← Chapters

အခန်း ၄

Vol. 1 Ch. 4

အခန်း ၄

Vol. 1 Ch. 4

အခန်း(၄)

ကျင်းရှို့ဆောင်မှ မြို့စားကြီးယုံ နေထိုင်ရာ ဝမ်ဟန်ရှုအိမ်တော်သို့ ရောက်ရှိရန် မိနစ် (၃၀) ခန့် လမ်းလျှောက်ရသည်။

လမ်းတစ်လျှောက်လုံးတွင် ကုဟွား၏ လက်ဖဝါးများမှာ အပူလောင်၍ နီရဲနေတော့သည်။ ငွေအိုးကို ကိုင်ထားသော လက်ချောင်းထိပ်လေးများပင် နီရဲရောင်ကိုင်းပြီး အရည်ကြည်ဖုများ ထနေပြီဖြစ်ရာ သူမ လက်ဖဝါးများ မည်မျှအထိ အပူလောင်နေမည်ကို ခန့်မှန်းကြည့်နိုင်ပေသည်။

ကုဟွားသည် နှုတ်ခမ်းကို တင်းတင်းစေ့ထားကာ လက်ဖက်ရည်အိုးကို မြဲမြဲဆုပ်ကိုင်ထားရင်း ထိုနေရာသို့ အမြန်ဆုံး ရောက်ရှိရန်သာ ဆုတောင်းနေမိတော့သည်။

ဤလက်ဖက်ရည်အိုးမှာ ဧကရာဇ်မင်းမြတ်၏ ဆုလာဘ်တော်ဖြစ်ပြီး လက်ဖက်ခြောက်မှာလည်း ဆက်သစာရင်းဝင် ပစ္စည်းဖြစ်သည်။ တစ်စုံတစ်ရာ မှားယွင်းသွားပါက သူမ၏ အသက်နှင့်လဲလျှင်ပင် လျော်ပေးနိုင်မည်မဟုတ်ပေ။

ကုဝမ်ရုသည် ကုဟွား၏ ဖြူလျော်နေသော မျက်နှာကို ကြည့်ကာ ပို၍ပင် နူးညံ့စွာပြုံးလိုက်ပြီး လမ်းကို ဖြည်းဖြည်းသက်သာ လျှောက်နေတော့သည်။

“ညီမလေး... ပင်ပန်းသွားရပြီ။ငါ နင့်အတွက် ဝတ်စုံသစ်တစ်စုံ ပြင်ဆင်ပေးထားတယ်။ ဒီည ပေးမယ်နော်”

ကုဟွား၏ အသံမှာ တုန်ယင်နေသည်။

“ကျေးဇူးတင်ပါတယ် သခင်မလေး”

သူမအား ဤအိမ်တော်သို့ မပို့မီကပင် ကိုယ်လုပ်တော်ပိုင်က သူမ နားရွက်ကိုဆွဲကာ မှာကြားခဲ့ဖူးသည်။ ယခုမှစ၍ သူမသည် အစ်မဖြစ်သူ၏ အစေခံဖြစ်သဖြင့် အဆင့်အတန်း ကွာခြားမှုကို သိရှိရမည်ဖြစ်ပြီး လူပုံအလယ်တွင် “အစ်မ” ဟု ခေါ်ဆိုခွင့် မရှိတော့ကြောင်းပင် ဖြစ်သည်။

ကုဟွား၏ နာခံမှုကို ကြည့်ပြီး ကုဝမ်ရု အလွန်ပင် စိတ်ကျေနပ်နေမိသည်။

“ကုဟွား... မစိုးရိမ်ပါနဲ့။ နင်က ရုပ်ရည်လှလှပပလေးနဲ့ မွေးဖွားလာတာဆိုတော့ ကံကောင်းမဲ့သူပဲ။ ခဏနေ ဝမ်ဟန်ရှုအိမ်တော်ရဲ့ တံခါးဝရောက်ရင် နင် ပြန်လို့ရပြီ”

“ဟုတ်ကဲ့ပါ”

‘ကံကောင်းတယ် ဟုတ်လား’

‘ငါ့ဘဝအမှန်ကို ခိုးယူပြီး သေတွင်းထဲထိ တွန်းပို့ခဲ့ရတာကို ကံကောင်းတယ်လို့ ဆိုလိုတာလား’

သူမသည် မြို့စားကြီးယုံ၏ ရှေ့တွင် မျက်နှာပြခွင့်ရရန်အတွက် သူမ လက်ကိုပင် အပူလောင်ခံပြီး လိုက်လာခဲ့ခြင်း ဖြစ်သည်။ သူမ အသာတကြည် ပြန်လိမ့်မည်ဟု ကုဝမ်ရုက တကယ်ပဲ ထင်နေလော။

‘စိတ်မရှိပါနဲ့ အစ်မရယ်။ အစ်မရဲ့ စိတ်တိုင်းကျဖြစ်အောင် ကျွန်မ ခွင့်မပြုနိုင်တော့ဘူး’

နာကျင်မှုကြောင့် ကုဟွား၏ နဖူးပြင်တွင် ချွေးစက်လေးများ ထွက်နေသည်ကို မြင်သောအခါ ယန်ကျစ် ဒေါသတကြီးဖြင့် တံတွေးထွေးကာ ပြောဆိုလာတော့သည်။

“သခင်မလေးက လက်ဖက်ရည်အိုးလေး တစ်အိုးကိုင်ခိုင်းတာကို ဘာလို့ ဒီလောက်တောင် နုနယ်ပြနေရတာလဲ။ သခင်မလေးသာ သဘောကောင်းမနေရင် နင့်လို မြေခွေးမမျိုးကို ရေကန်ထဲပစ်ချပြီး ရေနှစ်သတ်လိုက်တာ ကြာလှပြီ။ ဒါမှ နင် ဘယ်နေရာမှာမှ ပြဿနာလိုက်မရှာနိုင်တော့မှာ”

ကုဟွား တစ်ခွန်းမျှ ပြန်မပြောခဲ့ပေ။ သူမသည် လမ်းလျှောက်နေရင်း ခြေချော်မလဲစေရန် မြေပြင်ကိုသာ စိုက်ကြည့်နေမိသည်။

ဧကရာဇ်၏ဆုလာဘ် လက်ဖက်ရည်အိုးနှင့် ဆက်သစာရင်းဝင် လက်ဖက်ရည်။ အကယ်၍များ တစ်ခုခု ပျက်စီးသွားပါက သူမ အစ်မသည် သူမအား အရက်စက်ဆုံး နည်းလမ်းများဖြင့် အပြစ်ပေးရန် အကြောင်းပြချက် ရသွားပေလိမ့်မည်။

မြို့စားကြီးယုံ၏ သဘောထားကလည်း မရေရာသေးပေ။

တကယ်လို့ သူက သူမကို အလိုမရှိရင်ကော။

သူမသည် အသုံးဝင်နေသေးသည့်အတွက် အစ်မဖြစ်သူသည် လူမြင်ကွင်းတွင် သူမကိုယ်တိုင်မျက်နှာပျက်ရမည့် အလုပ်မျိုး လုပ်မည်မဟုတ်ပေ။

သို့သော် အဝတ်အစားအောက်မှ နုနယ်သော အသားအရေများကို လိမ်ဆွဲခြင်း သို့မဟုတ် လက်သည်းခွံအောက်သို့ အပ်များဖြင့် ထိုးစိုက်ခြင်းမျိုးမှာမူ သေရသည်ထက်ပင် ပို၍ ခံရခက်လှပေသည်။

ကုဟွားက သူမအား လျစ်လျူရှုထားသည်ကို မြင်သောအခါ ယန်ကျစ်၏ ဒေါသမှာ ပို၍ပင် ကြီးထွားလာပြီး ကုဟွား၏ ဦးခေါင်းနောက်စေ့ကို လက်ဝါးဖြင့် ရိုက်ချလိုက်တော့သည်။

“နင်က ဘာတွေ ဟန်ဆောင်နေတာလဲ... အား”

“အား”

အော်ဟစ်သံ နှစ်သံနှင့်အတူ ကုဟွား၏ တစ်ကိုယ်လုံး ရှေ့သို့ လဲကျသွားတော့သည်။

ထိုအချိန်မှာပင် လက်ဖက်ရည်အိုးသည် သူမ၏ လက်ထဲမှ လွင့်ထွက်သွားပြီး ရှေ့မှ လျှောက်နေသော ကုဝမ်ရုကို ထိမှန်တော့မည့်အလား ဖြစ်သွားခဲ့သည်။

ကုဟွားသည် လက်ကို ဆန့်တန်းကာ ကုဝမ်ရုကို ဖက်ထားလိုက်ပြီး နှစ်ဦးသား မြေပြင်ပေါ်သို့ အတူတူ လဲကျသွားကြသည်။

ယန်ကျစ်၏ ကြောက်မက်ဖွယ်ရာ အော်ဟစ်သံများမှာ နားထဲတွင် ပဲ့တင်ထပ်သွားသည်။

ကျင်းခွေ့သည်လည်း ထိတ်လန့်တကြား အော်ဟစ်လာတော့သည်။

ကုဟွားက ကုဝမ်ရုကို ထူပေးလိုက်သည်။ သူမတို့နှစ်ဦး လှည့်ကြည့်လိုက်သည့်အခါတွင်မူ အံ့အားသင့်သွားရတော့သည်။

ယန်ကျစ်၏ ဝတ်စုံရှေ့မှ အငွေ့များ ထွက်နေပြီး သူမ၏ လည်ပင်းနှင့် လက်ဖဝါးများမှာ နီရဲကာ အပူလောင်နေသည်။

သူမသည် နာကျင်လွန်းသဖြင့် ဖားတစ်ကောင်ကဲ့သို့ ဟိုခုန်ဒီခုန်ဖြင့် အော်ဟစ်နေရှာသည်။

ကျင်းခွေ့သည် သူမအား မထိရဲဘဲ ဘာလုပ်ရမှန်းမသိ ဖြစ်နေသည်။

ကုဝမ်ရုသည် ကုဟွားကို မသင်္ကာသော မျက်လုံးများဖြင့် ကြည့်လာခဲ့ည်။

ကုဟွားမှာမူ အလွန်အမင်း ထိတ်လန့်နေပြီး မျက်ရည်များပင် ဝဲနေခဲ့သည်။

“သခင်မလေး... ဒါ ဒီအစေခံရဲ့ အပြစ်ပါ။ အစ်မယန်ကျစ်က ကျွန်မရဲ့ ခေါင်းကို ရိုက်လိုက်တော့ လန့်သွားပြီး ဟန်ချက်ပျက်သွားတာပါ။ ငွေအိုးက ရှေ့ကို လွင့်ထွက်သွားတာကို မြင်လိုက်တော့ သခင်မလေး အပူလောင်သွားမှာစိုးလို့ သခင်မလေးကို ကယ်တင်ဖို့ပဲ စိတ်ထဲရှိနေခဲ့တာပါ”

ကုဝမ်ရုက သူမကို ယုံကြည်သွားသည်။

ငွေအိုးကို ရှောင်လွှဲနိုင်ရန် ကုဟွား သူမကို တွန်းလှဲလိုက်ခြင်းမှာ သဘာဝကျပေသည်။ ယန်ကျစ်မှာမူ အနားတွင် ကပ်ရပ်နေသဖြင့် ငွေအိုးနှင့် အရှိန်ပြင်းစွာ ထိမှန်သွားခြင်း ဖြစ်ပေလိမ့်မည်။

ကျင်းခွေ့က ကုဟွားကို တစ်ချက် လှမ်းကြည့်လိုက်သည်။

ကုဟွားသည် သခင်မလေးဘက်သို့ လဲကျသွားသည့် အခိုက်အတန့်တွင် လွင့်ထွက်လာသော ငွေအိုးကို ယန်ကျစ်ဘက်သို့ လက်ဖြင့် အသာအယာ ပုတ်ထုတ်လိုက်သည်ကို သူမ အထင်အရှား မြင်လိုက်ရသည်။

ငွေအိုးသည် လမ်းကြောင်းပြောင်းသွားကာ အနားတွင်ရှိသော ယန်ကျစ်ကို တိုက်ရိုက် ထိမှန်သွားခဲ့ခြင်း ဖြစ်သည်။

ကျင်းခွေ့၏ မျက်လုံးများမှာ ကုဟွား၏ နီရဲရောင်ကိုင်းကာ အရည်ကြည်ဖုများ ထနေသော လက်များပေါ်သို့ ရောက်ရှိသွားသည်။ သူမ ဘာမျှမပြောခဲ့ပေ။ သူမ ခေါင်းကိုငုံ့ထားလိုက်ကာ ကုဝမ်ရု၏ ဝတ်စုံပေါ်မှ မြက်ပင်နှင့် ဖုန်မှုန့်များကိုသာ ဖယ်ရှားပေးလိုက်တော့သည်။

ကုဟွားသည် ဝမ်ဟန်ရွှမ်အိမ်တော်ဘက်သို့ စိုးရိမ်တကြီး မော့ကြည့်ကာ ပြောလိုက်သည်။

“သခင်မလေး... ကျွန်မတို့ ဝမ်ဟန်ရွှမ်ကို ရောက်တော့မယ်။ အဲဒီကလူတွေက ကျွန်မတို့ရဲ့ ပုံပျက်ပန်းပျက်နဲ့ မယဉ်ကျေးတဲ့ အပြုအမူတွေကိုသာ မြင်သွားခဲ့ရင် မကောင်းသတင်းတွေ ပျံ့ကုန်မှာ စိုးရပါတယ်”

ကုဝမ်ရုသည် ထိုစကားအား တကယ်ကိုသဘောတူမိသည်။

ခင်ပွန်းဖြစ်သူ၏ အရေးကြီးသော ကိစ္စရပ်များကို သူမကြောင့် မထိခိုက်စေလိုပေ။

ကုဝမ်ရုသည် ငြိမ်သက်နေသော ကျင်းခွေ့ကို တစ်ချက်ကြည့်ပြီးနောက် ယုန်ဖြူလေးတစ်ကောင်ကဲ့သို့ လိမ္မာပြနေသော ကုဟွားကို ကြည့်လိုက်ပြီး အမိန့်ပေးလိုက်သည်။

“ကျင်းခွေ့... ယန်ကျစ်ကို ဆေးထည့်ပေးဖို့ ပြန်ခေါ်သွားလိုက်တော့”

ပြီးနောက် ကုဝမ်ရုက ကုဟွားကို ကြည့်ကာ ပြောလိုက်သည်။

“နင် ငါနဲ့အတူ ယောက္ခထီးဆီ လိုက်ခဲ့ပြီး လက်ဖက်ရည် ဆက်သရမယ်”

“ဟုတ်ကဲ့ပါ”

ကုဝမ်ရုသည် သူမ၏ ခင်ပွန်းဖြစ်သူ ပြောပြဖူးသည်ကို မှတ်မိနေသည်။ ယောက္ခထီးဖြစ်သူ မြို့စားကြီး၏ ပထမဆုံးဇနီးသည်မှာ စောစောစီးစီး ကွယ်လွန်သွားခဲ့ပြီး သူက သူမကို အလွန်ပင် ချစ်မြတ်နိုးခဲ့သည်။

နောက်ထပ် အကြောင်းပြချက်တစ်ခုမှာ ယခင်က ဆရာတော်ကြီးတစ်ပါးသည် မြို့စားကြီး၏ ကံကြမ္မာကို တွက်ချက်ပေးဖူးခြင်းကြောင့် ဖြစ်သည်။သူ့ထံတွင် သတ်ဖြတ်လိုသည့် စိတ်ဆန္ဒများမှာ အလွန်ပြင်းထန်ပြီး ဇနီးသည်များအပေါ် အမင်္ဂလာဖြစ်စေမည့် ကျိန်စာပါလာပါသည်ဟု မိန့်ခဲ့သည်။

ထို့အပြင် သူသည် နယ်စပ်တစ်လျှောက် စစ်ပွဲများတွင် စစ်သည်တော်များကို အချိန်ကြာမြင့်စွာ ဦးဆောင်ခဲ့ရသူလည်း ဖြစ်သည်။

ထိုအချက်များကြောင့်ပင် သူသည် ဒုတိယမြောက် ဇနီးကို ထပ်မံလက်ထပ်ရန် ဘယ်တော့မှ အစီအစဥ်မရှိခဲ့ပေ။

သူမ၏ ခင်ပွန်းမှာမူ မြို့စားကြီး၏ လက်အောက်ခံ စစ်သူကြီးတစ်ဦး၏ သားဖြစ်သည်။ ထိုစစ်သူကြီးမှာ မြို့စားကြီး၏ အသက်ကို ကယ်တင်ရင်း စစ်ပွဲတွင် ကျဆုံးသွားခဲ့သဖြင့် မြို့စားကြီးက သူမ ခင်ပွန်းကို မွေးစားသားအဖြစ် ခေါ်ယူကာ သားအရင်းပမာ အခွင့်အရေးများ ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

သူမ၏ခင်ပွန်းမှာ မြို့စားကြီး၏ ဂုဏ်ဒြပ်နှင့် ရာထူးမှာ သူ့ထံသို့သာ သေချာပေါက် ရောက်ရှိလာမည်ဟု ယုံကြည်နေသူဖြစ်သည်။ ထို့ကြောင့်ပင် သူ့ဖခင် စစ်ပွဲမှ အောင်ပွဲခံ၍ ပြန်ရောက်လာသည့်အခါတွင် ဖခင်ထံသို့ သွားရောက်ကာ ပိုမိုရိုသေပြရန် သူမကို တိုက်တွန်းခဲ့သည်။ ဤသို့ပြုလုပ်မှသာ ဖခင်ဖြစ်သူက ဧကရာဇ်မင်းမြတ်ထံ လျှောက်ထားပြီး သူ့ကို အမွေဆက်ခံသူအဖြစ် အမြန်ဆုံး အသိအမှတ်ပြုပေးမည်ဟု သူက ယူဆထား၏။

ကုဝမ်ရုသည် ကုဟွားက သူမ၏ အပူလောင်ထားသော လက်များကို အခြားသူများ မမြင်စေရန် အင်္ကျီလက်ထဲတွင် ဝှက်ထားသည်ကို မြင်လိုက်ရသည်။

သူမက တော်တော်လေး အလိုက်သိပြီး နာခံမှုရှိလှပေသည်။

“နာနေသေးလား”

ကုဝမ်ရုက ကြင်နာဟန်ဖြင့် မေးလိုက်သည်။

“ကျွန်မ အဆင်ပြေပါတယ်”

ကုဟွားက ထိတ်လန့်တကြား ပြန်ဖြေလိုက်၏။

သူမ၏ နာခံလွန်းလှသော ပုံစံကို မြင်ရသည့်အခါ ကုဝမ်ရုမှာ အလွန်ပင် စိတ်ကျေနပ်သွားတော့သည်။

သူမသည် လမ်းလျှောက်ရင်း ပြုံးလျက်ပင် ပြောလာခဲ့သည်။

“ယန်ကျစ်က ငယ်ငယ်တည်းက ငါ့အနားမှာ အတူတူ နေခဲ့တာဆိုတော့ ငါတို့ကြားမှာ သံယောဇဉ်က ကြီးမားတယ်လေ။ ဒါပေမဲ့ သူကလည်း စေတနာနဲ့ လုပ်တာပါ။ အဖေ့ဆီ လက်ဖက်ရည် ဆက်သတဲ့အခါ တစ်ခုခု မှားယွင်းသွားမှာကို စိုးရိမ်လို့လေ။ ငါတို့ထဲက တစ်ယောက်ယောက် ကံကောင်းရင် အားလုံး ကံကောင်းကြမှာပဲ၊ တစ်ယောက်ယောက် ဘဝပျက်ရင်လည်း အားလုံး ဘဝပျက်ကြရမှာပဲလေ။ သူ့ကို အပြစ်မမြင်ပါနဲ့”

ကုဟွားက တိုးညင်းစွာ ပြန်လည်ဖြေကြားလိုက်သည်။

“အစ်မယန်ကျစ်ဆီကနေ သွန်သင်ပြသပေးခြင်းခံရတာကိုက ဒီအစေခံအတွက် ကံကောင်းခြင်းတစ်မျိုးပါပဲ။ လူတွေကို ဘယ်လို ပြုစုလုပ်ကျွေးရမလဲဆိုတာကို ဒီအစေခံက အစ်မယန်ကျစ်ဆီကနေ အများကြီး သင်ယူရဦးမှာပါ”

ကုဟွားသည် မိမိကိုယ်ကိုယ် “ဒီအစေခံ” ဟုသာ အမြဲသုံးနှုန်းနေပြီး ယခင်ကထက်ပင် ပိုမိုနှိမ့်ချပြနေသည်ကို ကုဝမ်ရု သတိပြုမိလိုက်သည်။ ဤအရာမှာ တစ်မျိုးတစ်ဖုံ ထူးဆန်းနေသကဲ့သို့ ခံစားရသော်လည်း အဘယ်ကြောင့်ဆိုသည်ကိုမူ သူမ ရှင်းမပြတတ်ပေ။

သို့သော်လည်း ဘာမှားနေသလဲဆိုသည်ကို သူမ ဆက်မတွေးတော့ပေ။ မည်သို့ပင်ဖြစ်စေ ကုဟွား၏ အလိုအလျောက် နှိမ့်ချနေတတ်သော အကျင့်စရိုက်ကိုမူ သူမ ရိုးအီနေပြီဖြစ်သည်။

ယခင် မှူးမတ်အိမ်တော်တွင် နေခဲ့စဥ်အခါကပင် ကုဟွားသည် သူမကို မြင်သည့်အခါတိုင်း အစေခံတစ်ဦးပမာ ရိုသေစွာ ပြောဆိုလေ့ရှိသည်။ ထိုကဲ့သို့ အဆင့်အတန်းမရှိသော အပြုအမူများကြောင့်ပင် မိသားစုအတွင်းရှိ အခြားသော ကိုယ်လုပ်တော်ဖွားသမီးများက သူမကို အထင်အမြင်သေးကာ အဆင့်မရှိသူဟု ကွယ်ရာတွင် ဆဲရေးကြခြင်း ဖြစ်သည်။

တစ်ခါတစ်ရံတွင် သူမ၏ မိခင်ဖြစ်သူပင် ထိုအချက်ကို သည်းမခံနိုင်တော့ချေ။ ဤတရားမဝင်သမီးမှာ ရုပ်ရည် အလွန်လှပသော်လည်း သူမ၏ မိခင်ဖြစ်သူ ကိုယ်လုပ်တော်ကဲ့သို့ပင် အစေခံတစ်ဦးပမာ ပြုမူနေသဖြင့် အရေးကြီးသော အခမ်းအနားများနှင့် မထိုက်တန်ဟု ဆိုခဲ့ဖူးသည်။

ကုဝမ်ရုသည် အပြစ်တင်ဟန်ဖြင့်‌ ပြော၏။

“နင်က ငါ့ရဲ့ သွေးတစ်ဝက်စပ်တဲ့ ညီမဖြစ်သလို မြို့စားကြီးရဲ့ တရားဝင်သားနဲ့လည်း ခယ်မ တော်စပ်တာပဲ။ ကိုယ့်ကိုယ်ကိုယ် အစေခံတစ်ယောက်လို အမြဲ ပြောနေစရာ မလိုပါဘူး။ မြို့စားကြီး အိမ်တော်ကလူတွေ ကြားသွားရင် ငါက နင့်ကို တမင်နှိပ်စက်နေတယ်လို့ ထင်ကုန်ကြလိမ့်မယ်”

All Chapters