အဆက်အသွယ်လုံးဝပြတ်တောက်ခြင်း (၁)
Vol. 69 Ch. 1114
ထိုသို့ တွေးမိသည်နှင့် လင်းရှန်သည် ခိုလှုံအခန်း၏ မီးများကို တိုက်ရိုက်ပိတ်ပစ်လိုက်ပြီး အခန်းထဲတွင် အလင်းအေးမီးအိမ်တစ်လုံးကိုသာ ထားရှိကာ အချိန်ကို စစ်ဆေးပြီး အတွေးများကို စီစစ်ရန်အတွက် ထောင့်တစ်နေရာတွင် ထိုင်ချလိုက်တော့သည်။
အချိန်က လျင်မြန်စွာ ကုန်လွန်၍ နောက်နေ့ နံနက် ၁၀ နာရီခန့်သို့ ရောက်ရှိလာသောအခါ သွေးနီရောင်ညမှာ မည်သည့်သတိပေးချက်မျှမရှိဘဲ မှောင်မှိုင်းမှုများလျော့နည်းသွားပြီး မိုးလင်းမည့်အချိန်ကို ရေတွက်နိုင်သည့်အခြေအနေသို့ ရောက်ရှိလာသည်။
လင်းရှန်သည် တစ်ညလုံးမအိပ်ဘဲ ဖြတ်သန်းခဲ့ရပြီး သွေးနီရောင်အတွင်းရှိ နေ့နှင့်ညမှာ သိသိသာသာခြားနားမှုမရှိသကဲ့သို့ ထင်ရသော်လည်း ကွာခြားချက်အချို့တော့ ရှိနေရမည်ဟု ဆင်ခြင်မိသည်။ သို့မဟုတ်ပါက မနေ့ညက ထိုမျှလောက်များပြားသော သတ္တဝါများနှင့် ရင်ဆိုင်ရမည်မဟုတ်ချေ။
တစ်ညလုံး သူသည် ယန္တရားဝါးမြိုခြင်းကို လုပ်ဆောင်ရန် အခွင့်အရေးမရရှိခဲ့ဘဲ ရှိရင်းစွဲပစ္စည်းများကို အသုံးပြု၍ သူ၏ စွမ်းအားဝတ်စုံတွင် အမှောင်စွမ်းအင်လှိုင်းနှုန်းကိရိယာတစ်ခုကိုသာ တပ်ဆင်နိုင်ခဲ့သည်။ သို့သော်လည်း သွေးပဲစေ့မရှိသဖြင့် ၎င်းက အလုပ်မလုပ်သေးချေ။ ရှိသမျှ သွေးပဲစေ့တစ်ခုတည်းကမူ ရိက္ခာများကို ထိန်းသိမ်းရန်အတွက် အသုံးပြုထားရသည်။
ဝူး ဝူး ဝူး။
မိုက်ခရိုဒရုန်း အမြောက်အမြားပျံသန်းထွက်ခွာသွားကြသည်။ လင်းရှန်သည် တံခါးကို အပေါက်ငယ်လေးတစ်ခုရုံသာ ဖွင့်လှစ်ပြီး ဒရုန်းများကို ပြင်ပသို့ ထပ်မံစေလွှတ်လိုက်သည်။ ယခုတစ်ကြိမ်တွင်မူ သူသည် အဓိကကြယ်သင်္ဘော၏ ကွပ်ကဲခန်းနှင့် တိုက်ရိုက်ချိတ်ဆက်ပြီး အချက်အလက်အချို့ကို ရယူရန်ရည်ရွယ်ထားသည်။
လင်းရှန် ခန့်မှန်းထားသည့်အတိုင်းပင် မိုးလင်းပြီးနောက်တွင် အစီအစဉ်က ပိုမိုချောမွေ့လာခဲ့သည်။ မကြာမီမှာပင် အချက်အလက်ရှာဖွေရေးဒရုန်းအချို့က အပြာရောင်အလင်းများလင်းလက်ရင်း ပျက်စီးနေသော အဓိကကွပ်ကဲခန်းထဲသို့ တိုးဝင်သွားကြသည်။ အတွင်းပိုင်းဖန်သားပြင်ရှေ့တွင် ကပ္ပတိန်ထိုင်ခုံတွင် သတ္တုလုံခြုံရေးခါးပတ် ပတ်ထားလျက်ရှိသော စစ်ဝတ်စုံဝတ် အမျိုးသမီးတစ်ဦး၏ အလောင်းအပါဝင် ခြောက်သွေ့နေသောအလောင်းများစွာရှိနေပြီး ကွပ်ကဲခန်းရှိ အခြားသူအများစုမှာလည်း တိုက်ပွဲဝင်အနေအထားအတိုင်း ပျက်စီးသွားကြခြင်း ဖြစ်သည်။
“တိုက်ပွဲက ရုတ်တရက်ဖြစ်ပွားခဲ့တာပဲ။ ဒီလောက်ကြီးမားတဲ့ ကြယ်သင်္ဘောကြီးက အလစ်တိုက်ခိုက်ခံလိုက်ရတာလား”
သူ သိလိုစိတ်ပြင်းပြစွာဖြင့် ဒရုန်းများကို စနစ်အတွင်းသို့ ဝင်ရောက်ခိုင်းပြီး အချက်အလက်များကို ရယူရန် စီစစ်လိုက်သည်။ မကြာမီမှာပင် ဆက်သွယ်ရေးမှတ်တမ်းအချက်အလက်အမြောက်အမြားကို ရရှိပြီး လင်းရှန်ထံသို့ လှမ်း၍ ပေးပို့လာခဲ့သည်။
[တာဝန်အကျဉ်းချုပ် မှတ်တမ်း] –
တာဝန်ကုဒ်အမည် - Ark Shield
စစ်ရေယာဉ်စု - ဖီးနစ်မြို့တော် စတားဖလိ့တတိယတိုက်ကြီးများအကြားအဖွဲ့၊ ချန်းယင် (အလံတင်သင်္ဘော)၊ ငှက်နက်သင်္ဘောနှင့် အစောင့်ကြပ်ယာဥ်တန်း၊၊
တာဝန်ရည်ရွယ်ချက် - နောဧပင်လယ်ရွေ့လျားမြို့တော်ကို စောင့်ရှောက်ရန်၊ ရီပက်ဘလစ်ကန်ကျွန်းစုရေပြင်မှ ထွက်ခွာ၍ ကော့စတာရီကာ ဟက်ကိုကမ်းခြေရှိ သတ်မှတ်ထားသော ကမ်းရိုးတန်းဆီသို့ သွားရောက်ရန်… ခံစစ်လိုင်းတည်ဆောက်ရန်နှင့် မြောက်အမေရိက ဂွါတီမာလာမှ နေဧဘေးကင်းရေးဇုန်အတွင်းသို့ ရွေ့ပြောင်းလာသော အရုဏ်ဦးဗဟိုစင်တာမှ အသက်ရှင်ကျန်ရစ်သူယာဉ်တန်းကို ကူညီကယ်ဆယ်ရန်။
နောက်ဆုံး မှတ်တမ်းတင်ချိန် - ၂၀၆၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်၊ ၁၇ နာရီ ၂၈ မိနစ်။
“လွန်ခဲ့တဲ့ ၅၄ ရက်ကလား”
လင်းရှန်၏ ယူဆချက်နှင့် ထပ်တူနီးပါးကျရောက်နေပြီး ဤစစ်ယာဉ်စုသည် နောဧမြို့တော်နှင့်အတူ ဆင်းသက်လာခဲ့ခြင်းဖြစ်ရမည်။
လင်းရှန်သည် တိုက်ပွဲမှတ်တမ်းကို ဆက်လက်ဖွင့်လှစ်လိုက်ရာ ကပ္ပတိန်၏ လိုင်းမှတစ်ဆင့် အသံဖိုင်တစ်ခု ချက်ချင်းထွက်ပေါ်လာတော့သည်။
“ချန်းယင်။ ချန်းယင်။ ဆိုနာစနစ်ပုံမှန်မဟုတ်တာကို တွေ့ရတယ်။ ပင်လယ်ရေအောက် ဘူမိလှုပ်ရှားမှုအညွှန်းကိန်း အဆမတန်မြင့်တက်နေတယ်။ ထပ်ပြောမယ်၊ ပင်လယ်ရေအောက် ဘူမိလှုပ်ရှားမှုအညွှန်းကိန်း အဆမတန် မြင့်တက်နေတယ်။ တစ်ခုခုရေပြင်ပေါ်ကို တက်လာနေပြီ…. အဲဒါကအကြီးကြီးပဲ”
“စစ်ယာဉ်စုအားလုံး အဆင့် ၁ တိုက်ပွဲဝင်အနေအထားပြင်… တည်ငြိမ်လျှပ်စစ်ကွင်းကို အမြင့်ဆုံးစွမ်းအားမြှင့်ထား… ရေငုပ်သင်္ဘောဖျက်လက်နက်တွေကို ကြိုနှိုးထား… ငှက်နက်... မင်းက သယ်ယူပို့ဆောင်ရေးအဖွဲ့အားလုံးကို ကွပ်ကဲပြီး တောင်ဘက်ကို ဆုတ်ခွာနေတဲ့ လူထုကို အကာအကွယ်ပေး… ဖီးနစ်မြို့တော်က မြောက်ပိုင်းကော့ကီလီကို ရောက်ဖို့ ၃ နာရီနဲ့ ၁၂ မိနစ် ကြာလိမ့်မယ်”
ထို့နောက်တွင်မူ သတ္တုများတွန့်လိမ်ပျက်စီးသွားသည့် စူးရှသောအသံများနှင့် ကြိမ်နှုန်းနိမ့် မြည်ဟီးသံများထွက်ပေါ်လာသည်။
“ဘုရားရေ... အဲဒါ ဘာကြီးလဲ။ ပင်လယ်ရေအောက်... ပင်လယ်ရေအောက်ကြမ်းပြင်က မြင့်တက်လာနေတာ။ အဲဒါက တောင်မဟုတ်ဘူး။ အဲဒါ ဘာကောင်ကြီးလဲ”
“သေစမ်း... အမှတ် ၁၃ တွင်းနက် မြေငလျင်ငါးခူကြီးပဲ။ မကျွတ်လွတ်တဲ့ သရဲသစ္ဆေလိုကောင်က ငါတို့နောက်ကို ဒီအထိလိုက်လာတာလား”
“ကပ္ပတိန်... မြောက်ဘက် အရှေ့ယွန်းယွန်း ၁၉၀ ကီလိုမီတာခန့်မှာ အလွန်မြင့်မားတဲ့ အမှောင်စွမ်းအင် လှုပ်ခတ်မှုကို ထောက်လှမ်းမိတယ်။ အချက်အလက်တွေအရ S-Class အဆင့် သွေးနီရောင်မွန်းစတားလို့ ခန့်မှန်းပါတယ်”
ဝုန်း——————
မှတ်တမ်းတင်ထားသော ရုပ်သံဖိုင်မှတစ်ဆင့်ဖြစ်သော်လည်း ထိုကမ္ဘာမြေကြီးတစ်ခုလုံး တုန်ဟီးသွားစေသည့် ဆူညံသံကြီးနှင့်အတူ ပြင်းထန်လှသောဖျက်ဆီးမှုတုန်ခါမှုကို သိသိသာသာခံစားလိုက်ရသည်။
ထို့နောက်တွင်မူ ဆက်သွယ်ရေးလိုင်းမှာ ချက်ချင်းပြတ်တောက်သွားပြီး စူးရှသော လိုင်းမအားသည့်အချက်ပေးသံသာ ကျန်ရစ်တော့သည်။
လင်းရှန်၏ မျက်နှာမည်းမှောင်သွားကာ အခြားအချက်အလက်များကို ဆက်လက်ဖွင့်လှစ်ကြည့်ရှုရာမှ သွေးနီရောင်ဇုန်ကို ဖြတ်သန်းပျံသန်းလာသော ညလမ်းလျှောက်သူစာပို့ယူနစ်မှ ပေးပို့ခဲ့သည့် Fire Book ထောက်လှမ်းရေးသတင်းတစ်ခုကို လျင်မြန်စွာ ရှာဖွေတွေ့ရှိလိုက်သည်။ ထိုသတင်းအချက်အလက်ကို မြင်လိုက်ရသည်နှင့်တစ်ပြိုင်နက် လင်းရှန်၏ မျက်နှာအမူအရာချက်ချင်းပြောင်းလဲသွားတော့သည်။
ထိုသတင်းထဲတွင် မြောက်အမေရိကရှိ အရုဏ်ဦးဗဟိုစင်တာရွှေ့ပြောင်းရေးလုပ်ငန်းစဉ်သည် ကြီးမားသောအကျပ်အတည်းနှင့် ရင်ဆိုင်ခဲ့ရကြောင်း ဖော်ပြထားသည်။ ဒီဇင်ဘာလ ၉ ရက် ညဉ့်နက်ပိုင်းတွင် မြောက်အမေရိက အမှတ် ၁၂ တွင်းနက်နှင့် အမှတ် ၉ တွင်းနက်တို့၏ သွေးနီရောင်ပျံ့နှံ့မှုနှုန်းမှာ အမှောင်ထုအတွင်း ရုတ်တရက် အရှိန်မြင့်တက်လာခဲ့သည်။ ထို့ကြောင့် မြောက်အမေရိက ကော်လိုရာဒိုချောက်ကမ်းပါးကြီးဧရိယာရှိ အရုဏ်ဦးဗဟိုစင်တာသည် နံပါတ် ၀၅ ရှိသော ကမ္ဘာ့အဆင့်ကပ်ဘေး ရုန်းရင်းဆန်ခတ်မှုနှင့် ကြုံတွေ့ခဲ့ရပြီး လူပေါင်း ၁ သန်းကျော် သေဆုံးကာ ကုန်းကြောင်းဂြိုလ်ပတ်လမ်းအဖွဲ့၏ ရထားယာဉ်တန်း ၂၁၉ စင်းလုံး ပျက်စီးဆုံးရှုံးခဲ့ရသည်။
အသက်ရှင်ကျန်ရစ်သူယာဉ်တန်းများအပြင် ဤယာဉ်တန်းများထဲတွင် ဖီးနစ်၏ အမှတ် ၁၃ နှင့် ၂၂ သံမဏိအစောင့်တပ်ရင်း၊ တိုက်ကြီးချိတ်ဆက်တပ်ရင်း ၂ ၏ အထူးတပ်ဖွဲ့ ၆ ဖွဲ့၊ လေကြောင်းစစ်ယာဉ်စု ၃ စုနှင့် ပတ်လမ်းမှတစ်ဆင့် သယ်ယူပို့ဆောင်လာသော စစ်ဘက်ဆိုင်ရာရိက္ခာများနှင့် လူသားရှင်သန်ရေးပစ္စည်းအမြောက်အမြားလည်း ပါဝင်နေခဲ့သည်။
ထို့ပြင် သူ၏ အနန္တမဟာမိတ်ယာဉ်တန်းသည်လည်း ငွေကြယ်၊ နဂါးတောင် အမှတ် ၁ စသည့် အခြားယာဉ်တန်းများနှင့်အတူ ထိုပျက်စီးမှုစာရင်းထဲတွင် ထိတ်လန့်ဖွယ်ပါဝင်နေခဲ့သည်။ ဂြိုလပ်ပတ်လမ်းယာဉ်တန်းအားလုံးရှိ စုစုပေါင်း လူဦးရေမှာ ၃ သန်းကျော်အထိ ရှိနေခဲ့ခြင်း ဖြစ်သည်။
ဝူး။
လင်းရှန်၏ ဟိုလိုဂရမ်မြင်ကွင်းတွင် မွန်းကျပ်ဖွယ် မြေပုံရှင်တစ်ခုပွင့်လာသည်။
သွေးနီရောင်ကပ်ဘေးကြီးမှာ ပွက်ပွက်ဆူနေသော ပြည်ပုပ်သွေးပုပ်များကဲ့သို့ အာရှ-ပစိဖိတ်တိုက်ကြီးတစ်ခုလုံးကို လုံးဝလွှမ်းမိုးထားပြီး ၎င်း၏ အစွန်းဘက်နယ်နိမိတ်မှာ သမုဒ္ဒရာပြာကြီးနှင့်အပြိုင် ငရဲလမ်းကြောင်းတစ်ခုကဲ့သို့ဖြစ်နေသည်။ မြောက်အမေရိကတိုက်ကြီး၏ အမှတ် ၁၂ နှင့် အမှတ် ၉ တွင်းနက်တို့၏ အက်ကွဲကြောင်းများမှလည်း သွေးနီရောင်များမှာ ပေါက်ထွက်လာသော ချော်ရည်များကဲ့သို့ မကြုံစဖူးအရှိန်အဟုန်ဖြင့် လျှံထွက်ပျံ့နှံ့ကာ ကျန်ရှိသောဧရိယာများကို ဝါးမြိုနေသည်။ ထိုအက်ကွဲကြောင်း တိုးချဲ့လာသော တွင်းနက်တည်နေရာမှ မြောက်အမေရိကအလယ်ပိုင်းရှိ ကော်လိုရာဒိုချောက်ကမ်းပါးဇုန်ကြီးဆီသို့ နီရဲတောက်ပနေသောမြားတစ်ချောင်းက တိုက်ရိုက်ဦးတည်ညွှန်ပြနေသည်။
တစ်ကမ္ဘာလုံးရှိ အမှတ် ၁၃ တွင်းနက်၏ ဝင်ရိုးစွန်းအမှောင်ထုနှင့် သွေးနီရောင်ဇုန်များသည် ကမ္ဘာ့မျက်နှာပြင်၏ ၇၀ ရာခိုင်နှုန်းခန့်ကို သိမ်းပိုက်ထားပြီး ဖြစ်သည်။
ဤအချက်အလက်မှာ လွန်ခဲ့သော ၅၄ ရက်က ဖြစ်သဖြင့် ယခင်တိုးပွားနှုန်းအချက်အလက်များအပေါ် အခြေခံ၍ တွက်ချက်ကြည့်ပါက ယခုအခါ ဧရိယာ၏ ၉၀ ရာခိုင်နှုန်းခန့်အထိ ဖုံးလွှမ်းသွားနိုင်ပြီး စူးစမ်းရှာဖွေခြင်းမပြုရသေးသော ပင်လယ်ပြင်အနည်းငယ်နှင့် တောင်အမေရိက၏ ဝင်ရိုးစွန်းဘက်သို့ ဦးတည်သော ဒေသအချို့သာ ဝါးမြိုခြင်းမခံရသေးဘဲ ကျန်ရှိနေနိုင်ကာ ၎င်းနောက်တွင်မူ လူသားတို့၏ နောက်ဆုံးခံစစ်လိုင်းဖြစ်သော ရေခဲပြင်ကြီးသာရှိတော့သည်။
လင်းရှန် ဤအချိန်တွင် ဆွံ့အသွားမိသည်။
“လာနောက်နေတာလား... ဂြိုလ်ပတ်လမ်းယာဉ်တန်းတစ်ခုလုံး အဆက်အသွယ် လုံးဝပြတ်တောက်သွားတယ် ဟုတ်လား”
သူသည် အနန္တရထားနှင့်သက်ဆိုင်သော အခြားအချက်အလက်များကို ချက်ချင်းပင် ရူးသွပ်စွာ လိုက်လံရှာဖွေတော့သည်။ အချိန်အတော်ကြာ ရှာဖွေပြီးနောက်တွင်မှ တစ်ခုတည်းသော သတင်းကို တွေ့ရှိရပြီး ထိုသတင်းစကားမှာ သူနှင့် ဆက်စပ်နေသည်။
[၂၀၆၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်။ အမိန့်- ဓားကိုင်ဆောင်သူ လင်းရှန်ကို စောင့်ရှောက်၍ ၂၀ ရက်နေ့တွင် မုန်တိုင်းကမ်းခြေသို့ ပို့ဆောင်ရမည်၊၊ ညလမ်းလျှောက်သူအဖွဲ့ချုပ်က လက်ခံရရယူမည်]
ဤအချက်အလက်ကို မြင်လိုက်ရသောအခါ လင်းရှန်၏ အမူအရာက ပိုမိုလေးနက်တည်ကြည်သွားသည်။
“ကော်လိုရာဒို ချောက်ကမ်းပါးကြီး၊ ကမ္ဘာ့အဆင့်ကပ်ဘေး... အရုဏ်ဦးဗဟိုစင်တာရော၊ နောဧဗဟိုချက်ပါ အပြင်းအထန်ပျက်စီးသွားတာလား”
သူ အေးစက်စွာ သက်ပြင်းချလိုက်မိပြီးနောက် ဆက်၍ငြိမ်မနေနိုင်တော့ချေ။ လင်းရှန်၏ အစီအစဉ်အရ ဂြိုလ်ပတ်လမ်းယာဉ်တန်းသည် လက်နက်အမြောက်အမြားတပ်ဆင်ထားပြီး သွေးနီရောင်ကို ခုခံရန် သဘာဝအတိုင်းခံစစ်အားသာချက်ရှိနှင့်ပြီးသားဖြစ်ရာ ဘယ်လို အဆက်အသွယ်လုံးဝပြတ်တောက်သွားနိုင်မည်နည်း။
သို့သော်လည်း လက်ရှိတွင် ချန်းယင်သင်္ဘောမှ အရုဏ်ဦးဗဟိုစင်တာတည်နေရာနှင့်ပတ်သက်၍ ပိုမိုများပြားသောအချက်အလက်များကို သူ မရရှိနိုင်ချေ။ အဘယ်ကြောင့်ဆိုသော် ဤညွှန်ကြားချက်များသည် စာပို့သမားများ၏ အသက်နှင့်ရင်းပြီး ပေးပို့လာသော သတင်းများသာဖြစ်ပြီး အများစုမှာ နောဧမြို့တော် ရွှေ့ပြောင်းရေးအကြောင်းအရာများဖြစ်ကာ အချိန်မှာလည်း လွန်ခဲ့သော ၅၄ ရက်က ဖြစ်နေသောကြောင့်ပင်။ နောဧမြို့တော်ပေါ်ရှိ အသက်ရှင်ကျန်ရစ်သူ ၁.၇ သန်းနီးပါးနှင့် ထိုစစ်ယာဉ်စုထဲမှ မည်မျှလောက်က မုန်တိုင်းရေလက်ကြားသို့ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့သည်ကို လင်းရှန် မသိချေ။
“ဘာလုပ်ရမလဲ...”
လင်းရှန် မတ်တတ်ရပ်လိုက်ပြီး စိုးရိမ်ပူပန်စွာဖြင့် ဟိုဟိုဒီဒီလျှောက်နေမိသည်။ ယခု ဤမြေပုံရှိနေပြီဖြစ်၍ သူ၏ စွမ်းအားဝတ်စုံကို ဒရုန်းများနှင့် ပူးပေါင်းကာ မြေပြင်အမှတ်များပြုလုပ်နိုင်မည်ဖြစ်သည်။ ၎င်းအပြင် သံလိုက်စက်ကွင်းတည်နေရာပြစနစ်ကိုပါ ပေါင်းစပ်၍ မြို့ပြများကို စံညွှန်မှတ်များအဖြစ် အသုံးပြုကာ လမ်းကြောင်းများကို အနီးစပ်ဆုံးပုံဖော်နိုင်မည်ဖြစ်သဖြင့် သွေးနီရောင်အတွင်း လမ်းပျောက်မည့်ပြဿနာကို အခြေခံအားဖြင့် ဖြေရှင်းနိုင်ပြီဖြစ်သည်။
ဆင်ခြင်တုံတရားအရမူ လင်းရှန်၏ အစီအစဉ်သည် မြေပုံကို အသုံးပြု၍ စံညွှန်းမှတ်များရှာဖွေရန်… ဤနေရာမှ ကီလိုမီတာ ၁၆၀ ကွာဝေးသော ကုန်းတွင်းပိုင်းရထားလမ်းကြောင်းကို ရှာဖွေကာ သူ၏ အနန္တရထားကို ထုတ်ယူပြီး ပထမဆုံးအနေဖြင့် ရှင်သန်ရေးနှင့် ခိုလှုံရေးပြဿနာကို ဖြေရှင်းရန်ဖြစ်သည်။ ထို့နောက် ရထားလမ်းကြောင်းအတိုင်း တောင်ဘက် ပနားမားနှင့် ကိုလံဘီယာတို့ကို ဖြတ်သန်းကာ အမေဇုန်မှတစ်ဆင့် မုန်တိုင်းကမ်းခြေဆီသို့ ဦးတည်ရမည် ဖြစ်သည်။ ထိုနေရာရှိ သွေးနီရောင်မဖုံးလွှမ်းသေးသော ဧရိယာတွင် အသက်ရှင်ကျန်ရစ်သူများနှင့် ဖီးနစ်အဖွဲ့ဝင်များကို ရှာဖွေပြီးမှသာ နောက်ထပ်အစီအစဉ်များကို ဆက်လက်ချမှတ်ရမည် ဖြစ်သည်။
ဒါက လင်းရှန် မနေ့ညကတည်းက ချမှတ်ထားခဲ့သော အစီအစဉ် ဖြစ်သည်။ သူသည် ဤသင်္ဘောပျက်များထဲမှ ကိရိယာမည်မျှကို ဝါးမြိုရမည်… ထို့နောက် ကြယ်နက်ပန်းပဲဖိုတွင် အနန္တရထားပေါ်၌ အမှောင်စွမ်းအင်လှိုင်းနှုန်းခွဲထုတ်ကိရိယာကို ကြိုတင်၍ မည်သို့တပ်ဆင်ရမည်ကိုပါ တွက်ချက်ထားခဲ့ပြီး ဖြစ်သည်။
သို့သော်လည်း ယခုကြုံတွေ့နေရသော ပြဿနာမှာ ဂြိုလ်ပတ်လမ်းယာဉ်တန်းသည် ကော်လိုရာဒိုချောက်ကမ်းပါးဇုန်တွင် အဆက်အသွယ်ပြတ်တောက်သွားခြင်းပင်၊၊ လင်းရှန်၏ နားလည်မှုအရ အကယ်၍ မတော်တဆမှုတစ်စုံတစ်ရာမရှိခဲ့ပါက ဆင်းသက်ပြီးနောက်တွင် ၎င်းတို့သည် ထိုနေရာ၌ပင် စောင့်ဆိုင်းနေကြမည် သို့မဟုတ် အနန္တမဟာမိတ်အဖွဲ့နှင့် ဆုံတွေ့ရန် မြောက်ဘက်သို့ ရွေ့လျားကြပေလိမ့်မည်။ သို့သော်လည်း ယာဉ်တန်းသည် အန္တရာယ်မှ ဘေးကင်းစွာ လွတ်မြောက်သွားခဲ့ပြီ ဟုတ်မဟုတ်ကိုမူ လင်းရှန် သေချာမသိနိုင်ချေ။