အခန်း ၇၈၄
Vol. 53 Ch. 784
အခန်း (၇၈၄) တာ့ချန် အင်မော်တယ် မဟာမိတ်အဖွဲ့ တည်ထောင်ခြင်း အပိုင်း (၂)
"အဲဒါကလွဲရင် တာ့ချန် အင်မော်တယ် မဟာမိတ်အဖွဲ့မှာ တခြား ဘာလုပ်ပိုင်ခွင့်မှ မရှိဘူး... ကျွန်တော် ပြောတာ ရှင်းရှင်းလင်းလင်း မရှိသေးဘူးလား"
အရှင်သခင် ဟယ်ယွမ်သည် ခေါင်းကို ဖြည်းညင်းစွာ ခါရမ်းလိုက်၏။
"ကျွန်တော်တို့ အင်မော်တယ်တစ်သောင်း နန်းတော်က တာ့ချန် အင်မော်တယ် မဟာမိတ်အဖွဲ့ တည်ထောင်တာကို လုံးဝ ထောက်ခံမှာ မဟုတ်ဘူး"
"တကယ်လို့ တာ့ချန် အင်မော်တယ် မဟာမိတ်အဖွဲ့ကို တည်ထောင်ဖြစ်ခဲ့မယ် ဆိုရင်တောင်... ဘယ်သူက ဦးဆောင်ရမှာလဲ"
ဟုန်ယွဲ့ တာအိုသခင်ကြီးက တည်ငြိမ်အေးဆေးစွာ ပြန်လည်တုံ့ပြန်လိုက်သည်။
"ကျွန်တော်တို့ မြေကမ္ဘာအင်မော်တယ်စံအိမ်က ခင်ဗျားတို့ အင်မော်တယ်တစ်သောင်း နန်းတော်ကို ဘယ်တုန်းကမှ ဖိတ်ကြားမထားခဲ့ဘူး... ဒါကြောင့် အရှင်သခင် ဟယ်ယွမ် ..ခင်ဗျား ပါးစပ်ပိတ်ထားလိုက်တာ အကောင်းဆုံးပဲ... ဘာဖြစ်လို့လဲဆိုတော့ ဒီကိစ္စက ခင်ဗျားတို့ အင်မော်တယ်တစ်သောင်း နန်းတော်နဲ့ ဘာမှ မပတ်သက်လို့ပဲ"
"နားလည်လား... ကျွန်တော့်ရဲ့ သဘောထားကြီးမှုကို အခွင့်ကောင်း မယူပါနဲ့"
ထိုကဲ့သို့ ပြတ်သားကြမ်းတမ်းလှသော စကားများကို ကြားလိုက်ရချိန်တွင် အရှင်သခင် ဟယ်ယွမ်၏ မျက်နှာသည် ရုတ်ခြည်း ပြောင်းလဲသွားပြီး အစိမ်းရောင်မှ အဖြူရောင်သို့ ကူးပြောင်းသွားတော့၏။ သူသည် ဟုန်ယွဲ့ တာအိုသခင်ကြီးအား မုန်တိုင်းထန်တော့မည့် အမူအရာဖြင့် စိုက်ကြည့်နေမိသည်။
တကယ်လို့သာ ဟုန်ယွဲ့သည် တာအိုသခင်ကြီး တစ်ပါး ဖြစ်မလာခဲ့လျှင် သူက မတ်တတ်ထရပ်ကာ မြေကမ္ဘာအင်မော်တယ်စံအိမ်ဆိုတာ သောက်ကျိုးနည်း ဘာအကောင်မို့လို့လဲဟု အော်ဟစ်ဆဲဆိုမိမည်မှာ သေချာလှပေ၏။
ယခုမူကား...
အရှင်သခင် ဟယ်ယွမ်သည် မျက်နှာကို ရှုံ့မဲ့လိုက်ပြီး အဓိပ္ပာယ်မဲ့သော ရယ်မောသံ တစ်ခုနှင့်အတူ ခေါင်းကို ငုံ့ထားလိုက်ရကာ နောက်ထပ် စကားတစ်ခွန်းမျှပင် ဆက်မပြောရဲတော့ချေ။
အရှင်သခင် ကျိုရုံ အပါအဝင် အရပ်ရှစ်မျက်နှာမှ အင်မော်တယ် ဂိုဏ်းကြီးများ၏ အရှင်သခင်များသည် အင်မော်တယ်တစ်သောင်း နန်းတော်မှ လူများ ဒေါသထွက်နေသော်လည်း နှုတ်မှ ဖွင့်မပြောရဲသည့် အဖြစ်ကို မြင်တွေ့လိုက်ရချိန်တွင် ဖော်ပြ၍မရနိုင်သော ကျေနပ်အားရမှုနှင့် သက်တောင့်သက်သာ ရှိမှုတို့ကို ခံစားလိုက်ကြရသည်။
တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာတွင် အင်မော်တယ်တစ်သောင်း နန်းတော်က လူတကာ၏ ခေါင်းပေါ်တွင် တက်ထိုင်ကာ ဗိုလ်ကျစိုးမိုးလာခဲ့သည့် နေ့ရက်များသည် အလွန်တရာ ကြာမြင့်ခဲ့လေပြီ။
နောက်ဆုံးတွင်တော့ အင်မော်တယ်တစ်သောင်း နန်းတော်ကို ပြန်လည် အနိုင်ကျင့် ဗိုလ်ကျနိုင်စွမ်းရှိသည့် အင်အားစုတစ်ခု ပေါ်ထွက်လာခဲ့ပြီ ဖြစ်၏။
ဝမ်းနည်းစရာကောင်းသည့် အချက်မှာ ထိုအင်အားစုသည် သူတို့ ဖြစ်မနေခြင်းပါပင်။
ခေတ္တမျှ စဉ်းစားတွေးတောပြီးနောက် အရှင်သခင် ကျိုရုံနှင့် အခြားသူများသည် သတိကြီးစွာ ထားနေကြဆဲ ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ တာ့ချန် အင်မော်တယ် မဟာမိတ်အဖွဲ့သည် ကိစ္စရပ် များစွာနှင့် ပတ်သက်ဆက်နွယ်နေပေ၏။ တကယ်လို့သာ ထိုအဖွဲ့က တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာ တစ်ခုလုံးကို စည်းလုံးညီညွတ်အောင် စုစည်းရန် အမှန်တကယ် ရည်ရွယ်ထားမည် ဆိုပါက သူတို့သည် မည်သည့်အခါမျှ သဘောတူလက်ခံမည် မဟုတ်ချေ။
သို့သော် ယင်းက ယာယီမျှသာ ဖြစ်ပြီး တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာ အတွက် ပြင်ပရန်များကို အတူတကွ ရင်ဆိုင်ရန် ဖွဲ့စည်းထားသော မဟာမိတ်အဖွဲ့ သက်သက်သာ ဖြစ်မည်ဆိုပါက ထိုအရာသည် သိပ်တော့ ဆိုးရွားလှမည် မဟုတ်ဟု ထင်မှတ်ရပေသည်။
သူတို့သည် မြေကမ္ဘာအင်မော်တယ်စံအိမ်၏ အင်အားနှင့် လွှမ်းမိုးနိုင်စွမ်းများ ကြီးထွားလာမှုကို အနည်းငယ် တွန့်ဆုတ်ငြင်းဆန်လိုကြပြီး တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာတွင် မြေကမ္ဘာအင်မော်တယ်စံအိမ်၏ စကားလုံးများ ပိုမို ဩဇာကြီးမားလာမည်ကို ပို၍ပင် မလိုလားကြသော်လည်း တကယ့် လက်တွေ့တွင်မူ တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာသည် ခေါင်းဆောင် တစ်ယောက်ကို အမှန်တကယ် လိုအပ်နေခဲ့ပြီ ဖြစ်၏။
အတိတ်ကာလများဆီက အင်မော်တယ်တစ်သောင်း နန်းတော်သည် တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာ၏ ခေါင်းဆောင် ဖြစ်ခဲ့နိုင်ပေသည်။
သို့သော်လည်း မကြာသေးမီ နှစ်များအတွင်း အင်မော်တယ်တစ်သောင်း နန်းတော်၏ လွှမ်းမိုးနိုင်စွမ်းများသည် ပြင်းထန်စွာ ထိခိုက်ပျက်စီးခဲ့ရပြီး ၎င်း၏ ခွန်အားနှင့် ဂုဏ်သိက္ခာတို့မှာလည်း အကြီးအကျယ် ကျဆင်းသွားခဲ့ရလေသည်။
ထို့အပြင် ကိုးဝိညာဉ် တောင်တန်းနှင့် ဗုဒ္ဓဂိုဏ်းတို့ကြား ဖြစ်ပွားခဲ့သော ကိစ္စရပ်တွင် သူတို့သည် ပုတူ ဗုဒ္ဓဂိုဏ်းအား ဆန့်ကျင်ရန် တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာ၏ အင်မော်တယ် ဂိုဏ်းများကို ဦးဆောင်မှု မပေးခဲ့သည့်အပြင် ကိုးဝိညာဉ် တောင်တန်း လဲကျနေချိန်တွင် အခွင့်ကောင်းယူကာ လက်ဆန့်တန်းခဲ့ကြသေးသည်။
ဤလုပ်ရပ်ကပင် အခြားသော အင်မော်တယ် ဂိုဏ်းများအကြား မကျေနပ်မှုများကို ပိုမို ကြီးထွားလာစေခဲ့ပြီး ခေါင်းဆောင် တစ်ယောက်အနေဖြင့် ရပ်တည်နေသော အင်မော်တယ်တစ်သောင်း နန်းတော်၏ အဆင့်အတန်းနှင့် နေရာကို ပို၍ လျော့ကျသွားစေခဲ့တော့၏။
တကယ်လို့သာ မြေကမ္ဘာအင်မော်တယ်စံအိမ်သည် ယခုအချိန်တွင် ရှေ့သို့ ထွက်ရပ်လာနိုင်မည် ဆိုပါက ထိုအရာသည် ကောင်းမွန်သော ကိစ္စတစ်ရပ် ဖြစ်လာနိုင်ပေသည်။
အနည်းဆုံးတော့ ယင်းက တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာအတွင်းရှိ စည်းမျဉ်းစည်းကမ်းများကို ထိန်းသိမ်းထားနိုင်မည် ဖြစ်ပြီး ဖရိုဖရဲ ပြိုကွဲသွားမည့် အန္တရာယ်မှ ကာကွယ်ပေးနိုင်မည် ဖြစ်၏။
အရှင်သခင် ကျိုရုံက ဝင်ရောက် ပြောဆိုလိုက်သည်။
"ပြင်ပ အန္တရာယ်တွေကို ရင်ဆိုင်ဖို့ အတူတကွ စည်းလုံးကြမယ် ဆိုတာကို ကျွန်တော်တို့ သဘောတူ လက်ခံနိုင်ပါတယ်... ဒါပေမဲ့ ဒီမဟာမိတ်အဖွဲ့ရဲ့ တိကျတဲ့ စည်းမျဉ်းစည်းကမ်းတွေကို ဘယ်လို သတ်မှတ်ပြီး ဘယ်လို အကောင်အထည်ဖော်မလဲ ဆိုတာကိုတော့ ကျွန်တော် သိချင်မိတယ်"
အခြားတစ်ဖက်တွင်မူ ကိုးဝိညာဉ် တောင်တန်း၏ တောင်သခင် ဖြစ်သော တာအိုသခင်ကြီး ကျိုလင်၏ မျက်လုံးများထဲ၌ ဝမ်းသာပျော်ရွှင်မှု အရိပ်အယောင် အနည်းငယ် ပေါ်ထွက်လာခဲ့ပြီး သူမက ချက်ချင်းပင် ထောက်ခံစကား ဆိုလိုက်တော့၏။
"တာ့ချန် အင်မော်တယ် မဟာမိတ်အဖွဲ့ကို တည်ထောင်တာက တကယ်ကို ကြီးကျယ်ခမ်းနားတဲ့ အကြံဉာဏ် တစ်ခုလို့ ကျွန်မ ထင်ပါတယ်... ကိုးဝိညာဉ် တောင်တန်းက မဟာမိတ်အဖွဲ့ တည်ထောင်တဲ့ နေရာမှာ ဦးဆောင်ဖို့အတွက် အကြီးအကဲ ဟုန်ယွဲ့ကို အပြည့်အဝ ထောက်ခံပါတယ်"
လူတိုင်းသည် အင်မော်တယ်တစ်သောင်း နန်းတော်မှ အရှင်သခင် ဟယ်ယွမ် ရှိမနေသည့်အလား လျစ်လျူရှုကာ အချင်းချင်း စတင် ဆွေးနွေးလာကြလေသည်။
အရှင်သခင် ဟယ်ယွမ်သည် လူအုပ်ကြီးက တာ့ချန် အင်မော်တယ် မဟာမိတ်အဖွဲ့ တည်ထောင်ရေးကို လေးလေးနက်နက် ဆွေးနွေးနေကြသည်ကို မျက်ဝါးထင်ထင် ကြည့်နေရ၏။ သူ၏ နှလုံးသားထဲတွင် စိုးရိမ်ပူပန်မှုများနှင့်အတူ ရှင်းပြ၍မရနိုင်သော ထိတ်လန့်မှု တစ်ခုက ပြည့်နှက်နေခဲ့ပြီး သူ့ကို ဂနာမငြိမ် ဖြစ်စေကာ ဆူးထိုင်ခုံပေါ်တွင် ထိုင်နေရသကဲ့သို့ ခံစားနေရလေသည်။
'ဒါကတော့ အခြေအနေ မကောင်းတော့ဘူး...'
'တကယ်လို့ မြေကမ္ဘာအင်မော်တယ်စံအိမ်ကသာ ဒီတာ့ချန် အင်မော်တယ် မဟာမိတ်အဖွဲ့ကို အောင်အောင်မြင်မြင် တည်ထောင်သွားနိုင်ခဲ့မယ် ဆိုရင်.. ယာယီမျှသာ ဖြစ်နေဦးတော့.. တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာရဲ့ ထိပ်သီး အင်မော်တယ် ဂိုဏ်းကြီးဆိုတဲ့ ဂုဏ်ပုဒ်က လက်ပြောင်းလက်လွှဲ ဖြစ်သွားနိုင်တယ်...'
အင်အား အရဆိုလျှင်လည်း စံအိမ်တော်သခင်ကြီး ဟုန်ယွဲ့သည် ပကတိဟင်းလင်းပြင် အဆင့် တာအိုသခင်ကြီး တစ်ပါး ဖြစ်လာခဲ့ပြီ ဖြစ်ရာ မြေကမ္ဘာအင်မော်တယ်စံအိမ်၏ ခွန်အားသည် အကြီးအကျယ် တိုးတက်လာခဲ့ပြီး အင်မော်တယ်တစ်သောင်း နန်းတော်ထက် သိပ်ပြီး အားနည်းနေတော့မည် မဟုတ်ပေ။
အဆင့်အတန်းနှင့် ဂုဏ်သတင်း ကျော်ကြားမှု အရဆိုလျှင်လည်း မြေကမ္ဘာအင်မော်တယ်စံအိမ်သည် တာ့ချန် အင်မော်တယ် မဟာမိတ်အဖွဲ့ကို ဖွဲ့စည်းလိုက်သည်နှင့် တစ်ပြိုင်နက် ကျဆင်းနေသော အင်မော်တယ်တစ်သောင်း နန်းတော်ကို သေချာပေါက် ကျော်လွန်သွားမည်သာ ဖြစ်၏။
အလားအလာ အရ ကြည့်မည်ဆိုလျှင်လည်း အသက်တစ်ထောင်ပင် မပြည့်သေးသော စံအိမ်တော်သခင်ကြီး ဟုန်ယွဲ့သည် ပကတိဟင်းလင်းပြင် အဆင့်သို့ ချိုးဖြတ်ဝင်ရောက်ကာ တာအိုသခင်ကြီး တစ်ပါး ဖြစ်လာခဲ့ပေပြီ။ ဤမျှ ကြီးမားလှသော ပါရမီနှင့်ဆိုလျှင် မြေကမ္ဘာအင်မော်တယ်စံအိမ်သည် အနာဂတ်တွင် အစွမ်းထက်စွာ တိုးတက်လာမည် ဖြစ်ပြီး အင်မော်တယ်တစ်သောင်း နန်းတော်ကို ကျော်လွန်သွားမည်မှာ တွေးကြည့်ရုံနှင့်ပင် သိသာထင်ရှားလှပေသည်။
ထိုကဲ့သို့သော မြေကမ္ဘာအင်မော်တယ်စံအိမ်မျိုးကို သူတို့၏ အင်မော်တယ်တစ်သောင်း နန်းတော်က မည်သို့ ယှဉ်ပြိုင်နိုင်ပါမည်နည်း။
အရှင်သခင် ဟယ်ယွမ်သည် အင်မော်တယ်တစ်သောင်း နန်းတော်၏ စံအိမ်တော်သခင်ကြီးကို အရေးတကြီး လိုက်လံရှာဖွေခဲ့ပြီး မြေကမ္ဘာအင်မော်တယ်စံအိမ်က တာ့ချန် အင်မော်တယ် မဟာမိတ်အဖွဲ့ကို တည်ထောင်တော့မည့် သတင်းကို ပို့ဆောင်ပေးလိုက်ကာ စိုးရိမ်တကြီးဖြင့် ပြောဆိုလိုက်တော့၏။
"စံအိမ်တော်သခင်ကြီး... ကျွန်တော်တို့တွေ ဒီမဟာမိတ်အဖွဲ့ တည်ထောင်တဲ့ နေရာမှာ မြေကမ္ဘာအင်မော်တယ်စံအိမ်ကို လုံးဝ ဦးဆောင်ခွင့် ပြုလို့ မဖြစ်ဘူး... နို့မို့ဆိုရင် တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာ တစ်ခုလုံးက မကြာခင်မှာ မြေကမ္ဘာအင်မော်တယ်စံအိမ်ရဲ့ လက်အောက်ကို ရောက်သွားလိမ့်မယ်"
အင်မော်တယ်တစ်သောင်း နန်းတော်၏ စံအိမ်တော်သခင်ကြီး၏ အကြည့်က မြေကမ္ဘာအင်မော်တယ်စံအိမ် တည်ရှိရာ အရပ်ဆီသို့ အချိန်အတန်ကြာအောင် ကျရောက်နေခဲ့ပြီး မည်သည့်စကား တစ်ခွန်းမျှ မဆိုခဲ့သော်လည်း သူ၏ အရှိန်အဝါက ပိုမို၍ ပြင်းထန်လာကာ ကြီးမားလေးနက်လာခဲ့၏။
အချိန်အတန်ကြာ ပြီးနောက် အင်မော်တယ်တစ်သောင်း နန်းတော်၏ စံအိမ်တော်သခင်ကြီးသည် သက်ပြင်းတစ်ချက်ကို ရှိုက်ထုတ်လိုက်လေသည်။
"အခုမှ အဆင့်တက်ခါစ ရှိသေးတာကို ချက်ချင်း ရှေ့ထွက်ချင်နေပြီပေါ့လေ... အဲဒါက တကယ်ပဲ အဲဒီလောက် လွယ်ကူနေလို့လား"
မူလက သူသည် ဆုံးဖြတ်ချက် တစ်ခုကို တိတိကျကျ ချမှတ်ထားခြင်း မရှိသေးသော်လည်း ယခုအခါတွင်မူ အချိန်တန်ပြီ ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။
*
တစ်လ အကြာ။
တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာ တစ်ခုလုံး ဆူညံပွက်လောရိုက်သွားခဲ့ရ၏။ မြေကမ္ဘာအင်မော်တယ်စံအိမ်၏ မူလ စံအိမ်တော်သခင်ကြီး ဖြစ်သူ ဟုန်ယွဲ့ တာအိုသခင်ကြီးသည် အဆင့်တက်သွားခဲ့ပြီး စံအိမ်တော်သခင်ကြီး ရာထူးမှ ဆင်းပေးလိုက်လေသည်။ ထို့နောက် မူလ တာအိုသမီးတော် ဖြစ်သူ ဖန်ရှောင်သည် မြေကမ္ဘာအင်မော်တယ်စံအိမ်၏ ခေါင်းဆောင်အဖြစ် တရားဝင် လွှဲပြောင်း တာဝန်ယူလိုက်တော့သည်။
ထိုအဖြစ်အပျက် ပြီးနောက် နောက်ထပ် တစ်လအကြာတွင် မြေကမ္ဘာအင်မော်တယ်စံအိမ်သည် ဟုန်ယွဲ့ တာအိုသခင်ကြီး၏ အဆင့်တက်ခြင်းကို ဂုဏ်ပြုရန်အတွက် တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာ တစ်ခုလုံးရှိ အင်အားစုများ အားလုံးကို မြေကမ္ဘာအင်မော်တယ်စံအိမ်၌ ကျင်းပမည့် ကြီးကျယ်ခမ်းနားသော ပွဲတော်ကြီး တစ်ခုသို့ ပါဝင်ဆင်နွှဲရန် ဖိတ်ကြားလိုက်လေ၏။
ဤကိစ္စအပြင် အခြားသော အင်မော်တယ် ဂိုဏ်းများထံမှလည်း သတင်းများ ထွက်ပေါ်လာခဲ့သည်။
မြေကမ္ဘာအင်မော်တယ်စံအိမ်.. လီဟော့ နန်းတော်.. ကိုးဝိညာဉ် တောင်တန်း.. ယွီလုံနန်းတော်နှင့် အခြားသော အင်မော်တယ် ဂိုဏ်းများသည် တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာ၏ တည်ငြိမ်အေးချမ်းမှုကို သေချာစေရန်အတွက် တူညီသော တပ်ဦးတစ်ခုအဖြစ် ရပ်တည်ကာ တာ့ချန် အင်မော်တယ် မဟာမိတ်အဖွဲ့ကို ဖွဲ့စည်းရန် စီစဉ်နေကြကြောင်း သတင်းများ ပြန့်နှံ့သွားခဲ့၏။
ထိုသတင်းများ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ရေတွက်၍မရနိုင်သော အင်အားစုများနှင့် အစွမ်းထက်သော အမှီအခိုကင်း ကျင့်ကြံသူများ အားလုံးကို ချက်ချင်းပင် ထိတ်လန့် အံ့အားသင့်သွားစေခဲ့တော့သည်။
တာ့ချန် အင်မော်တယ် မဟာမိတ်အဖွဲ့။
ပထမတစ်ချက် ကြည့်လိုက်ရုံဖြင့် ဤစကားလုံးများက သိပ်ပြီး ရိုးရှင်းမနေကြောင်း သိသာလှပေသည်။
ဤအရာက အမှန်တကယ်ပဲ ပြင်ပအန္တရာယ်တွေကို ရင်ဆိုင်ဖို့ ဖွဲ့စည်းထားတဲ့ မဟာမိတ်အဖွဲ့ သက်သက်ပဲ ဟုတ်ပါရဲ့လား။
တာ့ချန် အင်မော်တယ် မဟာမိတ်အဖွဲ့ကို ဖွဲ့စည်းမည့် မြေကမ္ဘာအင်မော်တယ်စံအိမ်၏ ရည်ရွယ်ချက်နှင့် ပတ်သက်၍ အချို့က စိတ်လှုပ်ရှား ဝမ်းသာနေကြသော်လည်း အချို့ကမူ စိုးရိမ်ပူပန်နေခဲ့ကြ၏။
အခြားသူများ ဆိုလျှင် ဒေါသပင် ထွက်နေကြလေသည်။
ထိုသတင်းကို ကြားလိုက်ရချိန်တွင် ဝမ်လုံ အင်မော်တယ်မင်းဆက်မှ ဝမ်မိသားစု၏ ဝိညာဉ်ခွဲထွက် အဆင့် အကြီးအကဲ သုံးယောက်သည် သူတို့၏ နှလုံးသားများထဲအထိ စိမ့်ဝင်သွားသော အေးစက်မှုကြီးကို ခံစားလိုက်ရပြီး ကြည်လင်နေသော ကောင်းကင်ကြီးမှ မိုးကြိုးပစ်ချလိုက်သကဲ့သို့ သူတို့ကို နေရာမှာတင် ကြက်သေသေသွားစေခဲ့သည်။
သူတို့ သတိပြန်လည်လာချိန်တွင်တော့ သူတို့ သုံးယောက်စလုံး ဒေါသတကြီး ပေါက်ကွဲသွားကြတော့၏။
"တာ့ချန် အင်မော်တယ် မဟာမိတ်အဖွဲ့က စည်းလုံးညီညွတ်စွာ ရပ်တည်မယ် ဟုတ်လား... မြေကမ္ဘာအင်မော်တယ်စံအိမ်က ဘာကို ဆိုလိုချင်နေတာလဲ"
"သူတို့က ငါတို့ရဲ့ ဝမ်လုံ အင်မော်တယ်မင်းဆက်ကို ပစ်မှတ်ထားဖို့ မဟာမိတ် ဖွဲ့နေကြတာများလား"
"ငါတို့ရဲ့ ဝမ်လုံ အင်မော်တယ်မင်းဆက်ကရော တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာထဲက အင်အားစု တစ်ခု မဟုတ်ဘူးလား... ထို့အပြင် ငါတို့က ကိုးဝိညာဉ် တောင်တန်းကိုပဲ တိုက်ခိုက်ခဲ့တာ.. မြေကမ္ဘာအင်မော်တယ်စံအိမ်ကို ဘယ်တုန်းကမှ ပစ်မှတ်မထားခဲ့ဘူး... ဘာသဘောနဲ့ ဒီလို လုပ်ရတာလဲ"
ဒေါသအမျက် ချောင်းချောင်းထွက်နေကြ၏။
ခွေးတစ်ကောင်၏ အမြီးကို တက်နင်းမိလိုက်သကဲ့သို့ ဝမ်လုံ အင်မော်တယ်မင်းဆက်မှ ဝိညာဉ်ခွဲထွက် အဆင့် အကြီးအကဲ သုံးယောက်စလုံးသည် အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားကြပြီး အရှက်ရမှုနှင့် ဒေါသတရားတို့ ရောပြွမ်းနေသော ခံစားချက်ကို ခံစားနေကြရလေသည်။
ဘာဆက်လုပ်ကြမည်နည်း။
တကယ်လို့သာ မြေကမ္ဘာအင်မော်တယ်စံအိမ်က အခြားသော အင်မော်တယ် ဂိုဏ်းများနှင့် ပူးပေါင်းပြီး အင်မော်တယ် မဟာမိတ်အဖွဲ့ကို အမှန်တကယ် ဖွဲ့စည်းလိုက်မည် ဆိုပါက.. သူတို့၏ ဝမ်လုံ အင်မော်တယ်မင်းဆက်သည် ပျက်စီးခြင်းဆီသို့ ဦးတည်သွားနိုင်ခြေ အလွန်တရာ များပြားလှပေသည်။
ပုတူ ဗုဒ္ဓဂိုဏ်း၏ ခွန်အားသည် မြေကမ္ဘာအင်မော်တယ်စံအိမ် ကဲ့သို့သော တစ်ခုတည်းသော အင်မော်တယ် ဂိုဏ်းများထက် အဆမတန် သာလွန်ပြီး အလွန်တရာ အစွမ်းထက်လှသည်မှာ မှန်ပေ၏။
သို့သော် ဤနေရာက တာ့ချန် ဖြစ်သည်။ ဗုဒ္ဓဂိုဏ်း၏ နယ်မြေ မဟုတ်ချေ။
ပုတူ ဗုဒ္ဓဂိုဏ်းပင်လျှင် တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာ အတွင်းရှိ ဤမျှ များပြားလှသော အင်မော်တယ် ဂိုဏ်းများနှင့် ရန်သူဖွဲ့ရန် မဝံ့ရဲလောက်ပေ။
မကြာမီအချိန် အတွင်းမှာပင်
ဗုဒ္ဓအရှင်သခင်၏ အသံသည် သူတို့၏ စိတ်ထဲတွင် ပဲ့တင်ထပ်သွားခဲ့ပြီး ဤကိစ္စကို ဆွေးနွေးရန်အတွက် တားမြစ်နယ်မြေဆီသို့ လာရောက်ရန် သူတို့ကို ဆင့်ခေါ်လိုက်လေသည်။
*
မြေကမ္ဘာအင်မော်တယ်စံအိမ် အတွင်း၌၊ ဟွမ်ကျူးသည် မကြာသေးမီက အင်မော်တယ် ဂိုဏ်းအတွင်း ဖြစ်ပေါ်ခဲ့သော အပြောင်းအလဲများကို စုယွီအား ရှင်းပြနေခဲ့၏။
"စံအိမ်တော်သခင်ကြီးက အရိုင်း နယ်မြေကနေ အင်မော်တယ် စစ်တပ် အားလုံးကို အင်မော်တယ် ဂိုဏ်းဆီ ပြန်လာပြီး အသင့်အနေအထားနဲ့ စောင့်ဆိုင်းဖို့ အမိန့်ပေးထားပြီးပြီ.. ပြီးတော့ ရွှေအမြုတေအဆင့်နဲ့ အထက်က တပည့်တွေ အားလုံးကလည်း အချိန်ပြည့် စစ်ရေး အသင့်အနေအထားမှာ ရှိနေကြတယ်.."
"ကြယ်ခူး မျှော်စင်နဲ့ လညွှန် နန်းတော် ဆိုတဲ့ အားကောင်းတဲ့ အင်အားစု နှစ်ခုက ဝင်္ကပါ သခင်တွေကလည်း အင်မော်တယ် ဂိုဏ်းဆီကို ရောက်ရှိနေကြပြီ ဖြစ်ပြီး လက်ရှိမှာတော့ မြေကမ္ဘာ အင်မော်တယ်မြို့တော် ထဲမှာ စောင့်ဆိုင်းနေကြတယ်.."
"တာအို အမိန့်ကြေညာစာကိုလည်း ချမှတ်လိုက်ပြီ.. အင်မော်တယ် ဂိုဏ်းတစ်ခုလုံးက တိုက်ပွဲဝင်ဖို့ ပြင်ဆင်နေကြတယ်.."
"ဟူး.."
ဟွမ်ကျူး၏ အသေးစိတ် ရှင်းပြချက်များကို စုယွီ နားထောင်နေရင်းဖြင့် အပြောင်းအလဲများစွာ ရှိနေခဲ့ကြောင်း သိလိုက်ရပြီး ဟွမ်ကျူး ပြောဆိုပြီးစီးသွားရန်အတွက် တစ်နာရီကျော်မျှပင် အချိန်ယူလိုက်ရလေသည်။
သူက သက်ပြင်းရှည်ကြီး တစ်ခုကို ရှိုက်သွင်းလိုက်၏။
သူ၏ အစ်ကိုကြီး ဟုန်ယွဲ့သည် တံခါးပိတ်ကျင့်ကြံခြင်းမှ ထွက်ပေါ်လာခဲ့ပြီး သူ၏ ကျင့်ကြံခြင်းကပင် အဆင့်ချိုးဖြတ်မှု တစ်ခုကို ရရှိခဲ့သည်။ မူလက သူသည် အချိန်အတန်ကြာ သက်တောင့်သက်သာ အနားယူကာ သူ၏ ကျင့်ကြံခြင်းအပေါ်တွင်သာ အာရုံစိုက်ထားနိုင်မည်ဟု တွေးတောလျက် စိတ်သက်သာရာ ရနေခဲ့မိ၏။
ဟုန်ယွဲ့ တာအိုသခင်ကြီးသည် တံခါးပိတ်ကျင့်ကြံခြင်းမှ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ဤမျှ ကြီးမားလှသော လှုပ်ရှားမှုကြီး တစ်ခုကို ဖန်တီးလိမ့်မည်ဟု မည်သူကများ ထင်မှတ်ထားခဲ့မည်နည်း။
သို့သော် စုယွီက ပို၍ နက်ရှိုင်းစွာ တွေးတောကြည့်လိုက်သောအခါ တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာ သို့မဟုတ် မြေကမ္ဘာအင်မော်တယ်စံအိမ်၏ လက်ရှိ အခြေအနေအရ မြေကမ္ဘာအင်မော်တယ်စံအိမ်ကို ဆက်လက်၍ ပုန်းလျှိုးကွယ်လျှိုး နေခွင့် ပြုတော့မည် မဟုတ်ကြောင်း သဘောပေါက်သွားခဲ့သည်။
ပုတူ ဗုဒ္ဓဂိုဏ်းက ကြီးမားသော ခြိမ်းခြောက်မှုကြီး တစ်ခု ဖြစ်နေသလို အင်မော်တယ်တစ်သောင်း နန်းတော်ကလည်း ခြိမ်းခြောက်မှု တစ်ခုပင် ဖြစ်နေ၏။
ထို့အပြင် တာ့ယန် အင်မော်တယ်မင်းဆက် သို့မဟုတ် မီးဖီးနစ် ကောင်းကင်နန်းတော် တို့ပင်လျှင် အခွင့်အရေးကို ချောင်းမြောင်း စောင့်ဆိုင်းနေနိုင်ပေသည်။
တကယ်လို့သာ ကိုးဝိညာဉ် တောင်တန်း ပျက်စီးသွားပြီး ပုတူ ဗုဒ္ဓဂိုဏ်းက တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာထဲတွင် အခိုင်အမာ ခြေကုပ်ယူသွားနိုင်ခဲ့မည် ဆိုပါက... တစ်ချိန်တည်းမှာပင် အင်မော်တယ်တစ်သောင်း နန်းတော်ကလည်း သူတို့၏ အင်အားကို ပြန်လည် ထူထောင်ကာ တာ့ယန် အင်မော်တယ်မင်းဆက်နှင့် ပူးပေါင်းသွားခဲ့မည် ဆိုပါလျှင်...
ထိုအချိန်ရောက်လာပါက မြေကမ္ဘာအင်မော်တယ်စံအိမ် ရင်ဆိုင်ရမည့် အကျပ်အတည်းကြီးသည် စိတ်ကူးကြည့်၍ပင် မရနိုင်အောင် ဆိုးရွားလာမည်မှာ သေချာလှပေသည်။
ဟုန်ယွဲ့ တာအိုသခင်ကြီး ကဲ့သို့ပင် သူက တာ့ချန် အင်မော်တယ် မဟာမိတ်အဖွဲ့ကို ဖွဲ့စည်းရန်နှင့် အကျပ်အတည်းကို ချိုးဖြတ်ရန်အတွက် အင်မော်တယ် ဂိုဏ်းကြီး ရှစ်ခုကို ရဲဝံ့စွာ ဖိတ်ကြားခဲ့၏။ တာ့ချန် အင်မော်တယ် မဟာမိတ်အဖွဲ့သာ အသက်ဝင်လာခဲ့မည် ဆိုပါက ပုတူ ဗုဒ္ဓဂိုဏ်း.. တာ့ယန် အင်မော်တယ်မင်းဆက်နှင့် မီးဖီးနစ် ကောင်းကင်နန်းတော်တို့ အားလုံးသည် တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာထဲမှ ထွက်ခွာသွားကြရမည်သာ ဖြစ်သည်။
သူတို့က တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာထဲကို ခြေချရဲပါဦးမည်လော။
သို့သော်ငြားလည်း တာ့ချန် အင်မော်တယ် မဟာမိတ်အဖွဲ့ တည်ထောင်ခြင်းကို ဦးဆောင်မှု ပေးရခြင်းက အနည်းငယ်တော့ ပို၍ ထင်ပေါ်လွန်းနေခဲ့သည်။
အင်အားစု အားလုံးက ယခုအခါ မြေကမ္ဘာအင်မော်တယ်စံအိမ် အပေါ်သို့ အာရုံစိုက်နေကြပြီ ဖြစ်၏။ ဟုန်ယွဲ့ တာအိုသခင်ကြီးနှင့် အခြားသူများ ရင်ဆိုင်နေရသော ဖိအားများကို စုယွီ သေချာ မသိနိုင်သော်လည်း သူ၏ ဖိအားကလည်း အတော်လေး ကြီးမားနေကြောင်းကိုတော့ သူ သိရှိနေခဲ့သည်။
တကယ်လို့သာ မြေကမ္ဘာအင်မော်တယ်စံအိမ်က ခြေတစ်လှမ်း မှားယွင်းသွားခဲ့မည် ဆိုပါက ၎င်းသည် ချောက်ကမ်းပါးထဲသို့ ထိုးကျသွားနိုင်ပါ၏။