အခန်း (၁၆၃-၁၆၄)
Vol. 17 Ch. 163-164
Chapter 163
ဇီယန်ကျောင်း
အတန်ကြာ စကားပြောဆိုပြီးနောက် ဝမ်ရှန်းသည် စိတ်လှုပ်ရှားစွာဖြင့် ဖုန်းချလိုက်သည်၊၊ သူ၏ ဆရာသည် အမှန်တကယ်ပင် အဆက်အသွယ်များပြားလှသည်၊၊ မည်သို့ပင်ဖြစ်စေ ရှုပြည်နယ်၏ တောင်နက်ပိုင်းထဲတွင်ပင် ဗုဒ္ဓကျင့်ကြံသူများထဲ၌ သူ့ဆရာနှင့်သိသူကျွမ်းများရှိနေသည်၊၊
သူ သွားမည်ဖြစ်သောကြောင့် ဆရာ့ကိုယ်စား ဂါရဝပြုနှုတ်ဆက်စကားပါးလျှင် ကောင်းမည်ဟု တွေးမိသည်၊၊
လက်ဆောင်တစ်ခုခု ယူသွားရမလား၊၊ သစ်သီး၊ နို့ ဒါမှမဟုတ် လက်ဆောင်ဗူးအသေးစားလေး တစ်ဗူး__
သာမန်အဝတ်အစားများလဲလှယ်ပြီးနောက် ဝမ်ရှန်းသည် ပြတင်းပေါက်မှတစ်ဆင့် ဘုရားကျောင်းတည်ရှိရာ အရပ်ဆီသို့ လှမ်းမျှော်ကြည့်လိုက်သည်၊၊ ထိုစဉ် အပြင်ဘက်မှ ဖေးလျန်ဇီက သူ့ကို လှမ်းခေါ်သံကြားလိုက်ရသည်၊၊ ၎င်းတို့နှစ်ဦးသည် မိမိတို့၏ ကျင့်ကြင့်ခြင်းအဆင့်များကို ဖုံးကွယ်ထားခြင်းမရှိဘဲ ဓားဂိုဏ်း၏ အနောက်တောင်ဘက်သို့ ဦးတည်ထွက်ခွာခဲ့ကြသည်၊၊
“ငါက ငါ့ရဲ့ စီနီယာအစ်ကိုကြီးကို ဖြတ်လမ်းအကြောင်း မေးခဲ့တယ်၊၊ တောင်ထိပ်နှစ်ခုကို ဖြတ်ကျော်လိုက်ရင် ကျောင်းကို ရောက်ပြီ၊၊ ဪ လမ်းမှာ ငါတို့ဂိုဏ်းရဲ့ ကန့်သတ်နယ်မြေဖြစ်တဲ့ ဓားတောင်ကုန်းကိုလည်း တစ်ခါတည်းပြပေးမယ်”
အခြားဂိုဏ်းသို့ ရောက်ရှိနေစဉ် စည်းကမ်းမဖောက်ဖျက်ရန် ဆရာ့ထံမှ သတိပေးချက်ကို ရရှိထားကာစဖြစ်သဖြင့် ဝမ်ရှန်းက အမြန်မေးလိုက်သည်—
“အဲဒါက နည်းနည်းမသင့်တော်ဘူး မဟုတ်လား”
“ဘာက မသင့်တော်ရမှာလဲ” ဖေးလျန်ဇီက ဝမ်ရှန်း၏ လက်မောင်းကို ပေါ့ပေါ့ပါးပါး ဆွဲခေါ်သွားသည်၊၊
“မင်း ဒီကိုရောက်နေပြီပဲ၊၊ ဒီနေရာကို ကိုယ့်အိမ်လိုပဲ သဘောထားပါ၊၊ ဒီလောက်ယဉ်ကျေးနေစရာမလိုပါဘူး”
ဝမ်ရှန်းလည်း သက်ပြင်းချရုံသာ တတ်နိုင်တော့သည်၊၊
ရှုဓားဂိုဏ်းတွင် ကန့်သတ်နယ်မြေသုံးခုရှိပြီး အားလုံးမှာ လမ်းကြောင်းတစ်ခုတည်းပေါ်တွင်တည်ရှိသည်၊၊ ပထမတစ်ခုမှာ ဂိုဏ်း၏ ကျမ်းစာများကို သိမ်းဆည်းရာ တာအိုကျမ်းစာတိုက်ဖြစ်သည်၊၊ ဂိုဏ်းတိုင်းတွင် ဤသို့သောနေရာမျိုးရှိစမြဲပင်၊၊
ဂိုဏ်းမှာ ဓားတွေ အများကြီးရှိနေတာကို ကျမ်းစာတိုက်လို့ ခေါ်မယ့်အစား ဓားဂိုဒေါင်လို့ ခေါ်ရင် ပိုမှန်လိမ့်မယ်၊၊ ဝမ်ရှန်းက စိတ်ထဲမှ နောက်ပြောင်တွေးတောမိသည်၊၊
ဓားဂိုဒေါင်ကို ဖြတ်ကျော်ပြီးနောက် ၎င်းတို့သည် တောင်ကြားလမ်းအတိုင်း နောက်ထပ်ဆယ်မိနစ်ခန့်လျှောက်လှမ်းခဲ့ကြပြီး ဒုတိယမြောက်ကန့်သတ်နယ်မြေဖြစ်သော ဓားတောင်ကုန်းသို့ ရောက်ရှိခဲ့ကြသည်၊၊
ဝမ်ရှန်းသည် ဤနေရာကို အထူးတလည်မျှော်လင့်ထားခဲ့ခြင်း ဖြစ်သည်၊၊ သို့သော် ထိုနေရာကို မြင်လိုက်ရသည့်အခိုက်တွင် သူအနည်းငယ်စိတ်ပျက်သွားမိသည်၊၊
၎င်းသည် သူစိတ်ကူးယဉ်ထားသည့် မြင်ကွင်းမျိုးမဟုတ်ပေ— မြေပြင်တွင် စိုက်ထူထားသော ဓားပင်လယ်ကြီး သို့မဟုတ် ကျိုးပဲ့နေသော ဓားသွားများဖြင့် ပြည့်နှက်နေသော ဆန်းကြယ်သောတောအုပ်မျိုး မဟုတ်ချေ၊၊ ယင်းအစား ထိုနေရာတွင် သေးငယ်သော ကျောက်စာတိုင်များ မိုးတိုးမတ်တတ်စိုက်ထူထားပြီး သင်္ချိုင်းမြေတစ်ခုနှင့် ပို၍တူညီနေသည်၊၊
“ဓားတောင်ကုန်းဆိုတဲ့ နာမည်အတိုင်းပဲ ဓားတွေကို မြေမြှုပ်သင်္ဂြိုဟ်တဲ့နေရာပေါ့” ဖေးလျန်ဇီက ပြုံးလျက် ရှင်းပြသည်၊၊
“ဒါပေမဲ့ ဓားတိုင်းကို ဒီမှာလာမြှုပ်လို့ မရဘူး၊၊ မိစ္ဆာတွေကို နှိမ်နင်းရာမှာ အသုံးပြုခဲ့တဲ့ ဓား ဒါမှမဟုတ် တစ်လောကလုံးမှာ ကျော်ကြားခဲ့တဲ့ ဓားမျိုးပဲ အရည်အချင်းပြည့်မီတယ်၊၊ သူတို့က ကျိုးပဲ့သွားတာ ဒါမှမဟုတ် သက်တမ်းကုန်သွားတဲ့အခါ ဒီမှာလာရောက်အနားယူစေတယ်”
သူက မကြာသေးမီကမှ ထပ်မံစိုက်ထူထားသော ကျောက်စာတိုင်အတန်းကို ညွှန်ပြလိုက်သည်—
“ဒီနေရာက ဓားတစ်ဒါဇင်ကျော်ဟာ သာမန်ဓားတွေပဲ၊၊ နည်းပညာအရ ဓားမဟုတ်တဲ့ ဓားမြှောင်နှစ်စင်းတောင်ပါသေးတယ်၊၊ ဒါပေမဲ့ သူတို့လည်း ဓားသင်္ချိုင်းမှာ နေရာရခဲ့တာပဲ၊၊ ဒါတွေအားလုံးက ဆရာကြီးတွေ ငယ်ရွယ်စဉ်က အသုံးပြုခဲ့တဲ့အရာတွေပေါ့၊၊ သူတို့တွေ ကျူးကျော်သူတွေကို တိုက်ခိုက်တဲ့ စစ်ပွဲမှာတောင် အသုံးပြုခဲ့ကြသေးတယ်၊၊ ကံမကောင်းတာက အဲဒီဆရာကြီးအများစုဟာ ပြန်မလာနိုင်ခဲ့ကြတော့ဘူး”
ဝမ်ရှန်းက ဖြည်းညှင်းစွာ ခေါင်းညိတ်လိုက်ပြီး ကျောက်စာတိုင်အသေးလေးတစ်ခု၏ ရှေ့တွင် ဆောင့်ကြောင့်ထိုင်ကာ ထွင်းထုထားသော စာလုံးများကို လက်ချောင်းများဖြင့် ပွတ်သပ်ကြည့်ရှုလိုက်သည်၊၊
အမည်မဲ့ဓား အမှတ် (၄၂)၊၊
ဖေးလျန်ဇီက ပြုံးလိုက်သည်—
“လာပါ၊၊ ဆက်သွားကြစို့၊၊ ဓားသင်္ချိုင်းက ဒီလောက်ပါပဲ၊၊ ဒီမှာ ဘာရတနာမှ ရှိမနေပါဘူး”
ဝမ်ရှန်းသည် သက်ပြင်းအသာချကာ မတ်တပ်ရပ်လိုက်သည်၊၊ သူသည် တောင်ကြားလွင်ပြင်ကို နောက်တစ်ကြိမ် ဝေ့ဝဲကြည့်လိုက်စဉ် သူ၏ စိတ်နှလုံးထဲ၌ အတွေးတစ်ခုဖြတ်သန်းသွားသည်၊၊
“ဓားတွေ လာအနားယူတဲ့နေရာပေါ့—” သူက တိုးတိုးရေရွတ်မိသည်၊၊
ဖေးလျန်ဇီက ပြန်ပြောသည်—
“အဲဒါထက်စာရင် ဓားတွေရဲ့ မူလပိုင်ရှင်တွေကို မတူညီတဲ့ နည်းလမ်းတစ်ခုနဲ့ သတိရအောက်မေ့တဲ့နေရာလို့ ငါပြောချင်တယ်”
“အင်း” ဝမ်ရှန်းက ခေါင်းညိတ်လိုက်သည်၊၊
သူသည် ဓားများကို မြတ်နိုးသူဖြစ်သည်၊၊ အနက်ရှိုင်းဆုံးနားစွင့်သူဓားမှာ ကျိုးပဲ့သွားခဲ့ပြီဖြစ်သော်လည်း သူသည် ထိုဓားကို စွန့်ပစ်ခြင်းမရှိသေးချေ၊၊ သို့သော် သူသည် ရှုဓားဂိုဏ်း၏ တပည့်တစ်ဦး မဟုတ်သလို အနက်ရှိုင်းဆုံးနားစွင့်သူဓားသည်လည်း ဤနေရာတွင် လာရောက်အနားယူရန် အရည်အချင်းပြည့်မီလိမ့်မည်မဟုတ်ပေ၊၊
ဝမ်ရှန်းသည် ခေါင်းကို ခါယမ်းလိုက်ပြီး လှည့်ထွက်ခဲ့တော့သည်၊၊ အဆုံးတွင် သူသည် ဓားတောင်ကုန်း၏ အနက်ပိုင်းသို့ အလွန်အကျွံသွားရောက်ခြင်း မပြုခဲ့ချေ၊၊ ၎င်းတို့သည် ဇီယန်ကျောင်းသို့ သွားရောက်ရန်ရှိသေးပြီး ၎င်းတို့ပြန်ရောက်လာသည့်အချိန်တွင် ရှုဓားဂိုဏ်း၏ အခြားဂိုဏ်းခွဲနှစ်ခုမှ တာအိုအကြီးအကဲများလည်း ရောက်ရှိလာလောက်ပြီ ဖြစ်သည်၊၊ လျှောက်လည်ရန် အားလပ်ချိန်သိပ်မကျန်တော့ချေ၊၊
ဇီယန်ကျောင်းတော်ကို ရှာဖွေတွေ့ရှိရန် ဝမ်ရှန်းနှင့် ဖေးလျန်ဇီတို့ အတော်လေးအားထုတ်ခဲ့ရသည်။ ကံကောင်းသည်မှာ ၎င်းတို့နှစ်ဦးစလုံးသည် အမြုတေဖွဲ့စည်းခြင်းအဆင့်သို့ ရောက်ရှိနေပြီဖြစ်၍ တောင်လမ်းများ မည်မျှပင် ကြမ်းတမ်းပါစေ ရုပ်မပျက်ဘဲ ခရီးပေါက်ခဲ့ကြ၏။
သို့သော် ရည်မှန်းချက်ပန်းတိုင်သို့ ရောက်ရှိချိန်တွင် ဝမ်ရှန်းတစ်ယောက် စိတ်ပျက်သွားမိပြန်သည်။ ဤကျောင်းတော်သည် ဝူတန်းတောင်ပေါ်ရှိ ခြံဝင်းလေးကို အနည်းငယ်ချဲ့ထားသကဲ့သို့သာဖြစ်ပြီး ခန့်ညားထည်ဝါမှုဟူသော စကားလုံးနဲ့ လားလားမျှမနီးစပ်ပေ၊၊
အပြင်ဘက်တံတိုင်းများက ပြိုပျက်နေပြီး ခြံဝင်းတံခါးမကြီးသည်လည်း ယိုင်နဲ့နဲ့ဖြစ်နေသည်။ ဘေးတစ်ဖက်တစ်ချက်စီရှိ တံခါးရွက်နှစ်ခု၏ အရောင်များသည်ပင် မတူညီကြချေ။ ထို့ပြင် ‘ဇီယန်ကျောင်းတော်’ ဟု ရှေးဟောင်းစာလုံးသုံးလုံးဖြင့် ရေးထွင်းထားသော ဆိုင်းဘုတ်ကြီးသည်လည်း ဆေးများကွာကျနေကာ ခြများတတ်ကာချိုင့်ခွက်နေလေသည်။
တကယ်လို့ ဤမြင်ကွင်းထဲသို့ နွယ်ပင်အနည်းငယ်နှင့် သစ်ရွက်ခြောက်များသာ ထပ်ဖြည့်လိုက်လျှင် လန်ရို့ဘုရားကျောင်းဟုပြောပါက ပို၍ပင် ယုံချင်စရာကောင်းပေလိမ့်မည်။
(Chinese Ghost Story ထဲက ဘုရားကျောင်း)
ကျောင်းတံခါးသည် ဟစိဟစိပွင့်နေပြီး အထဲ၌ ကိုရင်အချို့ တံမြက်စည်းလှည်းနေသည်ကို လှမ်းမြင်နေရသည်။ ဝမ်ရှန်းက သူ၏ ဝိညာဉ်အသိစိတ်ကို ခြံဝင်းတစ်ခုလုံးသို့ ဖြန့်ကျက်ကြည့်လိုက်သောအခါ ကျင့်ကြံသူ နှစ်ဆယ်ကျော် ရှိနေသည်ကို ချက်ချင်းပင် အာရုံခံမိသည်။ အများစုမှာ ချီစုစည်းခြင်းနှင့် ဝိညာဉ်ပေါင်းစည်းခြင်းအဆင့်များသာဖြစ်သဖြင့် ဝမ်ရှန်းအနေဖြင့် အလွယ်တကူပင် အကဲခတ်နိုင်သည်။ ထို့ပြင် ဝိညာဉ်အာရုံဖြင့် ထိုးဖောက်ကြည့်၍မရသော နေရာအချို့ကိုလည်း တွေ့ရသဖြင့် ထိုနေရာများသည် ကျောင်းတော်ရှိ ဝါစဉ်ကြီးဘုန်းတော်ကြီးများသီတင်းသုံးသည့်နေရာဖြစ်ဖို့များလေသည်။
ဖေးလျန်ဇီက တိုးတိုးလေးရယ်မောရင်း ရေရွတ်လိုက်သည်။
“ဒီထဲမှာ တကယ့်ပညာရှင်တွေ ရှိနေတာပဲ”
ထိုစဉ် ကျောင်းတော်ထဲမှ တည်ကြည်လှသော ဘုရားစာရွတ်ဆိုသံတစ်ခုထွက်ပေါ်လာသည်။ အေးဆေးတည်ငြိမ်ပြီး ဘာခံစားချက်မျှမပါသော ဆရာတော်ကြီးတစ်ပါး၏ လေသံမျိုးဖြစ်သည်။
“ဝေါ်မီတော်ဖော်… ရှူဓားဂိုဏ်းက တာအိုဆရာတို့… ဒီနေ့ ဘာကိစ္စများရှိလို့ပါလဲ… ကျောင်းတော်ထဲ ကြွပြီး ထိုင်ကြပါဦး”
အသက် ၁၀နှစ်ကျော်အရွယ် ကိုရင်လေးနှစ်ပါးက တံခါးကြားမှ ၎င်းတို့၏ ကတုံးလေးများကို ပြူထွက်၍ ကြည့်လာကြသည်။ ဧည့်သည်များရောက်လာသည်ကို မြင်သောအခါ တံခါးကို အလျင်အမြန်ဖွင့်ပေးကြသည်။ အပြင်ဘက်ဝင်းရှိ သင်္ကန်းဝတ်ထားသော ဘုန်းကြီးအချို့လည်း စုပြုံ၍ စပ်စုချင်စိတ်ဖြင့်ကြည့်လာကြသည်။ သို့သော် ဝမ်ရှန်းနှင့် ဖေးလျန်ဇီတို့က တာအိုဝတ်စုံဝတ်မထားသည်ကို မြင်သွားသောအခါ ၎င်းတို့၏မျက်နှာများတွင် စိတ်ပျက်သွားသည့် အရိပ်ယောင်လေးများ ဖြတ်ပြေးသွားကြသည်။
ဖေးလျန်ဇီက ခြံဝင်းထဲ ခြေလှမ်းလှမ်းရင်း လက်အုပ်ချီ၍ နှုတ်ဆက်လိုက်သည်။
“ကျွန်တော်က ရှူဓားဂိုဏ်းရဲ့ နဝမအကြီးအကဲ ဖေးလျန်ဇီပါ။ ပျင်းပျင်းရှိတာနဲ့ ဒီဘက်ကို လမ်းလျှောက်ထွက်လာရင်း ဝင်လည်တာပါ။ အိမ်နီးနားချင်းဆိုတော့ အဆက်အသွယ်မပြတ်သင့်ဘူးမလား”
ကျောင်းထဲမှ ဖာထေးထားသောသင်္ကန်းကို ဝတ်ဆင်ထားသည့် ဝါစဉ်ကြီးဆရာတော်တစ်ပါးကြွလှမ်းလာသည်။ နေရောင်အောက်တွင် သင်္ကန်း၏ အရောင်လွင့်နေသော အစအနများနှင့် ဖာထေးထားသော အကွက်များကို အထင်အရှားမြင်နေရသည်။ ဆရာတော်သည် ပိန်ပိန်ပါးပါးနှင့် မုတ်ဆိတ်မွေး၊ နှုတ်ခမ်းမွေးများ ဖြူဖွေးနေသော်လည်း မျက်ဝန်းများသည်ကား တောက်ပပြီး အသက်ဝင်နေဆဲဖြစ်သည်။ နူးညံ့သိမ်မွေ့၍ ကြင်နာတတ်သော အရိပ်အယောင်များလည်း ဖြာထွက်နေသည်။
“ငါကတော့ ဒီကျောင်းတော်ရဲ့ ကျောင်းထိုင်ဆရာတော် ရွှမ်ကုပါ”
ဝမ်ရှန်းတစ်ယောက် ဘာပြန်ပြောရမှန်း ခဏတာဝေခွဲမရဖြစ်သွားသည်။ တာအိုဆရာများအနေဖြင့် ဘုန်းကြီးများကို မည်သို့ ခေါ်ဝေါ်ရမည်နည်းဟူသည်ကို မသိပါချေ။
ဖေးလျန်ဇီကမူ ထိုဆရာတော်ကြီးကို ၎င်းတို့၏ ဂိုဏ်းချုပ်နှင့် တစ်သားတည်ဟု ယူဆလိုက်ပုံရသည်။ ထို့ကြောင့် တာအိုထုံးစံအတိုင်း ဦးညွှတ်ကာ နှုတ်ဆက်လိုက်သည်။
“ကျောင်းထိုင်ဆရာတော် ရွှမ်ကုကို ဂါရဝပြုပါတယ်”
ဝမ်ရှန်းလည်း လိုက်လုပ်ရုံသာ ရှိတော့သည်။
“ကျောင်းထိုင်ဆရာတော် ရွှမ်ကုကို ဂါရဝပြုပါတယ်”
“ကျောင်းထဲ ကြွပြီး နားပါဦး”
ကျောင်းထိုင်ဆရာတော်က ယဉ်ကျေးပျူငှာစွာ ဖိတ်ခေါ်သည်။
“မကြာသေးမီနှစ်တွေအတွင်းမှာ ငါတို့အချင်းချင်းတွေ့ဖြစ်တာနည်းသွားပေမဲ့ ငါတို့ကျောင်းတော်နဲ့ ရှူဓားဂိုဏ်းက ရှေးယခင်ကတည်းက သံယောဇဉ်ကြီးမားခဲ့ကြတာပါ။ ဒီနေ့မှာ ဧည့်သည်တော်နှစ်ယောက်ကြွလာတာ တကယ်ပဲ ငါ့စိတ်ကို ဝမ်းမြောက်စေပါတယ်”
ဖေးလျန်ဇီက တစ်ချက်ပြုံး၍ ယဉ်ကျေးသောစကားအချို့ ပြန်ပြောလိုက်သည်။ ထို့နောက် ဆရာတော်က ၎င်းတို့ကို ကျောင်းထဲသို့ ခေါ်ဆောင်သွားပြီး ထောင့်တစ်နေရာရှိ သစ်သားကုလားထိုင်များတွင် နေရာပေးလိုကိသည်။
ဤကျောင်းတော်သည် ငွေကြေးကျပ်တည်းနေသည်မှာ ထင်ရှားလှသည်။ ဗုဒ္ဓရုပ်ပွားတော်ပေါ်ရှိ ရွှေပိန်းချထားသော အရောင်များသည်ပင် လွင့်ပြယ်နေပြီဖြစ်ရာ ဆေးပြန်သုတ်ရန် ရန်ပုံငွေမရှိခြင်းက သိသာနေပေသည်။ အမှန်တော့ ကျောင်းတော်တစ်ခု၏ ဝင်ငွေသည် အလှူငွေနှင့် အမွှေးတိုင်ဖိုးအပေါ်တွင်သာ အဓိက မူတည်သည်။ တောင်နက်ထဲတွင် ပုန်းကွယ်နေသော ရှေးဟောင်းကျောင်းတော်တစ်ခုအဖို့ ဤမျှဆင်းရဲခြင်းမှာ ထူးဆန်းသောကိစ္စမဟုတ်ပါချေ။
Chapter 164
ဗုဒ္ဓကျောင်းထဲက နတ်ဆိုး
ရှေးခေတ်က ဘုန်းကြီးများသည် ဆွမ်းခံကြွသည်ဆိုသည်မှာ ဝမ်းဝရန်အတွက်သာမက ကျောင်းတော်ရှိ ဘုရားဆင်းတုတော်များကို ရွှေချရန် ငွေစုဆောင်းကြခြင်းလည်းဖြစ်သည်။ ဤသို့ ကျင့်ကြံခြင်းကလည်း တစ်မျိုးပင်ဖြစ်သည်။
ဝမ်ရှန်းက ပတ်ပတ်လည်ကို အများကြီးလျှောက်မကြည့်နေချေ။ သူသည် ဗုဒ္ဓဘာသာကျင့်ကြံသူများနှင့် ထိတွေ့ဆက်ဆံပြီး အမြင်ကျယ်ချင်သည့် စပ်စုစိတ်သက်သက်ဖြင့်လာခဲ့ခြင်းကြောင့်ဖြစ်သည်။
စောစောက တံခါးဖွင့်ပေးသော ကိုရင်လေးနှစ်ပါးက မကြာခင်မှာပင် ရေနွေးကြမ်းလာပေးကြသည်။
ရွှမ်ကုက နွေးထွေးစွာ ဧည့်ခံရင်း ပြောသည်။
“တောင်ကျစမ်းရေနဲ့ လက်ဖက်ခြောက်ကြမ်းပဲမို့ စိတ်မရှိကြပါနဲ့။ မိတ်ဆွေတို့ ဒီနေ့လာရောက်တာက အိမ်နီးနားချင်း ဧည်ဝတ်မပျက်ဖို့သက်သက်ပဲလား”
ဖေးလျန်ဇီက ခေါင်းညိတ်ပြီး ပြန်ပြောရန် ပြင်လိုက်စဉ်မှာပင် ဝမ်ရှန်းက ရုတ်တရက် ဖြတ်ပြောလိုက်သည်။
“ကျောင်းထိုင်ဆရာတော်… ကျွန်တော့်ဆရာက သူ့မိတ်ဆွေဟောင်းတစ်ယောက်ကို နှုတ်ဆက်ခိုင်းလိုက်လို့ပါ။ သူ့ရဲ့ ဘွဲ့အမည်ကတော့ ရူဖုန်းတဲ့…”
ထိုဘွဲ့အမည်မှာ နည်းနည်းတော့ ထူးဆန်းနေသကဲ့သို့ရှိသည်။
“ဆရာတော် ရူဖုန်းလား”
ကျောင်းထိုင်ဆရာတော်က ပြုံးလျက် မေးပြီး ခေါင်းညိတ်ပြသည်။
“သူက ငါတို့ကျောင်းတော်မှာ တကယ်ပဲ ကျင့်ကြံနေပါတယ်။ ခဏလောက်စောင့်ပါဦး။ ငါ သူ့ကို ချက်ချင်းသွားခေါ်ခိုင်းလိုက်မယ်”
“ကျေးဇူးတင်ပါတယ် စီနီယာ”
“ကိစ္စမရှိပါဘူး” ကျောင်းထိုင်ဆရာတော်က ပြုံးရင်း လက်ယမ်းပြလိုက်သည်။
“ငါတို့ကျောင်းတော်နဲ့ ဓားဂိုဏ်းက အမြဲတမ်း အချင်းချင်းစောင့်ရှောက်လာခဲ့ကြတာပဲ။ ဒီလောက်အထိ အားနာစရာမလိုပါဘူး”
မကြာမီ သက်လတ်ပိုင်းဆရာတော်အချို့အတူရောက်လာကြသည်။ ဝမ်ရှန်း အကဲမဖြတ်နိုင်သော ဆရာတော်တစ်ပါးမှလွဲ၍ ကျန်ရှိသူများမှာ ဝိညာဉ်ပေါင်းစည်းခြင်းအဆင့်ရှိ ကျင့်ကြံသူများချည်းဖြစ်ကြသည်။ ဇီယန်ကျောင်းတော်၏ ဗုဒ္ဓကျင့်ကြံသူများ၏ စုစုပေါင်းအင်အားမှာ အရမ်းကြီးမမြင့်မားလှပေ၊၊
သူ၏ အရင်ဘဝတုန်းက ဝမ်ရှန်းသည် အင်တာနက်ပေါ်ရှိ ‘ကျင့်ကြံခြင်းဆိုင်ရာ ကျွမ်းကျင်သူများ’ ၏ သုံးသပ်ချက်အချို့ကို ဖတ်ဖူးခဲ့သည်။ ထိုအထဲတွင် ဗုဒ္ဓဂိုဏ်းခွဲများဆုတ်ယုတ်ရခြင်း၏ အကြောင်းရင်းများကို ခွဲခြမ်းစိတ်ဖြာထားသော ဆွေးနွေးချက်များပါဝင်ပြီး တချို့သောအကြောင်းပြချက်များမှာ တကယ်ပင် ယုတ္တိရှိလှသည်။
ပြဿနာ၏ အရင်းအမြစ်မှာ ဗုဒ္ဓကျမ်းစာများတွင် ရှိနေပုံရသည်၊၊
တာအိုဘာသာ၏ အမွေအနှစ်များ မည်မျှပင် များပြားနေပါစေ… အားလုံးသည် တောက်တယ်ကျင်းထံမှသာ မြစ်ဖျားခံဆင်းသက်လာကြခြင်းဖြစ်သည်။ တာအိုဂိုဏ်းခွဲတစ်ခုချင်းစီ၏ နည်းစနစ်များနှင့် ကျင့်ကြံခြင်းအဆင့်များသည် ထိုအခြေခံပေါ်တွင်သာ ဖွံ့ဖြိုးတိုးတက်လာခြင်းဖြစ်၍ တစ်ခုနှင့်တစ်ခု အပြန်အလှန်သက်သေပြနိုင်ကြသည်။
တစ်ဖက်တွင်လည်း ဗုဒ္ဓဘာသာဂိုဏ်းများ၏ ကျင့်ကြံခြင်းနည်းစနစ်များသည် ကျမ်းစာမျိုးစုံမှ ဆင်းသက်လာခြင်းဖြစ်ပြီး တောက်တယ်ကျင်းကဲ့သို့ ဗဟိုချက်မဖြစ်သော၊ ဩဇာအာဏာရှိသော လမ်းညွှန်ချက်မျိုးမရှိကြချေ။ ထို့ကြောင့် လက်ရှိ ဟွာသမ္မတနိုင်ငံအတွင်းရှိ ဗုဒ္ဓအမွေအနှစ်များသည် အတော်လေးကို တကွဲတပြားဖြစ်နေခဲ့သည်။
ဗုဒ္ဓကျင့်ကြံသူများနှင့် နောက်လိုက်များအများကြီးရှိပြီး ဗုဒ္ဓကျမ်းစာများသည် တာအိုကျမ်းစာများထက် ပို၍ကျယ်ကျယ်ပြန့်ပြန့်ပျံ့နှံ့ခဲ့သည်။ သို့သော် ကမ္ဘာဦးချီများပျောက်ဆုံးသွားခဲ့သော နှစ်ပေါင်းတစ်ထောင်အတွင်းတွင် ထိုကျမ်းစာများမှ ဆင်းသက်လာသည့် ကျင့်ကြံခြင်းနည်းလမ်းအများစုမှာ မေ့ပျောက်ခြင်းကမ္ဘာထဲသို့ ရောက်ရှိသွားခဲ့ရ၏၊၊
ထို့ပြင် ဗုဒ္ဓဘာသာသည် အိန္ဒိယရှေးဟောင်းပြည်မှ ရောက်ရှိလာပြီးနောက် အလယ်ပိုင်းလွင်ပြင်၏ ယဉ်ကျေးမှုနှင့် ပေါင်းစပ်သွားခဲ့ခြင်းကြောင့် မူလအစနှင့် သိသိသာသာကွဲလွဲသွားခဲ့သည်။ ကျင့်ကြံခြင်းနည်းလမ်းများသည်လည်း ပြောင်းလဲသွားခဲ့သဖြင့် တစ်ခုနှင့်တစ်ခုအပြန်အလှန်ကိုးကားရန် မသင့်တော်တော့ချေ။
ရလဒ်အနေဖြင့် ကမ္ဘာဦးချီများ ပြန်လည်နိုးထလာပြီး ၎င်းတို့၏ အဆင့်များမြင့်တက်လာသောအခါ ကျမ်းစာများရွတ်ဖတ်ရင်း ဘဝတစ်ခုလုံးကို ကုန်ဆုံးစေခဲ့သည့် ဝါစဉ််ကြီး ဆရာတော်တော်များများမှာ ကမ္ဘာဦးချီကို မိမိတို့ကိုယ်ထဲသို့ မည်သို့ဆွဲသွင်း၍ အသုံးချရမည်နည်းဟူသည်ကို မသိဘဲဖြစ်ခဲ့ကြရ၏။ ထို့ပြင် အခြားနည်းစနစ်များနှင့် ဖြည့်စွက်ကျင့်ကြံရန် ကြိုးစားသည့်အခါတွင်လည်း ၎င်းတို့၏ လက်ရှိအဆင့်များနှင့် ပဋိပက္ခဖြစ်တတ်သဖြင့် တစ်ကိုယ်တည်းစမ်းတဝါးဝါးဖြင့် ရှေ့ဆက်သွားကြခြင်းက ပို၍ ဘေးကင်းသည်ဟု ယူဆခဲ့ကြသည်။
အခြားအဓိကအကြောင်းရင်းတစ်ခု- လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်က ဗုဒ္ဓဘာသာနှင့် တာအိုဘာသာဂိုဏ်းများအကြား အဆက်မပြတ်ပဋိပက္ခဖြစ်ပွားရခြင်း၏ အရင်းအမြစ်မှာ ဗုဒ္ဓဘာသာက နောင်ဘဝကို အာရုံစိုက်ပြီး တာအိုဘာသာကမူ ယခုဘဝမှာပင် လွတ်မြောက်မှုကိုရှာဖွေခြင်းကြောင့်ဖြစ်သည်။
ဗုဒ္ဓဘာသာဝင်များအတွက်မူ ကျင့်ကြံခြင်းသည် သဒ္ဓါတရားမှ စတင်ခြင်းဖြစ်သည်။ ၎င်းတို့က ကျင့်ကြံခြင်းကို အနောက်ဘက် သုခဘုံသို့ ရောက်ရှိရန် နည်းလမ်းတစ်ခုအဖြစ် ရှုမြင်ကြပြီး ဤဘဝသည် ဆင်းရဲဒုက္ခခံရမည့်ဘဝ၊ နောက်ဆုံးနိဗ္ဗာန်ရောက်မှသာ ဘုရား သို့မဟုတ် ဗောဓိသတ်ဖြစ်နိုင်မည်ဟု ယုံကြည်ကြသည်။
တာအိုဘာသာကမူ ပို၍ လက်တွေ့ကျသော ဒဿနကို ကိုင်စွဲထားသည်။ ၎င်းက ကောင်းကင်နှင့် မြေကြီး၊ ထို့ပြင် မိဘဘိုးဘွားများကို ရိုသေလေးစားရန် အလေးပေးသည်။ ၎င်း၏ ကျင့်ကြံခြင်းသည် ခန္ဓာကိုယ်နှင့် ဝိညာဉ်နှစ်ခုလုံးကို သန့်စင်ရန် ဗဟိုပြုပြီး ယခုဘဝမှာပင် ဉာဏ်အလင်းပွင့်ရန်နှင့် ကောင်းကင်သို့တတ်လှမ်းရန် ရည်ရွယ်သည်။ အောင်မြင်သော တာအိုကျင့်ကြံသူတစ်ယောက်သည် ထာဝရရှင်သန်ခြင်းကို ရှာဖွေရင်း နတ်အလင်းတန်းကို ခံယူနိုင်သည်၊ သို့မဟုတ် အမြင့်မြတ်ဆုံးတာအိုလမ်းဆုံးသို့ ရောက်ရှိပြီး ဤလောကတွင် လွတ်လွတ်လပ်လပ်နေထိုင်နိုင်သည်။
ထိုအချက်ကြောင့်ပင် လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်က ဂိုဏ်းနှစ်ခုစလုံးသည် တစ်ဦးကိုတစ်ဦး စွပ်စွဲပြစ်တင်မှုများစတင်ခဲ့ကြသည်။ နောက်ဆုံးတွင် နှုတ်သည် ကိုယ်ထိလက်ရောက်အကြမ်းဖက်မှုများအထိဖြစ်လာခဲ့ကြသည်။ သမိုင်း၏ ရှည်လျားသောကာလတစ်ခုတွင် အဓိကလမ်းမှန်ဂိုဏ်းကြီးနှစ်ခုသည် တစ်ဦးအပေါ်တစ်ဦး ပြင်းထန်စွာ မုန်းတီးရှုတ်ချခဲ့ကြသည်။
တာအိုဂိုဏ်းများသည် ကျင့်ကြံခြင်းလောကတွင် အဓိကလမ်းစဉ်ဖြစ်လာခဲ့ပြီး ဗုဒ္ဓဘာသာဂိုဏ်းများမှာမူ ဆုတ်ယုတ်ပျောက်ကွယ်သွားခဲ့ရသည်။ ယခုအချိန်တွင်မူ ၎င်းတို့သည် တရားမျှတသောလမ်းမှန်သမားများအတွက် အထောက်အကူပြုအင်အားစုတစ်ခုအနေဖြင့်သာ တည်ရှိတော့သည်။
ဟွာသမ္မတနိုင်ငံ၏ ကြီးကြပ်မှုအောက်တွင်မူ ဗုဒ္ဓဘာသာနှင့် တာအိုဘာသာဂိုဏ်းများအကြား ပဋိပက္ခသည် ရှားပါးသွားခဲ့လေပြီ။ တာအိုကျောင်းဆောင်များနှင့် ဗုဒ္ဓကျောင်းတော်များသည် ဘေးချင်းကပ်လျက်တည်ရှိနေကာ အေးချမ်းစွာ အတူယှဉ်တွဲနေထိုင်ကြလေ့ရှိသည်။
သက်လတ်ပိုင်း ဘုန်းကြီးအုပ်စုက ရှေ့သို့ တိုးလာပြီး ကျောင်းထိုင်ဆရာတော်ကို အရိုအသေပေးကြသည်။ ဝမ်ရှန်း ကျင့်ကြံခြင်းအဆင့်ကို အကဲမဖြတ်နိုင်သော ဆရာတော်က ဝမ်ရှန်းနှင့် ဖေးလျန်ဇီဘက်သို့ လှည့်လာသည်။
သူက ပြုံးရင်း မေးလိုက်သည်။
“ဘယ်သူက ငါ့ကို လာရှာတာလဲ”
ဝမ်ရှန်းက မတ်တတ်ရပ်ပြီး ပြုံးပြလိုက်သည်။
“ကျွန်တော်ပါ ဆရာတော်ရူဖုန်း။ ကျွန်တော့်နာမည်က ဝမ်ရှန်းပါ။ ရှူဓားဂိုဏ်းမှာ ကျင့်ကြံနေတာ မကြာသေးပါဘူး။ ကျွန်တော့်ဆရာ ချင်ယန်ဇီက ဇီယန်ကျောင်းတော်ကို သွားပြီး ဆရာတော်ကို ဂါရဝပြုဖို့ အထူးမှာကြားလိုက်လို့ပါ”
“ချင်ယန်ဇီ ဟုတ်လား”
ဆရာတော်၏ မျက်ဝန်းများသည် တောက်ပသွားပြီး မျက်ခုံးရှည်ကြီးများက အနည်းငယ်လှုပ်ခတ်သွားသည်။ အားရပါးရရယ်မောလိုက်သောအခါ သူသည် ပို၍ တက်ကြွရွှင်လန်းလာပုံရသည်။
“ဒါဆို မင်းက သူ့တပည့်ပေါ့။ သူ နောက်ထပ်တပည့်တစ်ယောက် လက်ခံထားမှန်း ငါမသိခဲ့ဘူး။ ငါ တစ်ခါက မင်းရဲ့ဆရာနဲ့အတူ လအနည်းငယ်ကြာ ခရီးသွားဖူးတယ်။ သူ့ရဲ့ ဗဟုသုတကြွယ်ဝမှုကို တကယ်ပဲ ချီးကျူးမိပါတယ်။ ပြောပါဦး… မင်းရဲ့ဆရာက နောက်ဆုံးတော့ မင်းရဲ့ဆရာကတော်ကို ရှာတွေ့သွားပြီလား”
“ရှာတွေ့ပါပြီ” ဝမ်ရှန်းက ပြန်ဖြေသည်။
“မကြာသေးခင်ကပဲ”
ရူဖုန်းက ရွှင်လန်းစွာ ခေါင်းညိတ်သည်။
“ကောင်းတယ်… ကောင်းတယ်… အနည်းဆုံးတော့ သူ့ရဲ့ သစ္စာရှိမှုက အလဟဿမဖြစ်ခဲ့ဘူးပေါ့”
ကျောင်းထိုင်ဆရာတော်က ပြုံးလိုက်သည်။
“ကဲ၊ ထိုင်ကြပါဦး။ နားနားနေနေ စကားပြောကြတာပေါ့”
အခြားဘုန်းကြီးတစ်ပါးက သက်ပြင်းချရင်း ထပ်ပြောသည်။
“မင်းတို့လာတဲ့အချိန်က တကယ်ကို ကွက်တိပဲ။ တကယ်လို့ မင်းတို့ ဒီနေ့ရောက်မလာရင် ငါတို့ကိုယ်တိုင်လည်း လာမယ့်ရက်တွေအတွင်း ဓားဂိုဏ်းဆီ လာလည်ဖို့ရှိနေတယ်”
“ရှေ့ကို သိပ်မတွေးပါနဲ့ဦး” ကျောင်းထိုင်ဆရာတော်က ကြားဖြတ်ပြောသည်။
“ဘာမှ မသေချာသေးဘူး။ ထိတ်လန့်နေစရာမလိုပါဘူး”
ဝမ်ရှန်းနှင့် ဖေးလျန်ဇီတို့ အချင်းချင်းကြည့်လိုက်မိကြသည်။ ယနေ့မနက်အစောပိုင်းက ဖေးလျန်ဇီ ပြောခဲ့သည်များကို သတိရမိပြီး စိုးရိမ်စိတ်တစ်ခုက စတင်ဝင်ရောက်လာသည်။
ဒီလောက်အထိ မြန်မြန်ဆန်ဆန်ကြီးတော့ မဖြစ်နိုင်လောက်ပါဘူးနော်…၊၊
ရွှမ်ကုက ပြုံးလျက်မေးသည်။
“မိတ်ဆွေတို့က ဗုဒ္ဓတရားတော်တွေကို လေ့လာဖူးကြလား”
“မလေ့လာဖူးပါဘူး”
ဖေးလျန်ဇီက အနည်းငယ် ရှက်ကိုးရှက်ကန်းအပြုံးဖြင့် ပြန်ဖြေသည်။ ထို့နောက် သူက မျက်မှောင်ကြုတ်လိုက်သည်။
“ဆရာတော်ကြီးရဲ့ ခုနကစကားအရဆိုရင် တစ်ခုခုဖြစ်ပျက်နေပြီလို့ ယူဆရမလား”
ရွှမ်ကုက မျက်မှောင်အနည်းငယ်ကြုတ်လိုက်ပြီး ပြောရန် ဝန်လေးနေပုံရသည်။ သူက ဘုရားစာကိုသာ ရွတ်ဆိုနေသည်။
“ဝေါ်မီတော်ဖော်”
“ကျောင်းထိုင်ဆရာတော်”
အခြားသက်လတ်ပိုင်း ဘုန်းကြီးတစ်ပါးက ဗုဒ္ဓဘာသာထုံးစံ အရိုအသေပြုလုပ်ပြီးနောက် ခေါ်လိုက်သည်။
“သူတို့ကို ကိုယ်တိုင်သွားကြည့်ခိုင်းလိုက်ရင် မကောင်းဘူးလား။ တကယ်လို့ တပည့်တော်တို့ ထင်တာသာမှန်နေရင် ရှုဓားဂိုဏ်းကလည်း အနီးနားမှာတင်ရှိတာမို့ ဒီကိစ္စထဲ ပါဝင်ပတ်သက်လာဖို့က မလွဲမသွေပဲလေ”
ရူဖုန်းကလည်း ဝင်ပြောသည်။
“အားလုံး ဝိုင်းဝန်းစဉ်းစားကြတာ ပိုကောင်းမယ်ထင်တယ် ဆရာတော်ကြီး။ တကယ်လို့ ဒါက သတိပေးရုံသက်သက်ပဲဆိုရင်လည်း အားလုံးအဆင်ပြေသွားတာပေါ့”
ကျောင်းထိုင်ဆရာတော်က သက်ပြင်းချရင်း နောက်ဆုံးတွင် သဘောတူလိုက်ရသည်။
“ကောင်းပြီလေ။ မိတ်ဆွေနှစ်ယောက်ကို နောက်ဖေးဝင်းထဲက ရေတွင်းဆီခေါ်သွားလိုက်ပါ”
ဝမ်ရှန်းနှင့် ဖေးလျန်ဇီတို့ နောက်တစ်ကြိမ် တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်မိကြပြန်သည်။ ဤဆရာတော်များသည် ၎င်းတို့ သွားချင်ရဲ့လားဟူ၍ပင် ဘာကြောင့် တစ်ခွန်းမှ မမေးကြသနည်း။
သို့သော်လည်း အခြေအနေက ၎င်းတို့ထံ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိလာခဲ့ပြီဖြစ်ပြီး ရှူဓားဂိုဏ်း၏ ဘေးကင်းလုံခြုံမှုကိုပါ ထိခိုက်စေနိုင်သည်။ ဖေးလျန်ဇီကမူ သူတို့ ဒီအတိုင်း လှည့်ထွက်သွား၍မရမှန်းသိနေသည်။
၎င်းတို့နှစ်ဦးသည် ဘုန်းကြီးများနောက်သို့လိုက်၍ ဇီယန်ကျောင်းတော်၏ နောက်ဖေးဝင်းသို့ ရောက်လာခဲ့ကြသည်။ ခြံဝင်း၏ ပုံစံက နည်းနည်းတော့ ထူးဆန်းနေသည်။ ဘုန်းကြီးများ သီတင်းသုံးသည့် ဘေးဘက်အခန်းတွဲများက ပတ်ပတ်လည်ဝိုင်းရံထားပြီး ခြံဝင်း၏ အလယ်ဗဟိုတည့်တည့်တွင်မူ ရေတွင်းတစ်တွင်းရှိနေသည်။ ရေတွင်းဘေးပတ်လည်တွင်မူ တရားထိုင်ဖျာ နှစ်ဆယ်၊ သုံးဆယ်ခန့် ရှိနေသည်။
ဘုန်းကြီးတစ်ပါးက ရှင်းပြသည်။
“ကျောင်းတော်ရဲ့ ထုံးစံအရ မနက်ခင်းဝတ်ပြုဆုတောင်းခြင်းတွေကို ကျောင်းထဲမှာမလုပ်ဘဲ ဒီနေရာမှာပဲ လုပ်ကြတာပါ”
“ဒီရေတွင်းကို မိစ္ဆာချုပ်ရေတွင်းလို့ ခေါ်တယ်။ ဒါက ကြီးမားတဲ့ မိစ္ဆာချုပ်အစီအရင်က ချန်ထားခဲ့တဲ့ တစ်ခုတည်းသောအဝင်အထွက်လမ်းကြောင်းဖြစ်တယ်လို့ ကျောင်းထိုင်ဆရာတော်အဆက်ဆက် လက်ဆင့်ကမ်းပြောကြားခဲ့ကြတယ်။ နောင်လာနောက်သားတွေ အစီအရင်ကို စစ်ဆေးနိုင်ဖို့အတွက် ရည်ရွယ်ခဲ့တာပါ”
“ရှေးခေတ်တုန်းကတော့ ကမ္ဘာမြေကြီးဟာ ဒီလောက်အထိ ပြင်းထန်တဲ့ ဗုဒ္ဓစွမ်းအင်တွေနဲ့ မပြည့်နှက်သေးခင်အချိန်က ရေတွင်းအောက်ခြေက ရုပ်တုတွေကို မြင်နိုင်ပြီး ရေထဲက ဂူဝတစ်ခုကိုတောင် လှမ်းမြင်နိုင်ခဲ့တယ်”
“ကမ္ဘာမြေရဲ့ ချီစွမ်းအင်တွေ ပြန်လည်နိုးထလာပြီးနောက်မှာတော့ မိစ္ဆာချုပ်အစီအရင်က ပြန်လည်အသက်ဝင်လာခဲ့ပေမဲ့ ဂူဝကတော့ ပျောက်ကွယ်သွားခဲ့တယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့လကတင်ပဲ အပြောင်းအလဲတစ်ခုထပ်ဖြစ်ခဲ့ပြန်တယ်”
ရွှမ်ကုက သက်ပြင်းအရှည်ကြီး ချလိုက်သည်။
“ရူဖုန်း… မင်းရဲ့ တရားဒေသနာအပေါ် နားလည်မှုက နက်ရှိုင်းပါတယ်။ မိတ်ဆွေနှစ်ယောက်ကို ပြသပေးလိုက်ပါဦး”
ရူဖုန်းက ညင်သာစွာ ခေါင်းညိတ်ပြီး ရေတွင်းဘေးသို့ တိုးသွားကာ ဘုရားစာတစ်ပုဒ်ကို ရွတ်ဆိုလိုက်သည်။ သူက ရေတွင်းဝဆီသို့ လက်ဝါးဖြန့်၍ ဆွဲတင်လိုက်သည့်ဟန် ပြုလုပ်လိုက်သည်။ ရေစီးကြောင်းတစ်ခုက သူ့လက်ထဲသို့ ဝုန်းခနဲတက်လာပြီး လေထဲတွင် လွင့်မျောနေသော ရေလုံးကြီးတစ်ခုဖြစ်သွားသည်။
ထို့နောက် သူက ရေလုံးကြီးကို သယ်ဆောင်လာရင်း တိုးတိုးလေးဆက်၍ ရွတ်ဆိုနေသည်။ ရေလုံးကြီးက ဆူပွက်လာပြီး ခဏအကြာတွင် နီညိုရောင် မီးခိုးငွေ့တစ်မျှင်စိမ့်ထွက်လာခဲ့သည်။ သို့သော် လေက ထိုမီးခိုးငွေ့ကို ချက်ချင်းပင် တိုက်ထုတ်သွားခဲ့သည်။
ဖေးလျန်ဇီ၏ မျက်လုံးများ ပြူးကျယ်သွားသည်။
“ဒါက…”
“နတ်ဆိုးချီပဲ”
ရူဖုန်းက အကူအညီမဲ့စွာဖြင့် ခေါင်းခါလိုက်သည်။
“ဒါက စပြီး ယိုစိမ့်နေပြီ”