အဆက်အသွယ်လုံးဝပြတ်တောက်ခြင်း (၂)
Vol. 69 Ch. 1115
“တည်ငြိမ်စမ်း... တည်ငြိမ်စမ်း”
လင်းရှန်၏ စိတ်ထဲတွင် အတွေးများ လျင်မြန်စွာလည်ပတ်နေသည်။ ရုတ်တရက် သူ အတွေးတစ်ခုရရှိသွားပြီး သူ၏ အသိစိတ်ကို ကြယ်နက်ပန်းပဲဖိုထဲသို့ ချက်ချင်းနှစ်မြုပ်လိုက်တော့သည်။
သူ၏ အသိစိတ်က အနန္တရထား၏ တွဲခန်းထဲသို့ ဝင်ရောက်သွားပြီး ပိတ်မိနေစဉ်က ရေးမှတ်ထားခဲ့သော မောင်းနှင်မှုမှတ်တမ်းစာအုပ်ကို ရှာဖွေရာမှ သူ ရှာဖွေနေသောအရာကို လျင်မြန်စွာ တွေ့ရှိလိုက်ရသည်။
ထိုစာမျက်နှာပေါ်တွင် ရေးသားထားသည်၊၊
-ဉာဏ်ရည်တုဦးနှောက် AI ရဲ့ တွက်ချက်မှုစွမ်းအားပြတ်တောက်သွားပြီ။ ဒါက ဗိုင်အိုလာသေဆုံးသွားတာ ဖြစ်နိုင်သလို ဒါမှမဟုတ် ငါကိုယ်တိုင်...
၎င်းသည် လင်းရှန် သူ၏ စိတ်တွက်ချက်မှုစွမ်းအားများ လျော့နည်းသွားသည်ကို ခံစားရပြီးနောက် ရေးမှတ်ထားခဲ့သော မှတ်တမ်းဖြစ်သည်။ ယခု ပြန်ကြည့်ရသရွေ့ အကယ်၍ ဗိုင်အိုလာနှင့် သူသည် လိုင်းမိသောအကွာအဝေးတစ်ခုထက် ကျော်လွန်၍ ကွာဝေးသွားပါက ဤကဲ့သို့သောအခြေအနေမျိုးဖြစ်ပေါ်လာနိုင်သည်။ သူက ထိုအချိန်ကို ချက်ချင်းပြန်လည်တွက်ချက်လိုက်သည်။
“ထင်တဲ့အတိုင်းပဲ... ဒီဇင်ဘာလ ၁၁ ရက်”
လင်းရှန်၏ စိတ်ဓာတ်များ ပြန်လည်နိုးကြားလာခဲ့သည်။ ဗိုင်အိုလာနှင့် သူ၏ လိုင်းပြတ်တောက်သွားသောအချိန်နှင့် ချန်းယင်သင်္ဘောက သူ့ကို လက်ခံရရှိသည့် အချိန်မှာ တစ်ရက်တည်းဖြစ်နေသည်။ ဒါက ချန်းယင်သင်္ဘောသည် သူ့ကိုကယ်ဆယ်ရေးပုံစံမျိုးဖြင့် ရှာဖွေတွေ့ရှိခဲ့ခြင်းမဟုတ်ဘဲ ကောင်းကင်အမိုးခုံးရထားက ၎င်းကို တက်ကြွစွာ ရှာဖွေခဲ့ခြင်းဖြစ်နိုင်ကြောင်း ပြသနေသည်။
ထို့နောက် သူ့အဖွဲ့သည် လမ်းကြောင်းပြောင်းကာ ဖီးနစ်၏ နောဧဗဟိုချက်ထံမှ အကူအညီတောင်းခံရန် ရီပက်ဘလစ်ကန်ကျွန်းစုဆီသို့ ဦးတည်သွားခြင်း ဖြစ်သည်။
ဤအချင်းအရာကို ရိပ်မိလိုက်သောအခါ လင်းရှန် စိတ်လှုပ်ရှားသွားမိသည်။ သူသည် ကြယ်နက်ပန်းပဲဖိုထဲမှ ချက်ချင်းပြန်ထွက်လာပြီးနောက် ကြယ်သင်္ဘောအတွင်း သိမ်းဆည်းထားသော အချက်အလက်များကို ဒရုန်းဖြင့် ထပ်မံရှာဖွေတော့သည်။ ယခုတစ်ကြိမ်တွင်မူ သူသည် ဒီဇင်ဘာလ ၁၁ ရက်နေ့က မှတ်တမ်းတင်ထားသော လာရောက်လည်ပတ်သူ ရုပ်သံဖိုင်ကို ရှာဖွေရန်လိုအပ်နေခြင်း ဖြစ်သည်။
နောက်ဆုံးတွင် ချန်းယင်သင်္ဘော၏ ကုန်းပတ်ပလက်ဖောင်းပေါ်၌ ရင်းနှီးနေသော မျက်နှာတစ်စုကို သူ တစ်ဖန်ပြန်လည်မြင်တွေ့လိုက်ရသည်။
ရုပ်သံဖိုင်ထဲတွင် ကီကီ၊ ဆရာချန်၊ မိုနီကာ၊ ချီလီ၊ မီးတောက်၊ ရှားရှားနှင့် အခြားသူများရှိနေကြသည်။ ကုန်းပတ်ပေါ်တွင် ချန်းယင်သင်္ဘော၏ အမျိုးသမီးကပ္ပတိန်၊ ကွပ်ကဲအရာရှိအမြောက်အမြားနှင့်အတူ လူအတော်များများမတ်တတ်ရပ်နေကြပြီး သူ၏ အေးခဲအခန်းငယ်ကိုမူ အထူးကာကွယ်ထားသော အေးခဲခန်းမဆီသို့ စောင့်ရှောက်သယ်ဆောင်သွားနေကြသည်။
ချန်းယင်သင်္ဘော၏ ကုန်းပတ်ပလတ်ဖောင်းမှ စောင့်ကြည့်ရေးရုပ်သံဖိုင်က အနည်းငယ် တုန်ခါနေသည်။ ဆားငန်နံ့စွက်နေသော ပင်လယ်လေပြင်းက သတ္တုကြမ်းပြင်ကို ဖြတ်သန်းတိုက်ခတ်နေပြီး ၎င်းတို့၏ အင်္ကျီစများကို တဖျတ်ဖျတ် လွင့်ပျံစေသည်။
လူတိုင်း၏ အမူအရာက လေးနက်တည်ကြည်နေပြီး စောင့်ရှောက်ရေးအဖွဲ့နောက်မှ လိုက်ပါကာ အတွင်းခန်းထဲသို့ ဝင်ရောက်သွားကြသည်။ လင်းရှန် အသံချဲ့လိုက်ပြီး အခြေအနေကို ခေတ္တမျှ စောင့်ကြည့်နေစဉ် ညလမ်းလျှောက်သူအဖွဲ့အစည်းမှ သက်လတ်ပိုင်းအရာရှိတစ်ဦးက စကားပြောနေပုံရသည်။
“အသက်ရှင်သန်မှုလက္ခဏာတွေက တည်ငြိမ်နေပေမဲ့ ဦးနှောက်လှိုင်းလှုပ်ရှားမှုကတော့ ပုံမှန်မဟုတ်ဘဲ အရမ်းနိမ့်ကျနေတယ်။ သလင်းကျောက်ဆင့်ကဲပြောင်းလဲမှုအတွင်းမှာ အသိစိတ်က ဒီလောက်အထိ ရေရှည်အိပ်မောကျနေတာမျိုး ငါ တစ်ခါမှမမြင်ဖူးဘူး”
“သွေးနီရောင်ဖုံးလွှမ်းသွားကတည်းက ငါတို့လည်း အရုဏ်ဦးဗဟိုစင်တာ၊ ဖီးနစ်မြို့တော်တို့နဲ့ အဆက်အသွယ်ပြတ်တောက်သွားတာ တစ်ပတ်ကျော်နေပြီ” အမျိုးသမီးကပ္ပတိန်၏ အသံက မှတ်တမ်းထဲမှ ထွက်ပေါ်လာသည်။
“ဒါပေမဲ့ အဲဒီမတိုင်ခင်က တပ်မှူးယဲ့ဆီက အမိန့်ကို ငါတို့ လက်ခံရရှိထားပြီးသားပါ။ သူက မင်းတို့ ပေါ်လာနိုင်တဲ့ ဧရိယာကို အချိန်ကိုက်တွက်ချက်ပြီး အတိုင်းအတာတစ်ခုအထိ လိုက်လံရှာဖွေဖို့ ငါတို့ကို အမိန့်ပေးခဲ့သလို၊ မင်းတို့ဘက်ကလည်း ငါတို့ကို လာရောက်ရှာဖွေနိုင်တာကြောင့် တတ်နိုင်သမျှ ကူညီပေးဖို့ ပြောထားခဲ့တယ်”
သူမက ချန်စီရွှမ်းနှင့် ကီကီတို့ကို ကြည့်လိုက်သည်။
“နောဧရဲ့ ဇီဝဗေဒဓာတ်ခွဲခန်းက လက်ရှိမှာ အဆင့်အမြင့်ဆုံးဖြစ်နေတာတောင် သူတို့လည်း ဘာလုပ်ရမှန်းမသိဖြစ်နေကြတုန်းပဲ”
“ဖီးနစ်က သလင်းကျောက်ဆင့်ကဲပြောင်းလဲမှုနဲ့ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် သုတေသနပြုထားတာမရှိဘူးလား။ သူတို့ကော အခုလိုအခြေအနေမျိုးနဲ့ မကြုံဖူးဘူးလား”
ကီကီ၏ အသံက မှတ်တမ်းထဲမှ ထွက်ပေါ်လာသည်။
ထို့နောက် ချန်ဆီရွှမ်က ပြောလိုက်သည်။
“သူ့အပေါ်က သလင်းကျောက်မွေးမြူရေးကိရိယာက ပြီးသွားခဲ့တာ ကြာနေတာတောင် သူ နိုးမလာသေးဘူး။ ကျွန်မတို့ နည်းလမ်းအမျိုးမျိုးနဲ့ ကြိုးစားကြည့်ခဲ့ပေမဲ့...”
“နောဧဘက်က သုတေသနဓာတ်ခွဲခန်းတွေမှာ ဒီလိုအခြေအနေမျိုး တစ်ခါမှ မဖြစ်ဖူးဘူး”
ညလမ်းလျှောက်သူအရာရှိက ရှေ့သို့ တစ်လှမ်းတိုးလိုက်ပြီး လေထုထဲရှိ စွမ်းအင်ပုံစံပြစနစ်ကို ညွှန်ပြကာ ပြောလိုက်သည်။
“မှတ်တမ်းတင်ထားတဲ့ အကြာဆုံးဆင့်ကဲပြောင်းလဲချိန်က ၁၂၁ နာရီပဲ ရှိတယ်။ အဓိကကတော့ လက်ခံသူရဲ့ စိတ်ဝိဉာဉ်စွမ်းအား သတ်မှတ်ချက်နဲ့ သက်ဆိုင်တာဖြစ်ပေမဲ့ တစ်လကျော်ကြာမြင့်တာမျိုးကတော့ တစ်ခါမှ မရှိခဲ့ဘူး”
“ဒါဆို ကျွန်မတို့ ဘာလုပ်သင့်လဲ။ ရှင်တို့ထဲက ဘယ်သူမှ အစ်ကိုလင်းကို မကယ်တင်နိုင်ကြဘူးလား” ရှားရှား၏ စိုးရိမ်တကြီးအော်ဟစ်သံထွက်ပေါ်လာသည်။
လူတိုင်းက လင်းရှန်အတွက် အလွန်စိုးရိမ်ပူပန်နေကြသည်မှာ ထင်ရှားလှသည်။
ညလမ်းလျှောက်သူအရာရှိက ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်သည်။
“အနည်းဆုံးတော့ သူ အသက်ရှင်နေသေးတာပဲ။ ငါတို့ မြင်တွေ့ရသရွေ့တော့ ဗီဇပြောင်းလဲတာမျိုး ဒါမှမဟုတ် အခြားဆိုးရွားတဲ့ အခြေအနေမျိုးမရှိသေးဘူး။ ဖြစ်နိုင်တာကတော့...”
သူ၏ အကြည့်က ကောင်းကင်အမိုးခုံးရထားပေါ်မှ လူများ၏ စိုးရိမ်ပူပန်နေသောမျက်နှာများဆီသို့ ရောက်ရှိသွားပြီး အသံကို အနည်းငယ်လျှော့ချကာ ပြောလိုက်သည်။
“ဒါက အဆိုးဆုံးအခြေအနေတော့ မဟုတ်သေးပါဘူး”
အမျိုးသမီးကပ္ပတိန်ကလည်း ခေါင်းညိတ်လိုက်သည်။
“အခု ဒီဒေသတစ်ခုလုံးက သွေးနီရောင်တွေ ဖုံးလွှမ်းနေပြီး အမည်မသိအကြောင်းရင်းတွေ အများကြီးရှိနေတာကြောင့် ဒါနဲ့လည်း သက်ဆိုင်နိုင်တယ်။ ငါ့အနေနဲ့ သူ့ကို ဖီးနစ်မြို့တော်ဆီ ပို့ဆောင်ဖို့ အကြံပြုချင်တယ်။ အဲဒီနေရာက သွေးနီရောင်မဖုံးလွှမ်းသေးသလို မုန်တိုင်းရေလက်ကြားကို ဖြတ်ကျော်လိုက်ရင် ညလမ်းလျှောက်သူဌာနချုပ်ရှိတာကြောင့် အဲ့မှာ အဖြေတစ်ခုခုရှိနိုင်လိမ့်မယ်”
ဤနေရာသို့ ရောက်သောအခါ လုရှင်းချန်၏ အသံက ထွက်ပေါ်လာသည်။
“အစ်ကိုလင်းရဲ့ ယန္တရားလုံးသားက အရမ်းရှားပါးတယ်၊၊ ဒါ့အပြင် ဖန်တီးခြင်းကို ဗဟိုချက်အဖြစ် အသုံးပြုတဲ့သူမျိုးက တစ်ခါမှ မရှိဖူးသေးဘူး။ ငါအလိုလိုသိနေတာကတော့ အစ်ကိုလင်းက တံခါးပိတ်ကျင့်ကြံခြင်းလုပ်နေတာပဲ။ သူ ပြန်လည်နိုးထလာတဲ့အခါ ကျိန်းသေပေါက် အထွတ်အထိပ်နယ်ပယ်ကို ခြေလှမ်းလှမ်းနိုင်မှာဖြစ်လို့ စိုးရိမ်နေစရာမလိုပါဘူး”
“စိုးရိမ်စရာမလိုဘူး ဟုတ်လား။ သူ ဒီထဲမှာလှဲနေတာ တစ်လကျော်နေပြီ။ ငါတို့ ဒီကို ရောက်တာတော့ ၂၀ နာရီတောင် မပြည့်သေးဘူး...” ရှားရှားက စိုးရိမ်ပူပန်နေသော မျက်နှာဖြင့် ပြန်လည်ချေပလိုက်သည်။
ထို့နောက် ကောင်းကင်အမိုးခုံးရထားပေါ်မှ လူများက တစ်စုံတစ်ခုကို ဆွေးနွေးနေကြပုံရသည်။ နောက်ဆုံးတွင် ချန်ဆီရွှမ်က သက်ပြင်းအရှည်ကြီးတစ်ချက်ချလိုက်သည်။ သူမက ကပ္ပတိန်ကို ကြည့်မနေဘဲ အေးခဲအခန်းငယ်ထဲရှိ လင်းရှန်ကိုသာ ရေခဲပြင်အိုင်ကြီးကဲ့သို့ နက်ရှိုင်းသော မျက်ဝန်းများဖြင့် စိုက်ကြည့်နေခဲ့သည်။ လေထုတစ်ခုလုံး အေးခဲသွားလုမတတ် စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားပြီးနောက်တွင်မှ သူမက တိုးညင်းသော်လည်း ပြတ်သားသောအသံဖြင့် ကုန်းပတ်ပေါ်တွင် သံမှိုရိုက်နှက်လိုက်သကဲ့သို့ တစ်လုံးချင်း ပြောလိုက်တော့သည်။
“ကပ္ပတိန်လီ... ရှင်တို့ရဲ့ စစ်ယာဉ်စုက ဟတ်ကိုကမ်းခြေကနေ ဆင်းသက်ပြီးရင် မုန်တိုင်းကမ်းခြေဆီ ဦးတည်မှာမလား။ အစီအစဉ်အတိုင်း သူ့ကို ဝင်ရိုးစွန်းဒေသဆီ စောင့်ရှောက်ပေးဖို့ တောင်းဆိုချင်ပါတယ်။ ဒါ့အပြင် ကျွန်မတို့ရဲ့ အဖော်နှစ်ယောက်လည်း အတူတူလိုက်ပါသွားဖို့ လိုအပ်တယ်။ တစ်ယောက်က ဖက်ဒရေးရှင်း အမှတ် ၉ မြေအောက်မြို့တော်ရဲ့ အဓိက ဇီဝဗေဒပညာရှင် တင်းကျန်းရီ… သူက လင်းရှန်ရဲ့ အခြေအနေကို အသိဆုံးဖြစ်သလို ဖီးနစ်အဖွဲ့အစည်းနဲ့ ချိတ်ဆက်ရမယ့် အချက်အလက်အချို့လည်း ရှိနေတယ်။ နောက်တစ်ယောက်ကတော့ ကီကီပဲ”
“ကောင်းပြီလေ… ကျွန်မ သူ့နောက်က လိုက်သွားမယ်”
ကီကီက ခေါင်းညိတ်ကာ ရှေ့သို့ တစ်လှမ်းတိုးလိုက်ပြီး အေးခဲအခန်းငယ်ကို မျက်မှောင်ကုတ်လျက် ကြည့်ရင်း ပြောလိုက်သည်။
“သူ့ကို ကျွန်မ မျက်ခြေမပြတ်စောင့်ကြည့်ဖို့ လိုအပ်တယ်”
“ဒါက ပြဿနာမရှိပါဘူး” အမျိုးသမီးကပ္ပတိန်က လူတိုင်းကို ကြည့်ရင်း ချက်ချင်း ပြန်ဖြေလိုက်သည်။
“မင်းတို့ ကော်လိုရာဒိုဆီ သွားနိုင်ဖို့ ကူညီပေးမယ့် အဖွဲ့တစ်ဖွဲ့ကို ငါလွှတ်ပေးပါ့မယ်။ ငါတို့လည်း ကြိုတင်စူးစမ်းရေးနဲ့ ကယ်ဆယ်ရေးအတွက် ပြင်ဆင်နေတယ်။ အစီအစဉ်အတိုင်းဆိုရင် ဆင်းသက်ပြီးနောက် ဟတ်ကိုမှာ ရက်အနည်းငယ်နေရင်း အရုဏ်ဦးဗဟိုစင်တာ ရောက်ရှိလာမယ့်အချိန်ကို စောင့်ရမှာပဲ။ ဒါပေမဲ့ အချိန်ကို ကြည့်ရသရွေ့တော့ မင်းတို့ရဲ့ ဂြိုလ်ပတ်လမ်းအဖွဲ့က မှီမှာမဟုတ်တော့ဘူး။ အကယ်၍ မင်းတို့ အဓိကတပ်ဖွဲ့နဲ့ လွဲချော်သွားရင်...”
“ကိစ္စမရှိပါဘူး”
ချန်စီရွှမ်းက အားတင်း၍ ပြုံးလိုက်ပြီးနောက် သူမ၏ အကြည့်က အခန်းငယ်ဆီသို့ တဖန်ပြန်လည်ကျရောက်သွားသည်။
“သူသာဆိုရင် ယာဉ်တန်းကို အန္တရာယ်ကနေ ကျိန်းသေပေါက်ခေါ်ထုတ်သွားနိုင်လိမ့်မယ်။ သူ နိုးလာတဲ့အခါ အခုလိုသတင်းမျိုးကို မကြားစေချင်ဘူး။ ကျွန်မတို့ကို ဘေးအန္တရာယ်ကနေ အမြဲကယ်တင်ခဲ့တာ သူပဲလေ...”
ပြောပြီးနောက် သူမက ကောင်းကင်အမိုးခုံးရထားမှ သူမ၏ အဖွဲ့ဝင်များကို ပြတ်သားစွာ လှည့်ကြည့်လိုက်သည်။
“ဒီတစ်ကြိမ်တော့ ငါတို့အလှည့်ပဲ...”
“လူတိုင်းကို လုံခြုံအောင်ခေါ်ထုတ်သွားရမယ်”
ရုပ်သံဖိုင်သည် ပြတ်သားတည်ကြည်လှသော ချန်ဆီရွှမ်၏ ဘေးတိုက်မျက်နှာသွင်ပြင်နှင့်အတူ ရပ်တန့်သွားခဲ့ပြီး နောက်ခံတွင်မူ နီရဲနေသော ကောင်းကင်ပြင်၊ လေပြင်းများ တိုက်ခတ်နေသည့်ကြားမှ နောဧမြို့တော်ကြီး၏ ကြီးမားထည်ဝါပြီး တိတ်ဆိတ်လှသော ပုံရိပ်ကြီးရှိနေလေသည်။