အခန်း ၇၈၈
Vol. 53 Ch. 788
အခန်း (၇၈၈) - ပွဲတော်စတင်ခြင်းနှင့် အင်မော်တယ်စံအိမ်၏ ခံစစ်ကျိုးပျက်ခြင်း အပိုင်း (၁)
ဒုတိယနေ့ နံနက်အရုဏ်တက်ချိန်တွင် သမုဒ္ဒရာပြင်ကျယ်ကြီးအလား ခမ်းနားကြီးကျယ်လှသော ခရမ်းရောင်အလင်းတန်းများက ကောင်းကင်ယံမှ ဖြာကျဆင်းသက်လာ၏။ တိမ်လွှာအထပ်ထပ်ကို ဖောက်ထွင်း၍ ဟင်းလင်းပြင်တွင် တွဲလောင်းခိုနေသည့်အလား မြင့်မားမတ်စောက်သော အင်မော်တယ်တောင်ကုန်းကြီးများကို ဝိုးတဝါး မြင်တွေ့နေရသည်။
တိမ်တိုက်ကြိုးကြာငှက်ကြီးများသည် ကောင်းကင်အထက်မှ ဆင်းသက်လာကြပြီး ဧည့်သည်တော်များကို ကောင်းကင်ဝင်္ကပါအခင်းအကျင်းကို ဖြတ်သန်းကာ အင်မော်တယ်စံအိမ်အတွင်းသို့ ပို့ဆောင်ပေးနေကြသည်။
သဘာဝလောက၏ ပြိုင်ဘက်ကင်း ဝိညာဉ်စွမ်းအင်များသည် တိမ်တိုက်ထုကြီးအလား အင်မော်တယ်စံအိမ်တစ်ခုလုံးကို ရစ်ပတ်လွှမ်းခြုံထားလျက် လှိမ့်ဝင်လာတော့၏။ သမုဒ္ဒရာပြင်ကျယ်ကြီးနှင့်တူသော မိုးထိမတတ် ရှေးဟောင်းသစ်ပင်ကြီးများသည် လေပြေလေညင်းနှင့်အတူ ယိမ်းနွဲ့နေကြပြီး စိမ်းလန်းသော လှိုင်းလုံးကြီးများကို ဖန်တီးပေးနေကြသည်။
တိမ်စိုင်တိမ်လွှာများကြားတွင် အင်မော်တယ်နန်းတော်များ ပေါ်ထွက်နေပြီး တောင်ကုန်းတောင်ကြားများအကြားတွင် အဆောက်အအုံများ ကိန်းဝပ်တည်ရှိနေ၏။ အင်မော်တယ်ဂိုဏ်းမှ တပည့်များသည် စီးတော်သားရဲများကို စီးနင်းသူကစီးနင်း ဟင်းလင်းပြင်ကို ဖြတ်သန်းယိမ်းနွဲ့သူက ယိမ်းနွဲ့ဖြင့် အင်မော်တယ်အရှိန်အဝါများပြည့်နှက်နေသော အံ့မခန်းမြင်ကွင်းကြီးကို ပုံဖော်ပေးနေကြသည်။
ယနေ့တွင် လော့ချန်ယွီသည် တစ္ဆေဓား တောင်ထွတ်မှ တပည့်တစ်စုနှင့်အတူ အင်မော်တယ်စံအိမ်၏ ဝင်ပေါက်ကို ကင်းစောင့်ရန် တာဝန်ကျနေခဲ့သည်။
အင်မော်တယ်စံအိမ်အပြင်ဘက်တွင် ဧည့်သည်တော်များသည် ရေစီးကြောင်းကြီးတစ်ခုအလား အဆက်မပြတ် ဝင်ရောက်လာကြ၏။
သူတို့၏ လမ်းညွှန်မှုအောက်တွင် လူတိုင်းသည် ယနေ့ ကျင်းပမည့် ကြီးကျယ်ခမ်းနားသော ပွဲတော်ကြီး၏ နေရာဖြစ်သည့် အင်မော်တယ်ရှာဖွေခြင်းတောင်ထွတ်ဆီသို့ ဦးတည်သွားနေကြသည်။
တာ့ချန် ကျင့်ကြံခြင်းကမ္ဘာအတွင်းရှိ အခြားသော အင်မော်တယ်ဂိုဏ်းများအပြင် မူလဝိညာဉ်အဆင့်ရှိ ဂိုဏ်းများ မိသားစုများနှင့် အင်အားကြီးမားလှသော မူလဝိညာဉ်အဆင့် အရှင်သခင်ကြီးများ၏ အင်အားစုများသည် သက်ဆိုင်ရာ ဂိုဏ်းချုပ်များ ကိုယ်တိုင်ဦးဆောင်ကာ ဂုဏ်ပြုလက်ဆောင်များစွာကို ယူဆောင်လာခဲ့ကြသည်။
သူတို့၏ဘေးတွင် အရေးကိစ္စဆောင်မှ မူလဝိညာဉ်အဆင့် အရှင်သခင်ကြီး အကြီးအကဲတစ်ဦးက အနယ်နယ်အရပ်ရပ်မှ ကျင့်ကြံသူများ၏ ဂုဏ်ပြုလက်ဆောင်များကို လက်ခံမှတ်တမ်းတင်ရန် တာဝန်ယူထားလေသည်။
"ကိုးဝိညာဉ် အင်မော်တယ်တောင်မှ အဆင့်ငါး ဝိညာဉ်ဆေးပင်ဖြစ်တဲ့ အရွက်ကိုးဖော် ဝိညာဉ်ပန်းကို ဂုဏ်ပြုလက်ဆောင်အဖြစ် ဆက်သပါတယ်"
"အရှင်သခင်ဆယ်ပါး အင်မော်တယ်မြို့တော်မှ အဆင့်ငါး ဝိညာဉ်သစ်သားဖြစ်တဲ့ သုံးပေရှည်လျားတဲ့ ချန်ခွန်းသစ်သားကို ဂုဏ်ပြုလက်ဆောင်အဖြစ် ဆက်သပါတယ်"
"လီဟော့ နန်းတော်မှ အလယ်အလတ်အဆင့်ရှိတဲ့ အဆင့်ငါး ကောင်းကင်မီးလျှံဆေးလုံး သုံးလုံးကို ဂုဏ်ပြုလက်ဆောင်အဖြစ် ဆက်သပါတယ်"
"..."
ထိုအခိုက် လူနှစ်ဆယ်ကျော်ပါဝင်သော အုပ်စုတစ်စုသည် အပြင်ဘက်မှ ဝင်ရောက်လာပြီး အရေးကိစ္စဆောင်မှ အကြီးအကဲ၏ရှေ့တွင် ရပ်တန့်လိုက်ကြ၏။
ထိုအုပ်စုချဉ်းကပ်လာသည်နှင့်အမျှ ကူရှောက်ခွန်းက ပန်းချီကားတစ်ချပ်ကို ထုတ်ဖော်ပြသလိုက်သည်။ ထိုပန်းချီကားထဲတွင် တောင်တန်းကြီးများအလား စုပုံနေသော မရေမတွက်နိုင်သည့် အလောင်းကောင်များ၏ ကြောက်မက်ဖွယ်ရာ မြင်ကွင်းကို ရေးဆွဲထားပြီး ထိုအလောင်းကောင်တောင်တန်းကြီးများက သက်ရှည်ကျန်းမာခြင်းဟူသော စာလုံးကို ပုံဖော်ထားလေသည်။
ကူရှောက်ခွန်းက ထိုပန်းချီကားကို အရေးကိစ္စဆောင်မှ အကြီးအကဲထံသို့ ကမ်းပေးလိုက်ပြီး တည်ငြိမ်စွာ စကားဆိုလိုက်၏။
"ဒါက တာ့ယန် အင်မော်တယ်မင်းဆက်က အဆင့်ငါး ပန်းချီဆရာတစ်ယောက် ရေးဆွဲထားတဲ့ အဆင့်မြင့် တာအိုပန်းချီကားဖြစ်တဲ့ သက်ရှည်ကျန်းမာခြင်း ပန်းချီကားပဲ"
"အကြီးအကဲ ဟုန်ယွဲ့အတွက် ဂုဏ်ပြုပါတယ်... အကန့်အသတ်မဲ့တဲ့ သက်တမ်းကို ပိုင်ဆိုင်နိုင်ပါစေ"
အရေးကိစ္စဆောင် အကြီးအကဲ၏ မျက်နှာမှာ အနည်းငယ် ပျက်ယွင်းသွားပြီး ကူရှောက်ခွန်း အပါအဝင် အင်မော်တယ်တစ်သောင်း နန်းတော်မှ လူစုကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။
"အင်မော်တယ်တစ်သောင်း နန်းတော်က လူတွေ လာဖို့ ဆန္ဒမရှိဘူးဆိုရင်လည်း လှည့်ပြီးသာ ပြန်သွားကြပါ"
"ဒီကို ဝင်ချင်တယ်ဆိုရင်တော့ မင်းတို့ရဲ့ ပန်းချီကားကို ပြန်ယူသွားလိုက်... ငါတို့ မြေကမ္ဘာအင်မော်တယ်စံအိမ်က လက်ဆောင်တစ်ခုကို မက်မောနေတာ မဟုတ်ဘူး"
ကူရှောက်ခွန်းက လက်ကိုဝှေ့ယမ်းလိုက်ရာ ပန်းချီကားသည် အရေးကိစ္စဆောင် အကြီးအကဲထံသို့ လွင့်စင်သွားတော့၏။ ပန်းချီကားလိပ်သည် သူ၏လက်ထဲမှ ထွက်ခွာသွားသည်နှင့်တစ်ပြိုင်နက် သွေးညှီနံ့များက ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံသွားသည့်အလား ခံစားလိုက်ရသည်။ မိစ္ဆာအရှိန်အဝါများက ကောင်းကင်ယံအနှံ့ ရစ်လွှမ်းသွားတော့သည်။
ပုံပျက်ပန်းပျက်နှင့် ကြောက်မက်ဖွယ်ကောင်းသော အလောင်းကောင်ကြီးများသည် ပန်းချီကားလိပ်ထဲမှ တွားသွားထွက်ပေါ်လာ၏။ အရေးကိစ္စဆောင် အကြီးအကဲထံသို့ ရုတ်တရက် ပြေးဝင်တိုက်ခိုက်ကြတော့သည်။
ကူရှောက်ခွန်းက တည်ငြိမ်စွာ စကားဆိုလိုက်၏။
"မူလဝိညာဉ်အဆင့် အရှင်သခင်ကြီးလောက်နဲ့ ငါတို့ အင်မော်တယ်တစ်သောင်း နန်းတော်ရဲ့ လက်ဆောင်ကို ငြင်းဆန်နိုင်မယ်လို့ ထင်နေတာလား... မင်းက သေချင်နေတာလား"
“ဝှီး…”
ပန်းချီကားလိပ် လွင့်စင်လာချိန်မှာပင် အဆုံးအစမဲ့ ထက်မြက်လှသော တာအိုဓားတစ်လက် ထွက်ပေါ်လာ၏။ မျက်စိကျိန်းမတတ် ရွှေရောင်ဓားအလင်းတန်းများက အရပ်လေးမျက်နှာသို့ ရိုက်ခတ်သွားသည်။ ပန်းချီကားလိပ်ထဲမှ ထွက်ပေါ်လာသော အလောင်းကောင်များအားလုံး ကောင်းကင်ယံတွင် သွေးမှုန်သွေးမွှားများအဖြစ် အပိုင်းပိုင်းအစစ ပြတ်တောက်သွားကြတော့၏။
အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လော့ချန်ယွီသည် ရွှေရောင်တာအိုဓားတစ်လက်ကို ကိုင်ဆောင်လျက် အရေးကိစ္စဆောင် အကြီးအကဲ၏ရှေ့တွင် ပေါ်လာခဲ့သည်။ သူမက ဓားကို အောက်ဘက်သို့ ညင်သာစွာ ခါယမ်းလိုက်ရာ သွေးရောင်လွှမ်းနေသော ပန်းချီကားလိပ်ဆီသို့ ဓားအလင်းတန်းတစ်ခု ဖြတ်သန်းသွားတော့၏။
“ချလွမ်…”
ဓားချက်သည် ပန်းချီကားလိပ်ပေါ်သို့ ကျရောက်သွားပြီး လွင့်စင်ထွက်သွားစေခဲ့သည်။
သို့သော်လည်း ပန်းချီကားလိပ်ပေါ်တွင် မည်သည့် ထိခိုက်ပျက်စီးမှုမှ မရှိခဲ့ဘဲ ရွှေနှင့် သံမဏိတို့ ရိုက်ခတ်သံကဲ့သို့ အသံမျိုး ထွက်ပေါ်လာခဲ့သည်။
လော့ချန်ယွီရော အရေးကိစ္စဆောင် အကြီးအကဲပါ သူတို့၏ မျက်လုံးများထဲတွင် အနည်းငယ် အံ့အားသင့်သွားကြ၏။ ဤပန်းချီကားလိပ်သည် အမှန်တကယ်ပင် ထူးခြားလှပေသည်။
ပန်းချီကားလိပ်သည် ကူရှောက်ခွန်း၏ လက်ထဲသို့ ပြန်လည်ရောက်ရှိသွားသည်။
ဤရုတ်ရုတ်သဲသဲဖြစ်မှုကို သတိပြုမိသွားသောကြောင့် အင်မော်တယ်ရှာဖွေခြင်းတောင်ထွတ်ဆီသို့ ဦးတည်သွားနေကြသော ဧည့်သည်တော်များအားလုံး ခြေလှမ်းတန့်သွားကြပြီး အင်မော်တယ်တစ်သောင်း နန်းတော်မှ ကိုယ်စားလှယ်အဖွဲ့ကို အံ့အားသင့်စွာဖြင့် လှည့်ကြည့်လိုက်ကြ၏။
အင်မော်တယ်တစ်သောင်း နန်းတော်မှ ပေးအပ်သော ပန်းချီကားလိပ်ကို မြင်တွေ့လိုက်ရချိန်တွင် လူအများအပြား၏ မျက်နှာအမူအရာများ သိသိသာသာ ပြောင်းလဲသွားကြသည်။
"အင်မော်တယ်တစ်သောင်း နန်းတော်က ဒီလိုလက်ဆောင်မျိုးကို ပေးချင်နေတာလား"
"ဒါက လက်ဆောင်မဟုတ်ဘူး... မြေကမ္ဘာအင်မော်တယ်စံအိမ်ကို ဗြောင်ကျကျ ရန်စနေတာပဲ"
"အလောင်းကောင်တောင်တန်းတွေနဲ့ သွေးသမုဒ္ဒရာတွေ ရေးဆွဲထားတဲ့ ပန်းချီကားကို သက်ရှည်ကျန်းမာခြင်း ပန်းချီကား လို့ ခေါ်ရက်တယ်လား... ဒီလိုအချိန်မျိုးမှာ မြေကမ္ဘာအင်မော်တယ်စံအိမ်ကို ပေးတယ်ဆိုတာ တမင်သက်သက် အရှက်ခွဲဖို့ ကြိုးစားနေတာ မဟုတ်ဘူးလား"
"ငါ ထင်သားပဲ... မြေကမ္ဘာအင်မော်တယ်စံအိမ်ရဲ့ ပွဲတော်က ဒီနေ့ ချောချောမွေ့မွေ့ ပြီးမှာမဟုတ်ဘူးလို့... ကြည့်စမ်း အင်မော်တယ်တစ်သောင်း နန်းတော်က ရောက်ရောက်ချင်း ပြဿနာစရှာနေပြီ"
"မြေကမ္ဘာအင်မော်တယ်စံအိမ်က ဒီလက်ဆောင်ကို လက်ခံမှာလား"
ဧည့်သည်တော် အများအပြားသည် စတင်၍ ဆွေးနွေးပြောဆိုနေကြတော့၏။ အသစ်ရောက်ရှိလာသော အင်မော်တယ်ဂိုဏ်းအနည်းငယ် အရှင်သခင်ဆယ်ပါး အင်မော်တယ်မြို့တော်နှင့် မူလဝိညာဉ်အဆင့် ကျင့်ကြံသူများ ပါဝင်သော အင်အားစုများသည် မျက်မှောင်အနည်းငယ် ကြုတ်လိုက်ကြသော်လည်း တိတ်ဆိတ်စွာ နေလိုက်ကြပြီး မြေကမ္ဘာအင်မော်တယ်စံအိမ်နှင့် အင်မော်တယ်တစ်သောင်း နန်းတော်တို့ကြားမှ ပဋိပက္ခကိုသာ စောင့်ကြည့်နေကြလေသည်။
ကူရှောက်ခွန်းက လော့ချန်ယွီကို ကြည့်လိုက်သည်။ လော့ချန်ယွီက မည်သူဖြစ်ကြောင်း စဉ်းစားရန်အတွက် သူ၏ မျက်ခုံးများ အနည်းငယ် ပင့်တက်သွား၏။
ကူရှောက်ခွန်း၏ မျက်နှာပေါ်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာခဲ့သည်။
"ဩော် နတ်မ်ိမယ် လော့ ကိုး... နှစ်တွေအများကြီးတောင် ကြာခဲ့ပြီပဲ... နတ်မ်ိမယ် လော့က ရှေးဟောင်းဓားတာအိုကို တိုးတက်အောင် လုပ်နိုင်ခဲ့ပုံရပြီး မူလဝိညာဉ်အဆင့်ရဲ့ ဆဋ္ဌမအလွှာကိုတောင် ရောက်နေပြီပဲ"
"ဒါပေမဲ့ ငါတို့ အင်မော်တယ်တစ်သောင်း နန်းတော်က လက်ဆောင်ကို ငြင်းဆန်ရဲတယ်ဆိုတော့ မင်းတို့ရဲ့ မြေကမ္ဘာအင်မော်တယ်စံအိမ်က နည်းနည်းလေးများ မောက်မာလွန်းမနေဘူးလား"
"ဒါမှမဟုတ် မြေကမ္ဘာအင်မော်တယ်စံအိမ်က အရမ်းကြီးပွားနေလို့ ငါတို့ အင်မော်တယ်တစ်သောင်း နန်းတော်က လက်ဆောင်ကို အထင်သေးနေတာလား"
လော့ချန်ယွီသည် ကူရှောက်ခွန်းနှင့် အနီးအနားရှိ မျက်လုံးအေးစက်စက်နှင့် အမျိုးသမီးတစ်ဦးကို ကြည့်လိုက်၏။ ထို့နောက် လျစ်လျူရှုထားဟန်ပြနေကြသော ကြောက်မက်ဖွယ်ကောင်းလှသည့် မူလဝိညာဉ်အဆင့် ကျင့်ကြံသူ အနည်းငယ်ကို သူမက တစ်ချက် အကဲခတ်လိုက်သည်။
လော့ချန်ယွီက တည်ငြိမ်စွာ စကားဆိုလိုက်၏။
"ဒီနေရာက မြေကမ္ဘာအင်မော်တယ်စံအိမ်ပဲ... အင်မော်တယ်တစ်သောင်း နန်းတော် မဟုတ်ဘူး"
"နင်တို့တွေ ထပ်ပြီး ရိုင်းရိုင်းစိုင်းစိုင်း လုပ်ရဲတယ်ဆိုရင်တော့ ငါတို့ မြေကမ္ဘာအင်မော်တယ်စံအိမ်က ရက်ရက်စက်စက် နှင်ထုတ်တာကို မခံချင်ရင် အပြစ်မတင်နဲ့"
ကူရှောက်ခွန်းက အေးဆေးတည်ငြိမ်စွာ ပြုံးလိုက်သည်။
တဖြည်းဖြည်း ပို၍စုရုံးလာကြသော ဧည့်သည်တော်များကို သူက တစ်ချက် အကြည့်ပို့လိုက်၏။
ကူရှောက်ခွန်း အချိန်ကို ကြည့်လိုက်သည်။
ပွဲတော် စတင်ရန် အချိန်ကျလေပြီ။
မြေကမ္ဘာအင်မော်တယ်စံအိမ်မှ ယနေ့ကျင်းပသော ပွဲတော်ကြီးသည် တာအိုဆရာ ဟုန်ယွဲ့၏ အောင်မြင်သော ကျင့်ကြံခြင်းအဆင့်ချိုးဖြတ်မှုကို ဂုဏ်ပြုခြင်းဖြစ်ပြီး အလွန်တရာ စည်ကားသိုက်မြိုက်လှပေသည်။