← Chapters

အခန်း ၅

Vol. 1 Ch. 5

အခန်း ၅

Vol. 1 Ch. 5

အခန်း(၅)

ကုဝမ်ရုသည် နူးညံ့ပြီး မွန်မြတ်သော အမျိုးသမီးတစ်ဦး၏ ပုံရိပ်ကို အမြဲတမ်း ထိန်းသိမ်းထားလေ့ရှိသည်။

ကုဟွားကလည်း လိုက်လျောညီထွေစွာ ပြောသည်။

“အစ်မက ဒီအစေခံအပေါ် အမြဲ ဂရုစိုက်ပါတယ်။ ကိုယ်လုပ်တော်ပိုင်ကလည်း ဒီအစေခံ ကောင်းစားဖို့အတွက် ရည်ရွယ်တာပါ။ ဒီအစေခံက တရားမဝင်သမီး တစ်ယောက်ပဲလေ။ အခုလို မြို့စားကြီး အိမ်တော်မှာ အစ်မကို အလုပ်အကျွေးပြုခွင့်ရတာကတင် ဒီအစေခံအတွက်တော့ ဆုလာဘ်တစ်ခုပါပဲ။ ဒါ့အပြင် ဒီအစေခံက အစေခံစာချုပ်မှာလည်း လက်မှတ်ထိုးထားပြီးသားဆိုတော့ အစေခံတစ်ယောက်လို ပြောဆိုတာက သဘာဝကျပါတယ်”

ဤစကားကို ပြောလိုက်ရသည့်အခါ ကုဟွား၏ ရင်ထဲတွင် နာကျင်သွားရသည်။

အစေခံစာချုပ်မှာ ကိုယ်လုပ်တော်ပိုင်က သူမအား အတင်းအကျပ် လက်မှတ်ထိုးခိုင်းခဲ့ခြင်း ဖြစ်သည်။ ထိုစာချုပ်ရှိမှသာ အစ်မဖြစ်သူက သူမကို ယုံကြည်စိတ်ချစွာ အသုံးချရဲမည်ဟု ကိုယ်လုပ်တော်ပိုင်က အကြောင်းပြခဲ့သည်။

အစေခံစာချုပ်မှာ ကုဝမ်ရု၏ လက်ထဲတွင် မြဲမြံစွာ ရှိနေပေသည်။

အတိတ်ဘဝတွင် သူမသည် ဤခါးသီးလှသော ကံကြမ္မာမှ မလွတ်မြောက်နိုင်ခဲ့ပေ။

သူမ၏ မိခင်အရင်းမှာ သူမ ရှိနေမှန်းပင် မသိခဲ့ရှာပေ။ ကိုယ်လုပ်တော်ပိုင်၊ သူမနှင့် တစ်ရက်တည်း မွေးဖွားခဲ့သော အစ်မဖြစ်သူတို့က သူမကို အမြဲ နှိပ်ကွပ်ခဲ့ကြသည်။ လူယုတ်မာ ဖခင်ဖြစ်သူမှာလည်း သူမကို တစ်ခါလေးမျှပင် မျက်လုံးထဲ မထည့်ခဲ့ဖူးပေ။

ထိုအခြေအနေမှာ သူမအနေဖြင့် ကောင်းကင်နှင့် မြေကြီးကို တိုင်တည်ငိုကြွေးနေသော်လည်း ပြန်ဖြေမည့်လူတစ်ဦးမျှ မရှိသည့် အခြေအနေမျိုး ဖြစ်ခဲ့သည်။

ကုဝမ်ရုသည် ကျေနပ်အားရစွာ ပြုံးလိုက်သည်။

“တကယ်တော့ ငါ နင့်ကို သနားမိတယ်။ ကိုယ်လုပ်တော်ပိုင်က နင့်ကို အိမ်တော်ကို ပို့မယ်လို့ ပြောတုန်းက ငါတောင် သူ့ကို ပြန်ငြင်းခဲ့သေးတာ။ ငါက တရားဝင်ဇနီး ဖြစ်နေမှတော့ သခင်လေးက နင့်ကို သဘောကျပြီး ကိုယ်လုပ်တော်အဖြစ် သိမ်းပိုက်လိုက်ရင် နင် ထာဝရ အစေခံ ဖြစ်မသွားဘူးလား။ ဒါက မီးတွင်းထဲ တွန်းပို့လိုက်တာနဲ့ အတူတူပဲလေ”

ကုဟွားသည် လမ်းလျှောက်နေသည်ကို ရပ်လိုက်ပြီး ထိတ်လန့်ကာ အားကိုးမဲ့နေသော ပုံစံလေးဖြင့် ပြောလိုက်သည်။

“အ..အစ်မ... ကျွန်မက အစ်မကိုပဲ တစ်သက်လုံး အလုပ်အကျွေးပြုသွားချင်တာပါ။ အဲဒါဆိုရင်ပဲ ကျွန်မ ကျေနပ်ပါပြီ။ ခဲအိုက ချောမောပေမဲ့ သူ့အပေါ်မှာ ဘာစိတ်ကူးမှ ကျွန်မ မရှိရဲပါဘူး”

ဤစကားကို ကြားလိုက်ရသည့်အခါ ကုဝမ်ရုမှာ စိတ်ချသွားပြီး အလွန်ပင် နေသာထိုင်သာ ရှိသွားတော့သည်။

ကုဝမ်ရုက လက်လှမ်းပြီး သူမ လက်မောင်းကို ကိုင်လိုက်သည်။

“ညီမလေးရယ်... ငါက နင့်ကို ဘယ်လိုလုပ် နစ်နာအောင် လုပ်ရက်မှာလဲ။ ကိုယ်လုပ်တော်ပိုင်က နင့်ကို မြို့စားကြီး အိမ်တော်ကို ပို့လိုက်ပြီဆိုမှတော့ ငါ နင့်အတွက် ကောင်းမွန်တဲ့ အနာဂတ်တစ်ခုကို သေချာပေါက် စီစဉ်ပေးရမှာပေါ့”

ထိုအချိန်မှာပင် သူတို့နှစ်ဦးမှာ ညီအစ်မအရင်းများအလား ပထမဆုံးအကြိမ်အဖြစ် နွေးထွေးစွာ စကားလက်ဆုံ ကျခဲ့ကြသည်။ သူတို့ လမ်းလျှောက်လာရင်း နောက်ဆုံးတွင် မြို့စားကြီးယုံ နေထိုင်ရာ ဝမ်ဟန်ရွှမ်အိမ်တော်သို့ ရောက်ရှိလာခဲ့သည်။

တံခါးဝတွင် အစောင့်အကြပ်များစွာ အဝင်အထွက် ရှိနေကြသည်။

ကုဝမ်ရုနှင့် ကုဟွားတို့ တံခါးဝသို့ ရောက်ရှိသွားချိန်မှာပင် မြို့စားကြီးအိမ်တော်၏ အိမ်တော်ထိန်းကြီး ကျိုးချွန်းယွီက အစေခံလေးတစ်ဦးကို တိုးညင်းသော အသံဖြင့် မေးမြန်းနေသည်ကို ကြားလိုက်ရသည်။

“လေးနာရီတောင် ရှိသွားပြီ။ အခုထိ ရှာမတွေ့သေးဘူးလား။ ဒါ သေချာပေါက် အိမ်တော်ထဲက အစေခံမတစ်ယောက်ယောက် ခိုးသွားတာပဲ ဖြစ်ရမယ်။ တခြား ဘယ်ရောက်စရာရှိလို့လဲ”

အစေခံလေးမှာ စိုးရိမ်လွန်းသဖြင့် မျက်နှာတွင် ချွေးများ စိုရွှဲနေလျက် ပြန်ပြောလာသည်။

“အိမ်တော်ထိန်းကြီး... ကျွန်တော် အမျိုးသမီး အစေခံချုပ်တွေကို အစေခံမလေးတွေ တစ်ယောက်ချင်းစီကို စစ်ခိုင်းထားပြီးပါပြီ”

ကုဟွား၏ နှလုံးခုန်သံမှာ တစ်ချက်မျှ တုန်ခါသွားသည်။ သူတို့ ရှာနေသည်မှာ မြို့စားမင်းကြီး၏ ညအိပ်ဝတ်စုံလား။

သူမ နားရွက်နောက်လေးများမှာ မရည်ရွယ်ဘဲ ပူထူလာရသည်။

သူမသည် အလိုအလျောက်ပင် အင်္ကျီကော်လာလေးကို အသာအယာ ဆွဲတင်လိုက်မိသည်။

ယနေ့ သူမ ဝတ်ဆင်ထားသည်မှာ မီးခိုးရောင် ကော်လာအမြင့်နှင့် ခပ်ပွပွအင်္ကျီဖြစ်သည်။ ၎င်းက သူမ၏ လည်ပင်းပေါ်မှ ရင်းနှီးကျွမ်းဝင်ခဲ့သည့် အမှတ်အသားများကို တင်းကျပ်စွာ ဖုံးကွယ်ထားပေးသည်။

လူများက သူမ၏ မျက်နှာကို သေချာစိုက်မကြည့်သရွေ့ ထူးခြားမှု တစ်စုံတစ်ရာ ရှိနေသည်ကို သတိပြုမိကြလိမ့်မည် မဟုတ်ပေ။

“အိမ်တော်ထိန်းကြီး... ဘာတွေများ ရှာနေတာလဲဟင်။ ကျွန်မရဲ့ အကူညီများ လိုအပ်သေးလားမသိဘူး”

ကုဝမ်ရုသည် ပြုံးလျက်ပင် ရှေ့သို့ လျှောက်သွားလိုက်ပြီး ကျိုးချွန်းယွီကို ယဉ်ကျေးစွာ ခေါင်းညိတ်နှုတ်ဆက်လိုက်သည်။

မြို့စားကြီးအိမ်တော်၏ စီမံခန့်ခွဲမှု အာဏာအားလုံးမှာ ဤအိမ်တော်ထိန်းကြီး၏ လက်ထဲတွင် ရှိနေသေးသဖြင့် ယခုအချိန်တွင် ကုဝမ်ရုက သူ့အပေါ် အလွန်ပင် ကောင်းမွန်စွာ ဆက်ဆံနေခြင်း ဖြစ်သည်။

ကျိုးချွန်းယွီ ချက်ချင်းပင် ဦးညွှတ်လိုက်သော်လည်း သူမ၏ မေးခွန်းကို တိုက်ရိုက်မဖြေကြားဘဲ ပြန်မေးလိုက်သည်။

“သခင်မလေးက သခင်ကြီးကို ဂါရဝပြုဖို့ လာတာလား။ တိုက်ဆိုင်လိုက်တာဗျာ။ သခင်ကြီးက ဒီမနက် အပြင်ထွက်ဖို့ ပြင်ဆင်ထားခဲ့ပေမဲ့ မမျှော်လင့်ဘဲ ကိစ္စတစ်ခု ပေါ်လာလို့ မထွက်ဖြစ်သေးဘူး”

ကျိုးချွန်းယွီ၏ အနားတွင်ရှိသော ပါးနပ်သည့် အစေခံလေးမှာ သတင်းပို့ရန်အတွက် အထဲသို့ ပြေးဝင်သွားပြီဖြစ်သည်။

ကုဟွားမှာမူ အနည်းငယ် ဝေခွဲမရ ဖြစ်သွားသည်။

အတိတ်ဘဝတုန်းက ကုဝမ်ရုသည် ယနေ့တွင် မြို့စားကြီးယုံနှင့် တွေ့ဆုံခွင့် မရခဲ့ပေ။ ဤဘဝတွင်မူ မည်သည့်အရာကများ သူ့ကို အပြင်မသွားသေးရန် တားဆီးထားသနည်း။ ဧကန္တ သူမ ကြောင့်များလား။

ကုဟွား ပို၍ပင် သတိထားလိုက်မိသည်။ သူမ မျက်လွှာကို အောက်သို့ချကာ ကုဝမ်ရု၏ နောက်မှ ငြိမ်သက်စွာ လိုက်ပါလာသည်။

ကျိုးချွန်းယွီသည် ကုဟွားကို တစ်ချက်ကြည့်လိုက်ပြီး အနံ့ကို အသာအယာ ရှူရှိုက်လိုက်မိရာ သူ၏ မျက်ဝန်းတို့မှာ အနည်းငယ် တုန်လှုပ်သွားရသည်။ သို့သော် ပုံမှန်အတိုင်းပင် ဟန်ဆောင်လျက် ကုဝမ်ရုနှင့်အတူ အထဲသို့ လမ်းလျှောက်ဝင်လာခဲ့သည်။

“မနေ့ညက ဧကရာဇ်မင်းမြတ်က သခင်ကြီးအတွက် ဂုဏ်ပြုစားပွဲ ကျင်းပပေးခဲ့တာဆိုတော့ နောက်ပိုင်းမှာ လူမှုရေးကိစ္စတွေနဲ့ အလုပ်ရှုပ်နေဦးမှာပါ။ အိမ်တော်မှာ အချိန်ပေးနိုင်ဖို့တောင် ခဲယဉ်းပါလိမ့်မယ်”

ကုဝမ်ရုက ပြုံးလျက်ပင် ဆိုလာသည်။

“ဟုတ်ပါတယ်၊ ကျွန်မနဲ့ ခင်ပွန်းကလည်း သားသမီးဝတ္တရားအရ ရိုသေမှု ပြချင်ပေမဲ့ အခွင့်မသာခဲ့ဘူး။ မနေ့ညက ခင်ပွန်းက အဖေ ပြန်ရောက်လာပြီမို့လို့ မနက်စောစော လာရောက် ဂါရဝပြုဖို့ မှာကြားခဲ့တာပါ။ တကယ်တော့ သူ မမှာကြားခဲ့ရင်တောင် ချွေးမတစ်ယောက်အနေနဲ့ လာရောက် ဂါရဝပြုရမှာက ကျွန်မရဲ့ တာဝန်ပဲလေ”

ကျိုးချွန်းယွီကလည်း နွေးထွေးစွာပြုံးကာ ပြောလိုက်သည်။

“ကုမိသားစုဆိုတာက မြင့်မြတ်ပြီး စည်းကမ်းကြီးတဲ့ မိသားစုပဲ။ သခင်မလေး အိမ်ထောင်မကျခင်ကတည်းက ပညာတတ် အမျိုးသမီးတစ်ယောက်အဖြစ် နာမည်ကြီးခဲ့တာပဲလေ။ မယဉ်ကျေးတဲ့ အပြုအမူမျိုး ရှိမှာမဟုတ်ပါဘူး။ မြို့စားကြီးကလည်း အမြဲတမ်း အိမ်တော်ပြင်ပမှာပဲ ရှိနေတာဆိုတော့ ဘယ်သူကများ သခင်မလေးကို အပြစ်တင်နိုင်ပါ့မလဲလေ”

ကုဝမ်ရု ပျော်ရွှင်နေသည့်ဟန်လေးဖြင့် ပြုံးလျက်ပင် ထပ်ပြောလာသည်။

“ကျွန်မက ကံကောင်းတာပါ။ နေ့တိုင်းလာပြီး ဂါရဝပြုစရာ မလိုသလို အိမ်တော်ထိန်းကြီးကျိုးကလည်း အားလုံးကို စီမံပေးထားတာဆိုတော့ ကျွန်မက အပျင်းကြီးနေလို့ ရတာပေါ့”

ကျိုးချွန်းယွီက ခပ်ပါးပါးလေးသာ ပြုံးလိုက်မိသည်။

သူမ၏ ရိုသေမှုက အစစ်လား၊ အတုလား ဆိုသည်ကို မြို့စား အိမ်တော်ရှိ လူအားလုံး သိကြသည်။

သူမက သားသမီးဝတ္တရားအကြောင်းကိုသာ ထပ်တလဲလဲ ပြောနေသော်လည်း ဤအိမ်တော်သို့ ဝင်ရောက်လာကတည်းက သတိမေ့ရောဂါ ခံစားနေရသော ယောက္ခမအဖွားအိုကြီးထံ သွားရောက် ဂါရဝပြုသည့် အကြိမ်ရေမှာ လက်ချိုးရေ၍ပင် ရသည်။

သွားသည့် အခါတိုင်းတွင်လည်း အထဲသို့ ဝင်ရန်ပင် စိတ်မပါဘဲ အပြင်မှ အစေခံများကိုသာ စကားအနည်းငယ် ပြောပြီး ဝယ်လာသော မုန့်များကို ထားခဲ့ကာ ပြန်သွားတတ်သူ ဖြစ်သည်။ ဤသည်ကို ရိုသေမှုဟု ခေါ်ဆိုနိုင်ပါသလော။

မြို့စားကြီးက ထိုကိစ္စများကို ဂရုစိုက်ဖို့ အချိန်မရှိသလို ဂရုလည်း မစိုက်ချင်ခဲ့၍သာ မည်သည်မျှ မပြောခဲ့ခြင်းဖြစ်သည်။

သူတို့ သုံးဦးသည် မြို့စားကြီးယုံ၏ စာကြည့်ဆောင်ကို ဖြတ်ကျော်လာသည့် အခါတွင် ကုဟွား၏ ရင်ခုန်သံမှာ အဆက်မပြတ် မြန်ဆန်လာတော့သည်။

ဤစာကြည့်ဆောင်မှာ မြို့စားကြီး “မုကျွင်းယန်” အိပ်ဆောင်သို့ ပြန်ရာတွင် မဖြစ်မနေ ဖြတ်လျှောက်ရမည့် လမ်းပေါ်တွင် ရှိသည်။

မနေ့ညက ကုဟွားသည် ဤနေရာတွင် မီးအိမ်လေးကို ကိုင်ကာ သူ့ကို စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။

ဆောင်းဦးအစ၏ ညဉ့်နက်ပိုင်းမှာ အလွန်ပင် အေးစက်လှသည်။ သို့သော် သူမသည် ရည်ရွယ်ချက်ရှိရှိဖြင့်ပင် ပါးလွှာသော ဝတ်စုံကို ဝတ်ဆင်ထားခဲ့သည်။ လေတိုက်လိုက်သည့်အချိန်တိုင်းတွင် သူမ၏ တစ်ကိုယ်လုံးမှာ တုန်ယင်နေပြီး ရင်ထဲတွင်လည်း ထိတ်လန့်နေခဲ့ရသည်။

မုကျွင်းယန်သည် ရာထူးကြီးမားပြီး စစ်တပ်ကြီးတစ်ခုလုံးကို အုပ်ချုပ်နေရသူဖြစ်ရာ သူ၏ အရှိန်အဝါမှာ လွန်စွာကြီးမားလှပြီး စိတ်မဆိုးနေသည့် အချိန်တွင်ပင် ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။

ထို့အပြင် မြို့စားကြီးယုံသည် ဇနီးသည်များအပေါ် ကံဆိုးစေမည့်သူဟု မြို့တော်တစ်ခုလုံးတွင် နာမည်ကျော်ကြားလှသည်။

သူသည် ကွယ်လွန်သွားသော ဇနီးသည်ကို အလွန်ချစ်မြတ်နိုးခဲ့သဖြင့် သူမ ကွယ်လွန်ပြီးနောက်ပိုင်းတွင်လည်း အမျိုးသမီးများနှင့် ဝေးရာတွင်သာ နေထိုင်ခဲ့သူ ဖြစ်သည်။

ဝမ်ဟန်ရွှမ်အိမ်တော်တွင် အလုပ်အကျွေးပြုနေသူ အားလုံးမှာ ယောက်ျားလေးများသာ ဖြစ်ကြသည်။ သူသည် ခြင်မတစ်ကောင်ကိုပင် အနားအကပ်မခံခဲ့ပေ။

မည်သည့်အကြောင်းကြောင့်ရယ်မသိသော်လည်း မြို့တော်ရှိ မျိုးရိုးမြင့်သမီးပျိုလေးများမှာမူ သူ့ကို လက်ထပ်နိုင်ရန် နည်းမျိုးစုံဖြင့် ကြိုးစားနေကြဆဲ ဖြစ်သည်။

ပုံမှန်နည်းလမ်းများဖြင့် မအောင်မြင်သည့်အခါတွင်မူ သနားစဖွယ် ဟန်ဆောင်ခြင်း၊ အိပ်ယာထဲသို့ ခိုးဝင်ခြင်း သို့မဟုတ် ဆေးခတ်ခြင်း စသည်ဖြင့် နည်းလမ်းပေါင်းစုံကို အသုံးပြုခဲ့ကြသော်လည်း မည်သူမျှ မအောင်မြင်နိုင်ခဲ့ကြပေ။

အိမ်တော်အတွင်းရှိ ကျင့်ဝတ်မစောင့်ဘဲ သူ၏ အိပ်ယာထဲသို့ တက်ရန် ကြိုးစားခဲ့သော အစေခံမများမှာလည်း ရိုက်နှက်ခံရပြီး ကျွန်ကုန်သည်များထံ ရောင်းစားခြင်း ခံခဲ့ကြရသည်။

တဖြည်းဖြည်းနှင့် မြို့တော်ရှိ အမျိုးသမီးများအားလုံး ထိုအကြံကို လက်လျှော့သွားကြတော့သည်။

All Chapters