အခန်း (၁၆၉-၁၇၀)
Vol. 17 Ch. 169-170
Chapter 169
ခုနှစ်စင်ကြယ်ပြောင်းပြန်ဓားအစီအရင်
လူတစ်ယောက်ထဲသုံးအစီအရင်တွင် အဆုံးမဲ့ပြောင်းလဲမှုများပါဝင်နေသည်။ ထို့ပြင် ထိုအစီအရင်တွင် ကောင်းကင်နှင့် မြေကြီး၏ မရေမတွက်နိုင်သော သစ္စာတရားများနှင့် နိယာမများလည်း ကိန်းဝပ်နေသည်။
ရှုဓားဂိုဏ်း၏ တာအိုဆရာများပြောသည့် ပြည့်စုံခြင်းဆိုသည်မှာ အမှန်တကယ် ဘာကိုဆိုလိုတာလဲ။ ထိုအရာက ဓားဆန္ဒတစ်ခု၏ အဆုံးစွန်သောပုံစံကို ညွှန်းဆိုခြင်းလား။ ဓားဆန္ဒအားလုံးသည် အဆုံးမဲ့သန့်စင်ခြင်း၊ ထက်မြက်အောင်လုပ်ဆောင်ခြင်းနှင့် ပြည့်စုံအောင်လုပ်ဆောင်ခြင်းတို့အတွက် မဟုတ်ဘူးလား… စစ်မှန်သော ပြည့်စုံခြင်းဆိုသည်မှာ အမှန်တကယ်ရှိလား…
နှင်းပြင်ကျယ်ကြီးထဲတွင် ဝမ်ရှန်းက တိတ်ဆိတ်စွာ ရပ်နေရင်း ကောင်းကင်ထက်က တောက်ပနေသည့် ကြယ်ခုနစ်လုံးကို မော့ကြည့်နေမိသည်။ သူက ဓားကို ချလိုက်သော်လည်း ကြယ်များမှာမူ ဆက်လက်ရွေ့လျားနေဆဲပင်၊၊ ထိုညတွင် သူသည် ခုနှစ်စင်ကြယ်ဓားအစီအရင်၏ အနှစ်သာရကို သဘောပေါက်ခဲ့ပြီး ၎င်း၏ စစ်မှန်သော စွမ်းအားကို မည်သို့ ထုတ်ဖော်ရမည်ကို သိရှိခဲ့ခြင်းဖြစ်သည်။
ကြယ်ခုနစ်လုံးသည် ဗဟိုကြယ်ဖြစ်သည့် ဇီဝေကြယ်ကို အဆုံးမဲ့လှည့်ပတ်နေကြပြီး ၎င်းတို့၏ တည်နေရာများသည် ခုနှစ်စင်ကြယ်ဓားအစီအရင်၏ အဓိကဖွဲ့စည်းပုံ ၇ခုဖြစ်လာသည်။ ထိုအစီအရင်သည် ထို၇နေရာအတိုင်း အဆက်မပြတ်ရွေ့လျားနေပြီး လှုပ်ရှားမှုတိုင်းမှာ ဇီဝေကြယ်ဆီသို့ တိုက်ရိုက်ဦးတည်နေသည်။ ဝမ်ရှန်း တောင့်တင်းသွားခဲ့သည်၊၊
ဒါက ခုနှစ်စင်ကြယ်ဓားအစီအရင်လား…၊၊
သူသည် အတော်ကြာအောင် ငြိမ်သက်စွာ ရပ်နေမိသည်။ ရုတ်တရက် ဉာဏ်အလင်းပွင့်လာသကဲ့သို့ပင် သူ၏ စိတ်ထဲတွင် အစီအရင်ကို အခြေခံအကျဆုံးပုံစံများအဖြစ်သို့ အလျင်အမြန် ဖြိုခွဲပြီး ပြန်လည်စုစည်းကာ လေ့လာနေမိသည်။ လှုပ်ရှားမှုတိုင်းကို အလွန်ရင်းနှီးကျွမ်းဝင်နေပြီးဖြစ်သဖြင့် အစီအရင်တစ်ခုလုံးကို ဖြိုခွဲခြင်းမှာ အခက်အခဲမရှိလှသော်လည်း ဤအလုပ်က သူ့ကို အတော်လေးပင်ပန်းစေသည်။
သူသည် မျက်ခုံးများကို တင်းကျပ်စွာကြုတ်ကာ ထိုင်နေမိသည်။ နှင်းပြင်ကြီးထဲက သူ၏ ပုံရိပ်သည်လည်း မလှုပ်မယှက်ရပ်နေရင်း ရှေ့က ဓားကွက်များကို အတွေးနက်စွာ စိုက်ကြည့်နေမိသည်။
သူ့၏ မူလနားလည်သဘောပေါက်မှုက မပြည့်စုံခဲ့လျှင် ဘာဖြစ်မလဲ။ ထိုစဉ်က သူသဘောပေါက်ခဲ့သည်မှာ ခုနှစ်စင်ကြယ်ဓားအစီအရင်၏ အဆင့်တစ်ခုမျှသာဖြစ်ပြီး ခုနှစ်စင်ကြယ်ဓားဆန္ဒ၏ အတိုင်းအတာတစ်ခုလုံးကို အမှန်တကယ် နားမလည်သေးခဲ့လျှင် ဘာဖြစ်မလဲ။
ကြယ်ခုနစ်လုံးသည် ဇီဝေကြယ်ကို လှည့်ပတ်နေသော်လည်း ၎င်းကို တိုက်ခိုက်ရန် ရည်ရွယ်ချက်ဖြင့် လှည့်ပတ်နေခြင်းမျိုးမဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ဇီဝေကြယ်ကို ရှေးခေတ်က ကောင်းကင်ဘုံ၏ အုပ်ချုပ်သူအဖြစ်ကိုးကွယ်ခဲ့ကြပြီး ဧကရာဇ်ကြယ်ဟုပင် လူသိများသောကြောင့် ဖြစ်သည်။
ဝမ်ရှန်းအနေဖြင့် ချင်ခေတ်မတိုင်မီက ထိုကြယ်စင်တန်းကို အာဏာရှင်ကိုးပါးဟုလည်း ခေါ်ဆိုခဲ့ကြကြောင်း စာအုပ်တစ်အုပ်တွင် သူဖတ်ဖူးသလိုလိုရှိသည်။ အဓိကကြယ်ခုနစ်လုံးအပြင် လက်ဝဲနှင့် လက်ယာအကူကြယ်များဟု လူသိများသည့် အခြားကြယ်နှစ်လုံးလည်း ရှိသေးသည်။ ဇီဝေကြယ်နှင့် ပေါင်းစပ်လိုက်လျှင် ထိုကိုးလုံးကို ကြယ်ဝင်ရိုးစွန်းဟု ခေါ်ဆိုကြသည်။
ယခုအချိန်အထိ သူသည် မိမိကိုယ်ကိုယ် ကြယ်ခုနစ်လုံးကြားတွင် အမြဲထားရှိခဲ့ပြီး ဧကရာဇ်ကြယ်ကို ဓားဖြင့်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ အကယ်၍ သူသာ ဧကရာဇ်ကြယ်၏ တည်နေရာတွင် ရပ်တည်ပြီး ကြယ်ခုနစ်လုံးကို ကွပ်ကဲကာ အကူကြယ်များကို အသုံးချခဲ့လျှင် ထိုဓားအစီအရင်က ဘာဖြစ်သွားနိုင်မလဲ။
ထိုအရာက... ဘာဖြစ်သွားမလဲ။
ထိုဆန်းပြားသည့် အတွေးက သူ နှစ်ပေါင်းများစွာ လက်ခံထားခဲ့သည့် နားလည်မှုကို လုံးဝ ပြောင်းလဲပစ်လိုက်ပြီး ခုနှစ်စင်ကြယ်ဓားအစီအရင်အပေါ် ချဉ်းကပ်ပုံ အခြေခံအုတ်မြစ်ကို လုံးဝရိုက်ချိုးဖျက်ဆီးပစ်လိုက်သည်။
ထိုအခိုက်အတန့်တွင် ဓားမြည်သံတစ်ခုကို သူ ကြားလိုက်ရသည်။ တောက်ပလှသည့် အလင်းတန်းတစ်ခုက သူ၏ ခုနှစ်စင်ကြယ်ဓားဆန္ဒထံမှ ပေါက်ကွဲထွက်လာခဲ့သည်။ စိတ်ကူးပုံရိပ်ထဲတွင် တောက်ပနေသည့် အလင်းဓားတစ်လက်က ကောင်းကင်ဘုံမှ နှင်းပြင်ထဲတွင် တစ်ယောက်ထဲလေ့ကျင့်နေသည့် လူငယ်လေး၏ လက်ထဲသို့ ကျရောက်လာခဲ့သည်။
ဓားကွက်များသည် တစ်ခုချင်းစီပြန်လည်ဖွဲ့စည်းလာကြသည်။ အစီအရင်က လုံးဝပြောင်းလဲသွားသော်လည်း ခုနှစ်စင်ကြယ်ခြေလှမ်းများကိုမူ အပြည့်အဝထည့်သွင်းထားဆဲဖြစ်သည်။ ယခုအကြိမ်တွင် ပြောင်းလဲသွားသည်မှာ သူ၏ ခြေလှမ်းများသာမက သူ၏ ဓားနှင့် တိုက်ခိုက်သည့် လမ်းကြောင်းများပါ ပြောင်းလဲသွားခြင်း ဖြစ်သည်။
ခုနှစ်စင်ကြယ်ပြောင်းပြန်ဓားအစီအရင်…၊၊
နောက်ဆုံးတွင် မည်မျှကြာသွားသည်မသိရဘဲ သူ၏ နှလုံးသားထဲတွင် နှစ်သိမ့်ကျေနပ်မှုကြီးစွာ ဖြစ်ပေါ်လာခဲ့သည်။ ဝမ်ရှန်းက ရုတ်တရက် မျက်လုံးများကို ဖွင့်ကာ မတ်တပ်ထရပ်လိုက်သည်။ အရင်ကနှင့်မတူသည့် ဓားမြည်သံတစ်ခုက အတွင်းမှ ပဲ့တင်ထွက်လာပြီး ချီလှိုင်းလုံးကြီးများက သူ၏ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာတော့သည်။
“စီနီယာအစ်မ… ကျွန်တော် နောက်ဆုံးတော့ နားလည်သွားပြီ။ စီနီယာအစ်မ... ခုနှစ်စင်ကြယ်ဓားအစီအရင်ကလည်း—ဟင်”
သူသည် ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်ရာ လွတ်နေသည့်အခန်းကိုသာ မြင်တွေ့ရသည်။ သူခေါင်းကို ကုတ်ရင်း ရှက်ကိုးရှက်ကန်းရယ်မောမိသွားသည်။ ထို့နောက် ဓားကို ဆွဲကာ အခန်းထဲမှ အပြေးအလွှားထွက်ခွာသွားခဲ့သည်။
ဒါက နားရမယ့် အချိန်မဟုတ်ဘူး။ ငါ ဓားသိုင်းကို ဆက်ပြီး လေ့ကျင့်ရမယ်။
…
စောစောစီးစီး တရားထိုင်ခြင်းကိစ္စရပ်များကို အဆုံးသတ်လိုက်ပြီးခါစတွင်ပင် ချင်ယန်ဇီသည် သူ၏ ချစ်လှစွာသော တပည့်ဖြစ်သူထံမှ စာတိုတစ်ခု လက်ခံရရှိလိုက်သည်။
ဝမ်ရှန်း - “ဆရာ... နိုးပြီလား”
သူ့ထံမှ “နိုးပြီ” ဟူသော စာပြန်လိုက်သည်နှင့် တစ်ပြိုင်နက် ဝမ်ရှန်းက ဖုန်းခေါ်လာခဲ့သည်။ သူ ဖုန်းကိုင်လိုက်သည်နှင့် တပည့်ဖြစ်သူသည် စကားလုံးများကို တရစပ်ပြောနေရာ သူ၏ မျက်ခုံးများပင် အတော်လေးတွန့်ချိုးသွားရသည်။
“ဆရာ... ဇီဝေကြယ်ရဲ့ တည်နေရာမှာ ရပ်တည်ပြီး ကြယ်ခုနစ်လုံးကို ကွပ်ကဲတာကမှ ခုနှစ်စင်ကြယ်ဓားအစီအရင်ရဲ့ စစ်မှန်တဲ့ အနှစ်သာရပဲမလား။ ကျွန်တော် တကယ်အမြင်ကျဉ်းခဲ့တာပါ။ ခုနှစ်စင်ကြယ်ဓားအစီအရင်ထဲမှာ ကိန်းဝပ်နေတဲ့ ပိုနက်ရှိုင်းတဲ့ ဓားဆန္ဒကို အပြည့်အဝသဘောပေါက်ဖို့ အချိန်အကြာကြီးပေးခဲ့ရတယ်။ ဒီအစီအရင်က ဘာလို့ တစ်ကိုယ်တော်အစီအရင်လို့ ခေါ်တာလဲကို အခုမှပဲ ကျွန်တော် လုံးဝနားလည်သွားတော့တယ်”
“ကျွန်တော် ခုနှစ်စင်ကြယ်ပြောင်းပြန်အစီအရင်ကို အထွတ်အထိပ်ရောက်အောင် မသန့်စင်ရသေးပေမဲ့ သူ့ရဲ့ စွမ်းအားက အများကြီးတိုးတက်လာပြီး ဓားကွက်တစ်ခုချင်းစီကြားက ပြောင်းလဲမှုတွေကလည်း အများကြီးထွက်လာခဲ့တယ်။ အစီအရင်ရဲ့ ပိတ်မိမှုအောက်မှာခံနေရတဲ့ အခြေအနေမဟုတ်တော့ပဲ အခုဆိုရင် အစီအရင်တစ်ခုလုံးက ကျွန်တော့်ရဲ့ ခြေဖဝါးအောက်မှာ ဝန်းရံပေးထားသလို ခံစားနေရတယ်။ ဒီလိုနည်းနဲ့မှပဲ ကျွန်တော့်ရဲ့ ဓားဆန္ဒက သတ်မှတ်ထားတဲ့ ဓားကွက်တွေအပေါ် မှီခိုမနေတော့ဘဲ စိတ်အလိုအတိုင်း အမှန်တကယ်လိုက်ပါနိုင်လိမာ့မယ်”
“ဒါက ဘာနဲ့တူလဲဆိုတော့... ကျွန်တော် မသိလိုက်ဘဲနဲ့ ကျွန်တော့်ရဲ့ ခုနှစ်စင်ကြယ်ဓားဆန္ဒကို ပြည့်စုံအောင် ဖြည့်ဆည်းပေးလိုက်နိုင်သလိုမျိုးပဲ။ ကျွန်တော် ထောင်လွှားနေတာမဟုတ်ကြောင်း ကျိန်ရဲပါတယ်။ ကျွန်တော်... ဒီအတိုင်းအရမ်းဝမ်းသာနေမိရုံတင်ပါ။ ဒါနဲ့ ဆရာ... ကျွန်တော် သဘောပေါက်တာ မှန်တယ်မလား။ စီနီယာအစ်မကတော့ အခုထိ စာပြန်မလာသေးတာကို ကြည့်ရင် ကျင့်ကြံနေတုန်းထင်တယ်”
“အဟမ်း... ခုနှစ်စင်ကြယ်ဓားအစီအရင်ကို ပြောင်းပြန်လှန်လို့ ရတာလား”
“ဟုတ်တယ်... ဟုတ်တယ်ဆရာ”
ချင်ယန်ဇီသည် စိတ်ကို တည်ငြိမ်အောင် ထိန်းထားရင်း သူ၏ စိတ်ထဲတွင် ထိုအစီအရင်ကို ပုံဖော်ကာ စုစည်းရန် ကြိုးစားကြည့်လိုက်သည်။ သူကိုယ်တိုင် ငယ်စဉ်အခါက ထိုဓားအစီအရင်ကို လေ့ကျင့်ခဲ့ဖူးရုံမျှသာရှိသော်လည်း ရုတ်တရက်ဆိုသလို ကာလကြာရှည်ပိတ်ထားခဲ့သည့် တံခါးတစ်ချပ် အနည်းငယ်ပွင့်ဟသွားသကဲ့သို့ အံ့ဩဖွယ်ခံစားလိုက်ရသည်။
“အဟမ်း... ဆရာက မင်းကို အတွေ့အကြုံတွေ ပိုပြီး စုဆောင်းစေချင်သေးလို့ နောက်မှ ထပ်ပြီး သေချာလမ်းညွှန်ပြသပေးဖို့ စီစဉ်ထားတာလေ။ မင်းက ဒါတွေကို ကိုယ်တိုင်နားလည်သဘောပေါက်သွားလိမ့်မယ်လို့ မထင်ထားမိဘူး။ မဆိုးဘူး… တကယ်မဆိုးဘူး”
ချင်ယန်ဇီ စိတ်ထဲမှ အသံတိတ်သက်ပြင်းချမိသည်။ တပည့်ဖြစ်သူအနေဖြင့် ကျင့်ကြံခြင်း၌ ဉာဏ်အလင်းပွင့်မှုကြောင့် အတိုင်းထက်အလွန်ဝမ်းမြောက်ဝမ်းသာဖြစ်နေသည်ကို သူ ခံစားမိသည်။ ဤသည်မှာ ကျင့်ကြံသူတိုင်း သဘာဝအတိုင်း ကြုံတွေ့ရမည့် ပီတိပင်ဖြစ်သည်။ အကယ်၍ ကျင့်ကြံခြင်းလမ်းစဉ်က ပျော်ရွှင်မှုမရှိဘဲ ခြောက်သွေ့လှသည့် အသိတရားများကိုသာ အဆုံးမဲ့ပေးစွမ်းနေမည်ဆိုပါက လူတစ်ယောက်၏ စိတ်ဝိညာဉ်ကို တဖြည်းဖြည်းနှင့် ဆိတ်သုဉ်းသွားစေပေလိမ့်မည်။
ချင်ယန်ဇီသည် ဝမ်ရှန်းကို စိတ်ခံစားချက်များကို အလျင်အမြန်တည်ငြိမ်အောင် ထိန်းသိမ်းရန်နှင့် မိမိထက် တော်သူများ အမြဲရှိနေနိုင်ကြောင်း၊ မိမိတတ်မြောက်ထားသည်ထက် ပိုစွမ်းအားကြီးသည့် ဓားသိုင်းများရှိသေးကြောင်း အကြိမ်အနည်းငယ် ထပ်၍တိုက်တွန်းအားပေးလိုက်သည်။ ကိုယ့်ကိုယ်ကိုအထင်ကြီးမှုကြောင့် မဆင်မခြင်ဖြစ်မသွားရန်လည်း သတိပေးခဲ့သည်။
ဖုန်းချလိုက်ပြီးနောက် ချင်ယန်ဇီသည် ဝမ်ရှန်း ပြောပြခဲ့သည့် ခုနှစ်စင်ကြယ်ပြောင်းပြန်ဓားအစီအရင်၏ ပုံစံကို စိတ်ထဲတွင် ထပ်ခါတလဲလဲပြန်တွေးရင်း အတန်ကြာအောင် ငြိမ်သက်စွာ ရပ်နေမိသည်။ သူသည် အစီအရင်၏ ရှုထောင့်တစ်ခုချင်းစီကို သေချာစွာ ဆန်းစစ်ကြည့်နေခြင်းဖြစ်သည်။
ဤအရာကို ခုနှစ်စင်ကြယ်ဓားအစီအရင်ဟု ခေါ်ဆိုရန် မသင့်တော်တော့ချေ။ ဝမ်ရှန်းကိုယ်တိုင်က ဤအရာကို ခုနှစ်စင်ကြယ်ပြောင်းပြန်ဓားအစီအရင်ဟု အမည်ပေးခဲ့ခြင်းဖြစ်ပြီး အစီအရင်သည် ကြယ်ခုနစ်လုံး၏ တည်နေရာရွေ့လျားမှုအပေါ်၌သာ အဓိကအာရုံစိုက်ထားခြင်း မဟုတ်တော့ပေ။ ၎င်းသည် ဝူတန်း၏ ရိုးရာခုနှစ်စင်ကြယ်ဓားသိုင်းနှင့်ဆင်တူမှုအနည်းငယ်မျှသာရှိတော့သည်။
ထိုအရာက မူလခုနှစ်စင်ကြယ်ဓားအစီအရင်ကို ဖန်တီးခဲ့သည့် ဘိုးဘေးသည် စစ်မှန်သောအစီအရင်ကို အပြင်ခွံတစ်ခုအောက်တွင် တမင်တကာဝှက်ထားခဲ့သကဲ့သို့ပင်၊၊ ကြယ်ခုနစ်လုံးကို အသုံးပြု၍ ဇီဝေကြယ်ကို တိုက်ခိုက်ခြင်းကပင် ပထမတန်းစားဓားသိုင်းတစ်ခုအဖြစ် စွမ်းအားကြီးမားလှပြီ ဖြစ်သည်။ သို့သော် ဇီဝေကြယ်ကို အသုံးပြု၍ ကြယ်ခုနစ်လုံးကို ကွပ်ကဲခြင်းကမူ လုံးဝကို အခြားအဆင့်တစ်ခုသို့ ရောက်ရှိသွားခြင်းဖြစ်ပေသည်။
“ဒီဓားအစီအရင်က တကယ်ပဲ ငါတို့ဂိုဏ်းရဲ့ ဘိုးဘေးတစ်ယောက်ယောက်က ဝူတန်းရဲ့ ခုနှစ်စင်ကြယ်ဓားအစီအရင်အုတ်မြစ်ပေါ်မှာ အခြေခံပြီး ဖန်တီးခဲ့တာလား။ ဘာလို့ ငါ့ကို ဆရာကြီးက လုံးဝလမ်းလွဲပေးခဲ့သလို ခံစားနေရတာလဲ...”
Chapter 170
ဇီဝေဓား
ချင်ယန်ဇီသည် တစ်ကိုယ်ထဲရေရွတ်နေမိသည်။
ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပြီးနောက် သူ့၏ ကြိုးကြာဝိညာဉ်ရတနာအိတ်ထဲသို့ လက်လှမ်းကာ ကြေးအညှိများတက်နေသည့် သေတ္တာတစ်လုံးကို ထုတ်ယူလိုက်သည်။
သေတ္တာကို အသာအယာပုတ်လိုက်ပြီးနောက် သူ ခေတ္တမျှ အတွေးနက်သွားသည်။ ပြီးနောက် စိမ်းဖျော့ဖျော့အလင်းတန်းအချို့ကို ဝေ့ယမ်းကာ အခန်း၏ ဝင်ပေါက်ထွက်ပေါက်အားလုံးကို ပိတ်ဆို့ကာရံလိုက်သည်။
“ငါအစက ရှန်းလေးနဲ့ ရွှမ်းလေးတို့ ရွှေအမြုတေအဆင့်ရောက်မှပဲ ဂိုဏ်းရဲ့ ဒီရတနာကို ဖွင့်ဖို့ စီစဉ်ထားတာ”
သူက ကြေးသေတ္တာ၏ ဗဟိုကို လက်ညှိုးဖြင့် ဖိနှိပ်လိုက်သည်။
“ဒါပေမဲ့ အခုက ဘိုးဘေးတွေ ဘာတွေ ချန်ထားခဲ့လဲဆိုတာ ကြည့်ရမယ့်အချိန်ဖြစ်ပုံရတယ်”
သူ၏ လက်ထိပ်မှ ရွှေဝါရောင်ဖျော့ဖျော့ချီတစ်ခု စီးဆင်းသွားသည်။ သေတ္တာက အနည်းငယ်တုန်ခါသွားပြီး အတွင်းမှ စက်ယန္တရားများပွင့်သွားသည့် အသံကို ကြားလိုက်ရသည်။ မကြာမီ အခန်းတစ်ခုလုံးတွင် ရွှေရောင်အလင်းတန်းများနှင့် စိမ်းဖျော့ဖျော့အလင်းရောင်များ ဖုံးလွှမ်းသွားသည်။ ချင်ယန်ဇီ အံ့ဩတုန်လှုပ်စွာ ညည်းမိသွားပြီးနောက် သေတ္တာထဲမှ ပစ္စည်းသုံးခုကို ယူလိုက်သည်။
ကျောက်စိမ်းဆွဲပြားတစ်ခု၊ ကျောက်စိမ်းအဆောင်တစ်ခုနှင့် ရေခဲဖြင့် ထုဆစ်ထားသကဲ့သို့ ဖြစ်နေသည့် ပြတ်တောက်နေသော လက်ညှိုးတစ်ချောင်း။
“ဒါက ဘာလဲ”
သူသည် ဇဝေဇဝါဖြင့် မျက်မှောင်ကြုတ်ကာ အတွေးနက်သွားသည်။ ထိုပစ္စည်းတစ်ခုချင်းစီကို ဂိုဏ်း၏ ကျင့်စဉ်နည်းလမ်းကို အသုံးပြု၍ ဂါထာမန္တန်အစွမ်းများတစ်ခုပြီးတစ်ခု ထည့်သွင်းကြည့်လိုက်သည်။ ပြတ်တောက်နေသော လက်ညှိုးထံမှ မထင်မရှားဖိအားတစ်ခုထွက်ပေါ်လာပြီး ကျောက်စိမ်းဆွဲပြားကမူ ဘာတုံ့ပြန်မှုမျှ မရှိချေ။ ကျောက်စိမ်းအဆောင်ကမူ အနည်းငယ်လင်းလက်လာပြီး အတွင်းမှ ယနေ့ခေတ်တွင် မည်သူမျှ မသိရှိကြတော့သည့် ရှေးဟောင်းဘာသာစကားဖြင့် စကားသံတစ်ခုထွက်ပေါ်လာခဲ့သည်။
“ငါ့ရဲ့ သွေးမျိုးဆက်မှာ... ထိုက်တန်တဲ့ ဆက်ခံသူရှိနေသေးတာလား”
ရှုဓားဂိုဏ်း၏ တောင်နောက်ဘက် ချောက်ကမ်းပါးဘေးရှိ ကွင်းပြင်ကျယ်တစ်ခုတွင် လူရိပ်တစ်ရိပ်သည် လျင်မြန်စွာ လှုပ်ရှားနေသည်။ ဓားပုံရိပ်ယောင်အများအပြားသည် သူ၏ ပတ်ဝန်းကျင်တွင် တည်ငြိမ်စွာ လှည့်ပတ်နေကြသည်။
သူ၏ နည်းစနစ်များတွင် အားနည်းချက်များစွာ ရှိနေသေးပြီး အကူးအပြောင်းများကလည်း ကြမ်းတမ်းနေသေးသော်လည်း သူ၏ ဓားကွက်များသည် ဘေးမှ ဖြတ်သန်းသွားကြသည့် တပည့်ငယ်အချို့၏ အာရုံကို ဖမ်းစားနိုင်ခဲ့သည်။ ၎င်းတို့သည် ရပ်၍မကြည့်ဘဲ မနေနိုင်ကြတော့ချေ။
မကြာမီ သူသည် ဓားကို ဓားအိမ်ထဲသို့ ပြန်သွင်းကာ အတွေးနက်စွာ ငြိမ်သက်ရပ်နေမိသည်။ သူ၏ ဓားရှည်ဖြင့် ရိုးရှင်းသည့် အကွက်အချို့ကို စမ်းသပ်ကြည့်နေခြင်းဖြစ်သည်။ ပြီးနောက် ၎င်းတို့ကို တစ်ဆက်တည်းပေါင်းစပ်ကာ နောက်ထပ်လေ့ကျင့်မှုတစ်ခုကို ဆက်လက်လုပ်ဆောင်ရာ ပြောင်းလဲမှုအသစ်များကို လျင်မြန်စွာ ရှာဖွေတွေ့ရှိခဲ့သည်။
ဝမ်ရှန်းသည် ဆရာဖြစ်သူ၏ စကားများကို နှလုံးသွင်းထားသည်။ ဤရုတ်တရက် ရရှိလာသည့် အမြင်သစ်သည် ဓားတာအို၏ ရှည်လျားလှသော ခရီးတွင် ခြေလှမ်းအသေးစားလေးမျှသာရှိသေးကြောင်း အစစ်အမှန် အောင်မြင်မှုနှင့် အလှမ်းဝေးသေးကြောင်း သူ သိရှိထားပေသည်။ သူ့အနေဖြင့် အနာဂတ်တွင် နတ်ဘုရားတစ်ပါးအဖြစ်တက်လှမ်းနိုင်သည့် နေ့ကျမှသာ ဝမ်းမြောက်ဝမ်းသာဖြစ်ရပေလိမ့်မည်။
ဝမ်ရှန်းသည် သူ့၏ ခုနှစ်စင်ကြယ်ဓားဆန္ဒကို ပြည့်စုံစေရန် နောက်ဆုံးခြေလှမ်းကို သတိကြီးစွာဖြင့် တည်ငြိမ်စွာ လျှောက်လှမ်းနေခြင်း ဖြစ်သည်။ ထို့ပြင် သူသည် ခုနှစ်စင်ကြယ်ဓားအစီအရင်၏ စစ်မှန်သော အနှစ်သာရဖြစ်သည့် ခုနှစ်စင်ကြယ်ပြောင်းပြန်ဓားအစီအရင်ကို သဘောပေါက်ထားပြီး ဖြစ်သည်။ ယခုအခါ ဤအစီအရင်အသစ်ကို အပြည့်အဝကိုယ်ပိုင်ဖြစ်အောင်လုပ်ဆောင်ရန်နှင့် အတွင်းမှပြောင်းလဲမှုများကို နားလည်ရန်သာ လိုအပ်တော့သည်။ ထိုသို့ လုပ်ဆောင်ပြီးပါက သူ၏ ခုနှစ်စင်ကြယ်ဓားဆန္ဒသည် အမှန်တကယ်ပြည့်စုံသွားမည် ဖြစ်သည်။
သူ၏ ဓားဆန္ဒကို ခုနှစ်စင်ကြယ်ဓားဆန္ဒဟု ခေါ်ဆိုရန် မသင့်တော်တော့သကဲ့သို့ပင်။ အကယ်၍ ဓားအစီအရင်ကို ဇီဝေကြယ်၏ တည်နေရာမှ ကွပ်ကဲလိုပါက ၎င်းကို ဇီဝေဓားဆန္ဒဟု ခေါ်ဆိုခြင်းက ပို၍ ဆီလျော်ပေလိမ့်မည်။ သို့သော် ဝမ်ရှန်းအနေဖြင့် ဇီဝေဟူသော စကားလုံးက အနည်းငယ်ရိုးအီလွန်းသည်ဟု ခံစားရသည်။ သူသည် ဓားအရှင်သခင် သို့မဟုတ် ဓားဧကရာဇ် ဖြစ်လာရန် ကြိုးစားနေခြင်းမဟုတ်ပေ။
သူသည် အနာဂတ်တွင် လမ်းစဉ်၌ အောင်မြင်မှုရရှိပြီး ဆရာဖြစ်သူ၊ စီနီယာအစ်မတို့နှင့်အတူ လူအများရှေ့မှောက်သို့ ရောက်ရှိလာမည့် ပုံရိပ်ကို စိတ်ကူးကြည့်လိုက်သည်။
ဘေးမှ ကြည့်နေသူတစ်ဦးက “ကြည့်စမ်း။ တာအိုဆရာ ပုယန်ပဲ” ဟု အော်ဟစ်လိုက်မည်။
အခြားတစ်ဦးကလည်း “ကြည့်ပါဦး… နတ်သမီးပုယွီလည်း ရောက်နေတာပဲ” ဟု ဆိုလိမ့်မည်။
ထို့နောက် ရုတ်တရက် တစ်စုံတစ်ယောက်က “ဟာ... ဓားဧကရာဇ် ဝမ်ဖေးယွီလည်း ရောက်နေတာပဲ” ဟု ထိတ်လန့်တကြားအော်ဟစ်လိုက်နိုင်သည်။
ဝမ်ရှန်းသည် ထိုအတွေးကြောင့် ပြုံးမိသွားသည်။ “တာအိုဆရာ” ဟူသော အခေါ်ဝေါ်က သူ့အတွက် ပို၍ နားဝင်ချိုလှသည်။ ယခုမှစ၍ သူသည် ဤဓားအစီအရင်အသစ်ကို ခုနှစ်စင်ကြယ်ပြောင်းပြန်ဓားအစီအရင်ဟုသာခေါ်ဆိုရန် ဆုံးဖြတ်လိုက်သည်။ သူ၏ အနေဖြင့် ထိုအမည်ကို ရင်းနှီးနေပြီဖြစ်သောကြောင့်ပင်။
သူသည် အရုဏ်တက်ချိန်မှ မွန်းတည့်ချိန်အထိ ဓားအစီအရင်ကို ဆက်တိုက်လေ့ကျင့်ခဲ့သည်။ သူ၏ ဓားကွက်များ ပိုမိုချောမွေ့လာသည်နှင့်အမျှ ကောင်းကင်နှင့် မြေကြီး၏ ချီစွမ်းအင်များက သူ့ထံသို့ အဆက်မပြတ်တိုးဝင်လာသည်ကို ခံစားရသည်။ အစီအရင်ကို လေ့ကျင့်နေစဉ်အတွင်း ချီစုပ်ယူမှုမှာ ချီဓာတ်စုစည်းခြင်းကိရိယာကို အသုံးပြု၍ တရားထိုင်နေစဉ်ထက် အနည်းငယ်မျှသာ နှေးကွေးသည်။
သွေးကြောသန့်စင်ဆေးလုံး၏ အာနိသင်ကြောင့် ဖြစ်နိုင်ပေသည်၊၊ သူ၏ ကိုယ်တွင်းလမ်းကြောင်းများသည် ယမန်နေ့ကထက် သိသိသာသာပို၍ပွင့်လင်းလာကြောင်း ခံစားရသည်။ သူက ဓားအစီအရင်ကို လေ့ကျင့်နေစဉ်အတွင်း အားကောင်းပြီး ပျော့ပျောင်းလှသည့် အစစ်မှန်ချီစီးကြောင်းတစ်ခုက သွေးကြောင်းများတစ်လျှောက် အဆက်မပြတ်စီးဆင်းသွားကာ ၎င်းတို့ကို ပိုမိုကျယ်ပြန့်စေပြီး လျင်မြန်စွာ ခိုင်မာစေခဲ့သည်။ ဤသည်မှာ ကောင်းမွန်သော တိုးတက်မှုဖြစ်သဖြင့် ဝမ်ရှန်းအနေဖြင့် ဝင်ရောက်နှောင့်ယှက်ရန် အကြောင်းပြချက်မရှိချေ။
တဖြည်းဖြည်းနှင့် သူသည် ဓားအစီအရင်ကို သွေးယူရသည့် ပီတိထဲတွင် နစ်မြုပ်သွားခဲ့သည်။ တစ်ချိန်က ဝူတန်းတောင်ပေါ်တွင် တိတ်ဆိတ်စွာ လေ့ကျင့်ခဲ့ဖူးသည့် ဓားရူးလေးသည် ယခုအခါ ရှုဓားဂိုဏ်း၏ တောင်နောက်ဘက်တွင် ဓားလမ်းစဉ်ထဲ၌ ယစ်မူးနေခဲ့ပြီဖြစ်သည်။
ကြယ်တာရာပင်လယ်ပြင်က ကြယ်ခုနစ်လုံးကို လမ်းညွှန်ပေးနေပြီး ဇီဝေကြယ်က ကောင်းကင်ဘုံထက်မှ ပြုံးကြည့်နေသည်။ ဝမ်ရှန်းသည် မိမိလေ့ကျင့်နေသည့် ဓားအစီအရင်က ဘေးလူများအမြင်တွင် မည်မျှအထိ နက်နက်ရှိုင်းရှိုင်းရှိနေသည်ကို မသိရှိချေ။
ရပ်ကြည့်နေသူများသည် ဝမ်ရှန်းက သူ၏ ဓားကွက်လှုပ်ရှားမှုတစ်ခုချင်းစီကို သေချာစွာ စူးစမ်းလေ့လာပြီး စမ်းသပ်နေသည်ကို စောင့်ကြည့်ခဲ့ကြသည်။ အစပိုင်းတွင်မူ ၎င်းတို့အနေဖြင့် ဤအရာမှတစ်ဆင့် အမြင်အချို့ကို ရရှိနိုင်သေးသည်။ သို့သော် တစ်နာရီ သို့မဟုတ် နှစ်နာရီခန့် ကြာပြီးနောက်တွင် ဝမ်ရှန်း၏ လှုပ်ရှားမှုများသည် လုံးဝကို ချောမွေ့သွားခဲ့ပြီ ဖြစ်သည်။ သူ၏ နည်းစနစ်များသည် အပြစ်ပြောစရာမရှိအောင် ဆက်စပ်နေပြီး ဓားပုံရိပ်ယောင်အလင်းတန်းများကိုသာ ချန်ထားရစ်ခဲ့သည်။ ဘေးမှ ကြည့်နေသူများအနေဖြင့် အံ့ဩတုန်လှုပ်စွာ သက်ပြင်းချရုံမျှသာတတ်နိုင်ကြတော့သည်။
ခုနှစ်စင်ကြယ်ဓားအစီအရင်တွင် သူ၏ ဓားပုံရိပ်ယောင်အားလုံးကို အမှတ်တစ်ခုတည်းသို့ တိုက်ခိုက်ရန် ထုတ်လွှတ်လိုက်ခြင်းဖြစ်ပြီး ကျင့်ကြံသူက ကြယ်ခုနစ်လုံး၏ တည်နေရာအတိုင်းလှုပ်ရှားရသည်။ ခုနှစ်စင်ကြယ်ပြောင်းပြန်ဓားအစီအရင်တွင်မူ သူသည် အချိန်တိုအတွင်း၌ ဓားပုံရိပ်ယောင်များကို အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားစေသည်။ နည်းစနစ်များသည် ကြယ်ခုနစ်လုံး၏ ဖွဲ့စည်းပုံအတိုင်းလိုက်ပါသွားခြင်း ဖြစ်သည်။ ထိုအရာက မူလအစီအရင်ကို ပြောင်းပြန်လှန်လိုက်ရုံမျှသာဟု ထင်ရသော်လည်း ၎င်း၏ စွမ်းအားနှင့် ဆန်းကြယ်မှုမှာမူ လုံးဝကို အခြားအဆင့်တစ်ခုတွင် ရှိနေသည်။
မွန်းတည့်ချိန်ရောက်သောအခါ ရေတွက်၍မရနိုင်သော ဓားပုံရိပ်ယောင်များက ဝမ်ရှန်းကို ဝါးမြိုသွားခဲ့ပြီ ဖြစ်သည်။ ၎င်းတို့အနက်အများစုမှာ ကြယ်တာရာအလင်းတန်းပင်လယ်ပြင်ကြီးအဖြစ် ပြောင်းလဲသွားပြီး ရံဖန်ရံခါတွင် ကြယ်ခုနစ်လုံးကဲ့သို့ ဖွဲ့စည်းထားသည့် ဓားပုံရိပ်ယောင်များသည် ချောက်ကမ်းပါးဆီသို့ ဦးတည်သွားကာ စူးရှလှသည့် ဓားမြည်သံများကို ထုတ်လွှတ်သည်။
နောက်ဆုံးတွင် ပတ်ဝန်းကျင်က ကြယ်တာရာအလင်းတန်းများနှင့် ဓားပုံရိပ်ယောင်များ ကွယ်ပျောက်သွားခဲ့ပြီး ဝမ်ရှန်းသည် မျက်လုံးများကို တင်းကျပ်စွာပိတ်ကာ တိတ်ဆိတ်စွာ ပြန်လည်ရပ်နေမိသည်။ အတွေးနက်နေသည့် အခြေအနေတွင် သူ၏ ဓားဆန္ဒသည် ပြည့်စုံခါနီးအခြေအနေသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ခံစားမိသည်။ သူ၏ အနေဖြင့် နောက်ဆုံး လက်တစ်ကမ်းအလိုလေးမျှသာ လိုအပ်တော့သည်။
သူ့အနေဖြင့် ဘာလိုအပ်နေသေးတာလဲ။
“ဓားဆိုတာ လက်နက်တစ်ခုပဲ”
ယွမ်ဖူကျန်းရန်၏ စကားသံများက သူ၏ စိတ်ထဲတွင် မိုးခြိမ်းသံကဲ့သို့ ပဲ့တင်ထွက်လာခဲ့ပြီး ဝမ်ရှန်းသည် ရုတ်တရက် လမ်းကြောင်းမှန်ကို ရှာဖွေတွေ့ရှိသွားခဲ့သည်။
ဓားဆိုသည်မှာ လက်နက်တစ်ခုဖြစ်သည်။ ဓားကျင့်စဉ် သို့မဟုတ် ဓားအစီအရင်တစ်ခုက မည်မျှပင် သန့်စင်နေပါစေ… ၎င်း၏ ရည်ရွယ်ချက်က ရန်သူကို သတ်ဖြတ်ရန်၊ ပိတ်ဆို့ရန်နှင့် အနိုင်ယူရန်သာဖြစ်သည်။ ထိုရှုထောင့်မှ ကြည့်လျှင် ခုနှစ်စင်ကြယ်ပြောင်းပြန်ဓားအစီအရင်တွင် ဘာလိုအပ်နေသနည်း၊၊
ဪ... ဟုတ်သားပဲ။ အာရုံစိုက်မှုကို လိုအပ်နေတာပဲ။
လှုပ်ရှားမှုတိုင်းက ဓားပုံရိပ်ယောင်များကို အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားစေသည်။ ဤအချက်က ရန်သူအမြောက်အမြားရှိသည့် အခြေအနေကို ကိုင်တွယ်နိုင်သော်လည်း တစ်ဦးချင်းတိုက်ပွဲတွင်မူ အစီအရင်၏ စွမ်းအားအပြည့်အဝကို ထုတ်ဖော်ရန် ခက်ခဲပေလိမ့်မည်။ မူလခုနှစ်စင်ကြယ်ဓားအစီအရင်ကို တစ်ဦးချင်းတိုက်ပွဲတွင် အသုံးပြုနိုင်သော်လည်း အစီအရင်နှစ်ခုကြားအကူးအပြောင်းက အချိန်တိုင်းအပြစ်ပြောစရာမရှိအောင် ချောမွေ့မည်မဟုတ်ဘဲ အားနည်းချက်များကို ချန်ထားရစ်ခဲ့မည် ဖြစ်သည်။ အကယ်၍ သူသာ မူလခုနှစ်စင်ကြယ်ဓားအစီအရင်ကို လျစ်လျူရှုပြီး ပြောင်းပြန်ပုံစံကိုသာ အခြေခံအဖြစ်အသုံးပြုမည်ဆိုပါက တစ်ဦးချင်းပြိုင်ပွဲတွင် ဤအစီအရင်ကို ဖန်တီးခဲ့သူအနေဖြင့် မည်သို့လုပ်ဆောင်မည်နည်း။ သူ၏ စွမ်းအားက မူလခုနှစ်စင်ကြယ်ဓားအစီအရင်ကဲ့သို့ပင် အမှတ်တစ်ခုတည်းသို့ စုစည်းသွားရမည် ဖြစ်သည်။
သို့ဆိုလျှင် ခုနှစ်စင်ကြယ်ပြောင်းပြန်ဓားအစီအရင်၏ ဓားကွက်များက မည်သို့ဖြစ်လာမည်နည်း။
ဝမ်ရှန်းသည် လေ့ကျင့်မှုကို ပြန်လည်စတင်လိုက်သည်။ ဓားကွက်အနည်းငယ်အပြီးတွင် သူ တစ်စုံတစ်ခုကို သဘောပေါက်သွားပုံရသော်လည်း သူ၏ လှုပ်ရှားမှုများက ပို၍ ရှုပ်ထွေးကာ တုံ့ဆိုင်းလာခဲ့သည်။ သူသည် ဤသို့သော ရှုပ်ထွေးနေသည့်အခြေအနေတွင် နေ့တစ်ဝက်ခန့် ကုန်လွန်သွားခဲ့သည်။ ရှုဓားဂိုဏ်း၏ တပည့်များနှင့် တာအိုဆရာများသည် ချောက်ကမ်းပါးဘေးတွင် တိတ်ဆိတ်စွာ စုရုံးလာကြသော်လည်း ဝမ်ရှန်းမှာမူ သူ၏ ဓားဆန္ဒထဲက နောက်ဆုံးကျန်ရှိနေသည့် အားနည်းချက်ထဲတွင် လမ်းပျောက်နေသဖြင့် ၎င်းတို့ကို သတိမပြုမိသေးချေ။
ဤကမ္ဘာပေါ်တွင် အောင်မြင်ရန်အခက်ခဲဆုံး စကားလုံးမှာ “စစ်မှန်သော ပြည့်စုံခြင်း”ပင် ဖြစ်သည်။ ခုနှစ်စင်ကြယ်ဓားအစီအရင်ကို သဘောပေါက်ပြီးနောက် ဝမ်ရှန်း၏ ခုနှစ်စင်ကြယ်ဓားဆန္ဒသည် အောင်မြင်မှုအဆင့်သို့ ရောက်ရှိခဲ့သည်။ သို့သော် အောင်မြင်ခြင်းဆိုသည်မှာ ပြည့်စုံခြင်းကို မဆိုလိုချေ။ အားနည်းချက်အချို့ ရှိနေဆဲဖြစ်သည်။ အကယ်၍ ဝမ်ရှန်းသာ လမ်းကြောင်းအတိုင်း ဓားဆန္ဒ၏ အဆုံးစွန်သောပုံစံကို ဆက်လက်လိုက်စားမည်ဆိုပါက ထိုသေးငယ်လှသည့် အားနည်းချက်များသည် သူ့ကို ကျရှုံးမှုဆီသို့ ဦးတည်သွားစေသည့် အရာများဖြစ်လာနိုင်ပေသည်။
သူသည် မိန်းမောတွေဝေနေသည့် အခြေအနေမှ ရုတ်တရက်မြန်ဆန်လာခဲ့ပြီး မိနစ်အနည်းငယ်ကြာပြီးနောက်တွင် ပြန်လည်နှေးကွေးသွားခဲ့သည်။ စောင့်ကြည့်နေသူအားလုံးအနေဖြင့် ဝမ်ရှန်းသည် ခက်ခဲလှသည့် ပိတ်ဆို့မှုတစ်ခုထဲသို့ ကျရောက်နေကြောင်း အထင်အရှားမြင်တွေ့နိုင်ကြသည်။
ရုတ်တရက် ချောက်ကမ်းပါးတစ်ဖက်မှ စူးရှလှသည့်အော်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထိုအသံတွင် နက်ရှိုင်းလှသည့် တာအိုစည်းချက်များပါဝင်နေပြီး ဝမ်ရှန်း၏ နားထဲသို့ စည်ကြီးတီးလိုက်သကဲ့သို့ ရိုက်ခတ်သွားခဲ့သည်။
“ကောင်းကင်နဲ့မြေကြီးရဲ့ ဓားတစ်လက်”
ကောင်းကင်နဲ့မြေကြီးရဲ့ ဓားတစ်လက်... တစ်ခုတည်းသော ဓားကွက်။
ဝမ်ရှန်း၏ မျက်လုံးများလင်းလက်သွားခဲ့သည်။ သူသည် ပြောင်းပြန်ဓားအစီအရင်ကို နောက်တစ်ကြိမ် ထပ်မံထုတ်ဖော်လိုက်သည်။ သူ၏ လှုပ်ရှားမှုများက ပိုမိုမြန်ဆန်လာပြီး ဓားမြည်သံများကလည်း ပို၍စူးရှကာ အလျင်စလိုဖြစ်လာခဲ့သည်။
ထို့နောက် မြည်သံများက ရုတ်တရက်ရပ်တန့်သွားခဲ့ပြီး ကောင်းကင်ထက်က ဓားပုံရိပ်ယောင်အားလုံးသည် အမှတ်တစ်ခုတည်းသို့ ပြေးလွှားတိုးဝင်သွားကြသည်။ ၎င်းတို့သည် အကြိမ်ပေါင်းများစွာထပ်တူကျကာ ပေါင်းစပ်သွားကြသည်။
အကယ်၍ ဓားကို ဆွဲထုတ်လိုက်မည်ဆိုပါက ခုတ်လှဲချပစ်ရန် တစ်ချက်တည်းသော တိုက်ကွက်သာ လိုအပ်ပေလိမ့်မည်။
တောက်ပလှသည့် ဓားအလင်းတန်းတစ်ခုက ချောက်ကမ်းပါးဘေးတွင် လင်းလက်သွားခဲ့သည်။