အခန်း ၇၈၂
Vol. 53 Ch. 782
အခန်း (၇၈၂) အဆင့်ငါး အဆင့်နိမ့် ရုပ်သေးဆရာသခင်.. ဟုန်ယွဲ့ တာအိုသခင်ကြီး ဖြစ်လာခြင်း အပိုင်း (၂)
'ငါ အရင်ဆုံး အဆင့်လေး အလယ်အလတ်အဆင့် အဆောင်တွေကို ဆွဲမယ်.. အဲဒီနောက် အဆင့်လေး အဆင့်မြင့် အဆောင်တွေကို ဆွဲဖို့ ကြိုးစားမယ်.. အဲဒီကနေမှ အဆင့်ငါး အဆင့်နိမ့် အဆောင်တွေဆီ သွားမယ်..'
'ငါ့မှာရှိတဲ့ ပစ္စည်းတွေ ကုန်သွားပြီဆိုရင်တော့ အဆင့်လေး အဆင့်နိမ့် အဆောင်တွေကို စဆွဲမယ်..'
'တကယ်လို့သာ အဆင့်လေး အဆင့်နိမ့် အဆောင်တွေပါ ထည့်တွက်မယ်ဆိုရင်.. အဆောင်လက်ဖွဲ့ လေးသောင်းကနေ ငါးသောင်းလောက်အထိ ရနိုင်လောက်တယ်..'
'ဒါပေမဲ့.. အဲဒါတွေ အားလုံးကို ဆွဲဖို့ အချိန်အများကြီး လိုအပ်လိမ့်မယ်လို့ ငါ ထင်တယ်..'
သူ၏ စုတ်တံကို ချထားလိုက်ပြီးနောက် စုယွီသည် အဆင့်ငါး အဆင့်နိမ့် ဝိညာဉ်အရည် စက်အနည်းငယ်နှင့် အဆင့်လေး အဆင့်မြင့် ပြီးပြည့်စုံသော ဆေးလုံးတစ်လုံးကို သောက်သုံးလိုက်ပြီးနောက် သူ၏ နေ့စဉ် ဓာတ်ကြီးငါးပါး ကျင့်စဉ်ကို စတင် ကျင့်ကြံလိုက်တော့သည်။
ထို့နောက် သူ၏ ကျွမ်းကျင်မှု အဆင့်ပြမျက်နှာပြင်ကို တစ်ချက် ကြည့်လိုက်၏။
ဤသို့ဖြင့် မျက်စိရှေ့တွင် စာတန်းများ ပေါ်လာတော့သည်။
ကောင်းကင်ကျင့်စဉ်များ.. ဓာတ်ကြီးငါးပါး ကျင့်စဉ် (မူလဝိညာဉ်အဆင့် အလွှာခုနစ်.. ကျွမ်းကျင်မှု (၆၄.၁၆) ရာခိုင်နှုန်း).. ကောင်းကင် အင်မော်တယ် ခန္ဓာသန့်စင် ကျင့်စဉ် (အဆင့်လေး.. ကျွမ်းကျင်မှု (၉၅.၇၄) ရာခိုင်နှုန်း).. သွေးဝေလငါး လမင်းမြို ကျင့်စဉ် (အဆင့်လေး.. ကျွမ်းကျင်မှု (၉၀) ရာခိုင်နှုန်း).. အထက်ဘုံ သန့်စင်သော မူလတာအို ကျင့်စဉ် (ပြီးပြည့်စုံ).. ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ် (အဆင့်လေး.. ကျွမ်းကျင်မှု (၈၇.၆၇) ရာခိုင်နှုန်း).. ကန်းကျင်း ကောင်းကင်ဓား ကျင့်စဉ် (အဆင့်လေး.. ကျွမ်းကျင်မှု (၈၆.၄၂) ရာခိုင်နှုန်း)
'နောက်ထပ် ဆယ်နှစ်လောက်ဆိုရင်တော့ ဓာတ်ကြီးငါးပါး ကျင့်စဉ်က မူလဝိညာဉ်အဆင့်ရဲ့ အဋ္ဌမမြောက် အလွှာကို ရောက်နိုင်လောက်တယ်..'
စုယွီက သူ၏ အကြည့်ကို ဓာတ်ကြီးငါးပါး ကျင့်စဉ်မှနေ၍ ကောင်းကင် အင်မော်တယ် ခန္ဓာသန့်စင် ကျင့်စဉ်ဆီသို့ ရွှေ့လိုက်ရာ သူ၏ မျက်နှာထက်၌ မျှော်လင့်တကြီး ရှိနေသော အမူအရာတစ်ခု ပေါ်ထွက်လာခဲ့သည်။
သူသည် ကောင်းကင် အင်မော်တယ် ခန္ဓာသန့်စင် ကျင့်စဉ်၏ ဆဋ္ဌမမြောက် အလွှာ၏ အမွေအနှစ်ကို ရရှိထားပြီး ဖြစ်၏။
ယခုအခါ သူ၏ ကောင်းကင် အင်မော်တယ် ခန္ဓာသန့်စင် ကျင့်စဉ်သည် အဆင့်ငါးသို့ ရောက်ရှိလုနီးပါး ဖြစ်နေလေပြီ။
တကယ်လို့သာ သူ အဆင့်ငါးကို ရောက်ရှိသွားမည်ဆိုပါက သူ၏ ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့်သည် ဝိညာဉ်ခွဲထွက် အဆင့်နှင့် ညီမျှသွားမည် ဖြစ်သည်။
လက်ရှိအချိန်တွင် သူ၏ ကျင့်ကြံခြင်း တိုးတက်မှုနှုန်းသည် လော့ချန်ယွီ.. တာအိုဆရာမ ချင်းချွမ်နှင့် အခြားသူများထက်ပင် ပို၍ မြန်ဆန်နေခဲ့၏။
ဖန်ရှောင်နှင့် မာထျန်းလင်တို့ပင်လျှင် သူ့ကို မကျော်ဖြတ်နိုင်သေးချေ။
ဖန်ရှောင်သည် ဤနှစ်များအတွင်း လုံ့လဝီရိယရှိစွာ ကျင့်ကြံနေခဲ့သော်လည်း မူလဝိညာဉ်အဆင့် အလွှာခုနစ်သို့ ရောက်ရှိရန် အကွာအဝေး တစ်ခုအလိုတွင် ရှိနေဆဲ ဖြစ်သည်။
မာထျန်းလင်မှာမူ အနည်းငယ် ပို၍ မြန်ဆန်ကာ မကြာသေးမီကမှ မူလဝိညာဉ်အဆင့် အလွှာခုနစ်သို့ ရောက်ရှိသွားခဲ့၏။
လော့ချန်ယွီနှင့် တာအိုဆရာမ ချင်းချွမ်တို့မှာမူ ပို၍ နှေးကွေးပြီး မူလဝိညာဉ်အဆင့် အလွှာခြောက်သို့ မယိမ်းမယိုင် ရောက်ရှိရုံမျှသာ ရှိသေးသည်။
သူ၏ ဓာတ်ကြီးငါးပါး မြေကမ္ဘာအဆင့် ဝိညာဉ်အမြစ်နှင့်အတူ.. မျိုးစုံသော ထိပ်တန်း ကျင့်ကြံခြင်း အရင်းအမြစ်များ.. အချိန်တာအို နိယာမနှင့် အခြားအရာများ၏ အကူအညီများဖြင့် စုယွီ၏ ကျင့်ကြံခြင်း တိုးတက်မှုနှုန်းသည် အံ့မခန်း မြန်ဆန်လှပေ၏။ မတူညီသော ဓာတ်ကြီးငါးပါးစလုံးကို ကျင့်ကြံနေသည့်တိုင်အောင် အခြားသော ပါရမီရှင်များနှင့် ရင်ပေါင်တန်းနိုင်ရုံသာမက ဝိညာဉ်ခန္ဓာကိုယ်ကို ကျင့်ကြံနေသူများကိုပင် ကျော်လွန်နေခဲ့သည်။
'နောက်ထပ် နှစ်တစ်ထောင်.. ဒါမှမဟုတ် ရှစ်ရာလောက် ဆိုရင်.. ဝိညာဉ်ခန္ဓာကိုယ် ပိုင်ရှင်တွေတောင် ငါ့ရဲ့ ကျင့်ကြံခြင်း အမြန်နှုန်းကို မီနိုင်တော့မှာ မဟုတ်ဘူး..'
စုယွီက တိတ်တဆိတ် အံ့ဩဝမ်းသာဖြစ်နေမိ၏။
ကျင့်ကြံခြင်းတွင် မည်သည့် အဟန့်အတားမျှ မရှိခြင်းသည် မည်သည့် ပါရမီထက်မဆို များစွာ ပို၍ အစွမ်းထက်လှပေသည်။
ကျင့်ကြံခြင်း ပြီးဆုံးသွားချိန်တွင် စုယွီသည် အဆောင်လက်ဖွဲ့များ ရေးဆွဲရန်အတွက် အဆောင်ခန်းဆီသို့ ဆက်လက် ထွက်ခွာသွားလေသည်။
*
အပြင်ဘက်တွင်မူ
အင်မော်တယ်တစ်သောင်း နန်းတော်၏ ကိုးဝိညာဉ် တောင်တန်းကို ခွဲဝေယူရန် အခြားအင်အားစုများနှင့် ပူးပေါင်းမည့် ကြိုးပမ်းမှုများမှာ ချောမွေ့ခြင်း မရှိခဲ့ချေ။
တစ်ဖက်တွင် ယွီလုံနန်းတော် ကဲ့သို့သော အင်အားစု အချို့သည် အတိတ်က နည်းဗျူဟာ အချို့ကို အကောင်အထည်ဖော်ရန် အင်မော်တယ်တစ်သောင်း နန်းတော်နောက်သို့ လိုက်ပါခဲ့ကြသော်လည်း ချွင်းချက်မရှိ အားလုံးက ကျရှုံးမှုဖြင့်သာ အဆုံးသတ်ခဲ့ရ၏။
သူတို့ ကျရှုံးခဲ့ရုံသာမက ထိုအဖြစ်ကြောင့် ဆုံးရှုံးမှု အများအပြားကိုပါ ခံစားခဲ့ရလေသည်။
ဤအချက်ကပင် အခြားသော အင်အားစုများအား အင်မော်တယ်တစ်သောင်း နန်းတော်အပေါ် ရိုသေလေးစားသော်လည်း ခပ်ခွာခွာနေလိုသော စိတ်ဓာတ်မျိုး ထားရှိလာစေခဲ့သည်။
တစ်ကြိမ် အမှားလုပ်မိခြင်းက ကြီးမားသော ပြဿနာ မဟုတ်သော်လည်း.. နှစ်ကြိမ်.. သုံးကြိမ်.. သို့မဟုတ် လေးကြိမ်တိုင်တိုင် အမှားလုပ်မိခြင်းကမူ...
ဤနှစ်များအတွင်း အင်မော်တယ်တစ်သောင်း နန်းတော်သည် အကြိမ်မည်မျှလောက် အမှားလုပ်ခဲ့ပြီးပြီနည်း။
ဤသည်မှာ အင်မော်တယ်တစ်သောင်း နန်းတော်၏ ကံကြမ္မာတွင် တစ်စုံတစ်ရာ မှားယွင်းနေကြောင်း သက်သေပြရန် လုံလောက်နေပေသည်။
တာ့ချန် အင်မော်တယ် ကျင့်ကြံခြင်း ကမ္ဘာ၏ နံပါတ်တစ် အင်အားစုဆိုသော အင်မော်တယ်တစ်သောင်း နန်းတော်၏ ဂုဏ်ပုဒ်သည် ထပ်မံ၍ လုံခြုံမှု ရှိတော့မည် မဟုတ်ချေ။
ဤအချိန်တွင် အင်မော်တယ်တစ်သောင်း နန်းတော်သည် ယခင်ကကဲ့သို့ ဆွဲဆောင်မှု အရှိန်အဝါမျိုးကို သဘာဝကျစွာပင် ပိုင်ဆိုင်ထားခြင်း မရှိတော့ပေ။
ထို့အပြင် ကိုးဝိညာဉ် တောင်တန်း၏ ကိစ္စသည် တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာရှိ ပြင်ပ ဗုဒ္ဓဘာသာ အင်အားစုများနှင့်လည်း ဆက်စပ်နေပြီး ပို၍ တိကျစွာ ဆိုရလျှင် မိစ္ဆာလမ်းစဉ်ဘက်သို့ ယိမ်းယိုင်နေသော ပုတူ ဗုဒ္ဓဂိုဏ်းနှင့် ဆက်နွယ်နေခြင်းပင် ဖြစ်၏။
ဤအချိန်၌ အင်မော်တယ်တစ်သောင်း နန်းတော်သည် လဲကျနေသူကို ထပ်မံကန်ကျောက်ရန် ပြင်ဆင်လာပြီး ပုတူ ဗုဒ္ဓဂိုဏ်းနှင့်အတူ ကိုးဝိညာဉ် တောင်တန်းကို ခွဲဝေယူရန် ရည်ရွယ်နေခဲ့သည်။ အမှန်တကယ်တွင် ဤလုပ်ရပ်က အခြားသော အင်မော်တယ် အင်အားစုများကို လန့်ဖျတ်စေခဲ့ပြီး ထို့ကြောင့်ပင် အခြား အင်အားစုများသည် အင်မော်တယ်တစ်သောင်း နန်းတော်နှင့် ပုတူ ဗုဒ္ဓဂိုဏ်းတို့ကို စတင် သတိထားလာကြတော့သည်။
ယခုအခါ အင်မော်တယ်တစ်သောင်း နန်းတော်နှင့် ပုတူ ဗုဒ္ဓဂိုဏ်းတို့က ကိုးဝိညာဉ် တောင်တန်းကို သိမ်းပိုက်ချင်နေကြပြီ ဖြစ်ရာ ထိုနောက်တွင် မည်သို့ ဆက်ဖြစ်မည်နည်း.. ကိုးဝိညာဉ် တောင်တန်း ပြီးသွားလျှင် မည်သူက နောက်ထပ် သားကောင် ဖြစ်လာမည်နည်း။
မည်သူက နောက်ထပ် အလှည့်ကျမည်နည်း.. ထိုနောက်တွင်ရော မည်သူ ဖြစ်မည်နည်း။ မည်သူများ ဖြစ်လာနိုင်မည်နည်း။
နောက်ဆုံးတွင် အခြားသော အင်မော်တယ် အင်အားစုများသည် အင်မော်တယ်တစ်သောင်း နန်းတော်အား ကိုးဝိညာဉ် တောင်တန်းကို မျိုချခွင့်ပြုကာ ၎င်း၏ ယခင် ရွှေခေတ်ကို ပြန်လည် ထူထောင်ရန် သို့မဟုတ် ကျော်လွန်သွားရန် ခွင့်ပြုမည် မဟုတ်ပေ။
သူတို့ထံမှ မျက်နှာသာပေးမှုကိုပင် တောင်းခံနေရသော.. အနည်းငယ် ရှက်ရွံ့နေပြီး သိပ်မသန်မာလှသော အင်မော်တယ်တစ်သောင်း နန်းတော်မျိုးကသာ သူတို့အတွက် ပို၍ သင့်လျော်ပေသည်။
ဤသို့ဖြင့် နှစ်နှစ်တာ ကာလသည် ကုန်လွန်သွားခဲ့လေပြီ။
နောက်ဆုံးတွင် အင်မော်တယ်တစ်သောင်း နန်းတော်သည် ကိုးဝိညာဉ် တောင်တန်း၏ အကျိုးအမြတ်များကို ခွဲဝေယူရန် သူတို့နှင့် ပူးပေါင်းမည့် မည်သည့် အင်မော်တယ် အင်အားစု တစ်ခုကိုမျှ စည်းရုံးသိမ်းသွင်းနိုင်ခဲ့ခြင်း မရှိချေ။
အမှန်တကယ်တွင် မြေကမ္ဘာအင်မော်တယ်စံအိမ်သည် ကိုးဝိညာဉ် တောင်တန်းနှင့် အရင်းအမြစ်များ ပစ္စည်းများကို တက်ကြွစွာ ကုန်သွယ်နေကြောင်း သိရှိသွားပြီးနောက် အခြားသော အင်မော်တယ် အင်အားစုများသည်လည်း ထိုအတိုင်း လိုက်လံ လုပ်ဆောင်ခဲ့ကြသည်။ သူတို့သည် အင်အားစုများကို စေလွှတ်ခြင်း မရှိခဲ့သော်လည်း ဆေးလုံးများ.. အဆောင်လက်ဖွဲ့များ.. ဖွဲ့စည်းပုံအခင်းအကျင်းများနှင့် ရုပ်သေးများ.. သားရဲယဉ်ပါးစေခြင်း ကျင့်စဉ်များကိုပင် အမြောက်အမြား ထောက်ပံ့ပေးခဲ့ကြ၏။
မြေကမ္ဘာအင်မော်တယ်စံအိမ်ကို ကိုးဝိညာဉ် တောင်တန်းအား လက်ဝါးကြီးအုပ်ခွင့် သူတို့ မပြုနိုင်ချေ။
ဤအဖြစ်ကို သိရှိသွားပြီးနောက် အင်မော်တယ်တစ်သောင်း နန်းတော်သည် တိတ်ဆိတ်သွားခဲ့ပြီး ကိုးဝိညာဉ် တောင်တန်းကို ထပ်မံ တိုက်ခိုက်ခြင်း မရှိတော့ဘဲ သူတို့၏ လက်ရှိ နယ်မြေနှင့် အရင်းအမြစ် မြေများကိုသာ ကာကွယ်နေတော့သည်။
မြေကမ္ဘာအင်မော်တယ်စံအိမ်။ တာ့ယွီတောင်။
ဟွမ်ကျူးသည် စုယွီ၏ ရုပ်သေးခန္ဓာကိုယ် ရှေ့သို့ ရောက်ရှိလာပြီး ပြောလိုက်သည်။
"အင်မော်တယ်တစ်သောင်း နန်းတော်က ရေခဲငှက်မွှေး ဝိညာဉ်ခန္ဓာကိုယ် တာအိုသားတော် ကူရှောက်ခွန်းနဲ့ တာ့ယန် အင်မော်တယ်မင်းဆက်က မင်းသမီးလေး တစ်ပါးတို့ဟာ မကြာသေးခင်ကမှ တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာကနေ ထွက်ခွာသွားပြီး တာ့ယန် အင်မော်တယ်မင်းဆက်ဆီကို သွားခဲ့ကြတယ်.."
စုယွီသည် နိမိတ်မကောင်းသော ခံစားချက်တစ်ခုကို ရရှိလိုက်၏။ သူ၏ မျက်နှာက တည်တင်းသွားပြီး မေးလိုက်သည်။
"အင်မော်တယ်တစ်သောင်း နန်းတော်က ရူးသွားပြီလား.."
ဟွမ်ကျူးက သက်ပြင်းရှည်ကြီးတစ်ခုကို ရှိုက်သွင်းလိုက်ကာ ပြန်ဖြေလိုက်၏။
"အင်မော်တယ်တစ်သောင်း နန်းတော်က အကြိမ်ကြိမ် ကျရှုံးခဲ့ရတယ်လေ.. မကြာသေးခင်က သူတို့နဲ့ ပူးပေါင်းဖို့ တခြား အင်မော်တယ် အင်အားစုတွေကို စည်းရုံးသိမ်းသွင်းတဲ့ နေရာမှာလည်း အောင်မြင်မှု မရခဲ့ကြဘူး.. ဆန့်ကျင်ဘက်အနေနဲ့ တခြား အင်အားစုတွေက ငါတို့ မြေကမ္ဘာအင်မော်တယ်စံအိမ်လိုပဲ ကိုးဝိညာဉ် တောင်တန်းကို ထောက်ခံပေးပြီး ငါတို့နဲ့ ကုန်သွယ်နေကြတယ်.. အဲဒါက သူတို့အတွက် ကိုးဝိညာဉ် တောင်တန်းကို သိမ်းပိုက်ဖို့ မဖြစ်နိုင်တော့သလို ဖြစ်သွားစေခဲ့တယ်.."
"ဒီလို အခြေအနေတွေအောက်မှာ အင်မော်တယ်တစ်သောင်း နန်းတော်က ဘယ်လိုလုပ် မရူးဘဲ နေပါ့မလဲ.. ဒီအတိုင်းသာ ဆက်သွားမယ်ဆိုရင် အင်မော်တယ်တစ်သောင်း နန်းတော်က ဒုတိယတန်းစား အင်အားစုတစ်ခု အဖြစ်ကို ကျဆင်းသွားလိမ့်မယ်.."
ဤအချိန်၌ ရေခဲငှက်မွှေး ဝိညာဉ်ခန္ဓာကိုယ် ကူရှောက်ခွန်းနှင့် တာ့ယန် အင်မော်တယ်မင်းဆက်မှ မင်းသမီးလေးတို့ တာ့ယန် အင်မော်တယ်မင်းဆက်ဆီသို့ သွားရောက်ခြင်းက သူတို့၏ မိသားစုကို သွားရောက် လည်ပတ်ရုံ သက်သက်သာ ဖြစ်နိုင်ပါမည်လော။
ကူရှောက်ခွန်းနှင့် မင်းသမီးလေးတို့ တာ့ယန် အင်မော်တယ်မင်းဆက်ဆီသို့ ထွက်ခွာသွားပြီး လအနည်းငယ် အကြာ။
မြေကမ္ဘာအင်မော်တယ်စံအိမ်အတွင်း၌ ဖော်ပြ၍ မရနိုင်သော အရှိန်အဝါကြီး တစ်ခုသည် ဂိုဏ်း တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့၏။
ထိုအရှိန်အဝါကို အာရုံခံမိသွားပြီးနောက် စုယွီ၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး အံ့အားသင့်မှုများက သူ၏ မျက်နှာထက်၌ အထင်းသား ပေါ်လာခဲ့သည်။
"အစ်ကိုကြီးလား.. ဒီအရှိန်အဝါက..."
အချိန်အနည်းငယ်မျှပင် မကြာလိုက်ချေ။ ဟုန်ယွဲ့ စံအိမ်တော်သခင်ကြီး၏ အသံက သူ၏ နားထဲ၌ ပဲ့တင်ထပ်သွားခဲ့၏။
"ညီလေး.. အစည်းအဝေးအတွက် ပင်မခန်းမဆောင်ဆီကို လာခဲ့ပါဦး.."
"ညီလေး .. အစ်ကိုကြီးရဲ့ အမိန့်ကို နာခံပါ့မယ်.."
စုယွီက ရိုသေလေးစားစွာ ပြန်ဖြေလိုက်လေသည်။
စံအိမ်တော်သခင်ကြီး ဟုန်ယွဲ့သည် ပကတိဟင်းလင်းပြင် အဆင့်သို့ ချိုးဖြတ်ဝင်ရောက်နိုင်ရန် ဆယ်စုနှစ်ပေါင်းများစွာ တံခါးပိတ် ကျင့်ကြံနေခဲ့၏။ နောက်ဆုံးတွင်မူ သူ အောင်မြင်သွားခဲ့ပြီး တံခါးပိတ်ကျင့်ကြံခြင်းမှ ထွက်ပေါ်လာပြီး ရက်အနည်းငယ် အကြာတွင် ဖန်ရှောင်အား မြေကမ္ဘာအင်မော်တယ်စံအိမ်၏ စံအိမ်တော်သခင်ကြီးအဖြစ် ဆက်ခံစေမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ သူက အနားယူသွားခဲ့ပြီး ထိုအချိန်မှစ၍ ဂိုဏ်း၏ ကိစ္စရပ်များကို စီမံခန့်ခွဲတော့မည် မဟုတ်ပေ။
သို့သော် လအနည်းငယ် အကြာတွင် စံအိမ်တော်သခင်ကြီး ဟုန်ယွဲ့သည် အင်မော်တယ်တစ်သောင်း နန်းတော်မှလွဲ၍ ကျန်ရှိသော အင်မော်တယ် အင်အားစုကြီး ရှစ်ခုမှ အရှင်သခင်များကို မြေကမ္ဘာအင်မော်တယ်စံအိမ်သို့ အစည်းအဝေးတစ်ခုအတွက် ဖိတ်ကြားခဲ့လေသည်။
သတင်းကို ကြားလိုက်ရချိန်တွင် အင်မော်တယ်တစ်သောင်း နန်းတော်၏ စံအိမ်တော်သခင်ကြီး၏ မျက်နှာသည် ရုတ်ခြည်း ပြောင်းလဲသွားခဲ့၏။
"ဟုန်ယွဲ့က တံခါးပိတ်ကျင့်ကြံခြင်းကနေ အောင်အောင်မြင်မြင် ထွက်လာခဲ့တယ် ဟုတ်လား.. ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ.."
'ဒီလောက် လွယ်လွယ်လေးနဲ့လား.. မဖြစ်နိုင်ဘူး..'
အမှန်တကယ်တွင် မြေကမ္ဘာအင်မော်တယ်စံအိမ်က အင်မော်တယ်တစ်သောင်း နန်းတော်ကို တက်ရောက်ရန် ဖိတ်ကြားခဲ့ခြင်း မရှိပေ။ သို့သော် အင်မော်တယ်တစ်သောင်း နန်းတော်၏ စံအိမ်တော်သခင်ကြီးက ဟုန်ယွဲ့သည် အခြားသော အင်အားစု ရှစ်ခုမှ လူများကို ဖိတ်ကြားထားကြောင်း သိရှိသွားသောအခါ သူ၏ ကိုယ်စား တက်ရောက်ရန် ဝိညာဉ်ခွဲထွက် အဆင့် အကြီးအကဲ တစ်ယောက်ကို တိုက်ရိုက် စေလွှတ်လိုက်လေသည်။
လဝက်ခန့် အကြာ။ မြေကမ္ဘာအင်မော်တယ်စံအိမ်။
အင်မော်တယ်တစ်သောင်း နန်းတော်မှ ဝိညာဉ်ခွဲထွက် အဆင့် အစောပိုင်းအဆင့်ရှိ ဝါရင့်တစ်ဦးဖြစ်သူ အရှင်သခင် ဟယ်ယွမ် ရောက်ရှိလာခဲ့၏။ သူက မူလဝိညာဉ်အဆင့် အကြီးအကဲ တစ်ယောက်နှင့်အတူ ဂိုဏ်း၏ ပင်မခန်းမဆောင်သို့ ရောက်ရှိလာချိန်တွင် အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
"စံအိမ်တော်သခင်ကြီး ဟုန်ယွဲ့.. ဒီလောက် အရေးကြီးတဲ့ ပွဲမျိုးမှာ ငါတို့ အင်မော်တယ်တစ်သောင်း နန်းတော်ကို ပါဝင်ဖို့ ဘာဖြစ်လို့ မဖိတ်ကြားရတာလဲ.."
သို့သော် သူက ပင်မခန်းမဆောင်အတွင်းသို့ ခြေလှမ်းလှမ်းဝင်လိုက်သည်နှင့် စံအိမ်တော်သခင်ကြီး ဟုန်ယွဲ့၏ အကြည့်က သူ့ထံသို့ ကျရောက်သွားသော အခိုက်အတန့်တွင် အရှင်သခင် ဟယ်ယွမ်၏ ခန္ဓာကိုယ်ကြီး တောင့်တင်းသွားပြီး သူ၏ ခြေလှမ်းများ ရပ်တန့်သွားတော့သည်။
အလွန်အမင်း ကြီးမားလှသော အန္တရာယ် ခံစားချက်ကြီးက အရှင်သခင် ဟယ်ယွမ်ကို ရပ်တန့်သွားစေခဲ့ပြီး သူ၏ ဆံပင်များပင် ထောင်မတ်သွားခဲ့ရ၏။
သူက အရှေ့သို့ ရုတ်တရက် လှမ်းကြည့်လိုက်ရာ သူ၏ ရှေ့ရှိ ရာဇပလ္လင်ပေါ်မှ ပုံရိပ်နှင့် မျက်လုံးချင်း ဆုံသွားခဲ့လေသည်။
"ဝုန်း"
သူတို့ မျက်လုံးချင်း ဆုံသွားသည့် အခိုက်အတန့်၌ သူ၏ စိတ်ထဲတွင် ဧရာမ ပေါက်ကွဲသံကြီးတစ်ခု ပဲ့တင်ထပ်သွားခဲ့၏။ အရှင်သခင် ဟယ်ယွမ်သည် သူ၏ နှလုံးသားနှင့် ဝိညာဉ်တို့ ပြင်းထန်စွာ တုန်လှုပ်သွားသည်ကို ခံစားလိုက်ရပြီး အလိုအလျောက် သွေးတစ်ပွက် အန်ချလိုက်ရကာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားမိသည်။
"အဟွတ်.."
အရှင်သခင် ဟယ်ယွမ်၏ မျက်နှာသည် ပြင်းထန်စွာ ပြောင်းလဲသွားပြီး သူက ကပျာကယာ အော်ပြောလိုက်တော့သည်။
"ညီငယ် ဟယ်ယွမ်.. စီနီယာ ဟုန်ယွဲ့ကို ဂါရဝပြုပါတယ်.."
"ပကတိဟင်းလင်းပြင် အဆင့်ကို အောင်မြင်ပြီး တာအိုသခင်ကြီး အဆင့်အတန်းကို ရရှိသွားတဲ့ စီနီယာ ဟုန်ယွဲ့ကို ဂုဏ်ပြုပါတယ်ဗျာ.."
သူက သူ၏ ရိုသေလေးစားမှုကို ပြသကာ ချက်ချင်းပင် ဦးညွှတ်လိုက်ရာ သူ၏ နဖူးထက်၌ ချွေးအေးများ သီးလာပြီး သူ၏ မျက်လုံးများထဲတွင် ကြောက်ရွံ့မှုနှင့် ရိုသေလေးစားမှုများ ပြည့်နှက်နေခဲ့သည်။
သူ၏ စောစောက မောက်မာမှုတို့မှာ မည်သည့်နေရာတွင်မျှ ရှာမတွေ့နိုင်တော့ချေ။