အခန်း ၇၉၁
Vol. 53 Ch. 791
အခန်း (၇၉၁) - တာအိုသခင်ကြီးများနှင့် ဗုဒ္ဓအရှင်သခင်များ တစ်ပြိုင်နက်တည်း ပေါ်ထွက်လာခြင်း.. ရွှေချို ဆုတောင်း ဧရာမဆင်ကြီး ဝင်ရောက်လာခြင်း (၂)
ထိုသူနှစ်ဦးအနက် တစ်ဦးမှာ ယွီလုံနန်းတော်၏ နောက်ကွယ်မှ တစ်ဦးတည်းသော တာအိုသခင်ကြီးဖြစ်သည့် တာအိုသခင်ကြီး မော့လုံ ဖြစ်သည်။
အဖြူရောင်ဝတ်စုံဝတ် အလှမယ်မှာ ကိုးဝိညာဉ် အင်မော်တယ်တောင်၏ တစ်ဦးတည်းသော ပကတိဟင်းလင်းပြင် အဆင့် တာအိုသခင်ကြီး ဖြစ်သည့် တာအိုသခင်ကြီး ကျိုလင် ပင်တည်း။
တာအိုသခင်ကြီး မော့လုံနှင့် တာအိုသခင်ကြီး ကျိုလင်တို့၏ အရှိန်အဝါများမှာ ပကတိဟင်းလင်းပြင် အဆင့်၏ ဒုတိယအလွှာတွင် အသီးသီးရှိနေကြပြီး လီဟော့နန်းတော်မှ တာအိုဆရာ ထျန်းဟော့ထက် အနည်းငယ် အားနည်းနေလေသည်။
ထိုသူနှစ်ဦး ပေါ်ထွက်လာပြီးနောက် အရပ်ပုပုနှင့် ပုံရိပ်တစ်ခု ထပ်မံရောက်ရှိလာ၏။
ထိုသူမှာ အရပ်ခြောက်ပေခန့်သာ ရှိမည်ဖြစ်ပြီး သာမန်ရုပ်ရည်နှင့် အနည်းငယ် အရုပ်ဆိုးသော အသွင်အပြင်ရှိသည်။ သို့သော်ငြား သူ၏အရှိန်အဝါက တည်ငြိမ်နေပြီး ရောက်ရောက်ချင်းပင် ထိုနေရာရှိ ပကတိဟင်းလင်းပြင် အဆင့် တာအိုသခင်ကြီး များအားလုံးကို နှုတ်ခွန်းဆက်လေတော့သည်။
"တာအိုမိတ်ဆွေ လော့ဟယ်.. ငါတို့ မတွေ့ရတာ နှစ်တစ်ရာတောင် ရှိသွားပြီပဲ.. အားတဲ့အခါ ငါ့ရဲ့ အရှင်သခင်ဆယ်ပါး အင်မော်တယ်မြို့တော်ကို လာလည်ပါဦး"
"အို.. တာအိုမိတ်ဆွေ ထျန်းယန်.. ခင်ဗျားရဲ့ ကျင့်ကြံခြင်းက ပကတိဟင်းလင်းပြင် အဆင့်ရဲ့ တတိယအလွှာကို ရောက်တော့မယ် ထင်တယ်နော်.. ကျွတ် ကျွတ်.. ကျွန်တော်ကတော့ တော်တော်လေး အားကျမိတာပဲ.. ဒီလောက်အချိန်တွေ ကြာသွားတာတောင် ကျွန်တော်က ပကတိဟင်းလင်းပြင် အဆင့်ရဲ့ တတိယအလွှာမှာပဲ ယက်ကန်ယက်ကန် ဖြစ်နေတုန်းပဲ"
"အာ.. တာအိုမိတ်ဆွေ ထျန်းဟော့.. ပြီးခဲ့တဲ့ သားရဲဒီရေလှိုင်းတုန်းက ခင်ဗျားကို အကြွေးတင်သွားတယ်.. ခင်ဗျားရဲ့ မီးတောက်တွေသာ မရှိရင် ကျွန်တော့်ဖင်ကို အဲဒီသားရဲတွေ ကိုက်ဖြဲသွားလောက်ပြီ.. ကျေးဇူးပါဗျာ"
"ဟားဟားဟား.. တာအိုမိတ်ဆွေ မော့လုံနဲ့ ကိုးဝိဉာဉ်.. မတွေ့ရတာ ကြာပြီနော်.. ခင်ဗျားတို့ အားလုံးကို လွမ်းနေတာ"
ထိုသူက တာအိုဆရာ ထျန်းဟော့၊ တာအိုသခင်ကြီး မော့လုံနှင့် တာအိုသခင်ကြီး ကျိုလင်တို့နှင့် မလှမ်းမကမ်းရှိ နေရာတစ်ခုသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းလာရင်း လူတိုင်းနှင့် စကားစမြည် ပြောဆိုနေလေသည်။
ထို့နောက် သူက အားပါးတရ ပြုံးလိုက်ပြီး မေးလိုက်၏။
"သူတို့က တာ့ချန် အင်မော်တယ်မဟာမိတ်အဖွဲ့ကို ဖွဲ့စည်းကြမယ် ဆိုတာ မဟုတ်ဘူးလား.. ဘာလို့ မစသေးတာလဲ"
"ဘုံရည်ရွယ်ချက်တစ်ခုအတွက် ပူးပေါင်းပြီး တာ့ချန် ကျင့်ကြံခြင်းကမ္ဘာရဲ့ ငြိမ်းချမ်းရေးကို ကာကွယ်စောင့်ရှောက်တာက ကောင်းတဲ့ကိစ္စပဲလေ..ကျုပ်ရဲ့ အရှင်သခင်ဆယ်ပါး အင်မော်တယ်မြို့တော်ကလည်း သေချာပေါက် ပါဝင်ရမှာပေါ့"
တစ်ချိန်တည်းမှာပင် အင်မော်တယ်တစ်သောင်း နန်းတော်မှ တာအိုသခင်ကြီး နှစ်ပါး၏ မျက်နှာများမှာ အနည်းငယ် ညိုမည်းသွားကြသည်။ သူတို့က ထိုသူ့ကို စိုက်ကြည့်ကာ ဖြည်းညှင်းစွာ စကားဆိုလိုက်၏။
"တာအိုဆရာ ရှစ်ဝမ်.. ပြီးခဲ့တဲ့နှစ်တွေတစ်လျှောက်လုံး ငါတို့က အရှင်သခင်ဆယ်ပါး အင်မော်တယ်မြို့တော်ကို တော်တော်လေး ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့တာပါ.. မင်း အခုလုပ်နေတဲ့ လုပ်ရပ်က မိတ်ဆွေဟောင်းတစ်ယောက်အတွက်တော့ တော်တော်လေး စိတ်ပျက်စရာ ကောင်းတယ်"
တာအိုဆရာ ရှစ်ဝမ်မှာ အံ့အားသင့်သွားဟန် ရှိသည်။ သူက ထိုသူနှစ်ဦးကို ကြည့်ကာ နားမလည်နိုင်စွာဖြင့် မေးလိုက်၏။
"ခင်ဗျားတို့ နှစ်ယောက်က တာ့ချန် အင်မော်တယ်မဟာမိတ်အဖွဲ့ ဖွဲ့စည်းတာကို ဆန့်ကျင်နေတာလား.. ဒါပေမဲ့ အဲဒါက ကျုပ်တို့ တာ့ချန် ကျင့်ကြံခြင်းကမ္ဘာအတွက် ကောင်းတဲ့ကိစ္စပဲ မဟုတ်ဘူးလား"
"အင်မော်တယ်တစ်သောင်း နန်းတော်ကလည်း ကျုပ်တို့ တာ့ချန် ကျင့်ကြံခြင်းကမ္ဘာမှာ ထိပ်တန်းအဆင့်ရှိတဲ့ အင်မော်တယ်ဂိုဏ်းတစ်ခုပဲလေ.. ကျုပ် အမြင်ကို ပြောရရင် တာအိုသခင်ကြီးတွေဖြစ်ကြတဲ့ ခင်ဗျားတို့ နှစ်ယောက်အနေနဲ့ အင်မော်တယ်တစ်သောင်း နန်းတော်ကိုလည်း ပါဝင်ခွင့်ပေးသင့်တယ်.. ပြီးတော့ တာ့ချန် ကျင့်ကြံခြင်းကမ္ဘာရဲ့ စည်းမျဉ်းနဲ့ တည်ငြိမ်မှုကို ကျုပ်တို့ အတူတူ ထိန်းသိမ်းကြတာပေါ့"
"ဒါက ပစ္စုပ္ပန်ရော အနာဂတ်အတွက်ပါ အကျိုးရှိစေတဲ့ ကြီးကျယ်ခမ်းနားတဲ့ ကိစ္စကြီးပဲလေ"
အင်မော်တယ်တစ်သောင်း နန်းတော်မှ တာအိုသခင်ကြီး ထျန်းယန်၏ မျက်နှာက ပို၍ ညိုမည်းသွားပြီး ဖြည်းညှင်းစွာ စကားဆိုလိုက်၏။
"မဟာမိတ်အဖွဲ့ ဖွဲ့စည်းတာက ကောင်းတဲ့ကိစ္စ ဖြစ်တာ မှန်ပေမဲ့..."
သူ စကားပြော၍ပင် မဆုံးသေးမီ တာအိုဆရာ ရှစ်ဝမ်က အသံကျယ်ကျယ်ဖြင့် ရယ်မောကာ စကားဖြတ်ပြောလိုက်လေသည်။
"ဟုတ်တယ်.. ဟားဟားဟား.. ဟုတ်တယ်.. တာအိုမိတ်ဆွေ ထျန်းယန်ကလည်း ဒါကို ကောင်းတဲ့ကိစ္စလို့ ထင်နေမှတော့ သိပ်ကောင်းတာပေါ့"
"ငါတို့ အားလုံး အထဲဝင်ပြီး အတူတူ ဆွေးနွေးကြတာပေါ့"
အင်မော်တယ်တစ်သောင်း နန်းတော်မှ တာအိုသခင်ကြီး ထျန်းယန်၏ မှုန်ကုပ်နေသော မျက်နှာကို မြင်လိုက်ရချိန်တွင် တာအိုသခင်ကြီး ကျိုလင်မှာ တော်တော်လေး ကျေနပ်ပျော်ရွှင်သွားခဲ့သည်။
သာမန်ရုပ်ရည်သာရှိသော အရှင်သခင်ဆယ်ပါး အင်မော်တယ်မြို့တော်မှ တာအိုဆရာ ရှစ်ဝမ်သည် ဤအခိုက်အတန့်တွင် သူ့မျက်စိထဲ၌ အနည်းငယ် ချစ်စရာကောင်းနေသယောင်ပင် ထင်မှတ်လိုက်ရ၏။
သူ၏ပါးစပ်က အနည်းငယ် စကားများသော်လည်း လုံးဝ အသုံးမကျသည်တော့ မဟုတ်ပေ။
ထိုအခိုက် တာ့ယန် အင်မော်တယ်ဧကရာဇ်က သူ၏လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်ရာ ပုံရိပ်နှစ်ခုက သူ၏ဘေးတွင် ပေါ်ထွက်လာ၏။ သူတို့မှာ အလွန်အိုမင်းရင့်ရော်နေဟန်ရှိပြီး သူတို့၏ ကျင့်ကြံခြင်းက ပကတိဟင်းလင်းပြင် အဆင့်၏ ပထမအလွှာနှင့် ဒုတိယအလွှာတွင်သာ ရှိသော်ငြား ပကတိဟင်းလင်းပြင် အဆင့်ရှိ တာအိုသခင်ကြီး နှစ်ပါးပင် ဖြစ်ကြပေသည်။
သူတို့အပါအဝင် အင်မော်တယ်တစ်သောင်း နန်းတော်နှင့် တာ့ယန် အင်မော်တယ်မင်းဆက်တို့ဘက်တွင် ပကတိဟင်းလင်းပြင် အဆင့် စတုတ္ထအလွှာရှိ တာအိုသခင်ကြီး နှစ်ပါးနှင့် ပကတိဟင်းလင်းပြင် အဆင့် အစောပိုင်း တာအိုသခင်ကြီး သုံးပါးတို့ ရှိသွားလေပြီ။
အခြားတစ်ဖက်တွင်မူ မြေကမ္ဘာအင်မော်တယ်စံအိမ်ဘက်၌ အရှင်သခင်ဆယ်ပါး အင်မော်တယ်မြို့တော်မှ တာအိုဆရာ ရှစ်ဝမ်၊ လီဟော့ နန်းတော်မှ တာအိုဆရာ ထျန်းဟော့၊ ယွီလုံနန်းတော်မှ တာအိုသခင်ကြီး မော့လုံနှင့် ကိုးဝိညာဉ် အင်မော်တယ်တောင်မှ တာအိုသခင်ကြီး ကျိုလင်တို့ ရှိနေသည်။ ရွှေဝိညာဉ်မိစ္ဆာအရှင်သခင်နှင့် တာအိုသခင်ကြီး ဟုန်ယွဲ့တို့နှင့် ပေါင်းလိုက်လျှင်ပင် သူတို့ထံတွင် တာအိုသခင်ကြီး ခြောက်ပါးသာ ရှိလေသည်။
သူတို့ထဲမှ မည်သူကမျှ ပကတိဟင်းလင်းပြင် အဆင့်၏ အလယ်အလတ်အဆင့်တွင် မရှိကြပေ။
သို့သော်ငြား ဤအခိုက်အတန့်တွင် နောက်ထပ် ပုံရိပ်သုံးခုက ဖြည်းညှင်းစွာ ထွက်ပေါ်လာပြီး တာအိုဆရာ ထျန်းဟော့နှင့် အခြားသူများ၏ဘေးတွင် ရပ်နေလိုက်ကြသည်။ သူတို့က တိတ်ဆိတ်ငြိမ်သက်နေကြပြီး အင်မော်တယ်တစ်သောင်း နန်းတော်နှင့် တာ့ယန် အင်မော်တယ်မင်းဆက်မှ လူများကိုသာ တိတ်ဆိတ်စွာ စောင့်ကြည့်နေကြ၏။
ဤပုံရိပ်သုံးခုအနက် နှစ်ခုမှာ ဆံပင်ဖြူများနှင့် အတော်လေး အိုမင်းရင့်ရော်နေဟန်ရှိပြီး အခြားတစ်ဦးမှာ သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးနှင့် တူလေသည်။ သို့သော်လည်း သူတို့၏ အရှိန်အဝါများက သူတို့အားလုံး ပကတိဟင်းလင်းပြင် အဆင့် အစောပိုင်း တာအိုသခင်ကြီးများ ဖြစ်ကြောင်း ဖော်ပြနေပေသည်။
ပုံရိပ်သုံးခု ပေါ်လာသည်ကို မြင်လိုက်ရချိန်တွင် အင်မော်တယ်ဂိတ်တံခါးအတွင်းရှိ တာအိုသခင်ကြီး ဟုန်ယွဲ့၏ မျက်နှာပေါ်တွင် ဖျော့တော့သော အပြုံးတစ်ခု ပေါ်လာခဲ့သည်။ သူက သူ့ကိုယ်သူ တိုးညှင်းစွာ တွေးလိုက်၏။
'ရွှမ်ဟွမ် အင်မော်တယ်နန်းတော်ရဲ့ တာအိုသခင်ကြီး ရွှမ်ကျိန်း.. ကွမ်ယွမ်နန်းတော်ရဲ့ တာအိုသခင်ကြီး ကွမ်လန်.. ရှန်းဖန်စံအိမ်ရဲ့ တာအိုသခင်ကြီး ရှန်းရီပဲ'
သူတို့အပါအဝင် သူတို့၏ မြေကမ္ဘာအင်မော်တယ်စံအိမ်နှင့် အရှင်သခင်ဆယ်ပါး အင်မော်တယ်မြို့တော်၏ မျှော်လင့်မထားသော အင်အားစုတို့နှင့် ပေါင်းလိုက်လျှင် တာအိုသခင်ကြီး စုစုပေါင်း ကိုးပါးတိတိ ရှိသွားလေပြီ။
ဤကဲ့သို့သော အင်အားစုမျိုးဖြင့်ဆိုလျှင် အင်မော်တယ်တစ်သောင်း နန်းတော်နှင့် တာ့ယန် အင်မော်တယ်မင်းဆက်တို့ ပူးပေါင်းထားမှုကို ရင်ဆိုင်ရလျှင်ပင် သူတို့က လွယ်ကူစွာ ကိုင်တွယ်ဖြေရှင်းနိုင်ပေသည်။
တာ့ယန် အင်မော်တယ်မင်းဆက်သည် ပြင်ပအင်အားစုတစ်ခု ဖြစ်သည်။ အကယ်၍ အင်မော်တယ်တစ်သောင်း နန်းတော်နှင့် တာ့ယန် အင်မော်တယ်မင်းဆက်တို့က အင်အားသုံး၍ လွှမ်းမိုးရန် ကြိုးစားလာပါက နောက်ဆုံးတွင် သူတို့သာ အရှုံးပေါ်သွားလိမ့်မည်။
တာ့ချန် အင်မော်တယ်မဟာမိတ်အဖွဲ့ကို ဖွဲ့စည်းခြင်းက အင်မော်တယ်တစ်သောင်း နန်းတော်နှင့် တာ့ယန် အင်မော်တယ်မင်းဆက်တို့၏ ပူးပေါင်းမှု ပြဿနာကို လုံးဝ ဖြေရှင်းပေးနိုင်ပေသည်။
သို့သော် ဤအရေးကြီးလှသော အချိုးအကွေ့တွင် အခြေအနေက ထပ်မံပြောင်းလဲသွားပြန်၏။
"အော်မိတော်ဖော် ဗုဒ္ဓ"
"ဟဲဟဲ.. ဒီလောက် ဆရာသခင်တွေ အများကြီး ဒီမှာ ရှိနေလိမ့်မယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး"
ထိုနေရာရှိ တာအိုသခင်ကြီးများ အားလုံးက မျက်မှောင်များကို အနည်းငယ် ကြုတ်လိုက်ကြပြီး တစ်နေရာတည်းသို့ စူးစိုက်ကြည့်လိုက်ကြ၏။ မြေပြင်မှနေ၍ ကြီးမားလှသော နေမင်းကြီးနှစ်စင်း ထွက်ပေါ်လာသည့်အလား ထိုဒေသ၏ အောက်ဘက် ကောင်းကင်ယံကို လင်းလက်တောက်ပနေသော ဗုဒ္ဓအလင်းတန်းများက လင်းထိန်သွားစေသည်ကို မြင်တွေ့လိုက်ကြရသည်။
ဤမြင့်မြတ်ပြီး မင်္ဂလာရှိလှသော အရှိန်အဝါက ထိုနေရာရှိ လူတိုင်းကို ဖိနှိပ်ထားသလို ခံစားရစေပြီး အလိုအလျောက် ရွံရှာမုန်းတီးမှုကိုပါ ဖြစ်ပေါ်စေခဲ့သည်။
ငြိမ်းချမ်းနေပုံရသော ဗုဒ္ဓအလင်းတန်းများ၏ အောက်တွင် ပကတိဟင်းလင်းပြင် အဆင့် တာအိုသခင်ကြီး များအားလုံးက နေရာအနှံ့အပြား၌ မိစ္ဆာအရှိန်အဝါများ ပြည့်နှက်နေပြီး ကြောက်မက်ဖွယ်ကောင်းလှသော ဗုဒ္ဓဘာသာ ငရဲပြည်ကြီးနှင့် ဆင်တူသည့် မြင်ကွင်းတစ်ခုကို မြင်တွေ့လိုက်ကြရသည်။
သို့သော်ငြား သင်္ကန်းများကို ဝတ်ဆင်ထားပြီး ညီညွတ်မျှတမှုနှင့် ငြိမ်းချမ်းမှုများ ပြည့်နှက်နေသည့် ရဟန်းနှစ်ပါး ပေါ်ထွက်လာချိန်တွင် လူတိုင်း၏ မျက်နှာအမူအရာတို့က ပို၍ လေးနက်သွားကြတော့သည်။
သူတို့နှစ်ပါးစလုံးမှာ ပကတိဟင်းလင်းပြင် အဆင့်၏ အလယ်အလတ်အဆင့် သခင်ကြီးများ ဖြစ်ကြပြီး တစ်ပါးက ပကတိဟင်းလင်းပြင် အဆင့်၏ စတုတ္ထအလွှာတွင် ရှိကာ အခြားတစ်ပါးက ပဉ္စမအလွှာတွင် ရှိနေလေသည်။
ပကတိဟင်းလင်းပြင် အဆင့် ပဉ္စမအလွှာရှိ ဗုဒ္ဓအရှင်သခင်က ထိုနေရာရှိ လူတိုင်းကို တစ်ချက် ဝေ့ကြည့်လိုက်၏။ သူ၏ ငြိမ်းချမ်းသော အကြည့်များက နောက်ဆုံးတွင် အင်မော်တယ်ဂိတ်တံခါးအတွင်းရှိ တာအိုသခင်ကြီး ဟုန်ယွဲ့ အပေါ်သို့ ကျရောက်သွားလေသည်။ သူက အပြုံးရိပ်တစ်ခုကို ပြသလိုက်ပြီး လေးစားမှုပြသသည့်အနေဖြင့် လက်အုပ်ချီကာ အနည်းငယ် အရိုအသေပေးလိုက်ပြီး စကားဆိုလိုက်တော့သည်။
"အော်မိတော်ဖော် ဗုဒ္ဓ”