အခန်း (၁၆၇-၁၆၈)
Vol. 17 Ch. 167-168
Chapter 167
ဓားသွေးခြင်း
စုံစမ်းစစ်ဆေးရေးဌာနက ကျော်ကြားသည့် ဆရာတော်ကြီးများစွာကို ပင့်ဖိတ်၍ ဇီယန်ကျောင်းတော်ရှိ မိစ္ဆာချုပ်ရေတွင်းပြင်ပ၌ နေ့ရောညပါ တရားဒေသနာတော်များရွတ်ဖတ်ပူဇော်စေမည်ဖြစ်ပြီး အစီအရင်ကို အားကောင်းစေရန်နှင့် နတ်ဆိုးချီများကို သန့်စင်ရန် ဗုဒ္ဓပညာရပ်များကို အသုံးပြုမည် ဖြစ်သည်။
မနက်ဖြန်မှစ၍ သုတေသနအဖွဲ့သည် ထိုဒေသ၏ မြေမျက်နှာသွင်ပြင်ကို သေချာစစ်ဆေးရန် ရှိသမျှ ကိရိယာအားလုံးကို အသုံးပြုမည် ဖြစ်သည်။ ကြီးမားသည့် မိစ္ဆာချုပ်အစီအရင်ကြီး၏ အနက်နှင့် အတိုင်းအတာကို မြေပုံဖော်ထုတ်မည်ဖြစ်ပြီး နတ်ဆိုးချီနှင့် ပတ်သက်သည့် သုတေသနကိုလည်း တစ်ပြိုင်နက်တည်းလုပ်ဆောင်သွားမည်ဖြစ်သည်။
မာဇီပင်းကလည်း သူ၏ မူလသုတေသနလုပ်ငန်းကို ဆက်လက်လုပ်ဆောင်ရန် ဓာတ်ခွဲခန်းသို့ ပြန်ခွင့်တောင်းဆိုခဲ့ရာ အထက်လူကြီးများက ခွင့်ပြုခဲ့ကြသည်။
ဇီယန်ကျောင်းတော်မှာ နှစ်၁၀၀၀ကျော် သက်တမ်းရှိနေပြီဖြစ်ပြီး မိစ္ဆာချုပ်အစီအရင်ကလည်း ထိုမျှလောက်ပင် ကြာမြင့်နေပြီ ဖြစ်သည်။ ဤနေရာ၌ ထူးခြားမှုတစ်ခုခု ထပ်မံဖြစ်ပွားရန် မည်မျှကြာမည်ကို မည်သူမျှမသိနိုင်သဖြင့် မာဇီပင်းအနေဖြင့် ဤနေရာတွင် အချိန်ဖြုန်းမနေချင်သည်မှာ သဘာဝကျလှသည်။ အကယ်၍ ဓာတ်ခွဲစမ်းသပ်ရန် ခွဲစိပ်၍မရပါက ဒါက သူ၏ ကျွမ်းကျင်မှုနယ်ပယ်ထဲ၌ ရှိမနေတော့ချေ။
ရှုဓားဂိုဏ်းကလည်း ကတိတစ်ခုပေးခဲ့သည်။ အကယ်၍ ဇီယန်ကျောင်းတော်၌ ပုံမှန်မဟုတ်သည့်အရာတစ်ခုခုဖြစ်ပွားလာပါက ၎င်းတို့ ချက်ချင်းလာရောက်ကူညီမည် ဖြစ်သည်။
ညနေမိုးချုပ်ခါနီးတွင် ဝမ်ရှန်းသည် ရှုဓားဂိုဏ်းမှ တာအိုဆရာများနှင့်အတူ ဓားထိန်းချုပ်ခြင်းပညာကို ဆက်လက်လေ့ကျင့်ရန် တောင်ပေါ်သို့ ပြန်ရန် ပြင်ဆင်လိုက်သည်။ ရှေးဟောင်းနတ်ဆိုးကိစ္စက မပြီးပြတ်သေးသဖြင့် ရှုဓားဂိုဏ်းအနေဖြင့် ဓားထိန်းချုပ်ခြင်းပညာကို တတ်မြောက်ရန်မှာ ပို၍ အရေးကြီးလာသည်။ အဆိုပါအတတ်ပညာ၏ ပြည့်စုံသည့်ပုံစံမရှိဘဲနှင့် ၎င်းတို့သည် ဂိုဏ်းစောင့်အစီအရင်ကိုတောင် မလေ့ကျင့်နိုင်ကြချေ။
မထွက်ခွာမီ ရူဖုန်းက ဝမ်ရှန်းကို ဘေးတစ်ဖက်သို့ ခေါ်ထုတ်သွားသည်။
“မင်းက ရှုဓားဂိုဏ်းကို ကူညီဖို့ရောက်လာတာလို့ ရှုဓားဂိုဏ်းက အကြီးအကဲတွေဆီက ကြားတယ်”
ရူဖုန်းက ဝတ်ရုံထဲမှ ကျောက်စိမ်းဆွဲပြားတစ်ခုကိုထုတ်လိုက်သည်။ ၎င်းသည် လမ်းဘေးဆိုင်များ၌ ဆယ်ယွမ်လောက်နှင့် ဝယ်လို့ရသည့် အရာမျိုးနဲ့ ဆင်တူနေ၏။
“ငါ မင်းအရွယ်တုန်းကဆို ဘာမှမသိတဲ့ ကိုရင်လေးတစ်ပါးပဲ၊၊ ငါ့ဆရာနဲ့အတူလှည့်လည်ရင်း တရားစာတွေပဲ ရွတ်နေခဲ့တာ”
“မင်းကတော့ အဲဒီတုန်းက ငါနဲ့မတူဘဲ လူထုအတွက် အမှုထမ်းနေပြီး ကျော်ကြားတဲ့ ဓားဂိုဏ်းတစ်ခုကိုလည်း ကူညီပေးနေတယ်၊၊ မင်းက ငါတို့ မင်းအရွယ်တုန်းကထက်စာရင် ငါ့ထက်ကော… မင်းဆရာထက်ကော အများကြီးပိုသန်မာနေပါပြီ။ ဘာပဲဖြစ်ဖြစ် ဒီဆွဲပြားက ရတနာတစ်ခုတော့ မဟုတ်ပါဘူး၊၊ တန်ဖိုးလည်း မရှိပါဘူး၊၊ ဒါပေမဲ့ လူ့လောကထဲက မင်းရဲ့ မိဘတွေ ဒါမှမဟုတ် သူငယ်ချင်းတွေအတွက် လက်ဆောင်ကောင်းတစ်ခုတော့ဖြစ်နိုင်ပါတယ်၊၊ ဘေးအန္တရာယ်နဲ့ မကောင်းဆိုးဝါးတွေကို ဖယ်ရှားပေးနိုင်တယ်”
ဝမ်ရှန်း က ကျောက်စိမ်းဆွဲပြားကို လက်နှစ်ဖက်ဖြင့် ရိုရိုသေသေ လက်ခံလိုက်ရင်း “ကျေးဇူးတင်ပါတယ် စီနီယာ”
ရူဖုန်းက အသံလွှင့်ပညာကို သုံး၍ တိုးတိုးလေး မေးလိုက်သည်။ “မင်းရဲ့ ဆရာကတော်က ဘယ်လိုပုံစံလဲ။ ဓာတ်ပုံဘာညာရောရှိလား။ ဟိုးတုန်းက မင်းဆရာက ငါ့ကို အမြဲအထင်မှားအောင်လုပ်ခဲ့တယ်”
“အဲဒါကို ကျွန်တော့်ဆရာ့ကိုပဲ မေးကြည့်ပါ စီနီယာ၊၊ ကျွန်တော့်မှာ ဓာတ်ပုံမရှိပါဘူး” ဝမ်ရှန်းက ပြုံး၍ ခေါင်းခါလိုက်သည်။ သူသာ် ဆရာကတော်၏ ဓာတ်ပုံကို ခိုးရိုက်ရန် တစ်ခါမျှ မဝံ့ရဲခဲ့ချေ။ သူ၏ စီနီယာအစ်မကတော့ တစ်မျိုးပေါ့။
“အေးပါ” ရူဖုန်းက ဇီယန်ကျောင်းတော်ကို လှမ်းကြည့်ရင်း သက်ပြင်းချလိုက်သည်။
“ငါကတော့ တရားအားထုတ်ဖို့ အေးချမ်းတဲ့နေရာရှာရင်းနဲ့ ဒီလိုထူးဆန်းတဲ့ကိစ္စထဲ ရောက်လာတာပဲ၊၊ လွန်ခဲ့တဲ့ရက်ပိုင်းတင်က အဲဒီနတ်ဆိုးကို နှိမ်နင်းဖို့ ငါ့အသက်ကို စွန့်လွှတ်ဖို့အထိ ပြင်ဆင်ထားခဲ့တာ… ဒါပေမဲ့ အခုတော့ စုံစမ်းစစ်ဆေးရေးအဖွဲ့က ဆရာတော်ကြီးတွေ အများကြီးပင့်လာတော့မှာဆိုတော့ ငါက ဒီမှာဆက်နေဖို့မလိုတော့ပါဘူး”
“စီနီယာ ထွက်သွားတော့မလို့လား” ဝမ်ရှန်းက မေးလိုက်သည်။
ရူဖုန်းက ခပ်တိုးတိုးရယ်မောလိုက်ရင်း “စုံစမ်းစစ်ဆေးရေးအဖွဲ့က ပင့်ထားတဲ့ ဆရာတော်တွေ ရောက်လာတာနဲ့ ငါ မိတ်ဆွေဟောင်းအချို့ဆီ သွားလည်မယ်၊၊ ပြီးရင်တော့ အေးချမ်းတဲ့ကျောင်းတော်တစ်ခုခုမှာ အေးအေးဆေးဆေးတရားစာရွတ်ဖတ်တော့မယ်”
လူတိုင်း၌ ကိုယ်ပိုင်လမ်းစဉ်ရှိကြသည်သာ။ ဝမ်ရှန်းအနေဖြင့် ဆရာတော်သည် ကြောက်ရွံ့၍ သို့မဟုတ် ရှောင်လွှဲချင်၍ ထွက်ခွာသွားခြင်းမဟုတ်ကြောင်း နားလည်ပေသည်။
“အကယ်၍ စီနီယာ ခရီးထွက်ဖြစ်ရင်”
ဝမ်ရှန်းက ပြုံးလျက် ပြန်ပြောလိုက်သည်။
“မသွားခင် ကျွန်တော့်ဆရာ့ကိုဆက်သွယ်ပေးပါဦး”
“ငါ သူ့ကို သေချာပေါက်သွားရှာမှာပါ... အို... ဓားဂိုဏ်းက အကြီးအကဲတွေ မင်းကို စောင့်နေကြပြီ ထင်တယ်… သွားတော့လေ… အချိန်ရရင်လည်း လာလည်ဦး”
ရှုဓားဂိုဏ်းမှ အကြီးအကဲ အချို့သည် ဇီယန်ကျောင်းတော်၏ တံခါးမကြီးအနီးတွင် တိတ်တဆိတ် စောင့်ဆိုင်းနေကြပြီဖြစ်သည်။ ဖေးလျန်ဇီကလည်း မလှမ်းမကမ်းမှရပ်ကြည့်နေသည်။
ဝမ်ရှန်းက လက်အုပ်ချီ နှုတ်ဆက်လိုက်ပြီး “ကျွန်တော့်ဆရာနဲ့ တွေ့ဖို့ မမေ့ပါနဲ့ဦး… ကျွန်တော့်ကို သွားခွင့်ပြုပါဦး”
“ကောင်းပါပြီ ကောင်းပါပြီ” ရူဖုန်းက လက်ဝှေ့ယမ်း ပြလိုက်သည်။ သစ်တောအစပ်၌ ရပ်နေရင်း သူသည် ဝင်လုဆဲဆဲနေရောင်ခြည်အောက်တွင် လှည့်ထွက်သွားသည့် ဝမ်ရှန်း ၏ ကျောပြင်ကို ကြည့်ကာ နှုတ်ခမ်းထောင့်၌ အပြုံးတစ်ခုပေါ်လာသည်။
“တကယ်ကြင်နာတတ်တဲ့ ကလေးပဲ… သူ့ဆရာ ပျင်းနေမှာစိုးလို့နေမှာပါ”
ဝမ်ရှန်းကလည်း လမ်းလျှောက်ရင်း ပြုံးနေမိသည်။ သူ စိတ်ထဲမှ တွက်ချက်နေခြင်းဖြစ်သည်။ အကယ်၍ သူသာ ဤမျှသန်မာသည့် ဗုဒ္ဓကျင့်ကြံသူတစ်ဦးကို ဆရာကတော်ထံ ခေါ်သွားပေးနိုင်ပါက ဆရာကတော်က သူ့ကို ဆေးလုံးအချို့လက်ဆောင်ပေးကောင်းပေးနိုင်ပေသည်။
“လာ… ဖေးယွီ၊၊ ဒီနေ့ ရောက်လာတဲ့ အကြီးအကဲတွေနဲ့ မိတ်ဆက်ပေးမယ်… ငါတို့အားလုံးက မျိုးဆက်တူတွေပဲ...”
“မင်္ဂလာပါ အကြီးအကဲတို့...”
ညနေခင်း၏ ပယင်းရောင်သန်းနေသော နေရောင်အောက်တွင် ရှုဓားဂိုဏ်းသားများသည် တောင်အောက်သို့ ဆင်းခဲ့ကြသည်။ ဖေးလျန်ဇီနှငိ့ ဝါစဥ်တူအကြီးအကဲအချို့က ဝမ်ရှန်းကို နှုတ်ဆက်လိုက်ကြသည်၊၊
နှစ် ၁၀၀၀ကျော် လက်ဆင့်ကမ်းလာခဲ့သည့် ရိုးရာအစဉ်အလာအရ ဤအချိန်သည် ညနေခင်း ဝတ်ပြုဆုတောင်းရမည့်အချိန်ဖြစ်သည်။ ဆရာတော်အားလုံးသည် နောက်ဖေးခြံဝင်းရှိ ရေတွင်းအနီး၌ စုဝေးကာ တရားစာများရွတ်ဖတ်ရမည်ဖြစ်သဖြင့် ၎င်းတို့သည် ဓားဂိုဏ်းသားများကို လိုက်မပို့နိုင်ခဲ့ကြချေ။
တောင်ကြီး၏ ဗဟိုချက်… ဓားတစ်စင်းပုံသဏ္ဍာန်ရှိသည့် တာ့ကျန်းတောင်၏ အောက်တည့်တည့်၌ ဖြစ်သည်။
ညနေဆည်းဆာ၏ နောက်ဆုံးလင်းလက်မှု ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက် မိစ္ဆာချုပ်ရေတွင်း၏ အောက်ခြေ မီတာ ၆၀၀ အနက်၌ လှည်းဘီးလောက်ကြီးမားပြီး ခံစားချက်ကင်းမဲ့နေသည့် သွေးနီရောင်မျက်လုံးတစ်စုံသည် ရုတ်ချည်းပွင့်လာခဲ့သည်။
သူ နိုးထလာခြင်းကြောင့် မြေအောက်လိုဏ်ဂူထဲ၌ လေတိုက်သံကဲ့သို့ ခေါင်းလောင်းသံများ ပဲ့တင်ထပ်သွားသည်။ ဓားကြီးကို ရစ်ပတ်ထားသည့် သံကြိုးများသည် ဖျော့တော့သည့် ရွှေရောင်အလင်းတန်းများနှင့်အတူ စတင်တောက်ပလာသည်။
ရွှေရောင်သံကြိုး ၇၂ချောင်းသည် တဖြည်းဖြည်းပိုမိုတောက်ပလာသည်နှင့်အမျှ ဓားရိုးပေါ်မှ ဗုဒ္ဓတရားစာရွတ်ဆိုသံများထွက်ပေါ်လာသည်။ နောက်ဆုံးတွင် သွေးနီရောင်မျက်လုံးအစုံသည် ခံစားချက်များကို ပြသလာသည်။ အဆိုပါခံစားချက်မှာ အချိန်ကာလထက် ပိုမိုနက်ရှိုင်းသည့် နာကြည်းမှု၊ ဒေါသနှင့် မုန်းတီးမှုများပင်ဖြစ်သည်။
သို့သော် နောက်ဆုံး၌မူ သူသည် ကူကယ်ရာမဲ့စွာဖြင့် တိတ်တဆိတ်မျက်လုံးပြန်ပိတ်သွားသည်။
ယနေ့ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များကြောင့် သူ အနည်းငယ်နောက်ကျသွားခဲ့သည်။ သို့သော် ည ၈ နာရီ ကျော်တွင်မူ ဝမ်ရှန်း စောင့်မျှော်နေသည့် လေ့ကျင့်မှုသည် နောက်ဆုံး၌ စတင်ခဲ့ပြီဖြစ်သည်။
မီးထွန်းညှိထားသည့် တာအိုကျောင်းတော်အတွင်း၌ ရှုဓားဂိုဏ်းမှ ငယ်ရွယ်သည့် တပည့်ပေါင်း ၁၀၀ကျော်သည် ပွဲကြည့်ရန် စုဝေးနေကြသည်။ ဝမ်ရှန်းသည် တာအိုဝတ်ရုံကို ဝတ်ဆင်ထားပြီး သူ၏ ဓားဖျားက သူ၏ခြေဖဝါးအောက်ရှိ ဟောင်းနွမ်းနေသည့် ကျောက်ပြားများဆီသို့ စောင်းစောင်းလေးချိန်ထားသည်။
သူ၏ ဆံပင်အရှည်ကို စုချည်ထားပြီး သူ၏မျက်လုံးများသည် ထက်မြက်ကာ အာရုံစိုက်ထားသည်။ သူ့ထံ ဝိညာဉ်အသိစိတ်စေလွှတ်ကြည့်သော လူတိုင်းသည် သူ၏ပတ်ဝန်းကျင်တွင် တောက်ပနေသည့် ဓား၏ ပုံရိပ်ယောင်ကို မြင်တွေ့ရမည် ဖြစ်သည်။
သူ့ရှေ့၌မူ သက်လတ်ပိုင်းတာအိုဆရာ ၁၆ယောက်က တန်းစီရပ်နေကြပြီး တစ်ဦးချင်းစီက ဓားတစ်လက်စီကိုင်ဆောင်ထားကာ မျက်နှာအမူအရာများသည် တည်ကြည်နေကြသည်။ လူတိုင်း၏ အကြည့်များသည် ဝမ်ရှန်းဆီ၌သာရှိနေသည်။
ဓား၇၂ လက်စမ်းသပ်ချက်၏ အကြောင်းအရာမှာ ဂိုဏ်းအတွင်း၌ လျှို့ဝှက်ချက်မဟုတ်တော့ချေ။ ဖေးလျန်ဇီ က တည်ကြည်သောလေသံဖြင့် “ဖေးယွီ… ဓား၇၂ လက် ဒါမှမဟုတ် ဓား ၇၂လက် ထိန်းချုပ်ခြင်းပညာဟာ ငါတို့ဂိုဏ်းရဲ့ စမ်းသပ်မှုတွေရဲ့ ဗဟိုချက်ပဲ။ ငါတို့ရဲ့ တည်ထောင်သူဘိုးဘေးဟာ ရှုတောင်တန်းပေါ်မှာ ဒီကျင့်ကြံခြင်းမြင့်မြတ်မြေကို တည်ထောင်ခဲ့တယ်။ အဲဒီထဲမှာ အလွှာ ၈ခုနဲ့ ၇၂ဆင့် ရှိပြီး အဆင့်တိုင်းမှာ ထူးခြားတဲ့ဓားဆန္ဒတွေ ပါဝင်တယ်”
“ရှေးခေတ်ကနေ အခုအထိ ဘယ်သူမှ ၈ ဆင့်ကို မဖြတ်ကျော်နိုင်ခဲ့ကြဘူး။ ဒါပေမဲ့ မင်းသာ ၇ဆင့်ကို ရောက်ရင် ရှုတောင်တန်းရဲ့ အခြေခံရတနာကို ရယူပိုင်ဆိုင်နိုင်လိမ့်မယ်”
“ဒီအချိန်ကစပြီး ဂိုဏ်းထဲကလူတိုင်းက မင်းရဲ့ ဓားဆန္ဒကိုပြီးပြည့်စုံတဲ့အထိ သွေးပေးကြလိမ့်မယ်”
ဝမ်ရှန်းကမူ တိတ်ဆိတ်နေဆဲဖြစ်သည်။ သူ အသက်ကို ခပ်ဖွဖွရှူသွင်းလိုက်ရင်း မျက်လုံးကို ခဏမျှပိတ်လိုက်သည်။ ပြီးနောက်တွင်မူ သူသည် ရှေ့သို့ တိုးထွက်လာသည့် အရပ်ရှည်ရှည်ပိန်ပိန်ပါးပါး တာအိုဆရာထံသို့ အာရုံစိုက်လိုက်သည်။
“ငါ အရင်စမယ်”
“ရှုတောင်တန်းရဲ့ တစ်ဆယ့်ကိုးခုမြောက် ဓားဆန္ဒ - အနန္တဆောင်းဦးနှင်းခဲဓားဆန္ဒ”
တာအိုဆရာထံမှ ထက်ရှသောအော်ရာတစ်ခုထွက်ပေါ်လာသည်။ သူသည် အမြုတေဖွဲ့စည်းခြင်းအဆင့်၏ အထွတ်အထိပ်သို့ရောက်ရှိနေပြီး ပုံရိပ်ယောင်အမြုတေအဆင့်သို့ ရောက်လုနီးပါးဖြစ်နေသော်လည်း ဝမ်ရှန်း၏ အဆင့်ထက် အနည်းငယ်မျှသာမြင့်မားသည့် အလယ်အလတ်အဆင့်အထိ ဖိနှိမ်ထားသည်။
ခွန်အားကွာခြားချက် အရမ်းကြီးမားလွန်းပါက အကျိုးမရှိနိုင်သလို ပြိုင်ဘက်က အရမ်းအားနည်းပါကလည်း အဓိပ္ပာယ်မရှိချေ။ အနည်းငယ်မျှသာ သန်မာသည့် ပြိုင်ဘက်ကသာ ဝမ်ရှန်းကို ဓားတာအိုမှတစ်ဆင့် ဖိအားပေးနိုင်ပြီး တိုက်ပွဲအတွင်း၌ နားလည်မှုအသစ်များရရှိအောင် ကူညီပေးနိုင်မည် ဖြစ်သည်။
ဝမ်ရှန်းကမူ ငြိမ်သက်နေဆဲ ဖြစ်သည်။ သူ့၏ အော်ရာမှာ အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်သဖြင့် စကားတစ်ခွန်းပြောမိရုံ သို့မဟုတ် မလိုအပ်ဘဲ လှုပ်ရှားမိရုံမျှဖြင့် သူ တည်ဆောက်ထားသည့် အရှိန်အဝါပျက်စီးသွားနိုင်သည်။
ခုနှစ်စင်ကြယ်ခြေလှမ်းကို အသုံးပြု၍ သူသည် ရှေ့သို့ တိုးကာ တိုက်ခိုက်လိုက်သည်။ တာအိုဆရာကလည်း သူ၏ ဓားရှည်ကြီးက တောက်ပစွာ လင်းလက်လျက် ချဉ်းကပ်လာသည်။
ဝူတန်း၏ ခုနှစ်စင်ကြယ်ဓားဆန္ဒနှင့် ရှုဓားဂိုဏ်း၏ အနန္တဆောင်းဦးနှင်းခဲဓားဆန္ဒတို့ ထိပ်တိုက်တွေ့ဆုံသွားကြသည်၊၊
Chapter 168
နစ်မျောခြင်း
ထိုညက နန်းတော်ရှေ့ကွင်းပြင်ကျယ်တွင် လူ၁၀၀ကျော်စုရုံးကာ အချိန်အတော်ကြာအောင်ရှိနေကြသည်။
ကမ္ဘာဦးချီနိုးထလာပြီးနောက်ပိုင်းမှ တောင်ပေါ်သို့ရောက်ရှိလာကြသည့် တပည့်အများစုမှာ ဝိညာဉ်ပေါင်းစည်းခြင်းအဆင့်မျှသာရှိကြသေး၏။ ၎င်းတို့၏ ဓားတာအိုအပေါ် နားလည်သဘောပေါက်မှုမှာလည်း နက်နက်ရှိုင်းရှိုင်းမရှိသေးသဖြင့် ပြိုင်ပွဲအတွင်းမှ ဆန်းပြားလှသည့် ဓားကွက်များနှင့် ရဲရင့်သော တိုက်ကွက်များကိုသာ အဓိကအာရုံစိုက်ကြည့်ရှုနိုင်ကြသည်။ ၎င်းတို့သည် ရန်သူ့လှုပ်ရှားမှုအပေါ် လျင်မြန်စွာ တုံ့ပြန်ပုံနှင့် တိကျသည့်ဆုံးဖြတ်ချက်များအပေါ်၌သာ အံ့ဩချီးကျူးနေကြခြင်းဖြစ်သည်။
ကျင့်ကြံခြင်း ပိုမိုမြင့်မားပြီး ဓားတာအိုတွင် အထုံပါရမီပိုမိုရင့်သန်ကြသည့် ဒုတိယမျိုးဆက်ဂိုဏ်းသားအချို့ကမူ တိုက်ခိုက်နေသူနှစ်ယောက်၏ အပြန်အလှန်ပွတ်တိုက်နေသည့် ဓားဆန္ဒများကို ဝိုးတဝါးခံစားသိရှိနိုင်ကြသည်။
အမှန်အတိုင်းဝန်ခံရလျှင် ဤအချက်က အနည်းငယ်ရှက်စရာကောင်းလှသည်။ ဒုတိယမျိုးဆက် ဂိုဏ်းသားအများစုမှာ ယနေ့တိုင်အောင် ပြည့်စုံသည့်ဓားဆန္ဒတစ်ခုကိုပင် နားမလည်သဘောပေါက်နိုင်ကြသေးပေ။ ထိုသူတို့သည်လည်း တစ်ချိန်က တပည့်များဖြစ်ခဲ့ကြဖူးသည်သာ။ ပို၍ ဆိုးသည်မှာ ၎င်းတို့အုပ်စုတွင် လူဦးရေနည်းပါးရုံမျှမက ပါရမီနှင့် အမြင်ချင်းကလည်း ကွာခြားလွန်းလှ၏။
လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုက တောင်ပေါ်တက်၍ ဆရာတင်လိုသူရှိလျှင်ပင် ကံကောင်းလှပြီဟု သတ်မှတ်ခဲ့ကြရသည်။ ထို့ကြောင့် ယခုအခါ ရှုဓားဂိုဏ်းအနေဖြင့် ရှေးဟောင်းဂိုဏ်းကြီးများ တပည့်လက်ခံရာတွင် ဦးစားပေးလေ့ရှိသည့် အရည်အချင်းများဖြစ်သော စိတ်နေသဘောထား၊ ပါရမီ၊ အမြင်နှင့် အထုံပါရမီတို့ကို အထူးပင် ဂရုပြုလာခဲ့ကြ၏။
တတိယမျိုးဆက်တပည့်များထဲမှ ထူးချွန်သူအချို့မှာမူ ဝူတန်းတောင်မှ ဓားကျင့်ကြံသူတစ်ဦး၏ ဓားဆန္ဒကို ဂိုဏ်းအကြီးအကဲများက မည်သို့သွေးပေးနေသည်ကို စောင့်ကြည့်ရုံမျှဖြင့် အကျိုးကျေးဇူးအများအပြားရရှိခဲ့ကြသည်။ သို့သော် ၎င်းတို့ကိုယ်တိုင် ထိုသို့ဓားသွေးခြင်းခံရသည့်သူသာဖြစ်ချင်နေမိကြသည်။
အကျိုးအမြတ်အများဆုံးရရှိသူမှာမူ အဆက်မပြတ်စိန်ခေါ်ပွဲများကို ရင်ဆိုင်နေရသည့် ဝမ်ရှန်းဖြစ်သည်မှာ အမှန်ပင်။ ဝူတန်းတောင်တွင် ယွမ်ဖူကျန်းရန်က ဓားနယ်ပယ်နှင့်ပတ်သက်သည့် သီအိုရီဗဟုသုတများကို သူ့အား များစွာသင်ကြားပြသပေးခဲ့သည်။ ယခုအခါ ထိုသီအိုရီများကို ကြေညက်ပြီးနောက် လက်တွေ့အတွေ့အကြုံများစုဆောင်းရန် အခွင့်ကောင်းကြီးရရှိနေခြင်းဖြစ်သည်။
သူ့ကိုယ်သူ ပိုမိုထက်မြက်လာစေရန်အတွက် ဝမ်ရှန်းသည် အနိုင်လိုချင်စိတ်ကို တမင်တကာနှိုးဆွထားပြီး တိုက်ပွဲတိုင်းတွင် အနိုင်ရရှိရန် အစွမ်းကုန်ကြိုးစားတိုက်ခိုက်ခဲ့သည်။ ထို့ပြင် မိမိမတတ်နိုင်သည့်အရာကို အတင်းကျပ်မလုပ်ဆောင်ဘဲ သူအကျွမ်းကျင်ဆုံးနှင့် အယုံကြည်ရဆုံးဖြစ်သည့် ခုနှစ်စင်ကြယ်ဓားဆန္ဒကိုသာ အာရုံစိုက်သွေးယူခဲ့သည်။
ဓားဆန္ဒနှစ်ခုကို တစ်ပြိုင်နက် ကျင့်ကြံရန် ကြိုးစားနေမည့်အစား တစ်ခုတည်းကိုသာ အထွတ်အထိပ်ရောက်အောင် သန့်စင်ခြင်းက ပို၍ ထိရောက်ပေလိမ့်မည်။ ထိုသို့လုပ်ဆောင်မှသာ ဓား၇၂လက်စမ်းသပ်ချက်၏ ၇လွှာမြောက်သို့ ရောက်ရှိရန် အခွင့်အလမ်းပိုမိုများပြားလာမည်ဖြစ်သည်။
သန်းခေါင်ယံအချိန်ရောက်သောအခါ ဓားချင်းရိုက်ခတ်မှု အကြိမ်ပေါင်းတစ်ထောင်ကျော်နှင့် ဓားဆန္ဒချင်းထိပ်တိုက်တွေ့မှု အကြိမ်ပေါင်းရာဂဏန်းအထိ ရှိသွားခဲ့ပြီ ဖြစ်သည်။ ၃၂ ပွဲ ဆက်တိုက်ယှဉ်ပြိုင်ရာတွင် ဝမ်ရှန်း တစ်ပွဲမျှမနိုင်ခဲ့ချေ။ ၁၄ ပွဲခန့်သာ သရေကျသည်ဟု မနည်းသတ်မှတ်၍ ရသည်။
ပွဲအပြီးတွင်မူ ၎င်း၏ အစစ်မှန်ချီနှင့် စိတ်ဝိညာဉ်စွမ်းအားတို့အားလုံးကုန်ခမ်းသွားခဲ့ရသည်။ သူ့၏ ဓားကိုင်ထားသည့်လက်ပင်လျှင် တုန်ရင်နေခဲ့သည်။
ရှုဓားဂိုဏ်း၏ ဓားကျင့်စဉ်နည်းလမ်းအရ အစစ်မှန်ချီများ ခန်းခြောက်ပြီး ခန္ဓာကိုယ်က အလွန်ပင်ပန်းနွမ်းနယ်နေချိန်သည် အမြင်သစ်များရရှိရန်နှင့် အဆင့်တက်ရန် အလွယ်ကူဆုံးအချိန်ဖြစ်ပေသည်။
ထို့ကြောင့် နောက်ပိုင်းတွင် ဝမ်ရှန်း၏ အစစ်မှန်ချီများ ခန်းခြောက်လုနီးပါးဖြစ်နေသော်လည်း တာအိုဆရာများက ညှာတာခြင်းမရှိဘဲ အစွမ်းကုန် ဖိအားပေးတိုက်ခိုက်ခဲ့ကြသဖြင့် ဝမ်ရှန်းလည်း အတော်လေးရုပ်ပျက်ဆင်းပျက်ဖြစ်သွားခဲ့ရသည်။
အကြီးအကဲများထဲတွင် အဆင့်မြင့်ကျွမ်းကျင်သူ ခုနစ်ဦး သို့မဟုတ် ရှစ်ဦးခန့် ပါဝင်သည်။ ၎င်းတို့ထံမှ ဝမ်ရှန်းသည် ဓားနယ်ပယ်ခြောက်ခုအနက် တတိယမြောက် နယ်ပယ်ဖြစ်သော ဓားအရှိန်အဝါကို ခံစားသိရှိခဲ့ရပြီး လုံးဝကွဲပြားခြားနားသည့် ဓားဆန္ဒ သုံး၊ လေးခုနှင့်လည်း ထိတွေ့ခွင့်ရခဲ့သည်။
အမှန်စင်စစ် ဓားတာအိုလမ်းစဥ်တွင် အစစ်အမှန်ကျွမ်းကျင်သူမှာ ရှုဓားဂိုဏ်း၏ ဘိုးဘေးများသာဖြစ်ပေလိမ့်မည်။ ထိုသူတို့သည် ဓား၇၂လက်စမ်းသပ်လျက်အတွင်း၌ ဓားဆန္ဒအားလုံးကို ချန်ထားရစ်ခဲ့နိုင်သည်ဖြစ်ရာ မည်မျှအထိ နတ်ဘုရားတစ်ပါးအလား စွမ်းဆောင်နိုင်ခဲ့သည့် ပုဂ္ဂိုလ်များဖြစ်သည်ကို မည်သူမျှ မခန့်မှန်းနိုင်ချေ။
ဝမ်ရှန်းက ကန့်သတ်ချက်ကို ရောက်ရှိနေပြီဖြစ်ကြောင်း မြင်သောအခါ အကြီးအကဲတစ်ဦးက လှမ်းပြောသည်၊၊
“ဒီနေ့အတွက် ဓားလေ့ကျင့်တာ ဒီလောက်နဲ့တော်သင့်ပြီ။ သန်ဘက်ခါ မွန်းတည့်ချိန်ကျမှ ဒီနေရာမှာပဲဆက်ပြီး အတွေ့အကြုံဖလှယ်ကြတာပေါ့”
ဝမ်ရှန်းက ဓားရိုးကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ နှုတ်ဆက်ရင်း “စီနီယာတို့ကို ကျေးဇူးတင်ပါတယ်။ ကျွန်တော် ခွင့်ပြုပါဦး”
သူ့စိတ်ကို လျှော့ချလိုက်သည့် ကာလတွင်ပင် နားလည်သဘောပေါက်မှု လှိုင်းလုံးကြီးများက စိတ်ထဲသို့ တိုးဝင်လာခဲ့သည်။ တိတ်ဆိတ်စွာ တရားထိုင်ပြီး ၎င်းတို့ကို စုပ်ယူရန် ပြန်မည့်အလုပ်တွင် ဒူးများ ညွတ်ခွေကာ ဒူးထောက်လျက်သားလဲကျသွားခဲ့ရသည်။ ထိုအခါ စိုးရိမ်တကြီးဖြင့် တာအိုဆရာများနှင့် တပည့်များအားလုံး ချက်ချင်းပြေးလာကြလေသည်။
ဝမ်ရှန်းသည် ရှုဓားဂိုဏ်းတစ်ခုလုံး၏ မျှော်လင့်ချက်ဖြစ်ရာ ပထမဆုံးနေ့မှာတင် အကြီးအကဲများက အများကြီးဖိအားပေးပြီး ဒဏ်ရာရအောင်မလုပ်သင့်ပေ။
“ရပါတယ်…. ကျွန်တော်ခဏလောက် နားလိုက်ရင် အဆင်ပြေသွားမှာပါ။ တကယ်အဆင်ပြေပါတယ်” ဝမ်ရှန်းက ကမန်းကတန်းပြန်ပြောလိုက်သည်။
တာအိုအကြီးအကဲတစ်ဦးက အော်လိုက်သည်၊၊
“အားလုံးနောက်ဆုတ်ကြ။ တာအိုဆရာ ဖေးယွီရဲ့ ဓားတာအိုဉာဏ်အလင်းပွင့်တာကို မနှောင့်ယှက်ကြနဲ့”
တပည့်များလည်း သုတ်သီးသုတ်ပျာဖြင့် နောက်သို့ပြန်ဆုတ်သွားကြသည်။
ဝမ်ရှန်းလည်း ဒူးထောက်နေရခြင်းမှာ ရှက်စရာကောင်းသည်ဟု ခံစားရသဖြင့် သူ့၏ ဓားရှည်ကို အားပြုကာ မနည်းထရပ်လိုက်သည်။ ထို့နောက် တောင်နောက်ဘက်ရှိ သူ့ နေအိမ်ဆီသို့ တစ်လှမ်းချင်းခက်ခဲစွာလျှောက်လှမ်းသွားခဲ့သည်။
သူ၏ ပုံစံမှာ အရင်ကကဲ့သို့ မားမားမတ်မတ်မရှိတော့သော်လည်း ဘေးမှ ကြည့်နေသူများအနေဖြင့် သူ၏ မလျှော့သောဇွဲလုံ့လကို အထင်အရှားခံစားသိရှိနိုင်ကြသည်။
ဝမ်ရှန်း ထွက်ခွာသွားပြီးနောက် ဆံပင်ဖြူနေသောအကြီးအကဲတစ်ဦးက သက်ပြင်းချရင်း
“နှမြောစရာကောင်းလိုက်တာ။ အဲဒီရတနာဓားက ဘာလို့ ငါတို့ဂိုဏ်းရဲ့ဓား မဖြစ်ခဲ့ရတာလဲ။ ယွမ်ဖူကျန်းရန်ဆီ သွားပြီး ဖေးယွီကို လုလာချင်စိတ်ပေါက်မိတယ်”
“မလောပါနဲ့ဦး၊၊ ငါတို့ အခုမှ စရသေးတာပဲ”
သက်လတ်ပိုင်းတာအိုဆရာတစ်ဦးက ရယ်မောကာ ပြောသည်။
“ဖေးယွီက ငါတို့ဂိုဏ်းရဲ့ ဓားထိန်းချုပ်ခြင်းပညာရပ်ကို ပြန်ရယူပေးနိုင်မယ်ဆိုရင် ဂိုဏ်းချုပ်ကို တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာခိုင်းပြီး သူ့ကို တစ်သက်တာအောင်မြင်မှုဆုပေးအပ်ပြီးတော့ ဂုဏ်ထူးဆောင်တပည့်ကြီးအဖြစ် သတ်မှတ်ပေးသင့်တယ်”
“အတွင်းစည်းတပည့်တွေရဲ့ ခံစားချက်ကိုလည်း ထည့်တွက်ရဦးမယ်”
အခြားအကြီးအကဲတစ်ဦးက ကန့်ကွက်သည်။
“ဒီကိစ္စကို နောက်မှ သေချာပြန်ဆွေးနွေးတာပေါ့”
နောက်ဆုံးတွင် တာအိုအကြီးအကဲတစ်ဦးက —
“ဒီည အားလုံး နန်းတော်ကြီးထဲမှာပဲ နေပြီး ကျင့်ကြံကြမယ်။ ဝမ်ဖေးယွီရဲ့ ဓားဆန္ဒကို ပိုထက်မြက်လာအောင် ဘယ်လိုကူညီပေးရမလဲဆိုတာ သေချာတိုင်ပင်ရမယ်။ ဘိုးဘေးတွေ ချန်ထားခဲ့တဲ့ ဓားထိန်းချုပ်ခြင်းပညာက ငါတို့မျက်စိရှေ့တည့်တည့်မှာ ရှိနေပြီလို့ ငါ တကယ်ယုံကြည်တယ်”
တာအိုအကြီးအကဲများအားလုံးက သဘောတူထောက်ခံကြပြီးနောက် ထိုနေရာရှိ တပည့်များအားလုံး လူစုခွဲထွက်ခွာသွားကြတော့သည်။ နောက်ထပ် ယှဉ်ပြိုင်ပွဲကိုမူ အားလုံးက ပို၍ မျှော်လင့်စောင့်စားနေကြပြီ ဖြစ်သည်။
နေအိမ်သို့ ပြန်ရောက်သောအခါ ဝမ်ရှန်းသည် ကုတင်ပေါ်သို့ လှဲချကာ ထိုးအိပ်ချင်စိတ်သာရှိတော့သည်။ သို့သော် ရှုဓားဂိုဏ်း၏ တာအိုဆရာများပြောခဲ့သကဲ့သို့ပင် ယခုအချိန်သည် ဉာဏ်အလင်းပွင့်ရန်နှင့် အသိအမြင့်သစ်များရရှိရန် အကောင်းဆုံးအချိန်ဖြစ်နေပေသည်။
ဝမ်ရှန်း ခန္ဓာကိုယ်ကို မနည်းထိန်းကာ ပြတင်းပေါက်နားရှိ သစ်သားကုလားထိုင်ဆီသို့ လျှောက်သွားပြီး တင်ပျဉ်ခွေထိုင်လိုက်ကာ သူ၏ ကြိုးကြာဝိညာဉ်ရတနာအိတ်ကို ဖွင့်လိုက်သည်။ အိတ်ထဲတွင် ချီကျောက်တုံးများကို ကိုင်တွယ်ရန်ပင် အားမရှိတော့ပေ။ ချီစုစည်းအစီအရင်ကို တည်ဆောက်ရန်အတွက် ပထမဆုံးအကြိမ်ဖြစ်သဖြင့် လမ်းညွှန်ချက်များ အသေးစိတ်ရှိနေသည့်တိုင် နေ့တစ်ဝက်ခန့်ပေးရမည်ဖြစ်သည်။ ထို့ကြောင့် ချီကျောက်တုံးများအစား ဆေးလုံးပုလင်း နှစ်လုံးကိုသာ ထုတ်ယူလိုက်သည်။
တစ်ပုလင်းမှာ အဆင့်မြှင့်တင်ထားသည့် ချီဆေးလုံးများဖြစ်သည်။ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအစောပိုင်းအဆင့်ကျင့်ကြံသူတစ်ဦးအတွက် ထိုဆေးလုံး သုံးလုံးမျှဖြင့်ပင် အစစ်မှန်ချီများကို လျင်မြန်စွာ ပြန်လည်ဖြည့်တင်းပေးနိုင်သည်။ ၎င်းဆေးလုံးများသည် အတော်လေးအသုံးဝင်သည့် အသုံးအဆောင်ပစ္စည်းများဖြစ်ကြသည်။
အခြားတစ်ပုလင်းမှာမူ သွေးကြောသန့်စင်ဆေးလုံးများဖြစ်သည်။ ထိုဆေးလုံးသည် ကျင့်ကြံသူ၏ ကိုယ်တွင်းလမ်းကြောင်းများကို ချဲ့ထွင်ပေးနိုင်ပြီး အစစ်မှန်ချီများကို စုဆောင်းပေးကာ စိတ်ဝိညာဉ်ကို ပြုစုပျိုးထောင်ပေးပြီး အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ကျင့်ကြံသူများ၏ ကျင့်ကြံခြင်းအဆင့်ကို ခိုင်မာစေသည်။ ချီလည်ပတ်မှုကို တိုက်ရိုက်တိုးတက်ကောင်းမွန်စေနိုင်သဖြင့် ဤဆေးလုံးမှာ ထိုအဆင့်ကျင့်ကြံသူများအတွက် အလွန်အဖိုးတန်လှသည်။
ဆေးလုံးများကို ဆရာကတော် သို့မဟုတ် မုရွှယ်က စီစဉ်ပေးထားခြင်းဟုတ်မဟုတ်ကိုမူ ဝမ်ရှန်း သေချာမသိချေ။ သို့သော် သူ့ထံတွင် တစ်ပုလင်းလျှင် ဆေးလုံး ၁၀လုံးစီပါဝင်သည့် ပုလင်း ရှစ်ပုလင်းအထိ ရှိနေသည်။ ဆရာကတော်က ထိုကဲ့သို့ အသေးစိတ်အချက်အလက်များကို ဂရုစိုက်မည့်သူမဟုတ်သဖြင့် မုရွှယ် စီစဉ်ပေးထားခြင်း ဖြစ်နိုင်ခြေပိုများသည်။ သူမက မုရွှယ်ကို အမိန့်တစ်ခုပေးလိုက်ရုံသာဖြစ်ပေလိမ့်မည်။
ဝမ်ရှန်းသည် ချီဆေးလုံး နှစ်လုံးနှင့် သွေးကြောသန့်စင်ဆေးလုံးတစ်လုံးကို ထုတ်ယူလိုက်သည်။ ပြီးနောက် ခေါင်းကို မော့ကာ မျိုချလိုက်ပြီး သူ့၏ အစစ်မှန်ချီဖြင့် လွှမ်းခြုံလိုက်သည်။ ဆေးလုံးများသည် လျင်မြန်စွာ ပျော်ဝင်သွားပြီး သွေးကြောများဆီသို့ ချီလမ်းကြောင်းနှစ်ခုအဖြစ် ပျံ့နှံ့သွားကာ ဝမ်းဗိုက်အောက်ပိုင်း၌ နွေးထွေးသော ခံစားချက်ကို ပေးစွမ်းလာသည်။
တဖြည်းဖြည်းနှင့် ဝမ်ရှန်းသည် မိမိကိုယ်ကိုယ်နှင့် ပတ်ဝန်းကျင်ကမ္ဘာကြီးကို မေ့လျော့သွားသည့် အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။ သူ၏ စိတ်ထဲတွင် ဓားတစ်လက်ပြီး တစ်လက်သာရှိတော့သည်။ တာအိုဆရာများ အသုံးပြုခဲ့သည့် ဓားဆန္ဒများသည် စိတ်ထဲတွင် ရေတွက်၍မရနိုင်သော ဓားပုံရိပ်ယောင်များအဖြစ် ပြောင်းလဲသွားကာ ညင်သာစွာ စီးဆင်းနေသည်။ ဝမ်ရှန်းက ထိုဓားပုံရိပ်များကို တစ်ခုချင်းစီစောင့်ကြည့်ရင်း အမြင်သစ်များကို ရရှိလာခဲ့သည်။
ဝမ်ရှန်းသည် ထိုဓားဆန္ဒများထံမှ အနှစ်သာရများကို ရယူကာ သူ့၏ ခုနှစ်စင်ကြယ်ဓားဆန္ဒကို ပျိုးထောင်ပေးခဲ့သည်။ သူသည် လုံးဝကွဲပြားခြားနားသည့် ဓားဆန္ဒ ၃၂ ခုကို အသုံးပြု၍ သူ့၏ ဓားဆန္ဒကို သွေးပြီး ၎င်း၏ အားနည်းချက်များကို ပြုပြင်သန့်စင်ခဲ့သည်။
တဖြည်းဖြည်းနှင့် သူသည် ထိုဓားဆန္ဒများကိုပင် မေ့လျော့သွားခဲ့သည်။ သူ၏ အတွေးများသည် ဝူတန်းတောင်ပေါ်မှ ဆီးနှင်းထူထပ်သော ညတစ်ညဆီသို့ ပြန်လည်ရောက်ရှိသွားသည်။ ထိုစဉ်က သစ်သားဓားတစ်လက်တည်းဖြင့် သူ အသစ်စက်စက်တတ်မြောက်ထားသည့် ခုနှစ်စင်ကြယ်ဓားအစီအရင်ကို ထပ်ခါတလဲလဲလေ့ကျင့်ခဲ့ပြီး နှင်းပြင်ပေါ်တွင် ခြေရာ ၄၉ ခု ချန်ထားခဲ့ဖူးသည်။
ထပ်ခါတလဲလဲလေ့ကျင့်နေသည်…