← Chapters

အခန်း ၃

Vol. 1 Ch. 3

အခန်း ၃

Vol. 1 Ch. 3

အခန်း(၃)

ယန်ကျစ်သည် မတရားခံရသည့် ခံစားချက်ကြောင့် မျက်ဝန်းအစုံ နီမြန်းလာသော်လည်း သခင်လေး၏ အမိန့်ကိုမူ မလွန်ဆန်ရဲပေ။

ကုဟွား၏ နောက်သို့ စိတ်လှုပ်ရှားစွာ ထပ်ကြပ်မကွာ လိုက်သွားသော ခင်ပွန်းဖြစ်သူကို ကြည့်ပြီး ကုဝမ်ရုသည် မုန်းတီးလွန်းသဖြင့် အံကြိတ်လိုက်မိသည်။

သူမ၏ မျက်ဝန်းအစုံမှာလည်း မှောင်မိုက်ပြီး အေးစက်သွားသည်။

ကုဟွားသည် သူမ ကျောပြင်ကို အပ်များဖြင့် ထိုးစိုက်ခံနေရသကဲ့သို့ ခံစားနေရသည်။ လောလောဆယ်တွင် မည်သို့မျှ မလွတ်မြောက်နိုင်သေးမှန်း သိသဖြင့် သူမ စိတ်ကိုတင်းကာ သခင်လေး ကိုယ်လက်သန့်စင်ရန်အတွက်သာ ကူညီပေးလိုက်ရတော့သည်။

သခင်လေးသည် ကုဟွား၏ လက်ထဲမှ ပဝါကို လှမ်းယူလိုက်ရင်း သူမ လက်ကို တမင်သက်သက်ပင် ဆုပ်ကိုင်ကာ ညှစ်လိုက်သည်။

ကုဟွား ထိတ်လန့်တကြား လက်ကို ရုန်းဖယ်ပစ်လိုက်၏။

သူမ ကြေးဇလုံကို မကာ လှည့်အထွက်တွင် လက်ကိုင်ပဝါကို ခပ်ကြမ်းကြမ်း လိမ်ကျစ်ရင်း သူမကို အေးစက်စွာ စိုက်ကြည့်နေသော ကုဝမ်ရုကို တွေ့လိုက်ရသည်။

“သခင်မလေး...ဒီအစေခံက သခင်မလေးအတွက် ရေသွားလဲလိုက်ပါဦးမယ်”

ကုဝမ်ရုသည် ချက်ချင်းပင် အပြုံးမျက်နှာသို့ ပြောင်းလဲလိုက်ပြီး ဆိုလိုက်သည်။

“ဂရုစိုက်ဦးနော်၊ ခြေချော်မလဲစေနဲ့ဦး”

“ဟုတ်ကဲ့ပါ”

ကုဟွားသည် ထွက်ပြေးတော့မည့်အလား တံခါးအပြင်သို့ အမြန်ပင် သုတ်ခြေတင်သွားတော့သည်။

သခင်လေးသည် ပြုံးလျက်ပင် ကုဝမ်ရု၏ အနည်းငယ် တုတ်နေသောခါးကို ဖက်လိုက်သည်။ သူတို့နှစ်ဦးမှာ ပါးချင်းအပ်ကာ ခဏတာမျှ တိုးတိုးတိတ်တိတ် စကားဆိုနေကြ၏။

ကုဝမ်ရု သူ့ကို ကျီစယ်သည့်သဘောဖြင့် တွန်းလိုက်၏။

“တော်ပါတော့... ကုဟွား အခုပဲ ပြန်ဝင်လာတော့မှာ။ သူမြင်သွားရင် ရှက်စရာကြီးလေ”

“သူလည်း ခင်ပွန်းသည်ကို ဘယ်လို ပြုစုရမလဲဆိုတာ ကောင်းကောင်း သင်ယူထားသင့်တာ မဟုတ်ဘူးလား”

သခင်လေးသည် ကုဝမ်ရုကို ဆက်လက်ဖက်ထားဆဲဖြစ်သော်လည်း သူ့မျက်လုံးများကမူ ကြေးဇလုံကို ကိုင်ကာ အခန်းထဲသို့ ပြန်ဝင်လာသော ကုဟွားထံသို့ ထပ်မံ ရောက်ရှိသွားပြန်သည်။

ကုဟွားသည် စိတ်ထဲမှနေ၍ “တိရစ္ဆာန်ကောင်” ဟု ကျိန်ဆဲလိုက်မိသည်။ သူမသည် ခေါင်းကို အောက်သို့ ငုံ့ထားကာ ကြေးဇလုံကို နေရာချလိုက်သည်။

ကုဝမ်ရုသည် ကုဟွားကို အလွန်ပင် မုန်းတီးလှသည်။

နတ်သမီးလေးသဖွယ် ညှို့ယူဖမ်းစားကာ မြှူဆွယ်လွန်းနိုင်သော ကုဟွားကို သူမအနားတွင် ထားရှိရခြင်းမှာ တကယ့်ကို အခြားရွေးချယ်စရာ မရှိခဲ့၍သာ ဖြစ်၏။

သူမ စတင် အိမ်ထောင်ကျစဉ်အခါကပင် သခင်လေး၏ အနောက်ဆောင်တွင် မိန်းမပေါင်း ဆယ်ယောက်ခန့် ရှိနှင့်နေပြီးသား ဖြစ်သည်။

သူမ အချို့ကို အဝေးသို့ ပို့နိုင်ရန် အနိုင်နိုင် ကြိုးစားခဲ့ရသော်လည်း သခင်လေးတစ်ယောက် အသစ်အသစ်သော မိန်းမများကို ထပ်မံခေါ်ယူလာခြင်းကိုမူ သူမ မတားဆီးနိုင်ခဲ့ပေ။

လွန်ခဲ့သော နှစ်လခန့်က ကုဝမ်ရုတွင် ကိုယ်ဝန်ရှိမှန်း သိလိုက်ရပြီးသည့်နောက်တွင် သခင်လေးသည် ယောင်းယောင်း အမည်ရှိ နာမည်ကြီး ပြည့်တန်ဆာမတစ်ဦးကို ဝယ်ယူကာ အိမ်တော်သို့ ခေါ်ဆောင်လာခဲ့သည်။

သူသည် ထိုမိန်းမနှင့်သာ နေ့ညမပြတ် အချိန်ကုန်ဆုံး ပျော်ပါးနေပြီး မယားကြီးဖြစ်သူ၏ မျက်နှာကိုပင် လုံးဝအရေးမစိုက်တော့ချေ။

ယောင်းယောင်းသည်လည်း သခင်လေး၏ အချစ်ကို ရရှိထားသဖြင့် ဘဝင်မြင့်နေကာ မယားကြီးကုဝမ်ရုကို လုံးဝမရိုသေသည့်အပြင် နံနက်ခင်း ဂါရဝပြုခြင်းကိုလည်း မကြာခဏ ပျက်ကွက်လေ့ရှိသည်။

ရံဖန်ရံခါ လာရောက်သည့် အခါမျိုးတွင်လည်း ကုဝမ်ရု ဒေါသထွက်စေရန်အတွက် သခင်လေးနှင့် တစ်ညတာကုန်ဆုံးခဲ့ရပုံများကို အပျင်းကြောဆန့်ကာ မြှူဆွယ်သည့် အမူအရာများဖြင့် ကြွားလုံးထုတ်လေ့ ရှိသေးသည်။

ထိုကိစ္စကြောင့် ကုဝမ်ရုသည် သူမ မိဘအိမ်သို့ပြန်ကာ ငိုယိုပြီး တိုင်တန်းခဲ့သည်။

ထိုအခါ ကိုယ်လုပ်တော်ပိုင်က ကုဟွားကို မြို့စားကြီး၏ အိမ်တော်သို့ အထိန်းတော်အစေအပါးအဖြစ် ပို့ရန် အကြံပေးခဲ့သည်။

သူမသည် ကုဟွားကို ကောင်းကောင်းလေ့ကျင့်ပေးထားပြီး အစေခံစာချုပ်တွင်လည်း လက်မှတ်ထိုးခိုင်းထားပြီးဖြစ်ရာ အခြားစိတ်ကူးမျိုး ကုဟွား တွေးရဲလိမ့်မည်ပင် မဟုတ်ကြောင်း ပြောခဲ့သည်။

ကုဝမ်ရု ကလေးမွေးဖွားပြီးသည့်အခါတွင် ကုဟွားကို ရောင်းစားပစ်လိုက်ရုံ သို့မဟုတ် အကြောင်းပြချက်ရှာကာ ရိုက်နှက်သတ်ဖြတ်ပစ်လိုက်ရုံသာဖြစ်ကြောင်း ပြောခဲ့သည်။

ထိုအခါမှသာ ကုဝမ်ရု ကုဟွားကို အိမ်တော်သို့ ခေါ်ယူကာ သူမအနားတွင်ထားရန် သဘောတူခဲ့ခြင်း ဖြစ်သည်။

အမှန်တကယ်ပင် ကုဟွား အိမ်တော်သို့ ရောက်လာသည်နှင့် သခင်လေးသည် ကုဝမ်ရုထံသို့ မကြာခဏ လာရောက်လည်ပတ်တော့သည်။

သူလာသမျှ အကြိမ်တိုင်းတွင်လည်း သူ့မျက်လုံးများမှာ ကုဟွားထံ၌သာ ကပ်ပါသွားလေ့ရှိသည်။ အထူးသဖြင့် ကုဟွား၏ ခါးနှင့် ရင်အစုံကို စိုက်ကြည့်ရသည်ကို သူအလွန်ပင် သဘောကျသည်။

ထိုအရာက ကုဟွားကို ထိတ်လန့်တုန်လှုပ်စေသကဲ့သို့ ကုဝမ်ရုကိုလည်း မုန်းတီးလွန်းသဖြင့် အံကြိတ်စေသည်။

သခင်လေးလာသည့်အချိန်တိုင်း ကုဝမ်ရုသည် ကုဟွားကို သူခိုးတစ်ယောက်ပမာ သတိထား စောင့်ကြည့်လေ့ရှိသည်။

သူမသည် အကြောင်းပြချက်အမျိုးမျိုးပေးကာ ကုဟွားကို အပြင်သို့ လွှတ်လိုက်ပြီး ယန်ကျစ်ကိုသာ အလုပ်အကျွေးပြုစေသည်။

သို့သော် မနေ့ကတင် ယောင်းယောင်းတွင် ကိုယ်ဝန်ရှိနေပြီဟု ဆိုလာသည့်အခါတွင်မူ ကုဝမ်ရုသည် နောက်ဆုံး၌ ထိတ်လန့်သွားရတော့သည်။

ခင်ပွန်းဖြစ်သူ၏ စိတ်ကို ဆွဲထားနိုင်ရန်အတွက် သူမသည် အခြေအနေအရ ကုဟွားကို ခင်ပွန်းထံသို့ ပေးအပ်လိုက်ရတော့သည်။ ဤသို့ပြုလုပ်မှသာ သူမအနေဖြင့် အနောက်ဆောင်မှ ထိုအောက်တန်းစား ပြည့်တန်ဆာမကို ရှင်းလင်းနိုင်ရန် လက်အားတော့မည် ဖြစ်သည်။

ယန်ကျစ်ပြန်ရောက်လာပြီး သူမ၏ နောက်တွင်မူ ကျင်းခွေ့သည် ရုံးတော်ဝတ်စုံကိုကိုင်ကာ ပါလာခဲ့သည်။

ယန်ကျစ်က ကျင်းခွေ့အား သခင်လေးကို အဝတ်အစားနှင့် ဦးထုပ် ဝတ်ဆင်ပေးရန် အမိန့်ပေးလိုက်ပြီး သူမကိုယ်တိုင်ကမူ ကုဟွားဘက်သို့ လှည့်ကာ ဒေါသတကြီး စိုက်ကြည့်လိုက်တော့သည်။

သခင်လေးသည် အဝတ်အစားလဲပြီးနောက် အချစ် မျက်ဝန်းများဖြင့်ကြည့်ကာ ကုဝမ်ရု၏လက်ကို ဆုပ်ကိုင်လိုက်သည်။

“ရုံးတော်က ပြန်လာတာနဲ့ မင်းဆီကို ချက်ချင်းလာခဲ့မယ်။ ညစာကိုလည်း မင်းနဲ့အတူတူ စားမယ်နော်”

ကုဝမ်ရုသည် ရှက်သွေးဖြာလျက် တိုးညင်းစွာ ပြန်လည်ဖြေကြားလိုက်သည်။

“ကောင်းပါပြီ... ကျွန်မ အားလုံး စီစဉ်ထားလိုက်ပါ့မယ်။ခင်ပွန်း စိတ်ကျေနပ်စေရမယ်လို့ ကတိပေးပါတယ်”

ကုဟွား၏ တစ်ကိုယ်လုံး တုန်ယင်သွားရတော့သည်။

သခင်လေးသည် သူ့မျက်ဝန်းထဲမှ ပြင်းပြလှသော စိတ်ဆန္ဒများကို မဖုံးကွယ်ထားဘဲ ကုဟွားအား စိုက်ကြည့်ကာ ပြောလိုက်သည်။

“ကုဟွား... သခင်မလေးကို ကောင်းကောင်း ပြုစုထား။ သူ့ကို ဒေါသမထွက်စေနဲ့ဦး။ ဒီညအတွက် စားကောင်းသောက်ဖွယ်တွေနဲ့ အကောင်းစားသေရည်တွေကို ပြင်ဆင်ထားပြီး လိမ္မာတဲ့ကလေးလေးလို ငါ့ကိုစောင့်နေလိုက်တော့”

ကုဟွား၏ ခန္ဓာကိုယ်မှာ တောင့်တင်းသွားရသည်။

သူမသည် အသံတိုးတိုးလေးဖြင့် ဖြေကြားလိုက်၏။

“ဟုတ်ကဲ့ပါ”

သူမ အတိတ်ဘဝကအတိုင်းသာဆို မြို့စားကြီးယုံသည် ယနေ့နံနက် စောစောကတည်းကပင် အပြင်သို့ ထွက်သွားခဲ့ပြီ ဖြစ်သည်။

မြို့စားကြီးအနေဖြင့် သူမကို လာရောက်ကယ်တင်နိုင်ပါ့မလား ဆိုသည်ကို သူမ မဝေခွဲနိုင်တော့ပေ။

ကုဝမ်ရုသည် ပြုံးလျက်ပင် ခင်ပွန်းဖြစ်သူကို တံခါးဝအထိ လိုက်လံပို့ဆောင်ပေးလိုက်သည်။

သို့သော် သူမ ပြန်လှည့်လိုက်သည်နှင့် ပြုံးရွှင်နေသော မျက်နှာမှာ ပျောက်ကွယ်သွားပြီး ကုဟွားအား အေးစက်စက် ကြည့်လိုက်လေသည်။

“ယန်ကျစ်... မြို့စားကြီး အိမ်တော်မှာ ရှိသေးလား”

“ရှိပါသေးတယ် သခင်မလေး”

ယန်ကျစ်က ရိုသေစွာ ဖြေကြားလိုက်သည်။

ကုဝမ်ရုသည် ဇနီးကောင်းတစ်ယောက်၏ ဟန်ပန်သို့ ချက်ချင်း ပြောင်းလဲလိုက်ပြီး

“ငါ အိမ်ထောင်ကျပြီးကတည်းက အဖေ့ကို မတွေ့ရသေးဘူး။ အဖေ အိမ်တော်ပြန်လာတာက ရှားမှရှားဆိုတော့ ငါ သွားပြီး လက်ဖက်ရည် ဆက်သရမယ်”

ယန်ကျစ်သည် ကုဝမ်ရုကို အလှပြင်ပေးရင်း ဝမ်းသာအားရဖြင့် ဆိုလိုက်သည်။

“သခင်မလေး... အခု မြို့စားကြီးရဲ့ မြေးဦးရတနာလေးကို လွယ်ထားရတာဆိုတော့ မြို့စားကြီးသာ သိသွားရင် သေချာပေါက် ဝမ်းသာသွားမှာပါ”

“ကျန်းမာသန်စွမ်းတဲ့ သားယောက်ျားလေး မွေးဖွားပြီးတာနဲ့ မြို့စားကြီးက သခင်လေးကို အမွေဆက်ခံသူအဖြစ် သေချာပေါက် သတ်မှတ်ပေးပါလိမ့်မယ်။ နောင်တစ်ချိန်မှာ သခင်မလေးက အမွေဆက်ခံသူရဲ့ တရားဝင်ဇနီးသည် ဖြစ်လာပြီး ကျွန်မတို့ သခင်ငယ်လေးကလည်း အမွေခံသခင်ငယ်လေး ဖြစ်လာမှာပေါ့နော်”

ကုဝမ်ရုက ပြုံးလျက်ပင် ခေါင်းညိတ်လိုက်သည်။

“ဒါကတော့ သဘာဝပဲလေ။ အဖေ့မှာ တခြားသားမှ မရှိတာ။ သူ့ရဲ့ မြေးဦးလေးအတွက် ငါ့ခင်ပွန်းကို ထိုက်တန်တဲ့ ဂုဏ်ဒြပ်ကို ပေးမှာသေချာတယ်”

ကုဟွားသည် ခေါင်းငုံ့ထားကာ စကားတစ်ခွန်းမျှမဆိုပေ။

စိတ်မကောင်းစရာမှာ သူမ အစ်မသည် အမွေဆက်ခံသူ၏ဇနီးသည် ဖြစ်လာရန် ကံမပါလာခဲ့ခြင်းပင်။

အတိတ်ဘဝတွင် ကုဟွား သေဆုံးသည့်နေ့အထိ သခင်လေးမှာ အမွေဆက်ခံသူ ဖြစ်မလာခဲ့ပေ။ ထိုအစား မြို့စားကြီးယုံ စစ်မြေပြင်တွင် ကျဆုံးသွားပြီဟူသော သတင်းဆိုးသာ ရှေ့တန်းမှ ရောက်ရှိလာခဲ့သည်။

ကုဝမ်ရုသည် မည်သည့်ခံစားချက်မျှ မရှိသလို ဖြစ်နေသော ကုဟွားကို တစ်ချက်ကြည့်လိုက်ပြီး အမိန့်ပေးလိုက်သည်။

“ယန်ကျစ်... ငါ့ခင်ပွန်းပေးထားတဲ့ အနောက်တိုင်းကလာတဲ့ လက်ဖက်ရည်ကို ယူလာခဲ့။ ဧကရာဇ်မင်းမြတ် ဆုလာဘ်အဖြစ် ချီးမြှင့်ထားတဲ့ ငွေအိုးနဲ့ နှပ်ပြီး ကုဟွားကို ကိုင်ခိုင်းထားလိုက်။ ပြီးရင် ငါနဲ့အတူ မြို့စားကြီးဆီ သွားကြမယ်”

ယန်ကျစ်သည် စိတ်ထဲမှ အလိုလိုနားလည်လိုက်သည်။

ဤသည်မှာ သခင်မလေးက သူမအား ကလဲ့စားချေရန်အတွက် အခွင့်အရေး ပေးလိုက်ခြင်းပင် ဖြစ်၏။

မကြာမီမှာပင် ယန်ကျစ်သည် သစ်သားလင်ဗန်းကို ကိုင်ကာ ရောက်ရှိလာသည်။ လင်ဗန်းပေါ်တွင် ပန်းလက်ရာများ ပါရှိသော ငွေအိုးရှိနေပြီး နှုတ်သီးမှ အငွေ့များထွက်နေသည်။

ဤအဖြစ်အပျက်မှာ အတိတ်ဘဝတွင် မရှိခဲ့ပေ။

ကုဟွားက သခင်လေးကို ငြင်းဆန်လိုက်သဖြင့် ခင်ပွန်းဖြစ်သူ၏ရှေ့တွင် ဇနီးကောင်းတစ်ယောက်အဖြစ် ဟန်ဆောင်ထားသော ကုဝမ်ရု၏ပုံရိပ်ကို ပျက်ပြားစေခဲ့သောကြောင့် သူမအပေါ် ကုဝမ်ရု အငြိုးအတေး ထားရှိနေခြင်း ဖြစ်လောက်သည်။

ကုဟွားသည် သူမ လက်အစုံကို ဆုပ်ကိုင်ထားရင်း တုန်ယင်လာမိသည်။ သူမ အစ်မမှာ မိခင်အတုကဲ့သို့ပင် ရက်စက်လွန်းလှပေသည်။ သူတို့မှာ တကယ့်ကို သားအမိတွေ ဖြစ်သင့်ပေသည်။

ကုဟွားသည် လက်ဖက်ရည်လင်ဗန်းကို ယူရန် သွားလိုက်သော်လည်း ယန်ကျစ်က လင်ဗန်းကို တင်းကျပ်စွာ ဆုပ်ကိုင်ထားရင်း လှောင်ပြုံး ပြုံးလိုက်သည်။

“ဒါက အရှင်မင်းကြီးဆီ ဆက်သစာရင်းဝင် ပစ္စည်းပဲ။ အဝေးကြီး လမ်းလျှောက်သွားရမှာကို လက်ဖက်ရည်သာ ဖိတ်စင်သွားရင် နင် လျော်နိုင်မှာမို့လို့လား”

ကုဟွားသည် သူမ၏ နှုတ်ခမ်းကို တင်းတင်းစေ့လိုက်မိသည်။

အခြားရွေးချယ်စရာ မရှိတော့သဖြင့် ဆူပွက်နေသော ငွေအိုးကိုသာ တိုက်ရိုက်မကာ ယူလိုက်ရတော့သည်။

အလွန်ပင် ပူလွန်းလှသဖြင့် သူမ လက်အစုံမှာ တုန်ယင်နေခဲ့သော်လည်း လွှတ်ချလိုက်ဖို့ရန်အတွက်မူ သူမ မဝံ့ရဲခဲ့ပေ။

All Chapters