← Chapters

အခန်း ၇၈၇

Vol. 53 Ch. 787

အခန်း ၇၈၇

Vol. 53 Ch. 787

အခန်း (၇၈၇) - အင်မော်တယ်ဂိုဏ်းများ စုဝေးခြင်း အင်အားစုများ စုရုံးလာခြင်း အပိုင်း (၃)

လူငယ်က နှာခေါင်းရှုံ့ကာ လှောင်ပြောင်လိုက်၏။

"ဒါက မြေကမ္ဘာအင်မော်တယ်စံအိမ်ရဲ့ ပထမဆုံး အင်မော်တယ်မြို့တော် ဆိုပေမဲ့ သိပ်ပြီး ထူးခြားတဲ့ပုံ မပေါ်ပါဘူး... ငါတို့ရဲ့ အင်ပါယာမြို့တော်နဲ့ ယှဉ်လိုက်ရင် တော်တော်လေးကို မှေးမှိန်နေတာပဲ"

အကြီးအကဲဖြစ်သူက ခေါင်းလှည့်လာပြီး တိုးညှင်းစွာ ကြိမ်းမောင်းလိုက်သည်။

"ပါးစပ်ပိတ်ထားစမ်း"

"မင်း အခုလုပ်ရပ်ကြောင့် မြေကမ္ဘာအင်မော်တယ်စံအိမ်က လူတွေ ဒေါသထွက်သွားရင် ငါ ရက်စက်တယ်လို့ မအောက်မေ့နဲ့"

လူငယ်၏ မျက်နှာမှာ မျက်စိတစ်မှိတ်အတွင်း ဖြူရော်သွားပြီး ခေါင်းတစ်ခုလုံး ထူပူသွားကာ စကားများပင် ထစ်အသွားတော့၏။

"ကျွန်... ကျွန်တော်က ဒီအတိုင်း လျှောက်ပြောမိတာပါ... အဘိုး ဒေါသမထွက်ပါနဲ့"

သူ၏နောက်တွင် ရပ်နေကြသော အခြားသူများလည်း ချက်ချင်းပင် ပါးစပ်များကို ပိတ်ထားလိုက်ကြပြီး နောက်ထပ် စကားတစ်ခွန်းမျှ မဟရဲကြတော့ချေ။

အကြီးအကဲ၏ ဦးဆောင်မှုအောက်တွင် သူတို့က မြို့တော်အတွင်း ခေတ္တတည်းခိုရန် နေရာတစ်ခုကို ရှာဖွေလိုက်ကြပြီး မြေကမ္ဘာအင်မော်တယ်စံအိမ်၏ ကြီးကျယ်ခမ်းနားသော ပွဲတော်ကြီးကို စောင့်ဆိုင်းနေကြသည်။

...

ဆည်းဆာအချိန်သို့ ရောက်ရှိလာ၏။

တာအိုဆရာ အရိပ်နီ အဖြစ် ရုပ်ဖျက်ထားသော စုယွီသည် အရိုင်းနယ်မြေမှ ပြန်လည်ရောက်ရှိလာသည်။

သူ မြေကမ္ဘာတောင်တန်း အင်မော်တယ်မြို့တော်သို့ ပြန်ရောက်ရောက်ချင်းမှာပင် အဝေးရှိ နေရာရွှေ့ပြောင်းစင်မြင့်ထံမှ ဟင်းလင်းပြင် လှိုင်းဂယက်များ ထွက်ပေါ်လာပြီး နောက်တစ်စက္ကန့်တွင် လူနှစ်ဆယ်ခန့် ပါဝင်သော အုပ်စုတစ်စု ထွက်ပေါ်လာတော့၏။

စုယွီက သူတို့ကို တစ်ချက် အကဲခတ်ကြည့်လိုက်ရာ ရင်ထဲတွင် ထိတ်ခနဲ ဖြစ်သွားရသည်။

အကြောင်းမူကား ရင်းနှီးကျွမ်းဝင်နေသော သူတစ်ယောက်ကို မြင်တွေ့လိုက်ရသောကြောင့်ပင်။

အင်မော်တယ်တစ်သောင်း နန်းတော်မှ ရေခဲငှက်မွှေး ဝိညာဉ်ခန္ဓာ ပိုင်ရှင် တာအိုသားတော် ကူရှောက်ခွန်း ဖြစ်နေ၏။

ကူရှောက်ခွန်း၏ ဘေးတွင်မူ ဆွဲဆောင်မှုအပြည့်ရှိသော ခန္ဓာအချိုးအစား ပိုင်ဆိုင်ထားသည့် ဆံပင်နီများနှင့် မိန်းမလှလေးတစ်ဦး ရှိနေသည်။ သူမ၏ သွင်ပြင်က ဖြူစင်သော ကြာပန်းတစ်ပွင့်လို ကျက်သရေရှိလှပြီး အေးစက်ကာ မွန်မြတ်သော အရှိန်အဝါများ ယိုဖိတ်နေ၏။

သူမ၏ စိတ်နေသဘောထားနှင့် အရှိန်အဝါက အင်မော်တယ်လောကမှ သာမန်ကျင့်ကြံသူများနှင့် အနည်းငယ် ကွဲပြားခြားနားနေသည်။

သူတို့မှလွဲ၍ ထိုအုပ်စုကို ဦးဆောင်လာသော အခြား ပုံရိပ်အချို့လည်း ရှိနေသေး၏။ ထိုအထဲမှ လူသုံးယောက်က စုယွီကို အံ့အားသင့်သွားစေခဲ့သည်။

ဝိညာဉ်ခွဲထွက်အဆင့် အရှင်သခင်ကြီး သုံးပါးပါလား...

ထို့အပြင် နှစ်ယောက်က နှောင်းပိုင်းအဆင့် ဝိညာဉ်ခွဲထွက်အဆင့် အရှင်သခင်ကြီးများ ဖြစ်နေကြသေးသည်။

သူတို့က မြေကမ္ဘာတောင်တန်း အင်မော်တယ်မြို့တော်သို့ ရောက်ရှိလာပြီးနောက် ပတ်ဝန်းကျင်ကို တစ်ချက်သာ အကဲခတ်ကြည့်လိုက်ကြပြီး တိတ်ဆိတ်စွာ ထွက်ခွာသွားကြရာ အချိန်တိုအတွင်းမှာပင် စုယွီ၏ မြင်ကွင်းမှ ပျောက်ကွယ်သွားကြတော့၏။

တစ်ခဏမျှ စောင့်ကြည့်နေပြီးနောက် စုယွီက အကြည့်လွှဲလိုက်ကာ တီးတိုးရေရွတ်လိုက်သည်။

"ဒီလူတွေက အင်မော်တယ်တစ်သောင်း နန်းတော်နဲ့ တာ့ယန် အင်မော်တယ် မင်းဆက်က လူတွေများလား..."

နှောင်းပိုင်းအဆင့် ဝိညာဉ်ခွဲထွက်အဆင့် အရှင်သခင်ကြီး တစ်ပါးထံမှ သာမန်ကျင့်ကြံသူများနှင့် လုံးဝမတူညီသော မင်းမျိုးမင်းနွယ် အရှိန်အဝါနှင့် ရနံ့တစ်ခုကို သူ အာရုံခံမိလိုက်၏။ ယင်းက ခွဲခြားသိမြင်ရန် အလွန်လွယ်ကူလှသည်။

အင်မော်တယ်တစ်သောင်း နန်းတော်အပြင် အခြားသော အင်မော်တယ် အင်အားစုကြီးများနှင့် အရှင်သခင်ဆယ်ပါး အင်မော်တယ်မြို့တော် ကဲ့သို့သော ကြားနေ အင်အားစုများကပင် မြေကမ္ဘာအင်မော်တယ်စံအိမ်သို့ လူများ စေလွှတ်ခဲ့ကြသည်။

တာ့ချန် အင်မော်တယ် မဟာမိတ်အဖွဲ့၏ ကိစ္စရပ်ကို ဖယ်ထားလိုက်လျှင်ပင် တာအိုသခင် ဟုန်ယွဲ့ အနေဖြင့် ပကတိဟင်းလင်းပြင်အဆင့်မှ တာအိုသခင် အဆင့်သို့ အောင်မြင်စွာ တက်လှမ်းသွားနိုင်ခဲ့ခြင်းက တာ့ချန် ကျင့်ကြံခြင်းကမ္ဘာအတွင်းရှိ အင်အားစုကြီးများကို ဆွဲဆောင်နိုင်ရန် လုံလောက်နေခဲ့ပြီ ဖြစ်သည်။ အင်အားစုများက ကိုယ်စားလှယ်များကို တန်ဖိုးကြီးမားလှသော လက်ဆောင်များဖြင့် စေလွှတ်ကာ ဂုဏ်ပြုနှုတ်ဆက်ရင်း ရင်းနှီးကျွမ်းဝင်မှု ရယူလိုကြပေသည်။

ဤမျှ ကြီးကျယ်ခမ်းနားလှသော ပွဲတော်ကြီးမျိုးကို တာ့ချန် ကျင့်ကြံခြင်းကမ္ဘာတွင် မတွေ့ရသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့လေပြီ။

မြေကမ္ဘာတောင်တန်း အင်မော်တယ်မြို့တော်အတွင်း လှည့်လည်ကြည့်ရှုပြီးနောက် စုယွီက အင်မော်တယ် ဂိတ်တံခါးဆီသို့ ပြန်လာခဲ့၏။

အင်မော်တယ် ဂိတ်တံခါးသို့ သူ ပြန်ရောက်သွားချိန်တွင်...

စုယွီက ကောင်းကင်ပင့် ရွှေချိုဆုတောင်းဆင် ရုပ်တုကို ထုတ်ယူလိုက်သည်။ အတန်ကြာ လေ့လာကြည့်ရှုပြီးနောက် သူက လက်ရှိ စံအိမ်တော်သခင် ဖြစ်နေသော တူမငယ်လေး ဖန်ရှောင်ထံသို့ တိတ်တဆိတ် သွားရောက်တွေ့ဆုံလိုက်သည်။

မြေကမ္ဘာအင်မော်တယ်စံအိမ် ဂိတ်တံခါး၏ ဝိညာဉ်ကြောမှာ သာမန် အဆင့်ငါး ဝိညာဉ်ကြောများထက်ပင် သာလွန်ကာ အလွန်တရာ ထူးကဲပြောင်မြောက်လှ၏။

အဆင့်ခြောက် ဝိညာဉ်ကြော အဆင့်သို့ မရောက်ရှိသေးသော်ငြား ရွှေချိုဆုတောင်းဆင်ကို အခြေတည်ရန်အတွက်တော့ လုံလောက်မှု ရှိနေခဲ့သည်။

ဝိညာဉ်ကြော၏ အူတိုင် ဗဟိုချက်ဆီသို့ စုယွီနှင့်အတူ ဖန်ရှောင် လိုက်ပါလာခဲ့၏။

စုယွီက ရွှေချိုဆုတောင်းဆင်ကို အောက်သို့ ချထားလိုက်ပြီး လက်များဖြင့် ဓမ္မမန္တန်လက်ဟန် တစ်ခုကို ပုံဖော်ကာ ရုပ်တုအတွင်းသို့ စွမ်းအင်များ ပို့လွှတ်လိုက်သည်။ ထိုအခါ လက်သီးဆုပ်ခန့်သာ အရွယ်အစားရှိသော ရွှေချိုဆုတောင်းဆင်လေးမှာ ဝိညာဉ်ကြောအတွင်းသို့ အပြည့်အဝ ပေါင်းစပ်ဝင်ရောက်သွားတော့၏။

ဖန်ရှောင်က သိချင်စိတ် ပြင်းပြစွာဖြင့် လက်သီးဆုပ်ခန့် ရုပ်တုလေးကို ကြည့်ကာ မေးမြန်းလိုက်သည်။

"ဦးလေးငယ်... အဲဒါက ဘာပစ္စည်းလေးလဲ"

"ကောင်းကင်ပင့် ရွှေချိုဆုတောင်းဆင်လို့ ခေါ်တယ်... သိပ်ကောင်းတဲ့ ရတနာလေးပေါ့"

စုယွီ၏ မျက်လုံးများက မျှော်လင့်ချက်များဖြင့် အရောင်လက်သွားလေ၏။

...

မြေကမ္ဘာတောင်တန်း အင်မော်တယ်မြို့တော်။

အနီဖျော့ဖျော့ ဝတ်ရုံကို ဝတ်ဆင်ထားသော သက်လတ်ပိုင်းအရွယ် အမျိုးသားသည် ခြံဝင်းအတွင်း ရပ်နေလျက် မြေကမ္ဘာအင်မော်တယ်စံအိမ်၏ ဂိတ်တံခါးဆီသို့ လှမ်းကြည့်ကာ တည်ငြိမ်စွာ စကားဆိုလိုက်သည်။

"သူတို့ဆီမှာ ပကတိဟင်းလင်းပြင်အဆင့် တာအိုသခင် တစ်ပါး ရှိနေတယ်ဆိုရင်တောင်မှ ခင်ဗျားတို့ အင်မော်တယ်တစ်သောင်း နန်းတော်ရဲ့ အင်အားနဲ့ဆို သူတို့ကို နည်းနည်းလေးမှ ကြောက်နေစရာ မလိုပါဘူး"

"တာ့ချန် အင်မော်တယ် မဟာမိတ်အဖွဲ့က အန္တရာယ် နည်းနည်း ရှိနိုင်ပေမဲ့ နောက်ဆုံးမှာတော့ ဖရိုဖရဲ ဖြစ်နေတဲ့ သဲပုံကြီး တစ်ခုထက် မပိုပါဘူး... ဒါက ဘယ်လောက်များ ခြိမ်းခြောက်နိုင်မှာမို့လို့လဲ"

"မြို့စားကြီး ပါထျန်းက အသက် တစ်ထောင်တောင် မပြည့်သေးတဲ့ ပကတိဟင်းလင်းပြင်အဆင့် တာအိုသခင် တစ်ပါးဆီကနေ ဘာခြိမ်းခြောက်မှုမှ မရှိနိုင်ဘူးလို့ တကယ်ပဲ ထင်နေတာလား"

အင်မော်တယ်တစ်သောင်း နန်းတော်မှ အကြီးအကဲ တစ်ဦးက ခေါင်းကို ဖွဖွယမ်းလိုက်၏။

"အကယ်၍သာ တာ့ယန် အင်မော်တယ် မင်းဆက်အနီးမှာ အဲဒီလို ပကတိဟင်းလင်းပြင်အဆင့် တာအိုသခင် တစ်ပါး ထွက်ပေါ်လာခဲ့မယ်ဆိုရင် တာ့ယန် မင်းဆက်က ဘိုးဘေးတွေ ညဘက် မျက်စိမှိတ် အိပ်ပျော်နိုင်မယ်လို့ မြို့စားကြီး ပါထျန်း ထင်နေသလား"

ထိုအခါ သက်လတ်ပိုင်းအရွယ် အမျိုးသားက အတွေးနက်စွာဖြင့် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက်...စကားဆိုလိုက်သည်က

"မနက်ဖြန်ကျရင် သူ အသက်ရှင်လျက် ကျန်ရစ်နိုင်မလား ဆိုတာ စောင့်ကြည့်ကြတာပေါ့"

ထိုညတွင် မြေကမ္ဘာတောင်တန်း အင်မော်တယ်မြို့တော်၌ အင်အားစု အသီးသီးမှ မရေမတွက်နိုင်သော ကျင့်ကြံသူများ စုရုံးရောက်ရှိနေကြသည်။ ထိုအထဲတွင် ဝိညာဉ်ခွဲထွက်အဆင့် အရှင်သခင်ကြီး ဒါဇင်ပေါင်းများစွာနှင့် မရေမတွက်နိုင်အောင် များပြားလှသော မူလဝိညာဉ်အဆင့် အရှင်သခင်ကြီးများလည်း ပါဝင်နေကြ၏။

သို့သော် ဤညတွင် မြေကမ္ဘာတောင်တန်း အင်မော်တယ်မြို့တော်မှာ လွန်စွာ တိတ်ဆိတ်ငြိမ်သက်နေပြီး လေထုကိုယ်တိုင်ကပင် အေးခဲခိုင်မာနေသကဲ့သို့ ခံစားရသည်။

လူတိုင်းသည် မြေကမ္ဘာအင်မော်တယ်စံအိမ်၏ မနက်ဖြန်၌ ကျင်းပမည့် ကြီးကျယ်ခမ်းနားသော ပွဲတော်ကြီးကိုသာ စောင့်ဆိုင်းနေကြတော့၏။

All Chapters