သွေးနီရောင်ကမ္ဘာ (၃)
Vol. 69 Ch. 1111
အဆုံးမဲ့စိုးရိမ်ပူပန်မှုများနှင့် သံသယပေါင်းများစွာက သူ့စိတ်ထဲတွင် ဝဲလည်နေသည်။ လင်းရှန်သည် သက်ပြင်းအသာချလိုက်မိသည်၊၊ ကံကောင်းသည်မှာ သူ့တွင် အသုံးပြုနိုင်သော ဒရုန်းအမြောက်အမြားရှိနေသေးသည်။ သူသည် ရိက္ခာများရှာဖွေရန်အတွက် ကိုယ်တိုင်စွန့်စားသွားရန်မလိုဘဲ တစ်စုံတစ်ခုကို ရှာဖွေတွေ့ရှိပါက သယ်ယူပို့ဆောင်ရေးဒရုန်းများကို စေလွှတ်၍ ယူဆောင်ခိုင်းနိုင်သည်။ အန္တရာယ်တစ်ခုခုရှိလာပါကလည်း သူ့ထံသို့ ရန်သူ့အာရုံစုပြုံရောက်ရှိလာမည့် အခြေအနေကို အနည်းဆုံးဖြစ်အောင် လျှော့ချနိုင်သည်။
ထိုသို့ တွေးထားသော်လည်း လင်းရှန်သည် သတိကြီးစွာဖြင့် အခန်းတွင်းရှိ အသုံးမဝင်သော လျှပ်စစ်ပစ္စည်းအားလုံးကို ဝါးမျိုဖျက်ဆီးပစ်လိုက်ပြီးနောက် အခန်းတစ်ခုလုံးကို လွှမ်းခြုံရန် အမှောင်စွမ်းအင်ပေါင်းစည်းကိရိယာတစ်ခုကို ထုတ်လုပ်လိုက်ပြီးမှ သူ၏ တင်းမာမှုများ အနည်းငယ်လျော့ပါးသွားတော့သည်။
ထိုအချိန်တွင် လင်းရှန်သည် ဗလာဖြစ်နေသော အခန်းကို ကြည့်ကာ ဂရေ့စ်ကို လှမ်း၍ ခေါ်ကြည့်လိုက်သည်။
“ဂရေ့စ်... ငါပြောတာ ကြားရလား”
တုံ့ပြန်မှုတစ်စုံတစ်ရာမရှိချေ၊ ကြည့်ရသည်မှာ သူ ကြယ်နက်ပန်းပဲဖိုအတွင်း ပိတ်မိနေစဉ်က အခြေအနေနှင့်တူလှသည်။
“ဂရေ့စ်...”
“ထူးဆန်းတယ်...” လင်းရှန် တစ်ကိုယ်ထဲရေရွတ်လိုက်သည်၊၊
“ငါ့မျက်ခုံးကြားက ငွေကျည်ဆန်ရဲ့ တည်ရှိမှုကို အတိအကျအာရုံခံလို့ရနေတုန်းပဲ... တောင်ဘက်ကောင်းကင်ဂိတ်မှာပါ ပြဿနာတစ်ခုခုကြုံနေရတာလား”
ယခုအချိန်တွင် လင်းရှန်၌ ကပ်ဘေးအပင်များ သို့မဟုတ် ရိက္ခာပစ္စည်းများမရှိဘဲ အနီးအနားတွင် ရှိသည်မှာ အနက်ရောင်ဂီယာတစ်ခုသာဖြစ်သည်။ သူသည် ငွေကျည်ဆန်ကို အာရုံခံနိုင်သော်လည်း ဂရေ့စ်နှင့် ဆက်သွယ်၍ မရချေ။ လင်းရှန်လည်း ဖြစ်နိုင်ခြေအနည်းငယ်ကို ချက်ချင်း တွေးမိသွားသည်။
ပထမတစ်ခုမှာ သွေးနီရောင်များက တားမြစ်ပစ္စည်းနှင့် သူ၏ ဆက်သွယ်မှုကို ပိတ်ဆို့ထားခြင်းဖြစ်နိုင်သော်လည်း သူ အာရုံခံနိုင်နေသေးသဖြင့် ဤဖြစ်နိုင်ခြေမှာ ယုတ္တိမတန်သေးပေ၊၊
ဒုတိယတစ်ခုမှာ ဂရေ့စ်ဘက်တွင် ပြဿနာတစ်ခုခုရှိနေခြင်း ဖြစ်နိုင်သည်။
“ငါ အာရုံခံနိုင်နေသေးတာဆိုတော့... ဖြစ်နိုင်တာက အဲဒါကိုအသုံးပြုပြီး ထွက်ပြေးလို့ ရနိုင်သေးတယ်...”
လင်းရှန်၏ စိတ်ထဲတွင် အကြမ်းဖျင်းအစီအစဉ်တစ်ခုရှိသွားပြီ ဖြစ်သည်။ သူ၏ ငွေကျည်ဆန်သည် တောင်ဘက်ကောင်းကင်ဂိတ်တွင်ရှိနေသရွေ့ အရေးပေါ်အခြေအနေ၌ ဤနည်းလမ်းကိုအသုံးပြု၍ သွေးနီရောင်နယ်မြေမှ ထွက်ခွာရန် ကြိုးစားနိုင်သည်။
ထိုသို့ တွေးမိပြီးနောက် လင်းရှန်၏ ရင်ထဲမှ အပူလုံးကြီး အနည်းငယ်သက်သာသွားပြီး အနက်ရောင်ဂီယာကို ထုတ်ယူကာ လက်ထဲ၌ စစ်ဆေးကြည့်ရှုလိုက်သည်။
“ဟွာရှောင်လင်း ပြောဖူးတာတော့ ဒီအရာက တွင်းနက်ထဲမှာ လျှောက်လှမ်းနိုင်တယ်တဲ့... သွေးနီရောင်နယ်မြေထဲမှာလည်း အသုံးဝင်နိုင်လောက်မလား... ဒါပေမဲ့ ဒါကို ဘယ်လိုအတိအကျသုံးရမလဲဆိုတာကိုတော့ အဲဒီမိန်းမက အသေးစိတ်ရှင်းမပြသွားဘူး...”
လင်းရှန်သည် အနက်ရောင်ဂီယာကို ကိုင်ထားရင်း လက်ကို နားဆီသို့ ဆန့်တန်းလိုက်ကာ ပုံရိပ်ယောင်မြင်ကွင်းကို အသက်သွင်းပြီး ဒရုန်းများ၏ ရှာဖွေရေးအခြေအနေကို အာရုံစိုက်လိုက်သည်။
ဒရုန်းများ၏ မီးရောင်များသည် အမှောင်အလွှာများကို ဖြတ်သန်းကာ အခန်းများနှင့် လူနေခန်းအသီးသီးကို အစုအဖွဲ့လိုက်ရှာဖွေခဲ့ကြရာ ရိက္ခာပစ္စည်း အမြောက်အမြားကို လျင်မြန်စွာ ရှာဖွေတွေ့ရှိခဲ့သည်။ သို့သော် စကင်ဖတ်ကြည့်ရာတွင် ထိုရိက္ခာများ (စည်သွပ်ဘူးကဲ့သို့သော အစားအစာများအပါအဝင်) ၏ ပြင်ပထုပ်ပိုးမှုများသည် တစ်နည်းနည်းဖြင့် တိုက်စားခံထားရသည်ကို လင်းရှန် တွေ့လိုက်ရသည်။ သူသည် အမဲသားစည်သွပ်ဘူးတစ်ခုကို ဖောက်ရန် ဒရုန်းတစ်စင်းကို စေခိုင်းကြည့်ခဲ့ရာ ထိုစည်သွပ်ဘူးသည် ရုတ်တရက် ပေါက်ကွဲသွားပြီး စားသုံးရန်မသင့်သော ပျစ်ချွဲသည့် မီးခိုးပြာရောင်အရည်များကို ပန်းထုတ်လာခဲ့သည်။
“စည်သွပ်ဘူးတွေပါ တိုက်စားခံလိုက်ရတာလား”
ဤအခြေအနေကို ကြည့်ရင်း လင်းရှန်၏ နှလုံးသား ပိုမိုလေးလံသွားရသည်။ ၎င်းမှာ လူသားမျိုးနွယ်ကို အကျပ်အတည်းထဲသို့ ဖိအားပေးမောင်းနှင်နေသကဲ့သို့ဖြစ်သည်။ သူ စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်၊ ဤသုံးလအတွင်း လူသားများ လုံးဝမပျက်သုဥ်းသွားသေးဟုဆိုနိုင်သော်လည်း ဤသွေးနီရောင်အောက်တွင် ကြီးမားလှသောအဆုံးအရှုံးများနှင့် ရင်ဆိုင်ခဲ့ရသည်မှာတော့ သေချာသလောက်ပင်။
သူ လက်မလျှော့ဘဲ ဒရုန်းများကို ဆက်လက်ရှာဖွေခိုင်းခဲ့သည်။ ထိုစဉ် ဒရုန်းအချို့သည် အောက်ခြေကုန်းပတ်၏ သိုလှောင်ရုံဧရိယာသို့ ရောက်ရှိသွားပြီး ၎င်းတို့၏ မီးရောင်များသည် ဖွင့်လှစ်ထားသည့် လက္ခဏာမရှိဘဲ ပိတ်ဆို့နေသော ကုန်စည်သိုလှောင်ရုံတစ်ခုပေါ်သို့ ဖြတ်သန်းသွားသည်။
သို့သော် လင်းရှန်၏ ဒရုန်းများ မည်သည့် လှုပ်ရှားမှုမျှ မလုပ်ရသေးခင်မှာပင် ဒရုန်းတစ်စင်း၏ စခရင်ပေါ်တွင် တောက်ပနေသော လက်တံများစွာ ရုတ်တရက် ပေါ်ထွက်လာပြီး မျက်တောင်ခတ်ရုံအတွင်း ဒရုန်း၏ စောင့်ကြည့်ရေးစနစ် မှောင်အတိကျသွားကာ အချက်ပြလှိုင်း လုံးဝပြတ်တောက်သွားတော့သည်။
လင်းရှန် ချက်ချင်းမျက်မှောင်ကြုတ်လိုက်မိသည်၊ ၎င်းကုန်စည်သိုလှောင်ရုံ ဧရိယာတွင် ထူးဆန်းသော သတ္တဝါရှိနေနိုင်ကြောင်း သူ သဘောပေါက်လိုက်ပြီး အနီးနားရှိ ဒရုန်းအချို့ကို နောက်တစ်ကြိမ် ထပ်မံစစ်ဆေးရန် လျင်မြန်စွာ စေလွှတ်လိုက်သည်။
ယခုတစ်ကြိမ်တွင် ပို၍ပင် မြန်ဆန်လှသည်။ သူ၏ ဒရုန်း စကင်ဖတ်ခြင်း မစတင်ရသေးမီမှာပင် လွင့်ထွက်လာသော လက်တံများက ချက်ချင်း ဖမ်းဆီးပစ်လိုက်သဖြင့် ပျက်ကျသွားခဲ့သည်။
သို့သော် ယခုတစ်ကြိမ်တွင်မူ လင်းရှန်သည် သဲလွန်စအချို့ကို ဖမ်းဆွဲမိလိုက်သည်။ သူသည် ရရှိထားသော ဗီဒီယိုမှတ်တမ်းကို တစ်ကွက်ချင်းစီပြန်လည်ကြည့်ရှုခဲ့ရာ အမှောင်ထဲမှ ထွက်ပေါ်လာသော လက်တံများကို တွေ့လိုက်ရပြီး အားနည်းသော အလင်းရောင်အောက်တွင် တွန့်လိမ်နေသည့် တွားသွားသတ္တဝါနှင့် တူသောအရာတစ်ခုကို ဝိုးတဝါးမြင်တွေ့လိုက်ရသည်။
“ဒရုန်းတွေက သက်မဲ့အရာတွေဖြစ်တာတောင် တိုက်ခိုက်ခံရတာလား... ကြည့်ရတာ သွေးနီရောင်ထဲက သတ္တဝါတွေက အမှောင်အမှတ်အသားကိုပဲ အားကိုးနေတာမဟုတ်ဘူးပဲ... သူတို့က ဘယ်လိုတည်ရှိမှုကိုမဆို မြင်နိုင်၊ ကြားနိုင်ကြပြီး လူသားတွေထက် ကျော်လွန်တဲ့ အာရုံခံစနစ်တွေရှိနေနိုင်တယ်...”
လင်းရှန် မျက်မှောင်ကြုတ်လိုက်မိသည်၊၊ သူ ကုန်စည်သိုလှောင်ရုံ ဧရိယာကို မဖြစ်မနေရှာဖွေရမည်ဖြစ်သည်။ သူသည် အေးခဲအခန်းငယ်ထဲတွင် အချိန်အတော်ကြာလဲလျောင်းနေခဲ့ရပြီး မကြာသေးမီက သွေးအမြောက်အမြားဆုံးရှုံးခဲ့မှုကြောင့် ရေဓာတ်အလွန်ခမ်းခြောက်နေသည်။ အစားအစာနှင့် ရေကို ရှာမတွေ့ပါက သူသည် လက်ဖြင့် ကြယ်သင်္ဘောများကို ထုတ်လုပ်နိုင်သည့် စွမ်းရည်ရှိသော်လည်း တစ်ရက် သို့မဟုတ် နှစ်ရက်ထက်ပို၍ တောင့်ခံနိုင်မည် မဟုတ်ချေ။ ထို့ပြင် ကုန်စည်သိုလှောင်ရုံဧရိယာ၏ အပြင်ဘက်တွင် သတ္တဝါတစ်ကောင်ပေါ်လာခြင်းက အတွင်း၌ ထိုသတ္တဝါကို ဆွဲဆောင်နိုင်မည့် စိတ်ဝင်စားစရာအရာတစ်ခုခုရှိနေကြောင်း ညွှန်ပြနေသည်။ ထို့ကြောင့် လင်းရှန် ခေတ္တမျှစဉ်းစားပြီးနောက် သွေးနီရောင်ထဲမှ သတ္တဝါကို ရင်ဆိုင်ရန်အတွက် Dragon Girl မီကာတစ်စီးကို စေလွှတ်ရန် ဆုံးဖြတ်လိုက်သည်။
ကြယ်နက်ပန်းပဲဖို ပွင့်လာပြီး လှပကျော့ရှင်းကာ လူသားအမျိုးသမီးပုံသဏ္ဌာန်ရှိသော မီကာစက်ရုပ်တစ်စင်းသည် မြေပြင်ပေါ်သို့ ဒုန်းခနဲ ကျရောက်လာပြီးနောက် လျင်မြန်စွာ မတ်တပ်ရပ်လိုက်သည်။ ၎င်း၏ ဓားသွားခြေဖဝါးများသည် မြေပြင်တွင် ခိုင်မာစွာ အမြစ်တွယ်နေပြီး ကျော့ရှင်းသော ယန္တရားကိုယ်ထည်မှ အေးစက်ပြင်းထန်လှသော သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်နေသည်။
လင်းရှန်သည် မိမိ၏ ဖန်တီးမှုကို ကြည့်ရင်း မျက်လုံးထဲတွင် အလင်းတန်းများ လက်ခနဲဖြစ်သွားသည်။
“သွားတော့”
ဝှစ်၊၊
Dragon Girlသည် ၎င်း၏ လက်မောင်းများကို ခါထုတ်လိုက်ရာ တံတောင်ဆစ်တွင် တပ်ဆင်ထားသော VK လျှပ်စစ်ဓားသည် ချက်ချင်း ထွက်ပေါ်လာပြီး လျှပ်စစ်စက်ကွင်းမှ တိုးညှင်းသောအသံများ ထွက်ပေါ်လာသည်။ ထို့နောက် လင်းရှန်သည် ထွက်ပေါက်ကို ဖွင့်ကာ ၎င်းကို စေလွှတ်လိုက်သည်။
ငွေပြာရောင်ပုံရိပ်သည် စောင်းလျက်ရှိသော လမ်းကြောင်းအတွင်း အေးစက်စက်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ခြေလှမ်းတိုင်းတွင် ဓားသွားထိပ်ဖျားမှ မီးပွားများလွင့်ပျံနေသည်။ ၎င်း၏ သွယ်လျပြီး သေစေနိုင်သော သတ္တုခြေလက်များသည် နံရံများကို ဖြတ်သန်းပြေးလွှားသွားခဲ့သည်။ ပြိုကျနေသော သတ္တုတည်ဆောက်ပုံများ ပိတ်ဆို့နေသည့် လမ်းကြောင်းတစ်ခုနှင့် ရင်ဆိုင်ရချိန်တွင် ၎င်းသည် တုံ့ဆိုင်းခြင်းမရှိဘဲ မိမိ၏ ဘယ်ဘက်လက်မောင်းကို မြှောက်လိုက်ရာ လက်ကောက်ဝတ်ရှိ သံမဏိကြိုးသည် ရှူးခနဲ မြည်ကာ ထွက်ပေါ်သွားပြီး ထက်မြက်သော ကျောက်ဆူးသည် အပေါ်ဘက်ရှိ သံယက်မတွင် နက်ရှိုင်းစွာ စိုက်ဝင်သွားသည်။ သံကြိုးသည် ချက်ချင်း တင်းကျပ်သွားပြီး မီကာစက်ရုပ်သည် ထိုအရှိန်ကို အသုံးပြုကာ လေထဲ၌ စက်ဝိုင်းပုံလှည့်၍ အတားအဆီးကိုကျော်ဖြတ်ကာ ပျက်စီးနေသောကုန်းပတ်ဝမှတစ်ဆင့် အောက်ခြေကုန်းပတ်အလွှာဆီသို့ လျင်မြန်စွာ ဆင်းသက်သွားခဲ့သည်။ ဆင်းသက်သည့် အခိုက်အတန့်တွင် ၎င်း၏ ခြေဖဝါးနှင့် နောက်ကျောရှိ တွန်းကန်အားပေးစနစ်များမှ အပြာရောင်မီးလျှံလေးများ ထွက်ပေါ်လာပြီး ဆင်းသက်မှုကို ထိန်းညှိပေးလိုက်ရာ သံချေးတက်နေသောဖုန်မှုန့်များ လွင့်ပျံသွားတော့သည်။
“ရှေ့မှာ အရှိန်လျှော့ပါ လှိုင်းနှုန်းစုံစကင်ဖတ်ပါ” လင်းရှန်၏ အမိန့်သည် သတင်းအချက်အလက်ဆက်သွယ်ရေးစနစ်အတွင်း ပဲ့တင်ထပ်သွားသည်။
Dragon Girl မီကာ၏ မျက်လုံးစကင်ဖတ်ခြင်းအလင်းတန်းသည် ရှေ့ရှိ မှောင်မိုက်နေသော သိုလှောင်ခန်း၏ ပုံသဏ္ဌာန်ပေါ်သို့ တစ်လွှာချင်းစီ ဖြတ်သန်းသွားခဲ့သည်။ ဟိုက်ဒရောလစ်စနစ်ဖြင့် မောင်းနှင်သော ခြေလက်များသည် ၎င်း၏ လှုပ်ရှားမှုများကို ပေါ့ပါးစေပြီး VK လျှပ်စစ်ဓားအသံကိုလည်း အနိမ့်ဆုံးအဆင့်အထိ လျှော့ချထားသည်။
၎င်းသည် ကုန်စည်သိုလှောင်ရုံ၏ ရှေ့တွင်ရှိသော သိုလှောင်ခန်းဧရိယာသို့ ခြေမလှမ်းမီမှာပင် တပ်ဆင်ထားသော အမှောင်စွမ်းအင်အာရုံခံစနစ်က တုံ့ပြန်လာခဲ့ပြီး လင်းရှန်သည် Dragon Girl ၏ စကင်ဖတ်ရေဒါပေါ်တွင် ပုံမှန်မဟုတ်သော အခြေအနေကို ချက်ချင်းမြင်တွေ့လိုက်ရသည်။
ကုန်သေတ္တာများကြောင့် ဖြစ်ပေါ်နေသော အမှောင်ရိပ်များထဲတွင် တစ်စုံတစ်ခုက ပုန်းအောင်းနေပြီး စောင့်ကြည့်နေသည်။ ထိုစဉ် အဝေးမှ ထိန်းချုပ်နေသော လင်းရှန်သည် အနည်းငယ်တင်းမာမှုကို ခံစားလိုက်ရသည်။
တစ်ဖက်တွင်မူ Dragon Girl မည်သည့်အရာနှင့် ရင်ဆိုင်ရမည်ကို သူ မသိရှိခြင်းကြောင့်ဖြစ်ပြီး အခြားတစ်ဖက်တွင်မူ ဤလှုပ်ရှားမှုက တခြားဒုက္ခများကို ထပ်မံလှုံ့ဆော်မိသွားမလားမသေချာသောကြောင့်ဖြစ်သည်။
“သတိထား… အဲဒီဧရိယာထဲမှာ သက်ရှိတစ်ခုရှိနေတယ်၊၊ တိုက်ပွဲဝင်စနစ်ကို ပြောင်းလဲပါ”
လင်းရှန်၏ အကြည့်သည် Dragon Girl၏ ရေဒါပုံရိပ်ပေါ်တွင် တည်ရှိနေပြီး ထိုမထင်မရှားဖြစ်နေသော ဇီဝအမှောင်စွမ်းအင်လှုပ်ခတ်မှုက မီကာစက်ရုပ်၏ စကင်ဖတ်ခြင်းလှိုင်းများကို ရှောင်ကွင်းရင်း လိမ္မာပါးနပ်စွာရွေ့လျားကာ တူတူပုန်းတမ်းကစားနေသည်ကို ကြည့်နေမိသည်။
ဤမြင်ကွင်းကို မြင်တွေ့ရချိန်တွင် လင်းရှန် မျက်မှောင်အနည်းငယ်ကြုတ်သွားသည်၊၊ ထူးဆန်းသောသတ္တဝါများသည် ပုံမှန်အားဖြင့် ဤကဲ့သို့ ပြုမူလေ့မရှိဘဲ သားကောင်နှင့် တွေ့ပါက တိုက်ရိုက်တိုက်ခိုက်လေ့ရှိသည်။ သို့သော် ဤအရာသည် သက်မဲ့မီကာစက်ရုပ်ဖြစ်နေသည့် Dragon Girl၏ တည်ရှိမှုကို တိုက်ရိုက်သိရှိနိုင်ရုံသာမက ၎င်းကို စောင့်ကြည့်နေပုံရပြီး အခွင့်အရေးရသည်နှင့် လှုပ်ရှားရန်ပြင်ဆင်နေသကဲ့သို့ ရှိသည်။
“မင်းက မြင်နိုင်တာလား... ကောင်းပြီ ဒါဆိုရင် လျှပ်စစ်အလင်းဗုံးကို ပစ်လွှတ်လိုက်”
လင်းရှန်၏ အမိန့်ပေးသံထွက်ပေါ်လာသည်။
ဝှစ် ဘန်း၊၊
တောက်ပလှသော အဖြူရောင်အလင်းလုံးတစ်ခုသည် Dragon Girl၏ ပခုံးထက်ရှိ ပစ်လွှတ်ကိရိယာမှ ထွက်ပေါ်သွားပြီး ထူထပ်လှသော အရိပ်များကို ချက်ချင်း ထိုးခွဲလိုက်သည်။ စူးရှတောက်ပလှသော အဖြူရောင်အလင်းတန်းများသည် ဒလဟောစီးဆင်းသွားပြီး ထောင့်စွန်းများရှိ အရိပ်များကို ပုန်းကွယ်စရာမရှိအောင် ပြုလုပ်လိုက်ရာ အရေပြားခွာထားသော သွေးသားများကဲ့သို့ ထူးဆန်းပြီး ခြေထောက်များစွာပါသည့် ပင့်ကူကြီးတစ်ကောင် ပေါ်ထွက်လာသည်။ ၎င်း၏ ဦးခေါင်းတွင် တွင်းနက်ကြီးကဲ့သို့သော မျက်လုံးများ ကျုံ့ဝင်နေပြီး ၎င်းထံမှ ထွက်ပေါ်နေသော မရေမတွက်နိုင်သော လက်တံများသည် တောက်ပနေသော အစိမ်းရောင်မီးစုန်းအလင်းတန်းများနှင့်အတူ အလင်းရောင်အောက်တွင် ရူးသွပ်စွာကခုန်နေကြသည်။
ရှာတွေ့ပြီ။