← Chapters

အခန်း ၇၈၆

Vol. 53 Ch. 786

အခန်း ၇၈၆

Vol. 53 Ch. 786

အခန်း (၇၈၆) - အင်မော်တယ်ဂိုဏ်းများ စုဝေးခြင်း.. အင်အားစုများ စုရုံးလာခြင်း အပိုင်း (၂)

စုယွီသည် အမွှေးတိုင်စွမ်းအားဖြင့် သူ၏ ဝိညာဉ်ကို ခိုင်မာသန်စွမ်းလာသည်အထိ အလျင်အမြန် ပြုစုပျိုးထောင်လိုက်၏။ ထို့နောက် ကျန်ရှိနေသော အမွှေးတိုင်စွမ်းအား အနည်းငယ်ကို အနက်ရောင်ဒေါသ စစ်သည်တော်တစ်ဆယ့်ရှစ်ထံ စုပ်ယူနိုင်ရန် ကမ်းပေးလိုက်သည်။

"အနက်ရောင်ဒေါသ စစ်သည်တော် တစ် ပါ.. သခင်လေး အမိန့်ရှိပါခင်ဗျာ..."

ငွေရောင်လေးရှည်ကို ကိုင်ဆောင်ထားသော အနက်ရောင်ဒေါသ စစ်သည်တော်တစ်သည် စုယွီ၏ရှေ့တွင် ဒူးတစ်ဖက်ထောက်ကာ အလေးအနက် အရိုအသေပေးလိုက်၏။

"ထပါ..."

စုယွီက လက်ဝှေ့ယမ်းလိုက်ရာ ချီစွမ်းအင်လှိုင်းတစ်ခုက သူ့ကို ထူမပေးလိုက်သည်။

အနက်ရောင်ဒေါသ စစ်သည်တော်တစ် မတ်တတ်ရပ်ပြီးနောက် ပထမနှင့် ဒုတိယရွှေချပ်ဝတ်ခေါင်းဆောင်များကို ရိုသေစွာဖြင့် အရိုအသေပေးလိုက်၏။

"ခေါင်းဆောင်ကြီး.. ဒုတိယခေါင်းဆောင်.. ဂါရဝပြုပါတယ်..."

စုယွီက မျှော်လင့်ချက်အနည်းငယ်ဖြင့် ခေါင်းဆောင်နှစ်ဦးကို ကြည့်လိုက်သည်။

"စီနီယာတို့... ကျွန်တော် အပြင်က အင်အားစုတွေနဲ့ ပတ်သက်ပြီး ပြဿနာ နည်းနည်း ကြုံနေရလို့ပါ.. ဖြစ်နိုင်ရင် ဒီနှစ်ယောက်ကို ခေါ်သွားခွင့် ရမလားလို့..."

"မရဘူး..."

ပထမရွှေချပ်ဝတ်ခေါင်းဆောင်က ချက်ချင်း ဖြတ်ပြောလိုက်၏။

"မင်း သူတို့ထဲက ငါးဆယ့်ငါးယောက်ကို ခေါ်သွားရတာက ကံအကြောင်းဖန်လာလို့ပဲ..."

"ဒါပေမဲ့ အင်မော်တယ် မြို့တော်က အနက်ရောင်ဒေါသ စစ်သည်တော်တွေ အကုန်လုံးကိုသာ မင်း ခေါ်သွားမယ်ဆိုရင် ကောင်းကျိုးမပေးဘဲ ဘေးဒုက္ခတွေပဲ ယူဆောင်လာလိမ့်မယ်..."

စုယွီက စိတ်ပျက်လက်ပျက်ဖြင့် သူ၏အတွေးများကို ဖြတ်တောက်လိုက်စဉ် ပထမရွှေချပ်ဝတ်ခေါင်းဆောင်က ထပ်ပြောလိုက်၏။

"ဒါပေမဲ့ မင်း အနက်ရောင်ဒေါသ စစ်သည်တော်တွေကို ခေါ်သွားလို့ မရပေမဲ့ လအဆင့်တပည့် ဖြစ်လာတဲ့အတွက် ငါ မင်းကို လက်ဆောင် မပေးရသေးတာတော့ အမှန်ပဲ..."

"ရော့... ငါ့ရဲ့ သားရဲ ကို ရက်အနည်းငယ်လောက် ငှားပေးလိုက်မယ်..."

စုယွီတစ်ယောက် ကြောင်အသွား၏။

ယွဲ့ အင်မော်တယ် မြို့တော်တွင် သူမှလွဲ၍ ပထမနှင့် ဒုတိယရွှေချပ်ဝတ်ခေါင်းဆောင်များ.. ယခု အနက်ရောင်ဒေါသ စစ်သည်တော်တစ်နှင့် တစ်ဆယ့်ရှစ်တို့သာ ရှိသည်။

စီးတော်သားရဲက ဘယ်ကရောက်လာတာလဲ... ပြီးတော့ ရှေးဟောင်းခေတ်က စီးတော်သားရဲက အခုအချိန်အထိ အသက်ရှင်နေနိုင်ဦးမှာလား...

စုယွီ၏ စိတ်ထဲတွင် ထိုအတွေးများ ဖြတ်ပြေးသွားစဉ် ပထမရွှေချပ်ဝတ်ခေါင်းဆောင်က လက်ကို ဝှေ့ယမ်းလိုက်ရာ သူ၏လက်ထဲတွင် ရုပ်တုငယ်တစ်ခု ထွက်ပေါ်လာ၏။

ယင်းမှာ နားလည်ရခက်သော သင်္ကေတများ ဖုံးလွှမ်းနေသည့် ဆင်သားရဲတစ်ကောင်နှင့် တူသော ရုပ်တုတစ်ခု ဖြစ်သည်။

မည်သည့် အရှိန်အဝါကိုမျှ အာရုံမခံမိသော်လည်း စုယွီသည် မှော်လက်နက်ဖန်တီးခြင်းနှင့် ရုပ်သေးရုပ်များ ပြုလုပ်ခြင်းအကြောင်း အနည်းငယ် နားလည်ထားသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် ဤရုပ်တုသည် သာမန်မဟုတ်ကြောင်း သူ သိလိုက်၏။

ယင်းရုပ်တုပေါ်တွင် ဖုံးလွှမ်းနေသော လျှို့ဝှက်ဆန်းကြယ်သည့် မှော်သင်္ကေတများသည် သူ၏ နားလည်နိုင်စွမ်းထက်ပင် ကျော်လွန်နေလေသည်။

ပထမရွှေချပ်ဝတ်ခေါင်းဆောင်က ရုပ်တုကို သူ့ထံ ကမ်းပေးလိုက်၏။

"ဒါက ရွှေချိုဆုတောင်းဆင်သားရဲပဲ... သူ့ရဲ့ စွမ်းအားတွေကို အဆင့်ငါး ဝိညာဉ်ကြောပေါ်မှာ အခြေခံထားမယ်ဆိုရင် အချိန်ခဏလောက်တော့ ခံနိုင်ရည်ရှိလိမ့်မယ်..."

"အဆင့်ခြောက် ဝိညာဉ်ကြောဆိုရင်တော့ တော်တော်လေး ကောင်းမွန်ပြီး တစ်နာရီ နှစ်နာရီလောက်အထိ ခံနိုင်လိမ့်မယ်..."

စုယွီက တောက်ပနေသော မျက်လုံးများဖြင့် ရုပ်တုကို စိုက်ကြည့်လိုက်၏။

"စီနီယာ... ဒါက ဘယ်အဆင့် ရတနာလဲဗျ..."

ပထမရွှေချပ်ဝတ်ခေါင်းဆောင်သည် စီးတော်သားရဲကို ပြန်လုယူချင်စိတ်များ ရုတ်တရက် ပေါ်လာ၏။ စုယွီ၏ မျက်နှာအမူအရာကြောင့် စိတ်မသက်မသာ ဖြစ်သွားကာ ခပ်တိုးတိုး ရေရွတ်လိုက်သည်။

"အဆင့်ခြောက်... ဒါကို နတ်ဘုရားရုပ်တု.. မှော်လက်နက် ဒါမှမဟုတ် ရုပ်သေးရုပ်လို့ ခေါ်လို့ရတယ်..."

"သူ့ရဲ့ စွမ်းအားတွေက တော်တော်ကောင်းပြီး ငါ့နောက်ကို နှစ်ပေါင်းများစွာ လိုက်ပါလာခဲ့တာ..."

စုယွီသည် တံတွေးတစ်ချက်ကို မျိုချလိုက်၏။

"စီနီယာ... ဒါကို လဲလှယ်ဖို့ဆိုရင် စွမ်းဆောင်ရည်ရမှတ် ဘယ်လောက် လိုမလဲ..."

ပထမရွှေချပ်ဝတ်ခေါင်းဆောင်က ဒေါသတကြီး အော်လိုက်၏။

"လဲလှယ်စရာလားကွ... ငါ့ရဲ့ စီးတော်သားရဲကို လာပြီး အကြံအစည် မထုတ်နဲ့..."

"ငါက မင်းကို ရက်အနည်းငယ်လောက် ငှားပေးရုံပဲ... ငါ့ဆီ ပြန်ပေးဖို့ မမေ့နဲ့ ကြားလား..."

"စီနီယာ စိတ်မပူပါနဲ့ဗျာ... ကျွန်တော်က စပ်စုချင်လို့ မေးကြည့်ရုံပါ.. မေးကြည့်တာ ဘာအပြစ်ရှိလို့လဲ... ပြီးတော့ ကျွန်တော် ပြန်မပေးဘူးလို့လည်း မပြောပါဘူး..."

စုယွီက သူ့ကို အမြန်ချော့မော့လိုက်၏။

‘ငါက ငှားပြီးရင် ပြန်မပေးမယ့်သူနဲ့ တူနေလို့လား... ငါတို့ သိလာခဲ့တာ ဒီလောက်ကြာနေပြီကို စုယွီဆိုတဲ့ ငါ့အကြောင်းကို မသိသေးဘူးလား... တကယ်ကို ရင်နာစရာပဲ…’

သို့သော် ဤရွှေချိုဆုတောင်းဆင်သားရဲက တကယ်ကို ဆွဲဆောင်မှု ရှိလွန်းလှ၏။ သူ၏ ကိုယ်ကျင့်တရား.. မဟုတ်သေး.. သူ၏ ဂုဏ်သိက္ခာကိုပင် စွန့်လွှတ်ချင်လာအောင် သွေးဆောင်နေလေသည်။

မြေကမ္ဘာအင်မော်တယ်စံအိမ်တွင် စံအိမ်တော် သခင်ကြီး ဟုန်ယွဲ့၏ ပကတိ ဟင်းလင်းပြင် တာအိုသခင်ကြီးအဆင့် ချိုးဖြတ်အောင်မြင်ခြင်း အထိမ်းအမှတ် ပွဲတော်ကြီး စတင်တော့မည် ဖြစ်သည်။

ပထမရွှေချပ်ဝတ်ခေါင်းဆောင်ထံမှ အကျိုးအမြတ်ရရှိခဲ့သော စုယွီသည် ယွဲ့ အင်မော်တယ် မြို့တော် အပျက်အစီး နယ်‌မြေထဲမှ အလျင်အမြန် ထွက်ခွာသွားတော့သည်။

စုယွီ ထွက်ခွာသွားပြီးနောက် ဒုတိယရွှေချပ်ဝတ်ခေါင်းဆောင် ထွက်ပေါ်လာ၏။ သူ၏ မျက်လုံးများက အဆုံးမရှိသော ဟင်းလင်းပြင်ကို ဖောက်ထွင်း၍ စုယွီ ထွက်ခွာသွားသော ပုံရိပ်ကို လှမ်းကြည့်နေသကဲ့သို့ ရှိသည်။

သူက ခပ်တိုးတိုး ရေရွတ်လိုက်၏။

"မင်း တကယ်ကို သဘောထားကြီးတာပဲ... ဒီကောင်လေးက မင်းရဲ့ ရတနာကို ယူပြီး ထွက်ပြေးသွားမှာ မကြောက်ဘူးလား..."

ပထမရွှေချပ်ဝတ်ခေါင်းဆောင်က ဖွဖွလေး သက်ပြင်းချလိုက်သည်။

"ဒီကောင်လေးက ဟင်းလင်းပြင်တာအို နဲ့ အချိန်တာအိုရဲ့ ထူးခြားတဲ့ စွမ်းအားတွေကို နားလည် သဘောပေါက်ထားတယ်... သူ.. အခက်အခဲ ကြုံနေရတယ်လို့ ဖွင့်ပြောလာမှတော့ ငါက ဘယ်လိုလုပ် မကူညီဘဲ နေနိုင်မှာလဲ..."

"ဒီကောင်လေးရဲ့ ပါရမီက ထူးကဲလွန်းတယ်.. အရင်က ငါတို့ တွေ့ဖူးခဲ့တဲ့ ရှေးဟောင်းခေတ်က ဘယ်လို ပါရမီရှင် ဉာဏ်ကြီးရှင်တွေကိုမဆို အဝေးကြီး ကျော်လွန်နေတာ... ဒါ့အပြင် သူ့ရဲ့ စရိုက်ကလည်း တော်တော်လေး ကောင်းမွန်တော့ သူ့ကို ငါ သဘောကျမိတယ်..."

"သူ့ကို ရွှေချိုဆုတောင်းဆင်ကို ပေးလိုက်ခြင်းအားဖြင့် သူ.. ပြဿနာတွေကို ဖြေရှင်းနိုင်ပြီး ဒီကို ပြန်လာကာ ဆက်လက် ကျင့်ကြံနိုင်လိမ့်မယ်... အနက်ရောင်ဒေါသ စစ်သည်တော် တစ် နဲ့ အနက်ရောင်ဒေါသ စစ်သည်တော် တစ်ဆယ့်ရှစ်တို့မှာ ခွန်အားတွေ ရှိပေမဲ့ ဒီကောင်လေးထက် သိပ်ပြီး အစွမ်းမထက်လှဘူးလေ..."

"သူက အဲဒီနှစ်ယောက်လုံးကို ခေါ်ထုတ်သွားစရာ မလိုပါဘူး..."

"သေချာ စဉ်းစားကြည့်လိုက်ရင် ရွှေချိုဆုတောင်းဆင်ကလွဲပြီး တခြား သင့်တော်တဲ့ ရွေးချယ်စရာ မရှိတော့ဘူး..."

"သူ ပိုပြီး အစွမ်းထက်လာတဲ့အခါ အနက်ရောင်ဒေါသ စစ်သည်တော်တွေ.. ငွေရောင်အစောင့်တွေနဲ့ ငါတို့ရဲ့ စွမ်းအားတွေတောင်မှ အထွတ်အထိပ်ကို ပြန်လည်ရောက်ရှိလာနိုင်တယ်..."

"အဲဒီအချိန်ကျရင် ငါတို့ သခင်ကြီး ဘယ်ကို ထွက်သွားသလဲဆိုတာ သိရအောင် ဒီလူသူကင်းမဲ့တဲ့ နေရာကို ဆက်ပြီး စူးစမ်းရှာဖွေနိုင်လိမ့်မယ်..."

ဒုတိယရွှေချပ်ဝတ်ခေါင်းဆောင်က နောက်ပြောင်လိုက်ခြင်းသာ ဖြစ်သည်။ မည်သို့ပင်ဆိုစေ ရွှေချိုဆုတောင်းဆင်က ပထမရွှေချပ်ဝတ်ခေါင်းဆောင်၏ အဖိုးတန်ပစ္စည်းတစ်ခု၊ သူတို့ သခင်ကြီးထံမှ ရရှိခဲ့သော လက်ဆောင်ဖြစ်သည်။ ယင်းက အလွန် တန်ဖိုးကြီးမားပါသည်။

အခြားတစ်နေရာတွင်တော့ စုယွီသည် ဟင်းလင်းပြင်တာအိုစွမ်းအားကို အသုံးပြု၍ လူသူကင်းမဲ့သော အရိုင်းနယ်မြေကို ဖြတ်သန်းကာ အဆက်မပြတ် ပျံသန်းနေလေ၏။

နောက်ဆုံးတွင် ပွဲတော်မစတင်မီ ပထမအင်မော်တယ်မြို့တော်၏ နေရာ ရွှေ့ပြောင်း ဝင်္ကပါကြီးကို အသုံးပြုကာ မြေကမ္ဘာအင်မော်တယ်စံအိမ်သို့ သူ ပြန်လည်ရောက်ရှိလာခဲ့သည်။

မြေကမ္ဘာ အင်မော်တယ် မြို့တော်။

နေရာ ရွှေ့ပြောင်း စင်မြင့်ကြီးသည် တစ်ခါတစ်ရံတွင် မျက်စိကန်းလောက်သော အလင်းတန်းများကို ထုတ်လွှင့်နေ၏။ ဟင်းလင်းပြင် လှိုင်းဂယက်များ ထွက်ပေါ်လာသည်နှင့်အမျှ တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာ၏ နေရာအနှံ့အပြားမှ ပုံရိပ်များသည် ဤနေရာသို့ ရုပ်ရွှေ့ပြောင်းကာ ရောက်ရှိလာကြသည်။

အဝါရောင် ပိုးသားဝတ်ရုံကို ဝတ်ဆင်ထားသည့် ဆံပင်ဖြူဖြူနှင့် အဘိုးအို တစ်ဦးသည် ချောမောလှပသော လူငယ် မိန်းကလေး အနည်းငယ်နှင့်အတူ ရောက်ရှိလာ၏။။

အဘိုးအို၏ မျက်နှာက အနည်းငယ် မှိုင်းညှို့နေ၏။ သူ ရောက်ရှိလာသည်နှင့် ပတ်ဝန်းကျင်ကို သတိကြီးစွာဖြင့် အကဲခတ်ကြည့်လိုက်သည်။ သူ့အား ရန်ပြုမည့်သူ တစ်ဦးတစ်ယောက်မျှ မရှိသည်ကို မြင်တွေ့ရပြီးမှသာ သူက သက်ပြင်းတစ်ချက်ကို ချနိုင်တော့သည်။

သူ၏နောက်မှ လူငယ်တစ်ဦးသည် ခေါင်းကို အနည်းငယ် မော့ကာ တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာတစ်ခွင်တွင် ကျော်ကြားလှသည့် မြေကမ္ဘာအင်မော်တယ်မြို့တော်ကို စူးစမ်းလေ့လာနေလေ၏။

All Chapters