင် ယူလိုက်သည်က ပိုကောင်းပေသည်။ ကိုယ့်၏ ရက်ရောမှုကိုလည်း ပြသနိုင်သလို လျှို့ဝှက်မထားဘူး ဆိုသည်ကိုလည်း ပြနိုင်သည် မဟုတ်ပါလော။ ဒုတိယနေရာ၏ သဘောထားကြီးမှု ကလည်း ပေါ်လွင်သွားပေမည်။
နည်းလမ်း ရသွားသော ဝေ့ပေ့ချွမ်က ကြိုးကြိုးစားစား စတင် ကျင့်ကြံတော့သည်၊ ဒဏ္ဍာရီ ပထမနေရာ၏ ဦးဆောင်မှု အောက်တွင် ညအိပ်ပျက်ခံနေသော ထိုလူများကို သူ တကယ် မနိုင်ပါချေ။
သို့သော် သူ၏ အခြေခံက ထိုလူများထက် အများကြီး သာလွန်သည်ဖြစ်ရာ သူတို့နှင့် သွားပေါင်းလိုက်လျှင် ဒုတိယနေရာ ဆိုသည်မှာ မျှော်လင့်ချက် ရှိလာပြီ ဖြစ်၏။ သူ စတုတ္ထနေရာ ရောက်သည့် အချိန်က ချောင်ချန်နှင့် အန်းရုံတို့ ပေးဆပ်ရမည့် အချိန်ပင် ဖြစ်သည်။
——
ခြံဝင်းငယ်၏ ဂယက်ရိုက်ခတ်မှုများကို ကျန်းမန်က တစ်ခါတစ်ရံ ကြည့်ရုံသာ ကြည့်သည်။ အထူးသဖြင့် ချောင်ချန်နှင့် အန်းရုံပင် ဖြစ်သည်။ ထိုလူနှစ်ယောက်က အလွန် ငြိမ်ငြိမ်မနေတတ်ကြချေ။
ဤရက်ပိုင်း သူက ဝိညာဉ်ဆေးပင် ခွဲခြားသိမြင်မှု မှတ်တမ်းကို နွားဝါကြီးကို ပေးထားခဲ့သည်။ ထို့နောက် ဝိညာဉ်ဆေးပင် တော်တော်များများကို တစ်ဖက်လူက သိကြောင်း သိရှိရ၏။ သို့သော် မည်သည့် ဝိညာဉ်ဆေးပင်များကို အပေါ်တွင် ရေး၍ မရဘူးလဲ ဆိုသည်ကို သေချာ မသိချေ။
ထို့ကြောင့် ကျန်းမန်က ဝိညာဉ်ဆေးပင်နှင့် ပတ်သက်သော စာအုပ်ကို ထပ်ငှားလာခဲ့သည်။ မည်သည့် ဝိညာဉ်ဆေးပင်များကို သင်ပေး၍ ရမည်လဲ ဆိုသည်ကို ခွဲခြားလိုက်၏။ ထို့နောက် သူက ဂုဏ်သတ္တိများကို ရေးပြီး ဖက်တီးလေးဆီ သွားခဲ့သည်။ ထိုဘက်တွင် တိုက်တိုက်ဆိုင်ဆိုင် ဝိညာဉ်ဆေးပင်များ ရှိနေသည်။ ကိုယ်တိုင် ဆွဲပြီး တစ်ပင် ဝယ်လိုက်၏။ ဈေးပေါသည်များကိုသာ ရွေးဝယ်သည်။ အထူးသဖြင့် ဖက်တီးလေး ဆီတွင် ဝိညာဉ်ဆေးပင် ရောင်းသည်က ဈေးပေါသောကြောင့် ဖြစ်၏。
————
အတွင်းဂိုဏ်း
ဝါးအိမ်ရှေ့တွင် ယွီဝမ်ယီက သူမဆရာ အရှေ့သို့ လာပြီး ရိုသေစွာ နှုတ်ဆက်လိုက်သည်။
"ဆရာ ကျွန်မကို ခေါ်တာလား"
အမျိုးသမီးက ယွီဝမ်ယီကို ကြည့်ကာ ပြောလိုက်သည်။
"အင်း မင်း ရင်းနှီးမြှုပ်နှံထားတဲ့ လူ မကြာသေးခင်က ဘယ်လိုနေလဲ"
ယွီဝမ်ယီက ဖြေလိုက်သည်။
"အမြဲတမ်း ပထမနေရာ ပါပဲ"
အမျိုးသမီးက ယွီဝမ်ယီကို စိုက်ကြည့်ကာ မေးလိုက်သည်။
"ဇွန်လ ရောက်နေပြီ ရွေးချယ်ပွဲ စတော့မယ် သူ့ရဲ့ ကျင့်ကြံမှုအဆင့်လောက်မလား လို့ မင်း ထင်လား"
ယွီဝမ်ယီက အသေအချာ ပြောလိုက်သည်။
"သေချာပေါက် လောက်မှာပါ"
အမျိုးသမီးက ယွီဝမ်ယီကို ကြည့်ပြီး ခေါင်းခါကာ သက်ပြင်းချလိုက်သည်။
"သူ မိန်းမကို အားကိုးနေလို့လား မင်း အရမ်း ရူးကြောင်ကြောင် နိုင်လွန်းတယ် ဒီလို ကိစ္စမျိုးကို ဒီလိုပဲ ထင်နေတာပဲ"
ယွီဝမ်ယီက ခေါင်းငုံ့ထားပြီး ပြန်မချေပခဲ့ပေ။ ထိုအမှတ်များက သက်သေ ပြနေသည် မဟုတ်ပါလော။ တစ်ဖက်လူကလည်း နတ်သမီးလေးကို လက်ထပ်လိုက်၍ဟု ပွင့်ပွင့်လင်းလင်း ဝန်ခံထားခြင်း ဖြစ်၏။ သူမ ပြောခြင်းမှ မဟုတ်တာ။
အမျိုးသမီးက မေးလိုက်သည်။
"မကြာသေးခင်က မင်း ဘာလုပ်နေလဲ"
ယွီဝမ်ယီက ဖြေလိုက်သည်။
"ပြီးခဲ့တဲ့လက ကျွန်မ စီနီယာဦးလေးဆီ သွားပြီး သူ့အိမ်ကို မီးရှို့လိုက်တယ်"
အမျိုးသမီးက ယွီဝမ်ယီကို အချိန်အတော်ကြာ ကြည့်နေပြီးနောက် ပြောလိုက်သည်။
"ရူးကြောင်ကြောင် နိုင်လွန်းတယ် ဝိညာဉ်ကျောက်တုံး သုံးထောင် သွားယူပြီး ကိုယ့်ဘာသာ အပြစ်ပေးခံဖို့ သွားလိုက်တော့"
ယွီဝမ်ယီက "အို" ဟု တစ်ချက် ပြောပြီး အမြန် ထွက်သွားခဲ့သည်။ လူထွက်သွားတော့မှ အမျိုးသမီးက အကူအညီမဲ့စွာ နဖူးကို ဖိလိုက်၏。
"အရေးကြီးတဲ့ ကိစ္စ ပြောဖို့ မေ့သွားတယ် ဒီတစ်ခေါက် စာမေးပွဲမှာ စည်းကမ်းချက်တွေ အများကြီး ရှိတယ် အဲဒီလူကို အကြောင်းကြားဖို့ လိုတယ်"
ခဏရပ်ပြီးနောက် သူမ သတိပြန်ဝင်လာသည်။ တစ်ဖက်လူက သတ်မှတ်ချက် ပြည့်မီချင်မှ ပြည့်မီမည် ဖြစ်၏။ အခြေခံတည်ဆောက်ခြင်း အလယ်အလတ်အဆင့် ဆိုတော့လေ။
ဂိုဏ်းထဲဝင်ပြီး တစ်နှစ်အတွင်း ဤသို့သော ကျင့်ကြံမှုအဆင့်မျိုး ရောက်ရန် ဆိုသည်မှာ တကယ်ကို ခက်ခဲလွန်းလှသည်။ သို့သော် နှစ်ပတ်လည် အဆင့်သတ်မှတ်ချက်ကနေလည်း သွား၍ ရပေသည်။ နှစ်ပတ်လည် အဆင့်သတ်မှတ်ချက် လုံလောက်အောင် ကောင်းလျှင်လည်း ဝင်ခွင့် ရှိသည်။ သူမ စာတစ်စောင် ရေးလိုက်ပြီး လူတစ်ယောက်ကို ခေါ်လိုက်၏။
စာအိတ်ကို ယွီဝမ်ယီ ရင်းနှီးမြှုပ်နှံထားသော လူထံ ပို့ခိုင်းလိုက်သည်။ စာအိတ် ပို့ပြီးသွားသောအခါ အမျိုးသမီးက ဤကိစ္စကို ဆက်၍ ဂရုမစိုက်တော့ပေ။ ကိုယ့်တာဝန် ကိုယ်လုပ်ပြီးသွားပြီ၊ မည်သို့သော ရလဒ် ထွက်လာမည်လဲ ဆိုသည်ကတော့ ထိုလူ အပေါ်တွင်သာ မူတည်တော့သည်။
ဤတစ်ခေါက် မြှောက်ပေးလိုက်သည်က အနည်းငယ် အရမ်း မြင့်သွား၏။ သို့သော် ရင်းနှီးမြှုပ်နှံသူက ကိုယ့်တပည့် ဖြစ်နေတော့ တစ်ဖက်လူက ဤသို့ လုပ်ချင်နေလျှင်လည်း သူမ ဘာမှ မတတ်နိုင်ချေ။
——
ထိုနေ့တွင်ပင် ကျန်းမန်က စာအိတ်ကို လက်ခံရရှိခဲ့သည်။ သူ အတော်လေး သိချင်သွားသည်၊ ဂိုဏ်းတွင် စာပို့သော အလုပ်လည်း ရှိသလော။ တစ်ဖက်လူ ထွက်သွားတော့မှ ကျန်းမန် စကြည့်သည်။ အပေါ်တွင် ယွီဝမ်ယီ၏ ရင်းနှီးမြှုပ်နှံသူ ကိုယ်တိုင် ဖွင့်ဖတ်ရန် ဟု ရေးထား၏။
သူက ရေရွတ်လိုက်သည်။
"တော်တော် ရှည်တာပဲ"
သို့သော် စာအိတ် အကြောင်း ပြောရလျှင် အရင်တုန်းက ချန်ယွီ သူ့ကို စာတစ်စောင် ပို့ဖူးသည် ဆိုတာကို သူ မှတ်မိသည်။ အဲဒီတုန်းက ဖက်တီးလေးကို ပေးမလို့ လုပ်သေး၏။ သို့သော် အကြောင်းအရာက မသင့်တော်၍ ထားလိုက်ခြင်း ဖြစ်သည်။
ကျန်းမန် အနည်းငယ် စဉ်းစားလိုက်သည်။
"အဲဒီစာ ဘယ်ရောက်သွားပြီလဲ"
တစ်နေ့က ထမင်းဟင်း ချက်ရင်း မီးမွှေးရန် သုံးလိုက်သလားပဲဟု တွေးမိသည်။ ကျန်းမန် ခေါင်းခါလိုက်ပြီး အများကြီး ဆက်မတွေးတော့ပေ။ သို့သော် လက်ထဲမှ စာအိတ်ကို ကြည့်ပြီး သူ အတော်လေး ရင်းနှီးနေသလို ခံစားရသည်၊ ဘယ်မှာများ မြင်ဖူးပါလိမ့်။
အချိန်အတော်ကြာ စဉ်းစားပြီးနောက် ချီသန့်စင်ခြင်း လျှို့ဝှက်နယ်မြေထဲတွင် ကောက်ရခဲ့သော စာအိတ်ကို သတိရသွား၏။ ခဏလောက် ရှာကြည့်သော်လည်း မတွေ့ချေ။ နောက်ဆုံးတော့ နွားဝါကြီးကပင် ရှာပေးလိုက်သည်။ ကျန်းမန်က စာအိတ် နှစ်ခုကို ယှဉ်ကြည့်ပြီး ကိုယ်တိုင် ဖွင့်ဖတ်ရန် ဆိုသော စာလုံး နှစ်လုံးကို စိုက်ကြည့်လိုက်သည်။
ကျန်းမန်က အတော်လေး အံ့ဩစွာဖြင့် ပြောလိုက်သည်။
"တစ်ပုံစံတည်းပဲလား အဝါကြီး မင်း ထင်လား ဒီစာအိတ် နှစ်ခုက လူတစ်ယောက်တည်း ဆီက လာတာလို့"
နွားဝါကြီးက မြက်စားနေပြီး ဘာမှ မတုံ့ပြန်ချေ။
ကျန်းမန်က အရင် စာအိတ်ကို သိမ်းလိုက်ပြီး ပြောလိုက်သည်။
"ထားလိုက်ပါတော့ ရှန်ထျန်းလင် ဆိုတဲ့ နာမည်ကို တစ်ခါမှ မကြားဖူးဘူး ဘယ်တော့များ ကြားရမလဲ ဆိုတာ စောင့်ကြည့်ပြီးမှ စာသွားပို့လိုက်တော့မယ်"
နွားဝါကြီးက ရုတ်တရက် မေးလိုက်သည်။
"တကယ်လို့ သူက ဝိညာဉ်ကျောက်တုံး မပေးရင်ကော"
ကျန်းမန်က နွားဝါကြီးကို ဂရုမစိုက်ချေ။ အထဲတွင် ဘာရေးထားလဲ ဆိုသည်ကို တစ်ဖက်လူက သိချင်စိတ် မရှိဘူးဟု သူ မယုံကြည်ပေ။ တကယ်လို့ အပေါ်တွင် ကျန်းမန် ကိုယ်တိုင် ဖွင့်ဖတ်ရန် ဟု ရေးထားပြီး မုန့်ချဲ့ဝေ့က သူ့ကို ပို့လိုက်တာ ဆိုလျှင် ဘာပဲဖြစ်ဖြစ် တစ်ချက်တော့ ကြည့်ရမည် ဖြစ်၏။
အရမ်း ဈေးကြီးလျှင်တော့ ထားလိုက်တော့ပေါ့။ ထို့နောက် သူ စာအိတ်ထဲက အကြောင်းအရာကို ကြည့်လိုက်တော့ လျှို့ဝှက်နယ်မြေကို နှစ်ပတ်လည် အဆင့်သတ်မှတ်ချက်ကနေ သွားလျှင်လည်း အခွင့်အရေး ရှိသည် ဆိုတာကို တွေ့လိုက်ရသည်။ သို့သော် အခွင့်အရေး တစ်ခု သက်သက်သာ ဖြစ်၏။
ကျန်သည်များကတော့ လျှို့ဝှက်နယ်မြေ၏ စည်းကမ်းချက်များပင် ဖြစ်သည်။ ကျန်းမန် နည်းနည်းလေးမျှ မတုံ့ဆိုင်းဘဲ သူ သေချာပေါက် လျှို့ဝှက်နယ်မြေ ရွေးချယ်ပွဲကို သွားရမည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုဘက်တွင် အထက်တန်းအဆင့် နင်းယွမ်ကျင့်စဉ် ရှိနေသောကြောင့်ပင်။ နှစ်ပတ်လည် အဆင့်သတ်မှတ်ချက်တွင် မရှိပုံရသည်။
ဩဂုတ်လ အစောပိုင်း။ ဒီနေ့ကစပြီး နောက်ဆုံး အစွမ်းကုန် ကြိုးစားရတော့မည် ဖြစ်သည်။ လျှို့ဝှက်နယ်မြေ ရွေးချယ်ပွဲကို ဝင်ခွင့်ရ မရ ဆိုသည်မှာ ဒီလ အပေါ်တွင်သာ အကုန် မူတည်တော့၏။သို့သော် မစတင်မီလေးမှာပင် နွားဝါကြီး ရောက်လာခဲ့သည်။ ၎င်းက သတိပေးလိုက်သည်။
"ကျီးကန်းတံတား ထပ်ပွင့်ပြီ"
ကျန်းမန် ကြောင်အမ်းသွားခဲ့သည်။