ညကျရောက်ခြင်း (၁)
Vol. 69 Ch. 1112
ဘုန်း။
Dragon Girl ၏ တွန်းကန်အားပေးစနစ်က ချက်ချင်းဆိုသလို အရှိန်ပြင်းစွာ ပွင့်ထွက်သွားပြီး ပြင်းထန်လှသော တွန်းကန်အားကြောင့် သူမ ရှိနေခဲ့သောနေရာတွင် ပုံရိပ်ယောင်တစ်ခုသာ ကျန်ရစ်ခဲ့သည်။ VK လျှပ်စစ်ဓားသွားက လေထုကို ခွဲဖြတ်ရင်း စူးရှသောမြည်ဟီးသံနှင့်အတူ အပြာနုရောင်အလင်းတန်းနှစ်ခု ကြက်ခြေခတ်ယှက်သန်းကာ ပျောက်ကွယ်သွားသည်။ ထိုသတ္တဝါမှာ အော်ဟစ်ညည်းတွားခွင့်ပင်မရလိုက်ဘဲ တိကျသေချာစွာ ဖြတ်တောက်ခံလိုက်ရသော ခန္ဓာကိုယ်မှ ပျစ်ခဲလှသော ညိုမည်းရောင်အရည်များ ကြမ်းတမ်းစွာပန်းထွက်လာကာ ရုပ်ဆိုးဆိုးဦးခေါင်းကြီးမှာ ကြမ်းပြင်ပေါ်သို့ လိမ့်ဆင်းသွားပြီး မျက်နှာပြင်ပေါင်းစုံပါဝင်သော မျက်လုံးများကလည်း လျင်မြန်စွာ အရောင်မှိန်သွားတော့သည်။
ဤမြင်ကွင်းကို ကြည့်ပြီး လင်းရှန် ချက်ချင်း သက်ပြင်းချနိုင်သွားသည်၊၊
“သတ်လို့ရသားပဲ။ ကြည့်ရတာ ငါ အတွေးလွန်သွားနေတာပဲ...”
သို့သော်လည်း Dragon Girl ၏ လျှပ်စစ်ဓားပေါ်မှ သွေးများပင် အောက်သို့ မကျသေးမီ မှောင်မည်းနေသော အမိုးမျက်နှာကြက်ပေါ်မှ ပို၍လျင်မြန်သော အရိပ်တစ်ခုက တိတ်တဆိတ်ဆင်းသက်လာသည်။ နောက်ထပ်တစ်ကောင်ဖြစ်ပြီး အမှောင်စွမ်းအင်စကင်နာကလည်း ၎င်းကို ထောက်လှမ်းမိခြင်းမရှိချေ။ လျှပ်တစ်ပြက်အတွင်းမှာပင် အဆိပ်ရှိမြွေရှင်များကဲ့သို့ တောက်ပနေသော အသားမျှင်တန်းပေါင်းများစွာက ခုတ်ချက်ကို မရုတ်သိမ်းရသေးသော Dragon Girl ၏ ညာဘက်လက်မောင်းအဆစ်ကို တိကျစွာ ရစ်ပတ်လိုက်ကြသည်။ ပြင်းထန်သော စွမ်းအင်နှောင့်ယှက်မှုလှိုင်းက ထိုအသားမျှင်တန်းများမှတစ်ဆင့် ထိုးတက်သွားပြီး စူးရှသောလျှပ်စီးပတ်လမ်းတိုဖြစ်ပွားစေခဲ့သည်။ တံတောင်ဆစ်ရှိ ဟိုက်ဒရောလစ်ပိုက်က ဆီမြူများအသွင်ပေါက်ထွက်သွားပြီး လျှပ်စစ်မီးပွားများက ရူးသွပ်စွာကခုန်ကာ လက်မောင်းတစ်ခုလုံး ချက်ချင်းပျော့ခွေသွားပြီး VK လျှပ်စစ်ဓား၏ အလင်းရောင်လည်း လုံးဝမှိန်ကျသွားတော့သည်။
“ချိတ်ဆက်မှုဖြတ်တောက်။ လက်မောင်းကို ဖြတ်ချလိုက်” ရုတ်တရက် အပြောင်းအလဲကြောင့် လင်းရှန် အနည်းငယ်အံ့အားသင့်သွားသော်လည်း ပြတ်သားစွာပင် တုံ့ပြန်လိုက်သည်။
ထိုသတ္တဝါက ရုပ်ပိုင်းဆိုင်ရာအဆင့်တွင် တိုက်စားဖျက်ဆီးခြင်းထက် ပိုမိုကြောက်မက်ဖွယ်ကောင်းသော ပေါင်းစပ်စွမ်းအင်များကို ဝါးမြိုဖျက်ဆီးပစ်နိုင်သည့် စွမ်းရည်ရှိပုံရသည်။
လင်းရှန်၏ အမိန့်ကို ရရှိသည်နှင့်တပြိုင်နက် Dragon Girl က တုံ့ဆိုင်းမနေပဲ သူမ၏ ဘယ်ဘက်လက်မောင်းရှိ VKလျှပ်စစ်ဓားကို ပြောင်းပြန်လှည့်ကာ သူမ၏ ညာဘက်ပခုံးအဆစ်ကို အေးစက်သောအပြာရောင်အလင်းဖြင့် တိကျစွာဝှေ့ယမ်းဖြတ်တောက်လိုက်သည်။ ရွှစ်… မီးပွားများနှင့် ပြတ်တောက်သွားသော ကေဘယ်ကြိုးများလွင့်စင်သွားပြီး လေးလံသော သတ္တုညာဘက်လက်မောင်းမှာ ၎င်းကို ရစ်ပတ်ထားသော တောက်ပသည့် အသားမျှင်တန်းများနှင့်အတူ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သည်။
လက်မောင်းကြမ်းပြင်ပေါ်သို့ ကျရောက်သွားသည့် တစ်ချိန်တည်းနီးပါးတွင် Dragon Girl ၏ ကျန်ရှိသော ဘယ်ဘက်လက်မောင်းက လျှပ်စီးကဲ့သို့ မြှင့်တက်လာပြီး လက်ဖဝါးချပ်ဝတ်က ဘေးသို့ လျှောပွင့်သွားကာ အတွင်းပိုင်းမှ လျင်မြန်စွာ အားဖြည့်ပြီးသည်နှင့် နေမင်းကဲ့သို့ စူးရှတောက်ပသော အလင်းတန်းများကို ထုတ်လွှတ်လိုက်သည်။ နောက်တစ်စက္ကန့်တွင် ငွေရောင်ပလာစမာအလင်းတန်း ၃ခုက ပြင်းထန်စွာ ပန်းထွက်သွားပြီး ထိုသတ္တဝါကို နံရံတွင် တိကျစွာ ထိုးဖောက်ကပ်ထားလိုက်သည်။ ပေါက်ကွဲမှုမရှိခဲ့ဘဲ စူးရှသော အလင်းဖြူကြီးနှင့် သွားကျိန်းဖွယ်ရာ အငွေ့ပျံသွားသည့် တရှဲရှဲမြည်သံသာထွက်ပေါ်လာပြီး ထိုသတ္တဝါမှာ သန့်စင်သောစွမ်းအင်စီးကြောင်းထဲတွင် တိတ်တဆိတ်လောင်ကျွမ်းပြာကျသွားကာ ကြမ်းပြင်ပေါ်၌ မီးကျွမ်းနေသောအမှတ်အသားနှင့် အိုဇုန်းဓာတ်ငွေ့၏ စူးရှရှအနံ့သာကျန်ရစ်တော့သည်။
ဤအချိန်တွင် လင်းရှန်သည် ကြိုတင်ပြင်ဆင်ထားသော ဒရုန်းဆယ်စီးထက်မနည်းကို ချက်ချင်းပင် လွှတ်တင်လိုက်ပြီး ဂိုဒေါင်ဧရိယာတစ်ခုလုံးကို မီးထွန်းကာ လျင်မြန်စွာ စကင်ဖတ်လိုက်သည်။ အခြားဘာသက်ရှိပုံစံမျှမရှိတော့ကြောင်း အတည်ပြုပြီးနောက်တွင်မှ သူ အမှန်တကယ်ပင် သက်ပြင်းချနိုင်သွားတော့သည်။
ခိုလှုံခန်းထဲတွင် လင်းရှန်သည် ဟိုလိုဂရမ်မြင်ကွင်းမှတစ်ဆင့် Dragon Girl ၏ ရှေ့မှ ကြမ်းပြင်ပေါ်တွင် ပြတ်တောက်သွားသော လက်မောင်းမှ အေးစက်လှသည့် သတ္တုအပျက်အစီးများသာရှိတော့သည်ကို ကြည့်ရင်း နဖူးမှ ချွေးစေးများစီးကျလာသည်။
သီသီလေးပဲ၊၊
ကံကောင်းထောက်မစွာဖြင့် လင်းရှန်တွင် စမ်းသပ်ရန် စက်ရုပ်ရှိနေ၍သာ တော်တော့သည်။ လက်မောင်းတစ်ခုကို ပြုပြင်ရသည်မှာ ရိုးရှင်းသောအလုပ်ဖြစ်သည်။ ဤသတ္တဝါက ထူးထူးခြားခြားအစွမ်းထက်လှသည်မဟုတ်ဘဲ Dragon Girlက ချက်ချင်းဖြေရှင်းနိုင်သော်လည်း ထိုအသားမျှင်တန်း၏ စွမ်းရည်က လင်းရှန်အတွက် အမှန်တကယ်ပင် အခက်တွေ့စေသည်။ တစ်ကြိမ်မျှဖမ်းဆီးခံရရုံဖြင့် ကြယ်တာရာအဆင့်အကာအကွယ်ဝတ်စုံပင် တောင့်ခံနိုင်မည်မဟုတ်ချေ။ ထိုသို့ဆိုလျှင် ပျက်စီးခြင်းသို့ ဆိုက်ရောက်သွားပေမည်၊၊
လင်းရှန်လည်း ရှုပ်ထွေးသော ခံစားချက်များဖြင့် စဉ်းစားနေရင်း ဒရုန်းများနှင့် Dragon Girl ကို ဂိုဒေါင်တစ်ခုလုံးအား အသေးစိတ်ရှာဖွေခိုင်းလိုက်သည်။ ထိုအချိန်တွင် သူသည် ဖန်သားပြင်ပေါ်၌ ထူးဆန်းသောအရာတစ်ခုကို သတိပြုမိသွားသည်။
ကုန်လှောင်ခန်းအပိုင်းတွင် စွမ်းအင်အနည်းငယ်သာ သုံးစွဲသည့် အရေးပေါ်စွမ်းအင်စနစ်က စွမ်းအင်ဖြန့်ဝေနေဆဲဖြစ်သည်။
မှတ်တမ်းရုပ်သံများတွင် ဒရုန်းများသည် ပွင့်နေသော လုပ်ဆောင်ချက်ပိုက်လိုင်းတစ်ခုကို တွေ့ရှိခဲ့ပြီး ၎င်းက အခြားအခန်းငယ်တစ်ခုရှိ စွမ်းအင်မြင့်ကာပါစီတာစနစ်ငယ်တစ်ခုနှင့် တိုက်ရိုက်ချိတ်ဆက်ထားကာ ထိုထူးဆန်းသော သတ္တဝါနှစ်ကောင်မှာ ၎င်းကို ဝါးမြိုနေခဲ့ကြခြင်း ဖြစ်ပုံရသည်။ ထို့ပြင် ဤနေရာသည် လျှပ်စစ်ပြတ်တောက်နေသည်မှာ နာရီအနည်းငယ်မျှရှိပြီဖြစ်ကြောင်းလည်း ပေါ်လွင်နေသည်။
“စွမ်းအင်ကို ဝါးမြိုတာလား... လူသားတွေရဲ့ လျှပ်စစ်နဲ့ အမှောင်စွမ်းအင်က ဖလှယ်လို့ရနေတာလား”
ရှီး၊၊
ဤအချိန်တွင် Dragon Girl စက်ရုပ်က ကုန်လှောင်ခန်းတံခါးကို လှမ်း၍ ဖွင့်လိုက်သည်။ တံခါးပွင့်သွားသည်နှင့်တစ်ပြိုင်နက် မှတ်တမ်းရုပ်သံထဲတွင် သွေးနီရောင်မြူများနှင့် ရောယှက်နေသော အေးစက်လှသည့် အငွေ့ဖြူများ မှုတ်ထုတ်လာသဖြင့် လင်းရှန်ကို လှုပ်ရှားရန် တွန်းအားပေးလိုက်သကဲ့သို့ဖြစ်သွားပြီး ဒရုန်းအားလုံးကို အတွင်းသို့ ချက်ချင်း စေလွှတ်လိုက်သည်။ ယခုတစ်ကြိမ်တွင်မူ အတွင်းရှိ ရိက္ခာအများစုမှာ ယခင်ကကဲ့သို့ပင် စတင်ပုပ်သိုးဆွေးမြည့်နေပြီ ဖြစ်သော်လည်း ဆွေးမြည့်နှုန်းမှာ ယခင်က မြင်တွေ့ခဲ့ရသည်များနှင့်မတူဘဲ အချို့မှာ အတော်အတန်လတ်ဆတ်နေဆဲဖြစ်ပြီး စားလို့ရဦးမည့်ပုံ ပေါ်နေသည်ကို သူ လျင်မြန်စွာ တွေ့ရှိလိုက်ရသည်။
သို့သော်လည်း စည်သွပ်ဗူးများနှင့် ပျက်စီးခြင်းမရှိသေးသော ရေသန့်ဘူများသာ ပုပ်သိုးခြင်းမှ ကင်းဝေးနေခဲ့သည်။ အခြားရေခဲသေတ္တာများထဲရှိ လတ်ဆတ်သော သို့မဟုတ် သာမန်အစားအစာများမှာမူ လုံးဝမှိုတက်နေပြီ ဖြစ်သည်။ ထိုသို့ မှိုတက်ခြင်းမှာ အအေးခန်းစနစ်နှင့် မသက်ဆိုင်ပေ၊၊ ရေခဲသေတ္တာ၏ အပူချိန်မှာ အလွန်မြင့်တက်မသွားကြောင်း ဒရုန်းများက ထောက်လှမ်းမိသဖြင့် လျှပ်စစ်မီးပြတ်တောက်သွားသည်မှာ မကြာသေးကြောင်း ညွှန်ပြနေသည်။ သို့သော်လည်း ထိုမျှ တိုတောင်းသော အချိန်အတွင်းမှာပင် အစားအစာများမှိုတက်သွားခြင်းမှာ အစောပိုင်းက သွေးနီရောင်မြူများနှင့် ဆက်စပ်နေမည်မှာ သေချာသည်။
ရုတ်တရက် လင်းရှန်လည်း ပြဿနာကို သဘောပေါက်သွားသည်။ ဤကုန်လှောင်ခန်းအပိုင်းတွင် အစားအစာများကို သွေးနီရောင်ကူးစက်မှုဒဏ်မှ ကာကွယ်ပြီး ပုပ်သိုးခြင်းမရှိအောင် သီးခြားထိန်းသိမ်းထားနိုင်သော နည်းပညာတစ်ခုရှိနေနိုင်ပြီး လျှပ်စစ်ပြတ်တောက်သွားသည့်အခါ ထိုစနစ်ပျက်စီးသွားကာ သွေးနီရောင်မြူများဝင်ရောက်လာခြင်း ဖြစ်နိုင်သည်။
“သေချာပေါက် ဒါပဲဖြစ်ရမယ်”
လင်းရှန် ချက်ချင်းမတ်တတ်ရပ်လိုက်မိပြီး နှလုံးခုန်သံများကလည်း ထိန်းချုပ်မရအောင်မြန်ဆန်လာသည်။ အကယ်၍ သူ၏ အတွေးသာ မှန်ကန်ပါက ဖီးနစ်တွင် အစားအစာများကို ထိန်းသိမ်းပြီး သွေးနီရောင်ကူးစက်မှုများကြား၌ ဆက်လက်ရှင်သန်နိုင်မည့် နည်းလမ်းတစ်ခုရှိနှင့်ပြီးသားဖြစ်ကြောင်း သက်သေပြနေပြီး ဖီးနစ်မှာ ယခုထက်ထိ တည်ရှိနေသေးနိုင်ကြောင်း ညွှန်ပြနေသည်။
“လူသားတွေ မျိုးတုန်းမသွားသေးဘူးပဲ”
လင်းရှန်၏ အသံက အနည်းငယ်တုန်ရင်နေပြီး သူသည် စွမ်းအားဝတ်စုံကို ဝတ်ဆင်ကာ ကုန်လှောင်ခန်းအပိုင်းဆီသို့ ဦးတည်လိုက်သည်။ ရိက္ခာများကို ပြန်လည်သယ်ယူနေစဉ်အတွင်း ထိုရိက္ခာများပါရှိသော သိုလှောင်သည့်ကိရိယာ သို့မဟုတ် စက်ပစ္စည်းကို ရှာဖွေရန်၊ စကင်ဖတ်ခြင်း ပြီးမြောက်အောင်လုပ်ဆောင်ပြီး ထုတ်လုပ်ရန် သူ ရည်ရွယ်ထားသည်။ သို့မဟုတ်ပါက ဤရိက္ခာများကို ယနေ့ညတွင် ထိန်းသိမ်းထားနိုင်မည်မဟုတ်ပေ၊၊
လင်းရှန် အချိန်မဆွဲဘဲ လျင်မြန်စွာလှုပ်ရှားရင်း ထိုအခန်းငယ်ဆီသို့ ချက်ချင်းရောက်ရှိသွားသည်။ သူသည် လိုအပ်သောရိက္ခာများကို သယ်ဆောင်ရန်အတွက် သယ်ယူပို့ဆောင်ရေးဒရုန်း ဆယ်ဂဏန်းခန့်ကို ချက်ချင်းစေလွှတ်လိုက်သည်။ ထို့နောက် လင်းရှန်သည် အခန်းငယ်တစ်ခုလုံးကို ယန္တရားစကင်ဖတ်ခြင်း စတင်လိုက်တော့သည်။
လင်းရှန်သည် မိမိ၏ အတွေ့အကြုံကို အခြေခံ၍ ကုန်လှောင်ခန်းတစ်ခုလုံး၏ ယန္တရားတည်ဆောက်ပုံအတွင်း၌ ပိုက်လိုင်းအမြောက်အမြားသွယ်တန်းထားသော သီးခြားကိရိယာတစ်ခုကို လျင်မြန်စွာ ရှာဖွေတွေ့ရှိခဲ့သည်။ ဤကိရိယာမှာ သိုလှောင်ခန်းအတွက် သီးသန့်ရည်ရွယ်၍ နောက်မှမွမ်းမံပြင်ဆင်ထားခြင်း ဖြစ်သည်မှာ ထင်ရှားလှသည်။ အရေးကြီးဆုံးအချက်မှာ လင်းရှန်သည် ထိုကိရိယာပေါ်တွင် သွေးပဲစေ့ကို တွေ့ရှိခဲ့ခြင်းပင် ဖြစ်သည်။
“ထင်တဲ့အတိုင်းပဲ။ ဒါက အမှောင်စွမ်းအင်ဂျင်နရေတာတစ်ခုနဲ့ တူနေတာပဲ။ ဘယ်လိုလှိုင်းနှုန်းမျိုးလဲ။ သီးခြားခွဲထုတ်ပစ်တာလား”
လင်းရှန်သည် ယန္တရားပုံစံစနစ်ကို စကင်ဖတ်နေစဉ်အတွင်း နောက်ပိုင်းတွင် ပြန်လည်ထုတ်လုပ်နိုင်ရန်အတွက် ပစ္စည်းသိုလှောင်ခန်းထဲရှိ ပစ္စည်းများကို စွမ်းအင်အသွင်ပြောင်းလဲရန် ဝါးမြိုပိတ်သိမ်းလိုက်သည်။ တစ်ချိန်တည်းမှာပင် သူသည် ထိုကိရိယာ၏ ဒီဇိုင်းကို ကြည့်ပြီး အံ့အားသင့်နေမိသည်။ ၎င်းမှာ အမှောင်စွမ်းအင်ပေါင်းစည်းကိရိယာ၏ အဆင့်မြှင့်တင်ထားသော ဗားရှင်းတစ်ခုနှင့် တူနေသည်။ အခြေခံသဘောတရားကို အပြည့်အဝမသိရသေးသော်လည်း တည်ဆောက်ပုံအပေါ် သူ၏ နားလည်မှုအရ ဤအရာသည် အမှောင်စွမ်းအင်အသွင်ပြောင်းမှုကို အသုံးပြုထားသော လှိုင်းနှုန်းထုတ်စက်တစ်ခုဖြစ်ပြီး သွေးနီရောင်ကူးစက်မှုကို တစ်စုံတစ်ရာသော နည်းလမ်းဖြင့် သီးခြားခွဲထုတ်ထားပုံရကြောင်း သူ ချက်ချင်းသဘောပေါက်လိုက်သည်။
“ထူးဆန်းတယ်။ ဒီလိုကိရိယာမျိုးရှိနေတာကို ဘာလို့ ကြယ်သင်္ဘောတစ်စင်းလုံးမှာ အသုံးမပြုတာလဲ။ ရိက္ခာတွေ ထိန်းသိမ်းဖို့အတွက်ပဲ သုံးတာလား။ ဒါမှမဟုတ် ဒါက အရန်အစီအစဉ်တစ်ခုလား...”
“လောလောဆယ်တော့ ဒါကိုတွေးမနေတော့ဘူး”
ယခုအချိန်တွင် အများကြီးတွေးနေ၍လည်း အကျိုးမရှိချေ။ သူသည် ယန္တရားပုံစံစနစ် စကင်ဖတ်ခြင်းကို လျင်မြန်စွာအဆုံးသတ်လိုက်ပြီးနောက် လက်ရှိတွင် သူ့ထံ၌ သွေးပဲစေ့မရှိသေးသဖြင့် ချက်ချင်းအသုံးပြုရန် ရိုးရှင်းသော ဗားရှင်းတစ်ခုကို ခိုလှုံအခန်းတွင် ဖန်တီးရန်အတွက် ထိုကိရိယာမှ အဆင့် ၃ သွေးပဲစေ့တစ်ခုကို ယူဆောင်လိုက်သည်။ ယခုကဲ့သို့ အဆင်သင့်ရှိနေသည့် အခွင့်အရေးကို သူ လက်လွတ်မခံနိုင်ချေ။
“သွေးပဲစေ့တွေ အားလုံးက ဆရာချန်ဆီမှာ ရှိနေတယ်။ ဟူး... ဖီးနစ်ရဲ့ တုံ့ပြန်မှုအစီအစဉ်က တကယ့်ကို မြန်ဆန်လွန်းတယ်။ အားလုံးဘေးကင်းကြပါစေလို့ မျှော်လင့်ရတာပဲ”
ခိုလှုံခန်းသို့ ပြန်ရောက်သောအခါ လင်းရှန်သည် ထုတ်လုပ်မှုအစီအစဉ်အားလုံးကို ချက်ချင်း စတင်လိုက်ပြီး အလွန်တိုတောင်းသော အချိန်အတွင်းမှာပင် ကုန်တင်ကားအသေးစားတစ်စီးစာ အရွယ်အစားရှိသော သိုလှောင်မှုယူနစ်တစ်ခုကို ဖန်တီးလိုက်သည်။ ဒရုန်းများ သယ်လာခဲ့သော ရိက္ခာအားလုံးကိုလည်း ၎င်းထဲသို့ ထည့်သွင်းလိုက်သည်။ အဆင့် ၃ သွေးပဲစေ့နှင့် စွမ်းအင်ကာပါစီတာကို အသက်သွင်းလိုက်သည့်အခါ အတွင်းရှိ သွေးနီရောင်အငွေ့များမှာ မယုံနိုင်စရာကောင်းလောက်အောင် မြန်ဆန်သောအရှိန်ဖြင့် ပျောက်ကွယ်သွားသည်ကို သူ တွေ့လိုက်ရသည်။
“ချက်ချင်းကို ထိရောက်တာပဲ...”
အရာအားလုံး ပြီးစီးသွားသောအခါ လင်းရှန်သည် ရှေ့ရှိ သိုလှောင်မှုယူနစ်ကို ကြည့်ရင်း ချွေးဒီးဒီးကျလျက် ကုလားထိုင်ပေါ်သို့ အရုပ်ကြိုးပြတ်ထိုင်ချမိသွားသည်။ သူသည် တစ်စက္ကန့်မျှပင် အချိန်မဖြုန်းချင်ခဲ့ချေ။ ရရှိထားသော အစားအစာနှင့် ရေများပျက်စီးသွားပါက ယနေ့ညတွင် ကပ်ဘေးနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။
အမောဖြေပြီးနောက် လင်းရှန် မတ်တတ်ရပ်ကာ သူ၏ သိုလှောင်မှုယူနစ်အငယ်စားထဲသို့ ဝင်ရောက်၍ အခြေအနေကို စစ်ဆေးရန် စည်သွပ်ဗူးနှစ်ဗူးကို ဖွင့်လိုက်သည်။ သူ အတွင်းသို့ လှမ်းဝင်လိုက်သည်နှင့် တစ်ပြိုင်နက် မြင်ကွင်းတစ်ခုလုံး ရုတ်တရက် မှောင်အတိကျသွားတော့သည်။