အခန်း ၇၉၄
Vol. 53 Ch. 794
အခန်း (၇၉၄) ခြေတစ်လှမ်းလှမ်းလိုက်တိုင်း ကောင်းကင်နှင့် မြေပြင် တုန်ခါသွားခြင်း (အပိုင်း ၂)
လီဟော့ တာအိုသခင်ကြီး၊ ကိုးဝိညာဉ် တာအိုသခင်ကြီး၊ ရှစ်ဝမ် တာအိုသခင်ကြီးတို့နှင့် အခြားသော တာအိုသခင်ကြီးများသည် ထိတ်လန့်တုန်လှုပ်သွားကြပြီးနောက် မျက်နှာအရောင်များ ပြောင်းလဲသွားသည့် အင်မော်တယ် တစ်သောင်း တာအိုသခင်ကြီးထံသို့ ပြန်လည် အာရုံရောက်သွားကြသည်။ သူတို့သည် သူ့ကို အထင်သေးသော အကြည့်ဖြင့်သာ ကြည့်လိုက်မိ၏။
အလွန်ပင် ကြောက်ရွံ့တတ်သူပါတကား။
စောစောပိုင်းက သူ၏ ကြောက်မက်ဖွယ်ကောင်းသော အမူအရာများမှာ မြေကမ္ဘာအင်မော်တယ် စံအိမ်တော်၏ နောက်ကွယ်မှ အားကောင်းသော အထောက်အပံ့ကို မြင်လိုက်ရသည်နှင့် သိုးငယ်လေးတစ်ကောင်ကဲ့သို့ အမူအရာများ ဖြစ်သွားလေသည်။
သို့သော်ငြားလည်း အင်မော်တယ် တစ်သောင်း နန်းတော်က ခေါင်းငုံ့သွားသည်ကို မြင်လိုက်ရချိန်တွင်မူ ၎င်းတို့နှင့် မသက်ဆိုင်သော်လည်း လီဟော့ တာအိုသခင်ကြီးနှင့် အခြားသူတို့မှာ အနည်းငယ် ကျေနပ်မိသွားကြ၏။
အင်မော်တယ် တစ်သောင်း နန်းတော်သည် ကြာမြင့်စွာပင် မောက်မာလွန်းခဲ့သည်။ ဘယ်သူများ သူတို့ကို မဆုံးမဖူးဘဲ ရှိပါ့မလဲ။
သူတို့သည် အင်မော်တယ် တစ်သောင်း နန်းတော်၏ လူများ ခေါင်းငုံ့သွားသည်ကို မြင်တွေ့လိုက်ရခြင်းမှာ အလွန်ပင် စိတ်ကျေနပ်စရာ ကောင်းလှပေသည်။
...
အနီးအနားတွင် နိုးထလာခဲ့ကြသည့် အင်မော်တယ် နန်းတော်၏ ခေါင်းဆောင်နှင့် တာအိုသခင်ကြီး နှစ်ယောက်တို့မှာလည်း အလွန် လေးနက်သော အမူအရာများဖြင့် ရှိနေကြ၏။ သူတို့သည် မသိစိတ်ကပင် ခြေလှမ်း အနည်းငယ် နောက်ဆုတ်လိုက်ပြီး
တာအိုသခင်ကြီး နှစ်ယောက်၏ နောက်ကွယ်တွင်သာ ရပ်နေလိုက်ကြတော့သည်။
တာ့ယန် အင်မော်တယ်မင်းဆက်၏ ဧကရာဇ် သည်လည်း ယခင်ကဲ့သို့ စကားလုံးများဖြင့် ထိုးနှက်ရန် မဝံ့ရဲတော့ဘဲ ရွှေရောင်ဆင်ကြီးမှာ သူတို့နှင့်အတူ နန်းတော်သို့ ပြန်လည် ပါသွားလိမ့်မည်ဟုပင် ပြောဆိုရန် မဝံ့တော့ချေ။
တကယ်လို့သာ သူက စကားပြောမိခဲ့မည် ဆိုလျှင် ရွှေရောင်ဆင်ကြီးက သူတို့ကို လိုက်လံ တိုက်ခိုက်ပြီး တာ့ယန် အင်မော်တယ်မင်းဆက်ဆီအထိ လိုက်ပါလာလိမ့်မည်သာ ဖြစ်သည်။
တာ့ယန် အင်မော်တယ်မင်းဆက်၏ အင်အားနှင့် သူကိုယ်တိုင်၏ အရည်အချင်းကို ဧကရာဇ် ကောင်းကောင်း သိနားလည်ထား၏။
သူ့စိတ်ထဲတွင်လည်း "အခုပဲ ထွက်ခွာဖို့ ပြင်ကြတော့.. ဒီအချိန်ကစပြီး တာ့ယန် အင်မော်တယ်မင်းဆက်အနေနဲ့ တာ့ချန် အင်မော်တယ် ကမ္ဘာ့ကိစ္စရပ်တွေကို ဝင်ရောက် စွက်ဖက်တော့မှာ မဟုတ်ဘူး" ဟုသာ အသံလွှင့် မှာကြားလိုက်တော့၏။
ကျန်ရှိနေသော တာ့ယန် အင်မော်တယ်မင်းဆက်မှ တာအိုသခင်ကြီး နှစ်ယောက်မှာလည်း နားလည်သွားကြသည်။
အခြား တစ်နေရာတွင် အလယ်အလတ်အဆင့် ပကတိဟင်းလင်းပြင် အဆင့်
ပုတူ ဗုဒ္ဓဂိုဏ်းမှ ဗုဒ္ဓအရှင်သခင် နှစ်ပါးမှာလည်း.. ပထမဆုံး ရောက်ရှိလာစဉ်ကဲ့သို့ မောက်မာပြီး မြင့်မားလှသော ပုံစံမျိုး မရှိတော့ပေ။
သူတို့၏ လက်များမှာ အနည်းငယ် တုန်ရီနေခဲ့ပြီး သူတို့၏ ကိုယ်ခန္ဓာမှ ဗုဒ္ဓအလင်းတန်းများနှင့် အရှိန်အဝါများသည် အစွန်းရောက်သည်အထိ ပြန်လည် ရုပ်သိမ်းသွားကာ လူတိုင်း သူတို့ကို လျစ်လျူရှုထားစေရန် ရည်ရွယ်၍ ပုံရိပ်ယောင် လူသားများအဖြစ် ပြောင်းလဲရန် ကြိုးပမ်းနေကြသည်။
သူတို့ နှစ်ပါးသည် မြေကမ္ဘာအင်မော်တယ် စံအိမ်တော်၏ အင်မော်တယ် ဂိတ်ပေါက်မှ ထွက်ပေါ်လာသော ရွှေရောင် ဦးချိုပါသည့် ဆင်ကြီးကို ကြည့်ရှုနေကြပြီး သူတို့၏ မျက်လုံးများမှာ ထိတ်လန့်မှုတို့ဖြင့် ပြည့်နှက်နေ၏။
သူတို့ နှစ်ပါးစလုံးမှာ မယုံကြည်နိုင်စွာပင် ဖြစ်သွားကြသည်။
"နတ်ဘုရား ရုပ်သေး..."
"ဒါက အဆင့်မြင့် ပဉ္စမအလွှာ နတ်ဘုရား ရုပ်သေး တစ်ရုပ်ပဲ... မြေကမ္ဘာအင်မော်တယ် စံအိမ်တော်မှာ ဒီလိုမျိုး ရှိနေလိမ့်မယ်လို့ ဘယ်သူကများ ထင်ထားမိမှာလဲ"
ရွှေရောင် ဆင်ကြီးသည် မြေကမ္ဘာအင်မော်တယ် စံအိမ်တော်၏ အင်မော်တယ် ဂိတ်ပေါက်မှ ထွက်လာစဉ် သူတို့နှစ်ပါးလုံး တုန်ရီနေခဲ့ကြသည်။
သူတို့ နှစ်ပါးစလုံးသည် သူတို့၏ ဗုဒ္ဓအလင်းတန်းများနှင့် အရှိန်အဝါများကို ပြန်လည် ရုပ်သိမ်းပြီးနောက် ရွှေရောင် ဆင်ကြီး ပေါ်လာသည်ကို အနည်းငယ်မျှသာ ကြည့်ရှုလိုက်မိကြပြီး ချက်ချင်းပင် ဤနေရာမှ ထွက်ခွာသွားရန် စီစဉ်လိုက်ကြသည်။
ထွက်ခွာရန် အချိန်တန်ပြီ။
အခြေအနေမှာ သူတို့၏ ထိန်းချုပ်မှု အတိုင်းအတာကို ကျော်လွန်သွားခဲ့ပြီ ဖြစ်၏။ အကယ်၍သာ သူတို့ မထွက်ခွာသွားခဲ့လျှင် သူတို့ ထွက်ခွာနိုင်တော့မည် မဟုတ်ချေ။
သို့သော်ငြား မူလက မြေကမ္ဘာအင်မော်တယ် စံအိမ်တော်၏ အင်မော်တယ် ဂိတ်ပေါက်အတွင်း၌သာ ဖြည်းညင်းစွာ လှည့်လည်နေသော ရွှေရောင် ဦးချိုပါသည့် ဆင်ကြီးမှာ ရုတ်တရက် ပျောက်ကွယ်
သွားတော့၏။
အပြင်ဘက်တွင်မူ တာအိုသခင်ကြီး တစ်ယောက်ပြီး တစ်ယောက် ထိတ်လန့်လာကြသည်။ သူတို့၏ ဝိညာဉ် အာရုံခံနိုင်စွမ်းမှာ ခြိမ်းခြောက်မှု တစ်ခုကြောင့် အမြင့်ဆုံး အဆင့်ထိ သတိထားနေမိကြသည်။
သို့သော် သူတို့ ထွက်ခွာရန် ပြင်ဆင်နေချိန်၌ ဝေးလံသော ကောင်းကင်ပြင်မှ ဧရာမ ရွှေရောင် ခြေထောက်ကြီး တစ်ဖက် ကောင်းကင်မှ ကျဆင်းလာခဲ့သည်။ မြေကမ္ဘာအင်မော်တယ် စံအိမ်တော်၏ အလယ်ဗဟိုမှ ပုတူ ဗုဒ္ဓဂိုဏ်းမှ ဗုဒ္ဓအရှင်သခင် နှစ်ပါး ရှိရာဆီသို့ စတင် ခြေလှမ်း လှမ်းနေ၏။
အဆိုပါ ရွှေရောင် ခြေထောက်မှာ အလွန်ပင် ကြီးမားလှပြီး တောင်ကြီး တစ်ခုအလား နေရောင်ကိုပင် ပိတ်ဆို့ထားသကဲ့သို့ ရှိသည်။ မြေကမ္ဘာအင်မော်တယ် စံအိမ်တော်၏ အင်မော်တယ် ဂိတ်ပေါက်အတွင်းရှိ ကမ္ဘာကြီးမှာ ချက်ချင်းပင် မှောင်မည်းသွားပြီး ဧရာမ တောင်ကြီးလို ရွှေရောင် ခြေထောက် တစ်ဖက်သာ မြင်တွေ့နေရကာ မြေပြင်ပေါ်သို့ နင်းချလိုက်တော့၏။
"အမြန်ပြေး..."
ပုတူ ဗုဒ္ဓဂိုဏ်းမှ ဗုဒ္ဓအရှင်သခင် နှစ်ပါး၏ မျက်နှာပြင်မှာ ရုတ်တရက် ပြောင်းလဲသွားပြီး သူတို့၏ ခန္ဓာကိုယ်မှ ဗုဒ္ဓအလင်းတန်းများမှာ တောက်ပလာကာ တစ်ကမ္ဘာလုံးကို လင်းထိန်သွားစေ၏။ သူတို့၏ ကိုယ်ခန္ဓာ ပတ်လည်ရှိ ဟင်းလင်းပြင်များမှာလည်း လျင်မြန်စွာ လှိုင်းထသွားကာ ဟင်းလင်းပြင် အတွင်းသို့ အမြန်ဆုံး ထွက်ပြေးရန် ကြိုးစားနေကြဆဲ ဖြစ်ပေသည်။
သူတို့သာ ဟင်းလင်းပြင် အတွင်းသို့ ထွက်ပြေးနိုင်ခဲ့မည် ဆိုပါက ဤ ခြေထောက်ကို ရှောင်တိမ်းနိုင်ရန် အခွင့်အရေး ရှိနိုင်ပေမည်။
အင်အား တစ်စုံတစ်ရာက ဟင်းလင်းပြင် အတွင်းသို့ ဝင်ရောက်နိုင်ခဲ့လျှင်ပင် ဤ ခြေထောက်ကို တိုက်ရိုက် ရင်ဆိုင်ခြင်းထက် ပို၍ ကောင်းမွန်နေပေလိမ့်မည်။
သို့သော်ငြားလည်း သူတို့ ဟင်းလင်းပြင် အတွင်းသို့ ထွက်ပြေးရန် ကြိုးစားလိုက်ချိန်တွင် ဤနေရာရှိ ဟင်းလင်းပြင်မှာ အလွန်ပင် တည်ငြိမ်သွားခဲ့ကြောင်း အံ့အားသင့်စွာ တွေ့ရှိလိုက်ကြရသည်။
သူတို့ နှစ်ပါးစလုံးမှာ ဟင်းလင်းပြင် အလယ်အလတ်အဆင့်ရှိ်လည်း အချိန်တို အတွင်းတွင်ပင် ဟင်းလင်းပြင်ကို ဖောက်ထွက်၍ ထွက်ပြေးနိုင်သူများ ဖြစ်ကြ၏။
သို့သော် ယခုအချိန်တွင်တော့ သူတို့ နှစ်ပါးစလုံးမှာ ဤနေရာရှိ ဟင်းလင်းပြင်ကို လုံးဝ မလှုပ်ရှားနိုင်အောင် ဖြစ်သွားကြတော့၏။
"ဝုန်း..."
ကြောက်မက်ဖွယ်ကောင်းသော ခွန်အားတစ်ခုသည် ကျဆင်းလာခဲ့ပြီး ကောင်းကင်မီး တာအိုသခင်ကြီးနှင့် အခြားသူတို့၏ အကြည့်အောက်၌ ရွှေရောင် ဧရာမ ခြေထောက်ကြီး တစ်ခုသည် ကောင်းကင်မှ ကျဆင်းလာခဲ့ကာ ပုတူ ဗုဒ္ဓဂိုဏ်းမှ ဗုဒ္ဓအရှင်သခင် နှစ်ပါးပေါ်သို့ ချက်ချင်းပင် နင်းချလိုက်တော့၏။
အလွန်သေးငယ်သည့် ပုရွက်ဆိတ် နှစ်ကောင်ကို နင်းချလိုက်သကဲ့သို့ပင်။
ခြေထောက် တစ်ဖက် နင်းချလိုက်ချိန်၌ မြေပြင်မှာ အက်ကွဲသွားခဲ့သည်။ စက္ကန့်ပိုင်းအတွင်း၌ပင် ကီလိုမီတာ ထောင်ပေါင်းများစွာရှိသော ကမ္ဘာကြီးမှာ ငလျင်တစ်ခု လှုပ်ခတ်သွားသကဲ့သို့ ဖြစ်ပေါ်လာခဲ့၏။ မြေဆီလွှာများ ပေါက်ကွဲထွက်သွားပြီး တောင်များ ပြိုကျကာ သစ်ပင်များမှာလည်း အရှိန်အဟုန်ပြင်းသော လှိုင်းလုံးများကြောင့် အမှုန့်အဖြစ်သို့ ပြောင်းလဲသွားပြီး အက်ကြောင်းများမှာ ပတ်ဝန်းကျင်သို့ ပြန့်နှံ့သွားတော့သည်။
ကြောက်ခမန်းလိလိ ခွန်အားသည် အရပ်မျက်နှာ အသီးသီးသို့ လွှမ်းခြုံသွားခဲ့သည်။
ဝိညာဉ်ခွဲထွက် အဆင့် အကြီးအကဲများပင်လျှင် နှလုံးသားထဲတွင် ပြင်းထန်သော ထိုးနှက်ချက် တစ်ခုကို ခံစားလိုက်ရသကဲ့သို့ သူတို့၏ မျက်နှာများမှာ အနည်းငယ် ဖျော့တော့သွားခဲ့၏။
အချို့သော မူလဝိညာဉ် တကယ့် အရှင်သခင်များပင် အော်ဟစ်ညည်းတွားသံများကို ထုတ်ဖော်လိုက်မိကြသည်။
သူတို့၏ စိတ်ဆန္ဒများကိုပင် ခံနိုင်ရည် မရှိအောင် ထိတ်လန့်တုန်လှုပ် သွားခဲ့ရ၏။
သူတို့၏ မျက်လုံးများမှာ ပြူးကျယ်သွားခဲ့ပြီး အလယ်ပိုင်းမှ ပေါ်လာသည့် ရွှေရောင် ဦးချိုပါသည့် ဆင်ကြီးမှာ အပြင်ဘက်တွင် ရုတ်တရက် ပေါ်လာခဲ့ပြီးနောက် သူ၏ ခြေထောက်ကို ပြန်လည် မြှောက်လိုက်သည့် အခိုက်အတန့်တွင် သူ၏ ခြေထောက်အောက်ရှိ အရာကို ငုံ့ကြည့်လိုက်မိကြ၏။
သူ၏ ခြေထောက်အောက်ရှိ တွင်းနက်ကြီးထဲတွင် ဗုဒ္ဓအရှင်သခင် နှစ်ပါး ရှိသင့်ရာ နေရာ၌ အမှုန့်အဖြစ်သို့ ကြေမွသွားခဲ့ပြီ ဖြစ်သော ဗုဒ္ဓ ရုပ်တု နှစ်ခုသာ ရှိနေတော့သည်။
ဝေးလံသော နေရာတွင် တာ့ယန် အင်မော်တယ်မင်းဆက် ဧကရာဇ်၏ အမူအရာ ပြောင်းလဲသွားသည်ကို သတိပြုမိသွားနိုင်သည်။
"အဆင့်ခြောက် ရတနာ.. သေခြင်း အစားထိုး တာအို ကိုယ်ခန္ဓာ"
ဧကရာဇ်က တအံ့တဩ ရေရွတ်လိုက်၏။
လုံးဝ ဆုံးဖြတ်ချက် ခိုင်မာလွန်းလှသည်။
ဒါက အဆင့်ခြောက် ရတနာ တစ်ခု ဖြစ်၏။ ဤကဲ့သို့သော ရတနာ တစ်ခုကို ပြုလုပ်ရန် လွယ်ကူသော ကိစ္စ မဟုတ်ပေ။ တာ့ယန် အင်မော်တယ်မင်းဆက်၏ ဧကရာဇ် မိမိပင်လျှင် တစ်ခုကို ပိုင်ဆိုင်လိုသော်လည်း ပစ္စည်းများကို စုဆောင်းနေဆဲ ဖြစ်သည်။
ဘယ်အချိန်တွင် ပြီးစီးမည်ကို မည်သူကမျှ မသိနိုင်ပေ။
ဤကဲ့သို့သော ရတနာ တစ်ခုမှာ ပကတိဟင်းလင်းပြင် အဆင့်ရှိ တာအိုသခင်ကြီး၊ ဗုဒ္ဓအရှင်သခင်တိုင်းတွင် တစ်ခုစီသာ ရှိကြသည်။
အဘယ်ကြောင့်ဆိုသော် ဤရတနာမှာ အတိတ်က ဝိညာဉ်ခွဲထွက် တာအိုကိုယ်ခန္ဓာ ချန်ရစ်ခဲ့သော ကိုယ်ခန္ဓာမှ ပိုင်ဆိုင်သော ရတနာ ဖြစ်ပြီး ရတနာ များစွာ၏ အကူအညီဖြင့် ဖြစ်ပေါ်လာခြင်း ဖြစ်သောကြောင့်တည်း။