အခန်း (၁၆၁-၁၆၂)
Vol. 17 Ch. 161-162
Chapter 161
ဓားကျင့်ကြံသူများဆုံဆည်းခြင်း
ဝမ်ရှန်းက ပြုံးပြီး ခေါင်းငြိမ့်လိုက်၏၊၊ ထိုနှစ်ဦးသည် နန်းတော်အတွင်း၌ တစ်ဦးနှင့်တစ်ဦး မျက်နှာချင်းဆိုင်ရပ်လိုက်ကြပြီး သူတို့၏ ဓားရှည်များကို ကိုင်စွဲလိုက်ကြတော့သည်၊၊
“မင်း ဘာကြောင့် ဓားကို ဆွဲထုတ်ရတာလဲ...”
သူ့ဆရာ၏ ဆုံးမစကားများက သူ၏နားထဲတွင် ပဲ့တင်ထပ်နေဆဲ ဖြစ်၏၊၊ ယခုပွဲမှာ အသက်ဘေးအန္တရာယ်မရှိသော မိတ်ဆွေအချင်းချင်း လက်ရည်စမ်းပွဲမျှသာဖြစ်သော်လည်း ဝမ်ရှန်းသည် မိမိကိုယ်ကိုယ် ထိုမေးခွန်းကို ထပ်မံမေးမြန်းနေမိဆဲဖြစ်သည်၊၊
သို့သော် မကြာမီမှာပင် သူသည် မိမိ၏ နှလုံးသားထဲမှ အဖြေကို ရှာဖွေတွေ့ရှိသွားခဲ့၏၊၊ သူသည် ဓား ၇၂လက် စမ်းသပ်ချက်သို့ဝင်ရောက်ရန် လုံလောက်သောအစွမ်းရှိကြောင်း သက်သေပြရန်၊ ရှုဓားဂိုဏ်း၏ ပျောက်ဆုံးနေသော ဓားထိန်းချုပ်သည့်ပညာရပ်ကို ပြန်လည်ရယူရာတွင် ကူညီပေးရန်နှင့် မိမိ၏ ကံတရားအခွင့်အလမ်းအတွက် တိုက်ပွဲဝင်ရန် ဓားကိုဆွဲထုတ်ခြင်းဖြစ်ပေသည်၊၊
သူ၏ရင်ထဲ၌ တည်ငြိမ်သွား၏၊၊ အတွေးများရှင်းလင်းသွားသည်နှင့် စိတ်အေးချမ်းသွားပြီး အကြည့်များက ထက်ရှလာခဲ့သည်၊၊ သူသည် တိုးညင်းစွာ ရယ်မောလိုက်ရင်း ယန်ကျန်းနန် တစ်ချိန်က သူ့ကို ငှားရမ်းခဲ့ဖူးပြီး နောက်ပိုင်းတွင် လက်ဆောင်အဖြစ် ပေးခဲ့သော ရတနာဓားကို ဆွဲထုတ်လိုက်တော့၏၊၊
သူ၏ ခုနှစ်စင်ကြယ်ဓားဆန္ဒက လေထုထဲသို့ ပျံ့လွင့်သွားသည်နှင့် ဝမ်ရှန်းနှင့် ဖေးလျန်ဇီတို့၏ ပုံရိပ်များသည် အပြန်အလှန်တိုက်ခိုက်မှုများအကြား မှုန်ဝါးသွားကြသည်၊၊ သူ၏ ပထမဆုံး အဖွင့်ကွက်ကို မြင်လိုက်ရုံမျှဖြင့် နန်းတော်အတွင်းရှိ အကြီးအကဲများ၏ မျက်လုံးများဝင်းပသွားကြ၏၊၊
တိုက်ကွက်ပေါင်း ၁၀၀ကျော် ဖြတ်သန်းသွားသောအခါ ဝမ်ရှန်းသည် ခုနှစ်စင်ကြယ်ဓားအစီအရင်၊ ခုနှစ်စင်ကြယ်ဓားသိုင်းနှင့် ထိုက်ကျိအစွန်းနှစ်ဖက်ဓားဆန္ဒတို့ကို လျင်မြန်စွာ ပေါင်းစပ်အသုံးပြုလိုက်သည်၊၊
နန်းတော်၏ အပြင်ဘက်တွင်မူ အံ့အားသင့်နေကြသော တပည့်ငယ်များသည် လီကူဖုန်းနှင့် ကျီလင်းတို့ကဲ့သို့ပင် မျက်လုံးအဝိုင်းသားဖြင့် မှင်တက်နေကြပြီး သူတို့၏မျက်နှာများတွင် မယုံကြည်နိုင်လောက်အောင်ဖြစ်နေကြ၏၊၊
ဤညတွင် ထိုနေရာ၌ ရှိနေကြသော သူအားလုံးသည် ဓားကို ရင်းနှီးကျွမ်းဝင်ကြသူများ၊ ဓားကို နားလည်ကြသူများနှင့် ဓားသိုင်းပညာကို လေ့ကျင့်နေကြသူများ ဖြစ်ကြသည်၊၊ ဖေးလျန်ဇီသည် ဂိုဏ်းအတွင်း၌ ကျင့်ကြံခြင်းအဆင့်အမြင့်ဆုံးမဟုတ်သော်လည်း သူ၏ အဆင့်အတန်းနှင့် ဓားသိုင်းနည်းစနစ်များမှာမူ ထိပ်တန်းအဆင့်တွင် ရှိနေဆဲ ဖြစ်၏၊၊ ထို့အပြင် သူသည် ယခုလက်ရည်စမ်းပွဲတွင် အစွမ်းကုန်မတိုက်ခိုက်ခဲ့သော်လည်း သူ၏ ခွန်အား ၈၀မှ ၉၀ရာခိုင်နှုန်းခန့်ကို အသုံးပြုခဲ့သည်၊၊
ဝမ်ရှန်းသည်လည်း ပုံမှန်အတိုင်းပင် မည်သည့်လူသတ်ကွက်ကိုမျှ အသုံးပြုခြင်းမရှိချေ၊၊ အဆုံးသတ်တွင်မူ သူတို့သည် ဓားတာအို၌ သူ၏ ရောက်ရှိနေသည့်အဆင့်အတန်းကို ပြသရန်အတွက်သာ လက်ရည်စမ်းနေကြခြင်းဖြစ်ပေသည်၊၊
ဓားကို လွှဲယမ်းလှုပ်ရှားလိုက်သည့်အခါ ဝမ်ရှန်း၏ ဟွမ်ယန်းခေါင်းစည်းစမှာ လေထဲတွင် ဝဲပျံနေပြီး တာအိုဝတ်စုံသည်လည်း လေညင်းနှင့်အတူ လှုပ်ခတ်နေ၏၊၊ ဓား၏ ဝှေ့ယမ်းမှုများအောက်တွင် တောက်ပသောပုံရိပ်ယောင်များပေါ်ထွက်နေပြီး သွယ်လျသော မျက်ခုံးများနှင့် ကြယ်ပွင့်ကဲ့သို့ ထက်ရှသောမျက်ဝန်းများက သူ၏ အရှိန်အဝါကို ထူးခြားပြည့်စုံစေသည်၊၊
ဤတိုက်ပွဲကို ကြည့်ရှုရင်း ဓားဂိုဏ်းက မိန်းကလေးတပည့် မြောက်မြားစွာသည် ထိုဓားကျင့်ကြံသူထံသို့ အာရုံကျရောက်သွားကြပြီး ယောကျာ်းလေးတပည့် မြောက်မြားစွာကလည်း သူ၏အစွမ်းကို တိတ်တဆိတ် ချီးကျူးအထင်ကြီးနေကြတော့သည်၊၊
သူနှင့် လက်ရည်စမ်းနေသော အလယ်အလတ်အဆင့် တာအိုဆရာကြီး၏ အစွမ်းမှာလည်း အလွန်ထူးချွန်လှပြီး သူ၏ ဓားသိုင်းပညာမှာ အမှန်ပင်ထက်မြက်လှပေသည်၊၊
တိုက်ပွဲပြီးဆုံးသွားသောအခါ ဝမ်ရှန်းသည် ဓားကို ကိုင်စွဲလျက် ငြိမ်သက်စွာ ရပ်နေ၏၊၊ ဖေးလျန်ဇီသည် အပြုံးဖြင့် မိမိ၏ နေရာသို့ ပြန်သွားပြီး ဓားဂိုဏ်းက အကြီးအကဲသုံးဦးမှာမူ စိတ်ချင်းဆက်သွယ်သောနည်းလမ်းဖြင့် တိုးညင်းစွာ ဆွေးနွေးလိုက်ကြပြီးနောက် ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်လိုက်ကြသည်၊၊
“ဖေးယွီ... ထိုင်ဦး”
ဝမ်ရှန်းသည် ဓားကို ဓားအိမ်ထဲသို့ ပြန်လည်ထည့်သွင်းလိုက်ပြီး နောက်ဆုံးတန်းရှိ ကူရှင်ဖျာပေါ်တွင် နေရာယူလိုက်သည်၊၊
အကြီးအကဲတစ်ဦးက သက်ပြင်းချလိုက်ပြီးနောက် ဖြည်းညှင်းစွာ ရှေ့သို့ လှမ်းလာကာ “ငါတို့ ဓားဂိုဏ်းဟာ ဂိုဏ်းခွဲသုံးခုအဖြစ် ကွဲပြားနေခဲ့တယ်၊၊ ဒါ့အပြင် ဓားတံခါးက ဓားတောင်ကုန်းကို နှစ်ပေါင်း ၁၀၀၀ တိုင်တိုင် စောင့်ရှောက်လာခဲ့တာဖြစ်တယ်၊၊ ဒါပေမဲ့ ငါတို့အားလုံးရဲ့ အမွေအနှစ်တွေ စုစည်းထားတာတောင် ဓားထိန်းချုပ်ပညာရပ်ကို မပျောက်ပျက်အောင် မထိန်းသိမ်းနိုင်ခဲ့ဘူး”
“ငါတို့ တပည့်တွေ သုံးစွဲနေတဲ့ ကျင့်စဉ်တွေ အားလုံးဟာ မူလက ဓားထိန်းချုပ်ပညာရပ်ကို အထောက်အကူပြုဖို့အတွက် ဖန်တီးထားတာဖြစ်တယ်၊၊ အဲဒီပညာရပ်မရှိတော့တဲ့အခါ သူတို့ သုံးစွဲနေတဲ့ နည်းစနစ်တွေနဲ့ မန္တန်တွေဟာ မကိုက်ညီတော့ဘဲဖြစ်နေရတယ်၊၊ ဒီကံဆိုးမှုက ငါတို့ကို အမြဲတမ်းစိတ်မကောင်းဖြစ်စေခဲ့ရတယ်”
“ကံကောင်းတာက... မျှော်လင့်ချက်အရိပ်အယောင်လေးတစ်ခုတော့ ရှိနေပါသေးတယ်၊၊ ဓားတောင်ကုန်းရဲ့ နောက်မှာ ဓား ၇၂လက် စမ်းသပ်ချက်နယ်မြေရှိနေပြီး အဲဒီနေရာမှာ ဓားဂိုဏ်းရဲ့ ပြည့်စုံတဲ့တာအိုမွေအနှစ်တွေ ရှိနေခဲ့တယ်၊၊ အခု ဝူတန်းတောင်တန်းရဲ့ ဓားပါရမီရှင်ဖြစ်တဲ့ မင်းရဲ့ အစွမ်းနဲ့ဆိုရင် ငါတို့ရဲ့ ပျောက်ဆုံးနေတဲ့ ပညာရပ်ကို ပြန်လည်ရယူနိုင်လိမ့်မယ်လို့ မျှော်လင့်ရတယ်၊၊ ဘယ်လိုရလဒ်မျိုးပဲ ထွက်လာပါစေ... ငါတို့ ဓားဂိုဏ်းတစ်ခုလုံးက မင်းကို ကျေးဇူးကြွေးကြီးတင်သွားမှာပါ”
ဝမ်ရှန်း မတ်တတ်ရပ်၍ ပြန်လည်တုံ့ပြန်ရန် ပြင်လိုက်သော်လည်း ဖေးလျန်ဇီက သူ့ကို ထိုင်နေရန် တိတ်တဆိတ်အချက်ပြလိုက်၏၊၊
အမှန်စင်စစ် အကြီးအကဲ၏ စကားများသည် ဂိုဏ်းသားများကြားသိစေရန်အတွက် ပြောဆိုခြင်းဖြစ်ပေသည်၊၊ ယခင်က စမ်းသပ်မှုကို လာရောက်ကြိုးပမ်းသူများရှိစဉ်ကလည်း ဤကဲ့သို့သောစကားမျိုးကို ပြောကြားခဲ့ဖူးသည်၊၊ သို့သော် ကွာခြားချက်မှာမူ ယခင်က ထိုစကားများကို တောင်နောက်ဘက်ရှိ စမ်းသပ်နယ်မြေဂူဝတွင်သာ ပြောကြားခဲ့ခြင်း ဖြစ်၏၊၊
အကြီးအကဲသည် သူ၏လေသံကို ပြောင်းလဲလိုက်ရင်း ထပ်ပြောလိုက်သည်၊၊
“ဓား ၇၂လက် စမ်းသပ်ချက်ဂူအတွင်းထဲမှာ ဓားထိန်းချုပ်ပညာရပ်က နက်ရှိုင်းစွာမြှုပ်နှံခြင်းခံထားရတယ်၊၊ အဲဒါဟာ ၇လွှာမြောက်... ၅၅ဆင့်ကနေ ၆၃ကြားမှာ ရှိနေဖို့ များတယ်”
“အခုထိတော့ လူခုနစ်ယောက် ဝင်ရောက်ကြိုးစားခဲ့ဖူးပေမဲ့ သူတို့ ရောက်ရှိနိုင်ခဲ့တဲ့ အဝေးဆုံးနေရာက ၄၂ဆင့်အထိပဲဖြစ်တယ်၊၊ ဖေးယွီ... မင်းရဲ့ ဓားတာအိုကို ငါတို့ သံသယမရှိပေမဲ့ ငါတို့ရဲ့ ဘိုးဘေးတွေ ချန်ထားရစ်ခဲ့တဲ့ ဓား ၇၂လက် စမ်းသပ်ချက်ရဲ့ စိန်ခေါ်မှုကတော့ တကယ်ပဲ ခက်ခဲလွန်းတယ်”
ဝမ်ရှန်းက နောက်ဆုံးတွင် မတ်တတ်ရပ်လိုက်၏၊၊
“ကျွန်တော် ကြိုးစားကြည့်ဖို့ အသင့်ပါပဲ”
အကြီးအကဲက ခေါင်းငြိမ့်ပြကာ “ငါ အကြံပြုချင်တာကတော့ မင်း ငါတို့ ဓားဂိုဏ်းမှာ တစ်လ ဒါမှမဟုတ် နှစ်လလောက် ကျင့်ကြံနေထိုင်ဖို့ဖြစ်တယ်၊၊ အဲဒီအချိန်အတောအတွင်းမှာ ငါတို့ရဲ့ ထိပ်တန်းကျွမ်းကျင်သူတွေကို စုစည်းပြီး စမ်းသပ်ချက်အကြောင်း ငါတို့သိထားသမျှပေါ် အခြေခံပြီး မင်းရဲ့ ဓားဆန္ဒကို ပိုပြီးထက်မြက်လာအောင် ကူညီလေ့ကျင့်ပေးမယ်”
“ဒါ့အပြင် ငါတို့ဆီမှာ မင်းရဲ့ ဓားသိုင်းနဲ့ ကျင့်ကြံခြင်းကို ပိုပြီးတိုးတက်စေမယ့် လျှို့ဝှက်ကျင့်စဥ်အချို့လည်းရှိသေးတယ်၊၊ ဒီလိုပြင်ဆင်မှုတွေ ရှိမယ်ဆိုရင် မင်းရဲ့ အောင်မြင်နိုင်ခြေက ပိုပြီး မြင့်မားလာလိမ့်မယ်၊၊ မင်း ဓားတံခါးမှာ ၁လ ဒါမှမဟုတ် ၂လလောက် ထပ်ပြီးနေထိုင်ဖို့ ဆန္ဒရှိရဲ့လား”
ဝမ်ရှန်း အနည်းငယ်တွန့်ဆုတ်သွားသည်၊၊ သူ့ဆရာက သူ့ကို ဝူတန်းတောင်သို့ ပြန်လာပြီး တံခါးပိတ်ကျင့်ကြံရန် ညွှန်ကြားထားခဲ့ခြင်းဖြစ်၏၊၊ အကယ်၍ သူက ဤဓားဂိုဏ်းတွင် အချိန်အကြာကြီးနေထိုင်မည်ဆိုပါက...
ဖေးလျန်ဇီက ရယ်မောလိုက်ရင်း “ကဲပါ... မင်းက ဘယ်လိုပဲဖြစ်ဖြစ် ဝူတန်းတောင်မှာ တံခါးပိတ်ပြစ်ဒဏ် ခံရမှာပဲမဟုတ်လား၊၊ ဒီနေရာမှာပဲ အဲဒီပြစ်ဒဏ်ကို ခံယူလိုက်တာက ဘာထူးလို့လဲ...”
အခြားတာအိုဆရာကြီးအချို့ကလည်း ဝိုင်းဝန်း၍ ဖျောင်းဖျလာကြသည်၊၊
“တာအိုဆရာ ဖေးယွီ... ငါတို့ကို ကူညီပေးပါဦး”
“ငါတို့ ဓားဂိုဏ်းက မင်းရဲ့ လေ့လာမှုအတွက် ကျင့်စဉ်တွေနဲ့ မန္တန်တွေကို လွတ်လပ်စွာ မျှဝေပေးဖို့ အသင့်ပါပဲ၊၊ မင်းလိုအပ်တဲ့ ဘယ်လိုဆေးလုံးဖြစ်ဖြစ်… ဘယ်လိုအစီအရင်တွေကိုမဆို ဂိုဏ်းအတွင်းမှာ စိတ်တိုင်းကျသုံးစွဲနိုင်ပါတယ်”
“ဓားကျင့်ကြံသူတွေရဲ့ ခက်ခဲလှတဲ့ ဘဝခရီးလမ်းအတွက် ငဲ့ညှာပြီး ဓားထိန်းချုပ်ပညာကို ပြန်ရအောင်ကူညီပေးပါဦး”
ဝမ်ရှန်း ဦးညွှတ်လိုက်ရင်း “ကျွန်တော် ဒီတာဝန်ကို လက်ခံပါ့မယ်၊၊ သုံးလ သတ်မှတ်ချက်အဖြစ် ထားရှိကြရအောင်၊၊ တကယ်လို့ သုံးလပြည့်တဲ့အထိ ကျွန်တော်က ရှုဓားဂိုဏ်းရဲ့ ဓားထိန်းချုပ်ပညာကို ပြန်လည်ရယူရာမှာ မကူညီနိုင်ခဲ့ဘူးဆိုရင်တော့ ကျွန်တော် ဒီတာဝန်ကနေ နှုတ်ထွက်ပြီး ပြန်ပါမယ်”
“ကောင်းပြီလေ”
သူ့ရှေ့ရှိ အကြီးအကဲသည် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ဝမ်ရှန်း၏ ပုခုံးကို ပုတ်လိုက်၏၊၊ အခြားတာဆရာကြီးများလည်း တစ်ဦးကိုတစ်ဦး ကြည့်ကာ ပြုံးလိုက်ကြတော့သည်၊၊
ဝမ်ရှန်းက အလွန်အကျွံကတိမပေးခဲ့ခြင်းမှာ ပါးနပ်လှပေသည်၊၊ သူသည် စမ်းသပ်မှုကို ဝင်ရောက်ကြိုးစားမည်ဟုသာ ပြောဆိုခဲ့ပြီး ဓားထိန်းချုပ်ပညာကို ဧကန်မုချပြန်လည်ရရှိစေရမည်ဟု အာမမခံခဲ့ချေ၊၊
သူသည် ဂိုဏ်းမှ ယခင်က ဖိတ်ကြားခဲ့ဖူးသော အခြားလူငယ်ဓားကျင့်ကြံသူများထက် သူက ပို၍အစွမ်းထက်သည်ဟု မယူဆချေ၊၊ အဆုံးသတ်တွင်မူ သူ၏ ထိုက်ကျိအစွန်းနှစ်ဖက်ဓားဆန္ဒသည် ယွမ်ဖူကျန်းရန်၏ လမ်းညွှန်မှုကြောင့်ရရှိလာသော လက်ဆောင်မွန်တစ်ခုသာဖြစ်ပေသည်၊၊
လာမည့်နေ့ရက်များတွင် ဓားဂိုဏ်းက ကျွမ်းကျင်သူများသည် သူ့အား ဓားချင်းလက်ရည်စမ်းသည့် နည်းလမ်းဖြင့် သူ၏ ဓားဆန္ဒကို သန့်စင်ရန်အတွက် အလှည့်ကျကူညီပေးကြလိမ့်မည်ဖြစ်၏၊၊ ဝမ်ရှန်းအတွက်မူ ထိုလုပ်ငန်းစဉ်သည် သူ၏တိုးတက်မှုအတွက် ပိုမိုအကျိုးရှိလိမ့်မည်ဟုခံစားမိနေသည်၊၊
ရှုဓားဂိုဏ်းသည် သူ့အတွက် တောင်ပေါ်ရှိ အလှပဆုံးနေရာတစ်ခုတွင် သန့်ရှင်းသပ်ရပ်သော အခန်းတစ်ခန်းကို စီစဉ်ပေးခဲ့သည်၊၊ ၎င်းမှာ ချောက်ကမ်းပါး၏ အစွန်းတွင် တည်ဆောက်ထားသော အဆောင်ငယ်တစ်ခုဖြစ်၏၊၊ မကြာမီမှာပင် သူသည် မိန်းကလေးတပည့်အချို့ က လာရောက်ပို့ဆောင်ပေးထားသော ခေါင်းအုံးအသစ်၊ စောင်အသစ်များနှင့်အတူ ကြိမ်ဖြင့်ယက်လုပ်ထားသော ကုတင်ပေါ်တွင် လှဲလျောင်းအနားယူနေမိသည်၊၊
ညနက်ပိုင်းတွင် သူသည် သူ့ဆရာ၏ ဆုံးမစကားများကို ပြန်လည်တွေးတောနေမိ၏၊၊
ငါ ဘာကြောင့် ဓားကိုဆွဲထုတ်ရတာလဲ...၊၊
နောင်တွင် သူဘာလုပ်လုပ်… မိမိကိုယ်ကိုယ် ထိုမေးခွန်းကို အမြဲမေးရန် ဆုံးဖြတ်လိုက်သည်၊၊ ကံကောင်းသည်မှာ ယခုခရီးစဉ်မှာ ကူညီပေးရန်အတွက်သာဖြစ်သဖြင့် မည်သည့်ပဋိပက္ခ သို့မဟုတ် ကြီးမားသောအန္တရာယ်မျှ ရှိမနေပါချေ၊၊ ထို့အပြင် ဤတာဝန်မှာ ဂိုဏ်းအတွက်ရော သူ့အတွက်ပါ အပြန်အလှန်အကျိုးရှိစေမည့်အရာဖြစ်သဖြင့် စိတ်ကို အလွန်ဖိစီးပူပန်နေရန် မလိုချေ၊၊
ဝမ်ရှန်းသည် သတ္တုဘောင်ဖြင့် ပြုလုပ်ထားသော ပြတင်းပေါက်ကို ဖွင့်လှစ်လိုက်ရာ တောင်ပေါ်မှ လေညင်းသည် အခန်းအတွင်းသို့ ဖြတ်သန်းစီးဆင်းသွား၏၊၊ သူသည် ကြယ်ပွင့်များပြည့်နှက်နေသော ကောင်းကင်ယံနှင့် မှောင်မိုက်နေသောတောင်တန်းကြီးများကို ငေးမောကြည့်ရှုရင်း ပြတင်းပေါက်အနီးသို့ ကုလားထိုင်တစ်လုံးကို ဆွဲယူကာ တရားထိုင်ရန် နေရာယူလိုက်သည်၊၊
မကြာမီမှာပင် သူသည် နက်ရှိုင်းလှသော အာရုံစူးစိုက်မှုအခြေအနေသို့ ဝင်ရောက်သွားခဲ့၏၊၊ စိတ်ထဲတွင် မလိုလားအပ်သောအတွေးများကင်းစင်သွားပြီနောက် တာအို၏ ပုံသဏ္ဌာန်နှင့် အနှစ်သာရကို ဆင်ခြင်ရင်း ပတ်ဝန်းကျင်တောင်တန်းရှုခင်းများအတွင်းရှိ သဘာဝတရား၏ စိတ်ဝိညာဉ်ကို ခံစားနေမိသည်၊၊
အတန်ကြာသောအခါ ဝမ်ရှန်းသည် မိမိ၏ပတ်ဝန်းကျင်ရှိ ကမ္ဘာဦးချီများက အနည်းငယ်ပိုမိုနွေးထွေးလာသည်ကို ခံစားလိုက်ရ၏၊၊ သူ မျက်လုံးများကို ဖွင့်ကြည့်လိုက်သောအခါမှသာ နေရောင်ခြည်သည် သူ၏ ပိတ်ထားသော မျက်ခွံများပေါ်သို့ ဖြာကျနေခဲ့ပြီ ဖြစ်ကြောင်း သဘောပေါက်လိုက်သည်၊၊
တောင်တန်းကြီးများ၏ နောက်ကွယ်မှ နေဝန်းနီကြီးထွက်ပေါ်လာသည့် ဝေးကွာလှသော မိုးကုတ်စက်ဝိုင်းဆီသို့ လှမ်းကြည့်ရင်း သူ၏ရင်ထဲ၌ တည်ငြိမ်အေးချမ်းမှုများပြည့်နှက်သွားရ၏၊၊ သို့သော် မကြာမီမှာပင် သူ၏အကြည့်များက အဝေးမှ ရွှေရောင်အလင်းတန်းတစ်ခုထံသို့ ဆွဲဆောင်ခြင်းခံလိုက်ရသည်၊၊ မြူခိုးများ လွှမ်းမိုးနေသော တောင်ထိပ်များ၏ ကြားမှနေ၍ ရွှေရောင်အလင်းတန်းများတောက်ပနေသည့် ကြီးကျယ်ခမ်းနားသော နန်းတော်ကြီးတစ်ခု၏ အမိုးကို သူ ဝိုးတဝါးမြင်တွေ့လိုက်ရ၏၊၊
ထိုတောက်ပလှသော ရွှေရောင်အလင်းတန်းများ၏ အလယ်တွင် ထိုင်တော်မူနေသော ဗုဒ္ဓရုပ်ပွားတော်တစ်ဆူသည် တဖြည်းဖြည်းပုံသဏ္ဌာန်ထင်ရှားလာခဲ့ပြီး ကောင်းကင်နှင့် မြေကြီးတစ်ခွင်လုံး၌ တည်ငြိမ်အေးချမ်းလှသော ဘုရားစာရွတ်ဆိုသံများ ပဲ့တင်ထပ်၍ ထွက်ပေါ်လာနေသည်၊၊
Chapter 162
ဗုဒ္ဓဂိုဏ်း
နံနက်စောစောအချိန် ရှုဓားဂိုဏ်း၏ အခြားဂိုဏ်းခွဲများမှ တာအိုဆရာများနှင့် တာအိုအကြီးအကဲများ မရောက်လာမီ ဝမ်ရှန်းသည် ဓားသိုင်းလေ့ကျင့်နေသော တပည့်အချို့ကို တွေ့ရှိသဖြင့် တောင်တန်းများဆီမှ ထွက်ပေါ်လာသော ဗုဒ္ဓအလင်းရောင်နှင့် ဘုရားစာရွတ်ဆိုသံများ၏ အရင်းအမြစ်ကို မေးမြန်းကြည့်လိုက်သည်၊၊
၎င်းတို့၏ ပြောပြချက်အရ ဓားဂိုဏ်းအနီးတွင် ဘုရားကျောင်းတစ်ကျောင်းရှိသည်ဟု ဆိုသည်၊၊ ထိုကျောင်းတွင် ဝါစဉ်ကြီးဘုန်းတော်ကြီးခုနစ်ပါး၊ ရှစ်ပါးနှင့် ဗုဒ္ဓကျင့်ကြံသူ နှစ်ဆယ်၊ သုံးဆယ်ခန့် သီတင်းသုံးပြီး နေ့စဉ်နေ့တိုင်း တရားဒေသနာများရွတ်ဆိုခြင်းနှင့် နံနက်ခင်းဝတ်ပြုခြင်းများကို ပြုလုပ်ကြသည်၊၊
ဝမ်ရှန်းသည် ဤအခြင်းအရာကို အတော်လေးစိတ်ရှုပ်ထွေးမိသည်၊၊
တာအိုဂိုဏ်းများ၏ တောင်တံခါးများပင်လျှင် ပုံမှန်အားဖြင့် ဤမျှနီးကပ်စွာ တည်ဆောက်လေ့မရှိပေ၊၊ တစ်ဖက်တွင်လည်း ဗုဒ္ဓကျောင်းများနှင့် တာအိုဂိုဏ်းများသည် နှစ်ပေါင်းထောင်ချီ၍ သမိုင်းကြောင်းအရတင်းမာမှုများရှိခဲ့ဖူးသော်လည်း ထိုဘုန်းကြီးကျောင်းမှာ ဓားဂိုဏ်းနှင့် အတော်လေးနီးကပ်စွာတည်ရှိနေပြီး မဟာဓားတောင်၏ ဘေးနားတွင်တင် တည်ရှိနေသည်ဟု ဆိုနိုင်သည်၊၊ ၎င်းတို့သည် အဘယ်ကြောင့် မိမိတို့ဂိုဏ်း၏ အနီးနား၌ပင် အခြားဘာသာဝင်များလာရောက်ကျင့်ကြံနေသည်ကို လက်ခံထားကြသနည်း၊၊
ဤကိစ္စက ဝမ်ရှန်း၏ စူးစမ်းလိုစိတ်ကို နှိုးဆွပေးလိုက်သည်၊၊ အားလပ်ချိန်ရှိနေသဖြင့် သူသည် တပည့်များနှင့် ခေတ္တမျှ ဆက်လက်စကားစမြည်ပြောနေမိသည်၊၊ သို့သော် စိတ်ပျက်စရာကောင်းသည်မှာ ၎င်းတို့သည် ရှင်းလင်းသောအဖြေကို မပေးနိုင်ကြချေ၊၊ ရှုဓားဂိုဏ်း၏ ဓားတံခါးဂိုဏ်းခွဲနှင့် ဗုဒ္ဓဘာသာကျောင်းသည် မိမိတို့လမ်းကိုမိမိတို့ လျှောက်လှမ်းကြပြီး တစ်ဦးနှင့်တစ်ဦးနှောင့်ယှက်ဖျက်ဆီးခြင်းမရှိကြကြောင်းသာပြောပြနိုင်သည်၊၊ ဤသို့ဖြစ်နေသည်မှာ နှစ်ပေါင်းများစွာကြာမြင့်ခဲ့ပြီဖြစ်သည်၊၊
ထို့အပြင် ဘုန်းကြီးကျောင်း၏ ဘုရားစာရွတ်ဆိုသံများက ဓားဂိုဏ်းတပည့်များကို လွှမ်းမိုးနိုင်ခြင်းမရှိသလို တပည့်များတွင်လည်း ဘုန်းကြီးကျောင်းကို သွားရောက်ဖျက်ဆီးနေမည့်အစား ပို၍အရေးကြီးသောအလုပ်များရှိနေကြသည်၊၊ ထို့ထက်ပို၍ အသုံးဝင်သောအချက်အလက်များကို မသိရတော့သဖြင့် ဝမ်ရှန်းသည် ဖေးလျန်ဇီ၏ နေရာကိုသာ မေးမြန်းပြီး သူ့ကို သွားရောက်ရှာဖွေလိုက်တော့သည်၊၊
ဓားတံခါးတောင်သည် မတ်စောက်သောလျှိုမြှောင်များနှင့် ထူးခြားဆန်းကြယ်သောတောင်ထိပ်များကြောင့် လူသိများလှသည်၊၊ အဝေးမှလှမ်းမျှော်ကြည့်လျှင် တောင်ထိပ်သည် ကောင်းကင်နှင့် မြေကြီးကြားတွင် ထောင်လျက်သားရှိနေသော ဧရာမလိုက်ကာကြီးတစ်ခုကဲ့သို့ပင်၊၊ တောင်စောင်းတစ်လျှောက်ရှိ ပျဉ်ပြားစင်္ကြံလမ်းအတိုင်းလျှောက်လှမ်းရသည်မှာ ထူးခြားသောအတွေ့အကြုံကို ပေးစွမ်းနိုင်သည်၊၊
“ဗုဒ္ဓကျောင်းလား…. ဪ မင်းပြောတာ ဇီယန်ကျောင်းကို ထင်တယ်”
ဖေးလျန်ဇီက ဓားလေ့ကျင့်မှုကို ရပ်နားကာ ပြုံးလျက်ပြောသည်၊၊
“အဲဒီကျောင်းရှိနေတာ နှစ်ပေါင်းထောင်ချီနေပြီ၊၊ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတော့ အလှူအတန်းတွေ နည်းပါးသွားပြီး အဲဒီက ဘုန်းကြီးအနည်းနည်းပဲ ကျန်တော့တဲ့အထိ အားလုံးနီးပါးထွက်ခွာသွားကြတယ်”
“သူတို့ ကံကောင်းတာက ကျင့်စဉ်နက်ရှိုင်းတဲ့ ဝါစဉ်ကြီးဘုန်းတော်ကြီးအချို့မှာ ပြည့်စုံပြီးစစ်မှန်တဲ့ဗုဒ္ဓဘာသာအမွေအနှစ်တွေ ရှိနေတာပဲ၊၊ အဲဒါကြောင့် ကောင်းကင်နဲ့ မြေကြီးရဲ့ ချီစွမ်းအင်တွေ ပြန်လည်ရောက်ရှိလာပြီး ပြန်လည်ကျင့်ကြံနိုင်ခွင့်ရလာတဲ့အခါ ဗုဒ္ဓကျင့်ကြံသူအများအပြားက အဲဒီနေရာကို ဆွဲဆောင်ခြင်းခံလိုက်ရတယ်၊၊ တဖြည်းဖြည်းနဲ့ သူတို့အင်အားက တိုးပွားလာတယ်”
ဝမ်ရှန်းသည် ဗုဒ္ဓဂိုဏ်းအပေါ် မည်သည့်ခံစားချက်မျှ ပြင်းပြင်းထန်ထန်မရှိပေ၊၊ မုန်းတီးခြင်းလည်း မရှိသလို အထူးတလည် သံယောဇဉ်ရှိခြင်းလည်းမရှိချေ၊၊ သို့သော် တာအိုနှင့် ဗုဒ္ဓဘာသာအကြား ပဋိပက္ခမှာ နှစ်ပေါင်းထောင်ချီ၍ တည်ရှိခဲ့ခြင်း ဖြစ်သည်၊၊ ဘိုးဘေးလု၏ တာအိုမျိုးဆက်မှ ဆင်းသက်လာသော တပည့်တစ်ဦးအနေဖြင့် ဝမ်ရှန်းသည် ကိစ္စရပ်များကို တာအိုဂိုဏ်း၏ ရှုထောင့်မှ သဘာဝကျကျစဉ်းစားရမည်ဖြစ်သည်၊၊
“ဒါဆိုရင် ဓားဂိုဏ်းက သူတို့ကို ဘာလို့ထွက်သွားခိုင်းဖို့ မပြောတာလဲ”
“တကယ်တော့ ဂိုဏ်းထဲကလူတစ်ယောက်က အဲဒီကိစ္စကို အရင်က တင်ပြဖူးတယ်၊၊ ဒါပေမဲ့ ဂိုဏ်းချုပ်က ဇီယန်ကျောင်းကို စော်ကားတာမျိုးလုံးဝမလုပ်ဖို့ ငါတို့ကို တင်းတင်းကျပ်ကျပ်တားမြစ်ထားတယ်”
ဖေးလျန်ဇီက လေသံကို လျှော့ကာ ပြန်ဖြေသည်၊၊ ထို့နောက် အနီးနားတွင် မျိုးဆက်သစ်တပည့်များအရိပ်ယောင်ကို လှည့်ပတ်ကြည့်ရှုလိုက်သည်၊၊
“ငါ တစ်ခါက ဂိုဏ်းချုပ်ကို အဲဒီအကြောင်းလျှို့ဝှက်မေးကြည့်ဖူးတယ်၊၊ သူပြောတာကတော့ ဇီယန်ကျောင်းရဲ့ အောက်ခြေမှာ မိစ္ဆာတွေ အတော်များများချိပ်ပိတ်ခံထားရတယ်တဲ့”
“ဇီယန်ကျောင်းရဲ့ ပထမဆုံးကျောင်းထိုင်ဘုန်းကြီးက ငါတို့ ရှုတောင်က ဘိုးဘေးတစ်ယောက်ရဲ့ ရင်းနှီးတဲ့ မိတ်ဆွေဖြစ်ခဲ့တယ်၊၊ သူတို့နှစ်ယောက်ဟာ လောကအနှံ့အတူခရီးသွားရင်း မိစ္ဆာနတ်ဆိုးတွေနဲ့ မကောင်းဆိုးဝါးတွေကို နှိမ်နင်းခဲ့ကြတယ်၊၊ သူတို့သတ်လို့မရတဲ့ ကောင်တွေကိုတော့ အကျဉ်းချပြီး ချိပ်ပိတ်ထားခဲ့ကြတာပေါ့”
“ဇီယန်ကျောင်းကိုယ်တိုင်ကလည်း ငါတို့ဓားဂိုဏ်းရဲ့ ဘိုးဘေးတွေရဲ့ အကူအညီနဲ့ တည်ဆောက်ခဲ့တာပဲ၊၊ ငါ ရှေးဟောင်းကျမ်းစာတွေထဲမှာ ဒီအကြောင်းကို ရှာဖွေတွေ့ရှိဖူးတယ်၊၊ အဲဒါက ထန်မင်းဆက်က ဧကရာဇ်ရွှမ်းကျုံးလက်ထက်အထိ သက်တမ်းရှိတယ်”
“လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ချီက အစုလိုက်အပြုံလိုက် ကောင်းကင်ဘုံတတ်လှမ်းခြင်းမတိုင်ခင်က အင်မော်တယ်လောကဟာ ကောင်းကင်စစ်သည်တော်တွေနဲ့ စစ်သူကြီးတွေကို စေလွှတ်ပြီး အင်အားကြီးတဲ့ မိစ္ဆာနတ်ဆိုးတွေကို ရှင်းလင်းခဲ့ကြတယ်၊၊ ဒါပေမဲ့ ကျင့်ကြံသူတွေ ချိပ်ပိတ်ထားတဲ့ မိစ္ဆာတွေကိုတော့ သူတို့ ချန်လှပ်ထားခဲ့မိတယ်၊၊ ကံကောင်းတာက ကမ္ဘာဦးချီစွမ်းအင်တွေ ပျောက်ကွယ်သွားပြီးတဲ့နောက် ချိပ်ပိတ်မှုတွေနဲ့ မိစ္ဆာတွေဟာ အတူအားနည်းသွားကြပြီး အရာအားလုံးငြိမ်းချမ်းသွားခဲ့တယ်”
“အခု ကမ္ဘာဦးချီစွမ်းအင်တွေ ပြန်ရောက်လာပြီဆိုတော့ ဇီယန်ကျောင်းအောက်က အဲဒီမိစ္ဆာတွေ သေပြီလား၊ မသေဘူးလား ဘယ်သူမှ မသိနိုင်ဘူး၊၊ တကယ်လို့ သူတို့က သတ်လို့မရတဲ့အမျိုးအစားတွေဆိုရင်— ကောင်းပြီ အဲဒါက သူတို့တွေ နတ်ဘုရားတွေကိုတောင် တိုက်ခိုက်နိုင်စွမ်းရှိတယ်လို့ အဓိပ္ပာယ်ရတယ်၊၊ ကမ္ဘာဦးချီစွမ်းအင်တွေ ခမ်းခြောက်သွားခဲ့ရင်တောင် သူတို့ကို အပြတ်ရှင်းပစ်ဖို့မလွယ်လှဘူး”
“ဒါကြောင့် ဇီယန်ကျောင်းကို မောင်းထုတ်ဖို့နေနေသာသာ… မင်းက ဓားထိန်းချုပ်ခြင်းပညာရပ်ကို ယူပေးနိုင်တာနဲ့ ငါတို့ဂိုဏ်းခွဲဟာ အော်မေ့တောင်ကို ပြောင်းရွှေ့ရနိုင်ပြီး ဓားတောင်ကုန်းကို စောင့်ရှောက်ဖို့အတွက် ပညာရှင်အနည်းငယ်ပဲ ချန်ထားခဲ့ရလိမ့်မယ်”
ဝမ်ရှန်းသည် စိတ်ထဲမှ လန့်ဖျပ်သွားသည်၊၊ ဤပုံပြင်က ယုံကြည်နိုင်စရာမရှိအောင်ဖြစ်နေသော်လည်း ဖေးလျန်ဇီ၏ နှုတ်မှကြားရသဖြင့် ဖြစ်နိုင်ချေရှိသည်ဟု ထင်မှတ်ရသည်၊၊
ထင်ရှားသော သက်သေအထောက်အထားရှိနေသည်— ဇီယန်ကျောင်းရှိ ပြည့်စုံသော ဗုဒ္ဓဘာသာအမွေအနှစ်များနှင့် သူမြင်တွေ့ခဲ့ရသော ဗုဒ္ဓရုပ်ပွားတော်မှာ အစီအရင်တစ်ခုက ဖန်တီးထားသော ပုံရိပ်ယောင်တစ်ခုဖြစ်နိုင်သည်၊၊
“စီနီယာ… အဲဒီလိုမိစ္ဆာတွေကို ချိပ်ပိတ်ထားတဲ့နေရာတွေ အများကြီးရှိသေးတာလား”
ဖေးလျန်ဇီက တဟားဟားရယ်မောလိုက်သည်၊၊
“တောတောင်နက်တွေထဲမှာ ပုန်းကွယ်နေတဲ့ ဒီလိုနေရာမျိုးတွေ အများကြီးရှိပါတယ်၊၊ ဒါပေမဲ့ သိပ်တော့ စိတ်မပူပါနဲ့၊၊ ကမ္ဘာဦးချီစွမ်းအင်မရှိဘဲ နှစ်ပေါင်းထောင်ချီကြာသွားပြီးတဲ့နောက် အဲဒီမိစ္ဆာတွေရဲ့ ၉၉နှုန်းကတော့ သေလောက်ပါပြီ၊၊ လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ချီက ငါတို့ဓားဂိုဏ်းဟာ ရှုပြည်နယ်မှာ နံပါတ်တစ်ဂိုဏ်းဖြစ်ခဲ့ပြီး ငါတို့ရဲ့ ဓားထိန်းချုပ်ခြင်းပညာရပ်က တစ်လောကလုံးမှာ ကျော်ကြားခဲ့တာ၊၊ အဲဒါက—”
တာအိုဆရာက စိတ်အားထက်သန်စွာ ဆက်လက်ပြောဆိုနေစဉ် ဝမ်ရှန်းသည် ထိုရှေးဟောင်းကိစ္စများကို တွေးတောရင်း ခေါင်းညိတ်ထောက်ခံနေမိ၏၊၊ လောကကြီးတွင် သူ မသိသေးသော လျှို့ဝှက်ချက်များစွာ ရှိနေဆဲပင်၊၊ ယခုမူ သူသည် ထိုအရာများကို တဖြည်းဖြည်းချင်းဖော်ထုတ်ခွင့်ရပြီး မဟာမြင့်မြတ်ကုန်းမြေပေါ်တွင် တစ်ချိန်ကဖြစ်ပွားခဲ့သောပုံပြင်များကို သိရှိခွင့်ရရှိတော့မည် ဖြစ်သည်၊၊
အကြံတစ်ခုရလာသဖြင့် ဝမ်ရှန်းက ပြုံးလိုက်ပြီး—
“စီနီယာ ကျွန်တော့်ကို ဇီယန်ကျောင်းဆီလိုက်ပို့ပေးလို့ရမလား… သွားလည်ချင်လို့”
“ရတာပေါ့၊၊ တကယ်တော့ ငါလည်း ဒီမနက်ပဲ မင်းကို တောင်ပေါ်မှာ လိုက်ပြဖို့ ပြင်ထားတာ…. ငါ သင့်တော်တဲ့အဝတ်အစားတစ်ခုခုသွားလဲလိုက်ဦးမယ်၊၊ ပြီးမှ ကျောင်းကိုသွားပြီး ဗုဒ္ဓရုပ်ပွားတော်တွေကို သွားဖူးကြတာပေါ့”
ဝမ်ရှန်းက အမြန်မေးလိုက်သည်—
“ကျွန်တော်လည်း သာမန်အဝတ်အစားလဲရမလား”
“လဲရမှာပေါ့” ဖေးလျန်ဇီက ရယ်မောလိုက်သည်၊၊
“တကယ်လို့ တာအိုဆရာတစ်ယောက်က အဲဒီကိုသွားပြီး အမွှေးတိုင်ထွန်းဘုရားရှိခိုးနေရင် ငါတို့ရဲ့ ဘိုးဘေးတွေ ဂူထဲကနေ ထထိုင်ကြလိမ့်မယ်”
၎င်းတို့သည် မိနစ်အနည်းငယ်အတွင်း ဝမ်ရှန်း၏ နေအိမ်တွင် ဆုံတွေ့ရန် သဘောတူလိုက်ကြသည်၊၊ ဝမ်ရှန်းသည် ပြန်လာပြီး သာမန်အဝတ်အစားများလဲလှယ်လိုက်သည်၊၊ ကံကောင်းထောက်မစွာဖြင့် သူနှင့် သူ၏ စီနီယာအစ်မတို့၏ ခရီးဆောင်အိတ်များမှာ ထိုနေရာတွင် ရှိနေဆဲပင်၊၊
ခေတ္တမျှတွေးတောပြီးနောက် ဝမ်ရှန်းသည် သူ၏ ဆရာထံသို့လည်း ဖုန်းခေါ်ဆိုလိုက်ပြီး သူသည် ဓားဂိုဏ်းတွင် နောက်ထပ် နှစ်လ၊ သုံးလခန့် ဆက်လက်နေထိုင်ဖြစ်မည့်အကြောင်း ပြောပြလိုက်သည်၊၊ ချင်ယန်ဇီက ကန့်ကွက်ခြင်းမရှိပေ၊၊ သူက ဝမ်ရှန်းအား အခြားဂိုဏ်းတွင်နေထိုင်စဉ် ယဉ်ကျေးပျူငှာစွာနေထိုင်ရန်နှင့် ဓားထိန်းချုပ်ခြင်းပညာရပ်မှလွဲ၍ ၎င်းတို့၏ ကျင့်စဉ်များကို အလွန်အကျွံမသင်ယူရန်၊ ၎င်းတို့၏ ဧည့်ဝတ်ကျေပွန်မှုကို အခွင့်ကောင်းမယူရန်သာ သတိပေးလေသည်၊၊
ဝမ်ရှန်းက အလွယ်တကူပင်သဘောတူလိုက်သည်၊၊ ထို့နောက် သူက ဗုဒ္ဓကျင့်ကြံသူများနှင့် ပတ်သက်၍ မေးခွန်းအချို့မေးမြန်းလိုက်ရာ ချင်ယန်ဇီသည် ဤအကြောင်းအရာကို အတော်လေးနှံ့နှံ့စပ်စပ်သိရှိထားပုံရပြီး ဗုဒ္ဓဂိုဏ်းနှင့်ပတ်သက်သော စိတ်ဝင်စားစရာကောင်းသည့် အဖြစ်အပျက်အချို့ကို မျှဝေပေးလေသည်၊၊
ပထမဦးစွာ ချီစွမ်းအင်များပြန်လည်နိုးထလာပြီးနောက် ဗုဒ္ဓဂိုဏ်းများနှင့် တာအိုဂိုဏ်းများ၏ ဖွံ့ဖြိုးတိုးတက်မှုပုံစံမှာ သိသိသာသာကွဲပြားခြားနားမှုကို ပြသခဲ့သည်၊၊ တာအိုဖက်တွင်မူ မြင့်မြတ်တောင်တန်းများနှင့် ဂိုဏ်းအမွေအနှစ်တစ်ခုစီသည် လျင်မြန်စွာ ထင်ရှားကျော်ကြားလာပြီး စစ်မှန်သောလမ်းစဉ်အဖြစ် မိမိတို့နေရာကို ပြန်လည်ရယူနိုင်ခဲ့ကြသည်၊၊
သို့သော် ဗုဒ္ဓဘာသာဂိုဏ်းများမှာမူ ပို၍ ခန့်မှန်းရခက်ခဲလှသည်၊၊ ချီစွမ်းအင်များ ပြန်လည်မနိုးထမီက ကျော်ကြားခဲ့သော ဘုရားကျောင်းများသည် လျင်မြန်စွာပင် မှေးမှိန်ပျောက်ကွယ်သွားခဲ့ကြသည်၊၊ ထူးဆန်းသည်မှာ လူသိနည်းပြီး အမည်မရှိသောကျောင်းငယ်လေးများမှ ကျင့်စဉ်နက်ရှိုင်းသော ဗုဒ္ဓရဟန်းအချို့ ရုတ်တရက် ထွက်ပေါ်လာတတ်ခြင်းဖြစ်သည်၊၊ ချင်ယန်ဇီက သံမဏိနတ်ဘုရားသည်ပင် တစ်ခါက ဝေအန်းကျောင်းဟုခေါ်သော ဘုရားကျောင်းတစ်ကျောင်းမှ ထွက်ပြေးလာသူတစ်ဦးဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်၊၊
“ဗုဒ္ဓဘာသာဂိုဏ်းတွေက အများကြီးဆုတ်ယုတ်သွားခဲ့ပေမဲ့ သူတို့ဆီမှာ အတော်လေးနက်နဲတဲ့ ရိုးရာအစဉ်အလာတွေရှိနေဆဲပဲ၊၊ မင်း ဓားဂိုဏ်းမှာ ပျင်းနေရင် ဇီယန်ကျောင်းကို သွားလည်ပတ်တာကောင်းတယ်၊၊ ဟားဟားဟား”
“သွားရင်းလာရင်းနဲ့ တကယ်လို့ မင်းက ရူဖုန်းလို့ အမည်ရတဲ့ဘုန်းကြီးတစ်ပါးကိုတွေ့ရင် မင်းက ငါ့တပည့်လို့သာပြောလိုက်… ပြီးတော့ သူ့ဆီကနေ ၁၀နှစ်စာ ကျင့်ကြံခြင်းစွမ်းအားကို လွှဲပြောင်းပေးဖို့ တောင်းလိုက်ဦး”
ဝမ်ရှန်း ဆွံ့အသွားရသည်၊၊
“ဆရာ… ကျွန်တော်ကတော့ ကိုယ့်အားကိုယ်ကိုးပြီးရလာတဲ့ ကျင့်ကြံခြင်းကမှ ပိုပြီး စိတ်ချရတယ်လို့ ခံစားရတယ်”
“ဟားဟားဟား၊၊ စိတ်မပူပါနဲ့၊၊ ငါ မင်းကို နောက်တာပါ၊၊ ငါ့ရဲ့ မိတ်ဆွေဟောင်းတစ်ယောက်က သူ ရှုပြည်နယ်က ဇီယန်ကျောင်းမှာ ကျင့်ကြံခြင်းကို မကြာသေးခင်က စတင်ခဲ့တယ်လို့ပြောဖူးတာ သတိရသွားလို့ပါ၊၊ တကယ်လို့ အဲဒီကျောင်းက ဓားဂိုဏ်းအနားမှာ တကယ်ရှိနေရင် မင်း အချိန်ရတဲ့အခါ ငါ့ကိုယ်စားသွားနှုတ်ဆက်ပေးပါဦး”