အခန်း ၇၈၃
Vol. 53 Ch. 783
အခန်း (၇၈၃) တာ့ချန် အင်မော်တယ် မဟာမိတ်အဖွဲ့ တည်ထောင်ခြင်း အပိုင်း (၁)
မြေကမ္ဘာအင်မော်တယ်စံအိမ်၏ ခမ်းနားကြီးကျယ်လှသော ပင်မခန်းမဆောင်ကြီးအတွင်း၌ အသစ်ရောက်ရှိလာသော အင်မော်တယ်တစ်သောင်း နန်းတော်မှ အရှင်သခင် ဟယ်ယွမ်အပြင် လူ့ပြည်သို့ ဆင်းသက်လာသော နတ်သားများအလား ချောမောခန့်ညားလှသည့် အမျိုးသား ခြောက်ဦး.. မြင့်မြတ်သော အမူအရာရှိသည့် ဉာဏ်ပညာကြီးမားသော အကြီးအကဲားနှင့် အလွန်တရာ ကျက်သရေရှိပြီး လှပလွန်းလှသော နတ်မိမယ် နှစ်ပါးတို့ ထိုင်နေကြ၏။
တာအိုသခင်ကြီး ဟုန်ယွဲ့.. မဟုတ်ပေ။
ယခုအခါ သူ့ကို ဟုန်ယွဲ့ တာအိုသခင်ကြီးဟု ခေါ်ဆိုရမည် ဖြစ်ပြီး သူသည် ပင်မနေရာတွင် ထိုင်နေကာ သူ၏ မျက်နှာထက်၌ အနည်းငယ် အေးစက်သော အရိပ်အယောင်တစ်ခုနှင့် အပြုံးတစ်ခု ရောယှက်နေခဲ့သည်။ သူ၏ မျက်လုံးများက တည်ငြိမ်နေပြီး အင်မော်တယ်တစ်သောင်း နန်းတော်မှ အရှင်သခင် ဟယ်ယွမ် ထိတ်လန့်တကြား ဦးညွှတ်နေသည်ကို စောင့်ကြည့်နေခဲ့၏။
ထိုမျှ ရိုသေလေးစားသော အပြုအမူကို မြင်လိုက်ရပြီးနောက် ဟုန်ယွဲ့ တာအိုသခင်ကြီးသည် သူမ၏ အကြည့်ကို ရုပ်သိမ်းလိုက်ကာ ခပ်ဟဟ ရယ်မောလိုက်သည်။
"အရှင်သခင် ဟယ်ယွမ်က အရမ်းကို ယဉ်ကျေးနေပါပြီ.. ကျေးဇူးပြုပြီး ထိုင်ပါဦး.."
အရှင်သခင် ဟယ်ယွမ်သည် ချက်ချင်းပင် ကျေးဇူးတင်စကား ဆိုလိုက်ပြီး ဟုန်ယွဲ့ တာအိုသခင်ကြီး၏ ဘေးတွင် ထိုင်ရန် မဝံ့ရဲဘဲ ဘေးဘက် တစ်နေရာ၌သာ သတိကြီးစွာဖြင့် ထိုင်လိုက်လေသည်။ သူ၏ မျက်လုံးထောင့်များက အခြားသူများဆီသို့ လှည့်လည်သွားသောအခါ သူ၏ နှလုံးသားသည် ပြင်းထန်စွာ ခုန်ပေါက်သွားတော့၏။
'အားလုံး ဒီကို ရောက်နေကြတာပဲ..'
ဖိတ်ကြားခြင်း မခံရသော်လည်း အတင်းအကျပ် လာရောက်ခဲ့ရသော သူတို့၏ အင်မော်တယ်တစ်သောင်း နန်းတော် အပြင် ကျန်ရှိသော အင်မော်တယ် အင်အားစုကြီး ရှစ်ခုမှ ကိုယ်စားလှယ်များ အားလုံးသည် မြေကမ္ဘာအင်မော်တယ်စံအိမ်ဆီသို့ ရောက်ရှိနေခဲ့ကြလေပြီ။
ဤအဖြစ်ကပင် အရှင်သခင် ဟယ်ယွမ်၏ နှလုံးသားထဲ၌ ဖော်ပြ၍မရနိုင်သော ဆုံးရှုံးမှုတစ်ခုနှင့် ဒေါသတရားတို့ကို ပြည့်နှက်သွားစေခဲ့သည်။
သူသည် စွန့်ပစ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး သူ ဂရုစိုက်ရသူများက အခြားသူများနှင့်အတူ ရှေ့ဆက်သွားနေသည်ကို ကြည့်ကာ အရှက်ရမှုကို ခံစားနေရသကဲ့သို့ ထင်မှတ်နေရ၏။
ထို့အပြင် ဝိညာဉ်ခွဲထွက် အဆင့်သို့သာ ရောက်ရှိထားသော အင်မော်တယ်တစ်သောင်း နန်းတော်၏ အကြီးအကဲ တစ်ယောက်ဖြစ်သည့် သူမှလွဲ၍ ကျန်သူများ အားလုံးသည် သူတို့၏ ဂိုဏ်းအသီးသီးမှ တာအိုခန္ဓာကိုယ် ပိုင်ရှင်များ ဖြစ်ကြပေသည်။ သူတို့၏ အရှိန်အဝါများသည် အလွန်တရာ ထူးကဲလှပြီး ရိုးရှင်းသော ဝိညာဉ်ခွဲထွက် အစောပိုင်းအဆင့်ရှိ အရှင်သခင် တစ်ယောက်ဖြစ်သည့် သူနှင့် နှိုင်းယှဉ်၍ပင် မရနိုင်အောင် သာလွန်နေခဲ့လေသည်။
အရှင်သခင် ဟယ်ယွမ် နေရာယူပြီးနောက် ဟုန်ယွဲ့ တာအိုသခင်ကြီးက တည်ငြိမ်စွာဖြင့် စကားစတင်လိုက်သည်။
"ဒီနှစ်တွေအတွင်းမှာ တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာထဲ အဖြစ်အပျက် တော်တော်များများ ဖြစ်ပွားခဲ့ပြီး တာ့ချန်မှာ မငြိမ်မသက်မှုတွေနဲ့ အပြောင်းအလဲ အများကြီးကို ဖြစ်ပေါ်စေခဲ့တယ်.."
"ကျွန်တော် တံခါးပိတ်ကျင့်ကြံဖို့ ဝင်သွားပြီးတဲ့နောက်မှာ တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာရဲ့ အခြေအနေက အကြီးအကျယ် ပြောင်းလဲသွားခဲ့တယ်.."
"ပြင်ပ အင်အားစုတစ်ခု ဖြစ်တဲ့ ပုတူ ဗုဒ္ဓဂိုဏ်းဟာ ကျွန်တော်တို့ရဲ့ တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာထဲကို လက်တံတွေ ဆန့်တန်းလာရုံတင် မကဘဲ ကျွန်တော်တို့ နယ်မြေထဲက စစ်မှန်တဲ့ ကျင့်ကြံခြင်း နယ်မြေတွေကိုပါ တိုက်ခိုက်လာခဲ့တယ်.. ကျွန်တော်တို့ မျက်စိရှေ့မှာတင် သူတို့က ကိုးဝိညာဉ် တောင်တန်းရဲ့ နယ်မြေတွေကို ဖျက်ဆီးပစ်ချင်နေကြတယ်.."
"တကယ်လို့သာ ပုတူ ဗုဒ္ဓဂိုဏ်းကို အောင်မြင်ခွင့် ပြုလိုက်မယ်ဆိုရင်.. ကျွန်တော်တို့ရဲ့ တာ့ချန် အင်မော်တယ် နယ်မြေတွေဟာ အပြင်လူတွေ အလွယ်တကူ အနိုင်ကျင့် ဗိုလ်ကျတာကို ခံရဖို့ ဖွင့်ပေးထားသလို ဖြစ်မသွားဘူးလား.."
ဘယ်ဘက်ခြမ်း ပထမဆုံးနေရာတွင် ထိုင်နေသော ဆံပင်ဖြူ အဘိုးအိုသည် သူ၏ အရှိန်အဝါက သာမန်မျှသာ ဖြစ်နေသော်လည်း ဟုန်ယွဲ့ တာအိုသခင်ကြီး၏ ဘယ်ဘက် ပထမဆုံးနေရာကို ရယူထားနိုင်ခဲ့၏။
ဤသူမှာ လီဟော့ နန်းတော်၏ စံအိမ်တော်သခင်ကြီးပင် ဖြစ်လေသည်။
အရှင်သခင် ကျိုရုံ။
သူက ဟုန်ယွဲ့ တာအိုသခင်ကြီးအား လှမ်းကြည့်လိုက်ရာ သူ၏ မျက်လုံးများထဲတွင် ချီးကျူးလေးစားမှုနှင့် မနာလိုမှု အရိပ်အယောင် အချို့ ရောယှက်နေခဲ့သည်။
လွန်ခဲ့သော နှစ်ပေါင်း ရာနှင့်ချီကတည်းက ဝိညာဉ်ခွဲထွက် အဆင့်၏ အထွတ်အထိပ် ကန့်သတ်ချက်သို့ ရောက်ရှိခဲ့သော်လည်း သူသည် ပကတိဟင်းလင်းပြင် အဆင့်၏ တံခါးဝတွင် ဧရာမ ချောက်ကမ်းပါးကြီး တစ်ခုကဲ့သို့ အပိတ်ခံထားရဆဲ ဖြစ်၏။
ယနေ့အချိန်အထိ လီဟော့ နန်းတော်၏ အရင်းအမြစ်များ အားလုံးကို ကုန်စင်အောင် အသုံးပြုခဲ့သော်ငြား ပကတိဟင်းလင်းပြင် အဆင့်သို့ ချိုးဖြတ်ဝင်ရောက်နိုင်မည့် သူ၏ မျှော်လင့်ချက်များက မှေးမှိန်နေဆဲပင် ဖြစ်သည်။
ဝိညာဉ်ခွဲထွက် အဆင့် အရှင်သခင် တစ်ယောက်ဖြစ်သော သူ့တွင် သက်တမ်း နှစ်ထောင်မျှ ရှိသော်လည်း သူ၏ လက်ရှိ သက်တမ်းမှာ နှစ်ပေါင်း တစ်ထောင်ခြောက်ရာကျော် နေပြီဖြစ်ရာ အိုမင်းရင့်ရော်နေပြီ ဖြစ်လေသည်။
ပကတိဟင်းလင်းပြင် အဆင့်သို့ ချိုးဖြတ်ဝင်ရောက်ရန် မဆိုထားနှင့်.. သူ၏ အထွတ်အထိပ် အခြေအနေကို ထိန်းသိမ်းထားရန်ပင် မလွယ်ကူတော့ချေ။
ထို့ကြောင့် ဟုန်ယွဲ့ တာအိုသခင်ကြီးသည် တံခါးပိတ်ကျင့်ကြံခြင်းမှ ထွက်ပေါ်လာပြီး ကိစ္စရပ်များကို ဆွေးနွေးရန် မြေကမ္ဘာအင်မော်တယ်စံအိမ်သို့ ဖိတ်ကြားလိုက်ကြောင်း သိရှိသွားချိန်တွင် သူ၏ နှလုံးသားထဲရှိ တုန်လှုပ်မှုသည် စကားလုံးများဖြင့် ဖော်ပြ၍ မရနိုင်အောင်ပင် ကြီးမားလှပေသည်။
သူသည် နှစ်ပေါင်းများစွာ ကြိုးစားပမ်းစား လိုက်လံရှာဖွေနေခဲ့ရသော ရလဒ်တစ်ခုဖြစ်သည့် ဟုန်ယွဲ့ တာအိုသခင်ကြီး၏ အောင်မြင်မှုကို မြင်တွေ့လိုစိတ်ဖြင့် မြေကမ္ဘာအင်မော်တယ်စံအိမ်ဆီသို့ မျှော်လင့်တကြီး ရောက်ရှိလာခဲ့၏။
'ဟုန်ယွဲ့လို့ ခေါ်တဲ့ ဒီလူငယ်လေးက ဆယ်စုနှစ် အနည်းငယ်အတွင်းမှာပဲ အဲဒီအဆင့်ကို ရရှိသွားခဲ့တယ်ပေါ့လေ..'
ခံစားချက်များကို အနည်းငယ် ထိန်းချုပ်လိုက်ပြီးနောက် အရှင်သခင် ကျိုရုံသည် ဟုန်ယွဲ့ တာအိုသခင်ကြီးဘက်သို့ လှည့်ကာ မေးလိုက်သည်။
"ဟုန်ယွဲ့..အဲ.. စီနီယာ.. စီနီယာရဲ့ စကားတွေက ဘာကို ဆိုလိုချင်တာလဲ.. မြေကမ္ဘာအင်မော်တယ်စံအိမ်က ပုတူ ဗုဒ္ဓဂိုဏ်းကို အရေးယူ ဆောင်ရွက်ဖို့ စီစဉ်နေတာများလား.."
အရှင်သခင် ဟယ်ယွမ်၏ မျက်လုံးများ မှေးကျဉ်းသွားပြီး ပြုံးလျက် ဝင်ပြောလိုက်၏။
"တကယ်လို့ အဲဒါက အမှန်ပဲဆိုရင်တော့.. ပုတူ ဗုဒ္ဓဂိုဏ်းကို အရေးယူ ဆောင်ရွက်မယ့် မြေကမ္ဘာအင်မော်တယ်စံအိမ်ရဲ့ ဆုံးဖြတ်ချက်ကို ကျွန်တော် အပြည့်အဝ သဘောတူပါတယ်.. ပြီးတော့ မကြာခင် ရရှိလာမယ့် အောင်ပွဲအတွက် ဟုန်ယွဲ့ တာအိုသခင်ကြီးကို ကြိုတင် ဂုဏ်ပြုချင်ပါတယ်.."
အခြားသူများသည် မည်သည့်စကားမျှ ဝင်မပြောကြဘဲ သူတို့၏ မျက်လုံးများ အနည်းငယ် လှုပ်ရှားသွားကာ ဟုန်ယွဲ့ တာအိုသခင်ကြီးကိုသာ အားလုံး ဝိုင်းကြည့်နေကြသည်။
ဟုန်ယွဲ့ တာအိုသခင်ကြီးက တည်ငြိမ်စွာ ရယ်မောလိုက်သည်။
"တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာရဲ့ လုံခြုံရေးကို ကာကွယ်ဖို့အတွက် တာ့ချန် အင်မော်တယ် မဟာမိတ်အဖွဲ့ကို ယာယီ တည်ထောင်ဖို့ ကျွန်တော် အဆိုပြုချင်ပါတယ်.. တာ့ချန် အင်မော်တယ် မဟာမိတ်အဖွဲ့မှာ လုပ်ပိုင်ခွင့် တစ်ခုနဲ့ တစ်ခုတည်းသာ ရှိပါတယ်.. အဲဒါကတော့ ပြင်ပ အန္တရာယ်တွေကို ရင်ဆိုင်ဖို့ တာ့ချန်ရဲ့ အင်အားစု အားလုံးကို စည်းလုံးညီညွတ်အောင် စုစည်းဖို့ပါပဲ.."
"ကျွန်တော်တို့ ဂိုဏ်းတွေကြားမှာ နားလည်မှု လွဲမှားတာတွေနဲ့ ကွာဟချက် တချို့ ရှိနိုင်ပေမဲ့ ပြင်ပ ပြဿနာတွေကို ဖြေရှင်းပြီးသွားတဲ့အခါ အဲဒါတွေကို ပြေလည်အောင် ဖြေရှင်းနိုင်ပါတယ်.. ကျွန်မတို့ ကိုယ့်တံခါး ကိုယ်ပိတ်ပြီး တဖြည်းဖြည်းချင်း ဖြေရှင်းလို့ ရပါတယ်.."
"လက်ရှိ အခြေအနေအရဆိုရင် ကျွန်တော်တို့ အားလုံးက သဲတွေလို ဖရိုဖရဲ ဖြစ်နေပြီး ပုတူ ဗုဒ္ဓဂိုဏ်းလို မိစ္ဆာဆန်တဲ့ ဗုဒ္ဓဘာသာ အင်အားစုတွေကို တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာထဲမှာ ဖျက်ဆီးမှုတွေ လုပ်ခွင့်ပေးထားသလို ဖြစ်နေတယ်.. ဒါက ကျွန်တော်တို့ တာ့ချန် ကျင့်ကြံသူတွေရဲ့ ဂုဏ်သိက္ခာကို နင်းခြေနေတာပဲ.."
"ခင်ဗျားတို့ အားလုံးက အဲဒီလို ဖြစ်နေတာကို သက်တောင့်သက်သာ ရှိကြရဲ့လား.."
ဟုန်ယွဲ့ တာအိုသခင်ကြီးက ခေတ္တရပ်လိုက်ပြီးနောက် ဆက်ပြောလေသည်။
"လွန်ခဲ့တဲ့ နှစ်တစ်ရာက မိစ္ဆာ မျိုးနွယ်တွေဟာ ပင်လယ်မျိုးနွယ်တွေနဲ့ ကျွန်တော်တို့ရဲ့ တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာကို တိုက်ခိုက်ဖို့ ပူးပေါင်းကြံစည်ခဲ့ကြတယ်.. အဲဒီအချိန်တုန်းက ကျွန်တော်တို့တွေ စည်းလုံးညီညွတ်စွာနဲ့ ပြင်ပ အန္တရာယ်တွေကို ရင်ဆိုင်ခဲ့ပြီး မိစ္ဆာ မျိုးနွယ်တွေကို အနိုင်ယူနှိမ်နင်းခဲ့သလို ပင်လယ်မျိုးနွယ်တွေရဲ့ တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာကို ကျူးကျော်ဝင်ရောက်လာမှုကို ဖြတ်တောက်နိုင်ခဲ့တာ မဟုတ်ဘူးလား.."
"ဒီတစ်ကြိမ်လည်း အတူတူပါပဲ.. ကျွန်တော်တို့ ထပ်ပြီး စည်းလုံးကြမယ်.. ဦးတည်ချက်က မိစ္ဆာ မျိုးနွယ် မဟုတ်ဘဲ မိစ္ဆာဆန်တဲ့ ဗုဒ္ဓဂိုဏ်း ဖြစ်နေတာလေး တစ်ခုပဲ ကွာသွားတာ.."
ဤစကားများကို ကြားလိုက်ရပြီးနောက် အရှင်သခင် ကျိုရုံ.. အရှင်သခင် ဟယ်ယွမ်နှင့် အခြားသူများ၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားကြ၏။
'တာ့ချန် အင်မော်တယ် မဟာမိတ်အဖွဲ့..'
ဤအရာသည် တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာတွင် ယခင်က တစ်ကြိမ်တစ်ခါမျှ မပေါ်ပေါက်ဖူးသေးသော အင်အားတစ်ခုပင် ဖြစ်လေသည်။
အရှင်သခင် ဟယ်ယွမ်သည် တုန်လှုပ်သွားပြီး ဟုန်ယွဲ့ တာအိုသခင်ကြီးကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေမိ၏။ မြေကမ္ဘာအင်မော်တယ်စံအိမ်သည် ဤဆွေးနွေးပွဲ ဖိတ်ကြားမှု၏ နောက်ကွယ်တွင် ကြီးကျယ်ခမ်းနားသော တစ်စုံရာကို စီစဉ်ထားကြောင်း သူ သိရှိထားသည်။ သို့သော် အများဆုံးအနေဖြင့် မြေကမ္ဘာအင်မော်တယ်စံအိမ်သည် သူတို့၏ အင်အားကို ပြသလိုပြီး အင်မော်တယ်တစ်သောင်း နန်းတော်၏ နေရာကို အစားထိုး ဝင်ရောက်လိုခြင်းသာ ဖြစ်မည်ဟု သူ ထင်မှတ်ထားခဲ့၏။
သို့သော် မြေကမ္ဘာအင်မော်တယ်စံအိမ်သည် အင်မော်တယ် မဟာမိတ်အဖွဲ့ တစ်ခုကို အမှန်တကယ် ဖွဲ့စည်းချင်နေလိမ့်မည်ဟု သူ လုံးဝ မျှော်လင့်မထားခဲ့ပေ။
အရှင်သခင် ဟယ်ယွမ်၏ မျက်လုံးများ အနည်းငယ် မှေးမှောင်သွားပြီး သူက ခပ်ဟဟ ရယ်မောကာ ပြောလိုက်သည်။
"ဟုန်ယွဲ့ တာအိုသခင်ကြီး.. မြေကမ္ဘာအင်မော်တယ်စံအိမ်က တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာ တစ်ခုလုံးကို စည်းလုံးညီညွတ်အောင် စုစည်းဖို့ ကြိုးစားနေတာများလား.."
အခြားသူများသည် တိတ်ဆိတ်စွာ နေကြသော်လည်း ခန်းမဆောင် အတွင်းရှိ လေထုမှာမူ သိသာထင်ရှားစွာ တင်းမာလာခဲ့သည်။
ဟုန်ယွဲ့ တာအိုသခင်ကြီးက အရှင်သခင် ဟယ်ယွမ်ကို တစ်ချက်ကြည့်လိုက်ပြီး ပေါ့ပေါ့ပါးပါး ရယ်မောကာ ပြောလိုက်၏။
"ကျွန်တော် ပြောခဲ့တယ်လေ.. တာ့ချန် အင်မော်တယ် မဟာမိတ်အဖွဲ့ကို ယာယီ တည်ထောင်မယ်လို့.. တစ်ခုတည်းသော ရည်ရွယ်ချက်က အပြင်လူတွေကို အတူတကွ ရင်ဆိုင်ဖို့ပဲ.. ကျွန်တော်တို့ တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာရဲ့ ကိစ္စရပ်တွေကို ဘယ်သူမှ ဝင်ရောက် စွက်ဖက်ခွင့် မပြုရဘူး.. ဒါ့အပြင် တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာထဲမှာ ဘယ်အပြင်လူကိုမှ သောင်းကျန်းခွင့် မပေးသင့်ဘူး..”