← Chapters

အခန်း ၇၈၉

Vol. 53 Ch. 789

အခန်း ၇၈၉

Vol. 53 Ch. 789

အခန်း (၇၈၉) - ပွဲတော်စတင်ခြင်းနှင့် အင်မော်တယ်စံအိမ်၏ ခံစစ်ကျိုးပျက်ခြင်း (၂)

မြေကမ္ဘာအင်မော်တယ်စံအိမ်မှ ယနေ့ကျင်းပသော ပွဲတော်ကြီးသည် တာအိုဆရာ ဟုန်ယွဲ့၏ အောင်မြင်သော ကျင့်ကြံခြင်းအဆင့်ချိုးဖြတ်မှုကို ဂုဏ်ပြုခြင်းဖြစ်ပြီး အလွန်တရာ စည်ကားသိုက်မြိုက်လှပေသည်။

တာ့ချန် အင်မော်တယ်မဟာမိတ်အဖွဲ့ ဖွဲ့စည်းခြင်းကိစ္စကိုလည်း တရားဝင် ဆွေးနွေးလိုကြသည်။

ဤကိစ္စကို မြေကမ္ဘာအင်မော်တယ်စံအိမ်က လုပ်ဆောင်မည်ကို အင်မော်တယ်တစ်သောင်း နန်းတော်က လုံးဝ ခွင့်ပြုမည်မဟုတ်ပေ။

ကူရှောက်ခွန်း၏ စိတ်ထဲတွင် အတွေးများစွာ လည်ပတ်နေ၏။ သူ၏ကိုယ်တွင်းမှ ဝိညာဉ်စွမ်းအားများသည် လက်ထဲရှိ ပန်းချီကားလိပ်ဆီသို့ အဟုန်ပြင်းစွာ စီးဝင်သွားသည်။ ချက်ချင်းဆိုသလိုပင် အလွန်အမင်း အေးစက်သော အရှိန်အဝါများသည် ကောင်းကင်နှင့် မြေကြီးကို လွှမ်းခြုံသွားပြီး သူ၏လက်ထဲမှ တစ်ဖန် ပြန်လည် ထွက်ပေါ်လာတော့သည်။ မျက်စိကျိန်းမတတ် အေးစက်သော အလင်းတန်းကြီးတစ်ခုသည် ကောင်းကင်ယံမှ ဖြာကျလာ၏။

နောက်တစ်ခဏတွင် မူလဝိညာဉ်အဆင့်ထက် သာလွန်သော ဖြစ်တည်မှုတစ်ခုသည် ပန်းချီကားလိပ်ထဲမှ ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။

ထိုအရာက တစ်ကိုယ်လုံး ရေခဲများ ဖုံးလွှမ်းနေပြီး ရေခဲပုဆိန်ကြီးကို ကိုင်ဆောင်ထားသော ဆယ်ပေခန့် မြင့်မားသည့် ရေခဲဘီလူးကြီးပင် ဖြစ်သည်။ မူလက ပန်းချီကားလိပ်၏ အလယ်ဗဟိုတွင် ရေမတွက်နိုင်သော အလောင်းကောင်များအထက်၌ မတ်မတ်ရပ်နေခဲ့သည့် ထိုပုံရိပ်ကြီးသည် ပန်းချီကားလိပ်ထဲမှ အပြင်သို့ ထွက်လာခဲ့လေပြီ။ ဤသည်က ကျင့်ကြံသူများ၏ လျှို့ဝှက်ဆန်းကြယ်သော အတတ်ပညာများထဲမှ တစ်ခုဖြစ်သည့် ပန်းချီဆရာ၏ အတတ်ပညာပင် ဖြစ်တော့သည်။

ထိုရေခဲဘီလူးကြီး ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် ကြောက်မက်ဖွယ်ကောင်းသော ရေခဲစွမ်းအင်များသည် အရပ်လေးမျက်နှာသို့ ရိုက်ခတ်သွားပြီး ကောင်းကင်နှင့် မြေကြီးတစ်ခုလုံး ချက်ချင်း အေးခဲသွားသည့်အလား ခံစားလိုက်ရ၏။

လော့ချန်ယွီနှင့်တကွ အရေးကိစ္စဆောင် အကြီးအကဲ၏ မျက်နှာအမူအရာတို့ အလွန်အမင်း ပြောင်းလဲသွားကြသည်။

ကူရှောက်ခွန်း၏ မျက်လုံးများထဲတွင် နှမြောတသဖြစ်မှု အနည်းငယ် ပေါ်လာ၏။ အဆင့်ငါး အဆင့်နိမ့် အလောင်းကောင်ဘုရင် ပန်းချီကားလိပ်သည် သူ တန်ဖိုးထားရသော အသက်ကယ်လက်နက်များထဲမှ တစ်ခုဖြစ်သည်။

ထိုကဲ့သို့သော ပန်းချီကားလိပ် ရတနာများသည် အဆောင်လက်ဖွဲ့များကဲ့သို့ပင် တစ်ကြိမ်သာ အသုံးပြုနိုင်သော အရာများဖြစ်သည်။ တစ်ကြိမ် အသုံးပြုပြီးသွားသည်နှင့် ထိုပန်းချီကားလိပ်သည် သာမန် ပန်းချီကားတစ်ချပ်အဖြစ်သာ ကျန်ရစ်တော့မည်ဖြစ်သည်။

"ငါတို့ အင်မော်တယ်တစ်သောင်း နန်းတော်က ပေးတဲ့ လက်ဆောင်ကို မင်းတို့က ငြင်းဆန်ရဲတယ်ပေါ့... မင်းတို့ မြေကမ္ဘာအင်မော်တယ်စံအိမ်မှာ မူလဝိညာဉ်အဆင့် အရှင်သခင်ကြီး တစ်ယောက်တည်း ရှိရုံနဲ့တင် ငါတို့ အင်မော်တယ်တစ်သောင်း နန်းတော်ကို နင်းခြေနိုင်ပြီလို့ တကယ် ထင်နေတာလား"

"ရယ်စရာကောင်းလိုက်တာ... သေလမ်းကို ရှာနေတာပဲ"

ကူရှောက်ခွန်း၏ အေးစက်သော အသံက အရပ်လေးမျက်နှာသို့ ပဲ့တင်ထပ်သွား၏။ နောက်တစ်ခဏတွင် ရေခဲပုဆိန်ကြီးကို ကိုင်ဆောင်ထားသော ဘီလူးကြီးသည် ရုတ်တရက် ခုတ်ချလိုက်ပြီး လော့ချန်ယွီဆီသို့ တိုက်ရိုက် ဦးတည်လာတော့သည်။

သို့သော်လည်း လော့ချန်ယွီက အနည်းငယ်မျှပင် တုန်လှုပ်မသွားဘဲ ကူရှောက်ခွန်းအား အေးစက်သော မျက်လုံးများဖြင့်သာ စိုက်ကြည့်နေလိုက်၏။

"ဝုန်း..."

ရေခဲဘီလူးကြီး၏ ပုဆိန် ကျဆင်းလာပြီး မူလဝိညာဉ်အဆင့်ထက် သာလွန်သော စွမ်းအားများက လော့ချန်ယွီနှင့် အခြားသူများကို လွှမ်းခြုံတော့မည့်ဆဲဆဲတွင် မြေကမ္ဘာအင်မော်တယ်စံအိမ်၏ လျှို့ဝှက်နယ်မြေအတွင်း၌ လှိုင်းဂယက်များ ထကြွလာသည်။

နောက်တစ်ခဏတွင် ဘီလူးကြီး၏ ပုဆိန်မှ ကြောက်မက်ဖွယ်ကောင်းသော ရေခဲစွမ်းအင်များ ပျောက်ကွယ်သွား၏။ မျက်တောင်တစ်ခတ်အတွင်း။ ထိုဘီလူးကြီး၏ ပုဆိန်သည် အရာအားလုံးကို အေးခဲသွားစေနိုင်သည့် အေးစက်မှုများနှင့် ကောင်းကင်နှင့် မြေကြီးကို ဖျက်ဆီးပစ်နိုင်သော ဧရာမစွမ်းအားကြီးကို သယ်ဆောင်လျက် ကူရှောက်ခွန်းနှင့် သူ၏လူများအပေါ်သို့ ရုတ်တရက် ကျဆင်းလာတော့သည်။

"ဒိုင်း..."

အင်မော်တယ်တစ်သောင်း နန်းတော်မှ မူလဝိညာဉ်အဆင့် နှောင်းပိုင်း အကြီးအကဲတစ်ဦးက သူ၏လက်ကို မြှောက်လိုက်ရာ ကြီးမားခမ်းနားသော အကာအကွယ်အလွှာကြီးတစ်ခုက အထက်မှ ပိတ်ဆို့ကာကွယ်လိုက်၏။

ရေခဲဘီလူးကြီး၏ ပုဆိန်သည် ထိုအကာအကွယ်အလွှာပေါ်တွင် မည်သည့် လှိုင်းဂယက်ကိုမျှ ဖန်တီးနိုင်ခြင်း မရှိခဲ့ပေ။

သို့သော်ငြား ကူရှောက်ခွန်းနှင့် သူ၏တာအိုလက်တွဲဖော်ဖြစ်သော တာ့ယန် အင်မော်တယ်မင်းဆက်မှ မင်းသမီးတို့၏ မျက်နှာအမူအရာတို့ အလွန်အမင်း ပြောင်းလဲသွားကြသည်။

ဤအဖြစ်က မည်သို့နည်း။ မူလက မြေကမ္ဘာအင်မော်တယ်စံအိမ်ဆီသို့ ဦးတည်နေသော ပုဆိန်က သူတို့အပေါ်သို့ မည်သို့မည်ပုံ ကျရောက်လာရသနည်း။

ကူရှောက်ခွန်းမှာ အရှက်ရ ဒေါသထွက်နေစဉ်မှာပင် ပန်းချီကားလိပ်ထဲမှ ထွက်ပေါ်လာခဲ့သော ဧရာမရေခဲဘီလူးကြီးသည် ပြင်းထန်သော ဟင်းလင်းပြင် လှိုင်းဂယက်များကြားတွင် လူတိုင်း၏ မြင်ကွင်းမှ ပျောက်ကွယ်သွားတော့၏။

*

တာ့ယွီတောင်ပေါ်ရှိ မြေကမ္ဘာအင်မော်တယ်စံအိမ်၏ ဂိတ်တံခါးဝ။

ရေခဲဘီလူးကြီး ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် အဆင့်ငါး အဆင့်နိမ့် သတ်ဖြတ်ခြင်း ဝင်္ကပါအခင်းအကျင်းက ပွင့်လာသည်။ အသက်ရှူဆယ်ကြိမ်ပင် မပြည့်သေးမီ... ထိန်းချုပ်၍မရသော ထိုရေခဲဘီလူးကြီးသည် ဝင်္ကပါအခင်းအကျင်းကြီးဖြင့် သတ်ဖြတ်ခံလိုက်ရပြီး ကောင်းကင်နှင့် မြေကြီးကြားတွင် ပြန့်ကျဲသွားသော သွေးစွမ်းအင် အမြောက်အမြားအဖြစ်သို့ ပြောင်းလဲသွားတော့၏။

ရေခဲဘီလူးကြီးသည် ရုပ်ဝတ္ထုတစ်ခု မဟုတ်ဘဲ ပန်းချီကားလိပ်ထဲမှ ထွက်လာသော စစ်မှန်သော ဝိညာဉ်တစ်ခုသာ ဖြစ်သည်။

အပြင်ဘက်တွင်မူ ရေခဲဘီလူးကြီး ပြိုလဲသွားပြီးနောက် ပန်းချီကားလိပ်သည် သူ့အလိုလို မီးလောင်ကျွမ်းသွားကာ ပြာအဖြစ်သို့ ပြောင်းလဲသွားပြီး ကောင်းကင်ယံမှ ပြုတ်ကျလာလေသည်။

ကူရှောက်ခွန်းသည် ခေါင်းကိုက်သွားသလို ခံစားလိုက်ရပြီး သူ၏ မျက်နှာအမူအရာက နောက်တစ်ကြိမ် ပြောင်းလဲသွားပြန်၏။

"ပျက်စီးသွားပြီပဲ"

ထိုအခိုက် ရှေးကျလှသော အသံကြီးတစ်ခု ထွက်ပေါ်လာ၏။

"ဒီလို အရည်အသွေးညံ့ဖျင်းတဲ့ အဆင့်ငါး အဆင့်နိမ့် ပန်းချီကားလိပ်ကို ထုတ်ပြပြီး ကိုယ့်ကိုယ်ကိုယ် အရှက်မခွဲစမ်းပါနဲ့"

"ဒါ့အပြင်..."

အသံတစ်သံက ကူရှောက်ခွန်း၏ နားထဲတွင် တိုးညှင်းစွာ ပဲ့တင်ထပ်သွားသည်။

"ပြဿနာရှာတာ နည်းလေ အသက်ပိုရှည်လေပဲ... မင်း နားလည်လား"

"လောကရဲ့ ကျင့်ကြံသူတွေကြားမှာ ဝိညာဉ်ခန္ဓာကိုယ်တစ်ခု ပေါ်ထွက်လာဖို့ဆိုတာ သန်းပေါင်းများစွာမှာ တစ်ယောက်တောင် ဖြစ်နိုင်ခဲတယ်... ဒါပေမဲ့ မင်းသာ ကျဆုံးသွားမယ်ဆိုရင်တော့ မင်းက ဘာမှမဟုတ်တော့ဘူး"

ဤစကားသံသည် ကူရှောက်ခွန်း၏ စိတ်ထဲတွင်သာ ပဲ့တင်ထပ်သွားခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ဤအချိန်တွင် အင်မော်တယ်တစ်သောင်း နန်းတော်မှ မူလဝိညာဉ်အဆင့် နှောင်းပိုင်း အရှင်သခင်ကြီးက အေးစက်သော အပြုံးတစ်ခုကို ပြသလိုက်ပြီး မြေကမ္ဘာအင်မော်တယ်စံအိမ်၏ တာ့ယွီတောင်ထွတ်ရှိရာသို့ ကြည့်လိုက်စဉ် ကြက်သီးထဖွယ် သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်လာ၏။ သူက အေးဆေးစွာ စကားဆိုလိုက်သည်။

"မြေကမ္ဘာအင်မော်တယ်စံအိမ်က ဟင်းလင်းပြင် တာအိုစွမ်းအားကို ထိန်းချုပ်နိုင်တဲ့ ပါရမီရှင်တစ်ယောက် မွေးထုတ်ပေးလိုက်တယ်လို့ ငါ ကြားထားတာ ကြာပြီ... ဒါပေမဲ့ ပါရမီရှင်ဆိုတာ အမြဲတမ်း စွမ်းအားကြီးမားတယ်လို့ ဆိုလိုတာ မဟုတ်ဘူး... သေဆုံးသွားတဲ့ ပါရမီရှင်ဆိုတာ သေမျိုးတွေရဲ့ လမ်းဘေးခွေးလောက်တောင် အသုံးမကျဘူး"

"မင်း စမ်းကြည့်ချင်လား"

သို့ရာတွင် အနီးအနားရှိ တာ့ယန် အင်မော်တယ်မင်းဆက်မှ ပါထျန်း မြို့စားကြီးကမူ စိတ်ဝင်စားသွားပြီး မေးမြန်းလိုက်၏။

"ဟင်းလင်းပြင် တာအိုစွမ်းအားကို ထိန်းချုပ်နိုင်တဲ့ ပါရမီရှင် ဟုတ်လား... သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်က ဘယ်လောက်လဲ"

အင်မော်တယ်တစ်သောင်း နန်းတော်မှ မူလဝိညာဉ်အဆင့် နှောင်းပိုင်း ဘိုးဘေးကြီး ကူယန်က မျက်မှောင်ကြုတ်လိုက်သော်လည်း ဆက်ပြောလိုက်သည်။

"မူလဝိညာဉ်အဆင့်က လူငယ်လေး တစ်ယောက်ပါပဲ"

ပါထျန်း မြို့စားကြီး၏ မျက်လုံးများက အရောင်လက်သွားပြီး အသံကျယ်ကျယ်ဖြင့် ပြောလိုက်၏။

"ဟင်းလင်းပြင် တာအိုစွမ်းအားကို မင်း ထိန်းချုပ်ထားနိုင်မှတော့ မင်းက ဒီမြေကမ္ဘာအင်မော်တယ်စံအိမ်မှာပဲ မြေမြှုပ်ခံရမယ့် ကံကြမ္မာရှိနေပုံရတယ်... ငါတို့ တာ့ယန် အင်မော်တယ်မင်းဆက်ကို လာပြီး ပူးပေါင်းလိုက်ပါ... မင်း မူလဝိညာဉ်အဆင့်ကို ချိုးဖြတ်နိုင်ဖို့ ငါ ပါထျန်း မြို့စားကြီးက အာမခံတယ်"

လောကကြီးတစ်ခုလုံး တိတ်ဆိတ်သွားတော့သည်။

အဝေးတစ်နေရာ။

လီဟော့ နန်းတော်၊ ကိုးဝိညာဉ် အင်မော်တယ်တောင်နှင့် အရှင်သခင်ဆယ်ပါး အင်မော်တယ်မြို့တော် စသည့် အင်အားစုများမှ လူများသည် ဤရယ်စရာကောင်းသော ပြဇာတ်ကို တိတ်ဆိတ်စွာ စောင့်ကြည့်နေကြသည်။ ပန်းချီကားလိပ်ထဲမှ ရေခဲဘီလူးကြီး၏ အလောင်းကောင် ထွက်ပေါ်လာသည်ကို မြင်လိုက်ရချိန်တွင် လူအများအပြား၏ မျက်နှာအမူအရာတို့ ပြောင်းလဲသွားခဲ့၏။

တာ့ချန် ကျင့်ကြံခြင်းကမ္ဘာ တစ်ခုလုံးတွင် အဆင့်ငါး ပန်းချီဆရာဟူ၍ တစ်ယောက်မျှ မရှိပေ။ ထို့ကြောင့် အဆင့်ငါး ပန်းချီကားကို မြင်တွေ့ရခြင်းက အလွန် ရှားပါးလှသည်။ မူလဝိညာဉ်အဆင့်ထက် သာလွန်သော ရေခဲဘီလူးကြီး၏ အလောင်းကောင် ပေါ်ထွက်လာမှုက လူအများ၏ မျက်လုံးများကို ပွင့်သွားစေခဲ့၏။

'ပန်းချီပညာကလည်း ဒီလိုအဆင့်အထိ ရောက်နိုင်တာလား...'

သို့သော်ငြား ရေခဲဘီလူးကြီး အလောင်းကောင်၏ ပုဆိန်သည် မျက်တောင်တစ်ခတ်အတွင်း အင်မော်တယ်တစ်သောင်း နန်းတော်မှ လူစုအပေါ်သို့ ကျရောက်သွားချိန်တွင်တော့ ဤဟာသဆန်ဆန် မြင်ကွင်းက လူအများအပြားကို မယုံနိုင်လောက်အောင် မှင်သက်သွားစေခဲ့သည်။

ထို့နောက် ရေခဲဘီလူးကြီး အလောင်းကောင် ပျောက်ကွယ်သွားခြင်းနှင့် ပန်းချီကားလိပ် သူ့အလိုလို မီးလောင်ကျွမ်းသွားခြင်းတို့က လူတိုင်းကို တိတ်ဆိတ်သွားစေခဲ့၏။

မြေကမ္ဘာအင်မော်တယ်စံအိမ်တွင် ဟင်းလင်းပြင် တာအိုစွမ်းအားကို ထိန်းချုပ်နိုင်သူ အမှန်တကယ် ရှိနေပေသည်။ ဤအဖြစ်က လူတိုင်း၏ စိတ်ထဲတွင် ပေါ်လာခဲ့ပြီး ဟင်းလင်းပြင် တာအိုစွမ်းအား၏ ကြောက်မက်ဖွယ် ကောင်းမှုက လူတိုင်းကို အံ့အားသင့်သွားစေခဲ့သည်။

အကယ်၍ တူညီသော ကျင့်ကြံခြင်းအဆင့်ဖြင့် ထိုသူနှင့် ရင်ဆိုင်ရမည်ဆိုလျှင်...

လူတိုင်း တိတ်ဆိတ်နေကြသော်လည်း မည်သူကမျှ မိမိကိုယ်ကိုယ် ယုံကြည်မှု မရှိကြပေ။

ဟင်းလင်းပြင် တာအိုစွမ်းအား၏ အစွမ်းအစက အလွန်တရာ ထူးခြားလွန်းလှပေသည်။

"ဝှီး..."

ထိုအခိုက် ကျက်သရေရှိလှသော ပုံရိပ်တစ်ခုက မြေကမ္ဘာအင်မော်တယ်စံအိမ်မှ ထွက်ပေါ်လာ၏။ မျက်တောင်တစ်ခတ်အတွင်း ထိုပုံရိပ်က လူတိုင်း၏ ရှေ့မှောက်တွင် ပေါ်လာခဲ့သည်။ အဝါနုရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး မည်သည့် တန်ဆာဆင်မှုမျှ မရှိသော်လည်း သာမန် အင်မော်တယ်များတွင် မရှိသော ထူးကဲသည့် အရှိန်အဝါမျိုးကို ထုတ်လွှင့်နေသည်။

ဟင်းလင်းပြင်ကဲ့သို့ ပေါ့ပါးသော အသံတစ်သံက လူတိုင်း၏ နားထဲတွင် ပဲ့တင်ထပ်သွား၏။

"ကူယန်... ပါထျန်း မြို့စားကြီး... ရှင်တို့က စစ်ပွဲစချင်တယ်ဆိုရင်လည်း တိုက်ရိုက်သာ ပြောလိုက်ပါ... ကိုယ့်ကိုယ်ကိုယ် အရူးဖြစ်စေမယ့် ဒီလို အသေးအဖွဲ လှည့်ကွက်တွေ သုံးနေဖို့ မလိုပါဘူး"

"ပွဲတော်ကို တက်ရောက်ချင်တယ်ဆိုရင်တော့ ပြဿနာရှာတာကို ရပ်လိုက်ပါ... ဧည့်သည်တစ်ယောက်လို ဘယ်လို နေထိုင်ရမလဲဆိုတာ သိထားဖို့ ကောင်းတယ်"

ထိုသူကို မြင်လိုက်ရချိန်တွင် ကူယန်၏ မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွားသည်။

"ထိုက်ရှီး"

အရှင်သခင်ကြီး ထိုက်ရှီးသည် မြေကမ္ဘာအင်မော်တယ်စံအိမ်၏ ရှေးဟောင်း အရှင်သခင်ကြီးများထဲမှ တစ်ဦးဖြစ်ပြီး မြေကမ္ဘာအင်မော်တယ်စံအိမ်အတွင်း၌ သူ သတိထားရပြီး အထင်မသေးရဲသည့် လူအနည်းငယ်ထဲမှ တစ်ဦးလည်း ဖြစ်သည်။

ကူယန်က ရယ်မောလိုက်ပြီး စကားဆိုလိုက်၏။

"အရှင်သခင်ကြီး ထိုက်ရှီးက နောက်နေပြန်ပါပြီ... တာ့ချန် ကျင့်ကြံခြင်းကမ္ဘာမှာ ကျွန်တော်တို့ အင်မော်တယ်ဂိုဏ်းနှစ်ခုက အမြဲတမ်း မိတ်ဆွေကောင်းတွေ ဖြစ်ခဲ့တာပါ... ခင်ဗျားတို့ရဲ့ မြေကမ္ဘာအင်မော်တယ်စံအိမ်နဲ့ စစ်ပွဲစဖို့ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

"ဒါ့အပြင် ဒီနေ့က ဟုန်ယွဲ့ရဲ့ အဆင့်ချိုးဖြတ်နိုင်မှုကို ဂုဏ်ပြုတဲ့ နေ့ထူးနေ့မြတ်ပဲလေ... ဂုဏ်ပြုဖို့အတွက် အသုံးမကျတဲ့ မျိုးဆက်သစ် လူငယ်လေး တစ်ချို့ကို ကျွန်တော် ကိုယ်တိုင် ခေါ်လာခဲ့တာပါ"

"ဒါပေမဲ့ ပွဲတော်မစခင်လေးမှာ ကျွန်တော်တို့ အင်မော်တယ်တစ်သောင်း နန်းတော်ကနေ အကြံပြုချက်လေး တစ်ခုလောက် ရှိပါတယ်"

ကောင်းကင်ယံတွင် မလှမ်းမကမ်း၌ ရပ်နေသော အရှင်သခင်ကြီး ထိုက်ရှီးက အင်မော်တယ်တစ်သောင်း နန်းတော်မှ လူများကို တည်ငြိမ်စွာ ကြည့်လိုက်ပြီး စကားဆိုလိုက်သည်။

"ပြော.."

ကူယန် - ...

'ခွေးမ... ဒီမိန်းမက ဘယ်လို လေသံမျိုးနဲ့ ပြောနေတာလဲ... သူ့ကိုယ်သူ အထက်လူကြီးလို့များ ထင်နေတာလား...'

သို့သော်လည်း သူက အသက်ကို ခပ်ဖွဖွ ရှူသွင်းလိုက်ပြီး ဖြည်းညှင်းစွာ ဆက်ပြောလိုက်၏။

"တာ့ချန် အင်မော်တယ်မဟာမိတ်အဖွဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ခင်ဗျားတို့ မြေကမ္ဘာအင်မော်တယ်စံအိမ်က ဒါကို စတင်ဖို့ အရည်အချင်း မပြည့်မီသေးဘူး... ဒါကြောင့် ဒီကိစ္စကို ကျွန်တော်တို့ အင်မော်တယ်တစ်သောင်း နန်းတော်ကပဲ တာဝန်ယူသင့်တယ်"

"တာ့ချန် အင်မော်တယ်မဟာမိတ်အဖွဲ့ကို တည်ထောင်ပြီး ဆယ်နှစ်အတွင်းမှာ တာ့ချန် ကျင့်ကြံခြင်းကမ္ဘာ ငြိမ်းချမ်းစေရမယ်လို့ ကျွန်တော်တို့ အင်မော်တယ်တစ်သောင်း နန်းတော်က အာမခံပါတယ်"

သို့သော်ငြား အရှင်သခင်ကြီး ထိုက်ရှီးက ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်ပြီး စကားဆိုလိုက်သည်။

"ဒါက ဘာတွေ အရေးကြီးနေလို့လဲ... ရှင်တို့ အင်မော်တယ်တစ်သောင်း နန်းတော်အနေနဲ့ အခြားအင်အားစုတွေက မိတ်ဆွေတွေကို ဆက်သွယ်ပြီး ကိုယ်ပိုင် အင်မော်တယ်မဟာမိတ်အဖွဲ့ကို ဖွဲ့စည်းနိုင်တာပဲ... အင်မော်တယ်တစ်သောင်း နန်းတော် မဟာမိတ်အဖွဲ့ပဲဖြစ်ဖြစ် တာ့ယန် အင်မော်တယ်မဟာမိတ်အဖွဲ့ပဲဖြစ်ဖြစ် ဒါက ရှင်တို့ သဘောပဲလေ"

"အဲဒါက ကျွန်မတို့ မြေကမ္ဘာအင်မော်တယ်စံအိမ်နဲ့ ဘာဆိုင်လို့လဲ"

"ဒါပေမဲ့ ရှင်တို့ အင်မော်တယ်တစ်သောင်း နန်းတော်က ဒါကို မလုပ်နိုင်ဘူးဆိုရင်တော့ ကျွန်မ ပြောခဲ့တာတွေကို မေ့လိုက်ပါ"

"ဘယ်လိုပဲဖြစ်ဖြစ် ဒါက တာ့ချန် ကျင့်ကြံခြင်းကမ္ဘာမှာရှိတဲ့ တာအိုမိတ်ဆွေ အသီးသီးရဲ့ ရွေးချယ်မှုပဲလေ... ကျွန်မတို့ မြေကမ္ဘာအင်မော်တယ်စံအိမ်က ဒါကို ပြောင်းလဲပေးနိုင်မှာ မဟုတ်ဘူး"

ကူယန်သည် အရှင်သခင်ကြီး ထိုက်ရှီး ပြောသည်ကို နားထောင်ပြီးနောက် အခြားသော အဓိပ္ပာယ် တစ်မျိုးကိုပါ ကြားလိုက်ရ၏။

သူတို့၏ အင်မော်တယ်တစ်သောင်း နန်းတော်အပေါ် သရော်မှုနှင့် အထင်အမြင်သေးမှုများ ပြည့်နှက်နေသော အဓိပ္ပာယ်ပင် ဖြစ်သည်။

ဤကိစ္စက ကူယန်၏ ဖန်သားကဲ့သို့သော မာနကို လုံးဝ ရိုက်ချိုးပစ်လိုက်ပြီး ဤမိန်းမကို အပိုင်းပိုင်းအစစ ဆုတ်ဖြဲပစ်ချင်စိတ်များ တဖွားဖွား ပေါ်ပေါက်လာတော့သည်။

'ငါတို့သာ လုပ်နိုင်ရင်... မင်းတို့ မြေကမ္ဘာအင်မော်တယ်စံအိမ်ရဲ့ အလှည့် ရောက်လာပါ့မလားကွ…’

All Chapters