← Chapters

အခန်း ၆

Vol. 1 Ch. 6

အခန်း ၆

Vol. 1 Ch. 6

အခန်း(၆)

မနေ့ညက ကုဟွားသည် ထိုအကြောင်းများကို တွေးတောရင်း ပို၍ပင် ထိတ်လန့်ခဲ့ရသည်။ သူမ၏ ခြေလက်များမှာ အားအင်ကုန်ခမ်းနေခဲ့၏။

သူမ လက်လျှော့ပြီး ပြန်လှည့်တော့မည့် အချိန်မှာပင် မြို့စားကြီးယုံ တစ်ယောက်တည်း လမ်းလျှောက်လာသည်ကို မြင်လိုက်ရသည်။

သတ္တိရှိစေရန်အတွက် ကုဟွားသည် မလာခင်က သက်တမ်းရင့် “နွီအာဟုန်း” သေရည်ကို သောက်လာခဲ့သဖြင့် ထိုအချိန်တွင် သူမမှာ တော်တော်လေး မူးဝေနေခဲ့ပြီဖြစ်သည်။

သူမ၏ အသက်ကို ကယ်တင်နိုင်ရန်အတွက် ရင်ထဲမှ အရှက်နှင့် အကြောက်တရားတို့ကို တွန်းလှန်လိုက်သည်။

စိတ်ကိုတင်းကာ မီးအိမ်ကို ကိုင်လျက် ခေါင်းငုံ့ပြီး ထိုသူ၏ရှေ့သို့ လျှောက်လှမ်းသွားခဲ့သည်။

မြို့စားကြီးမှာ စစ်သူကြီးပီပီ သတိရှိလွန်းလှသည်။

သူမ ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် သူက မည်သူနည်းဟု အော်ပြီးမေးလာတော့သည်။

သူမ အဘယ်သို့ စကားပြောဝံ့ပါ့မည်နည်း။

သူမသာ အမျိုးသမီးတစ်ယောက်ဖြစ်ကြောင်း သူသိသွားပါက ချက်ချင်းပင် အပြင်သို့ ကန်ထုတ်ခံရမည်ဖြစ်သည်။

ကုဟွားသည် သွားကိုတင်းတင်းစေ့ကာ ထိုသူ့ထံသို့ အသည်းအသန် ပြေးဝင်သွားလိုက်သည်။

ထူးဆန်းသည်မှာ သူသည် မလှုပ်မယှက်ရပ်နေပြီး သူမကိုသာ စိုက်ကြည့်နေခြင်းပင် ဖြစ်သည်။

ထိုအချိန်တွင် သူမ စိတ်ထဲ၌ စကားပုံတစ်ခု ရုတ်တရက် ပေါ်လာခဲ့သည်။

“ပိုးဖလံမျိုး မီးကိုတိုး”

ကောင်းကင်ယံတွင် လရောင်မှာ တိမ်ဖုံးပြီး ကွယ်ပျောက်နေသည်။ ကုဟွားသည် ညမှောင်ရိပ်ကို အသုံးချကာ ခြေခေါက်သယောင် ဟန်ဆောင်ပြီး ငိုသံသေးသေးလေးဖြင့် သူ့ရင်ခွင်ထဲသို့ အရှိန်ဖြင့် ဝင်တိုက်လိုက်တော့သည်။

ဤနည်းလမ်းမှာ ရိုးရှင်းလှသော်လည်း တိုက်ရိုက်ကျလှသည်။ သူမ သေရမည်ဆိုပါက နောက်ပိုင်းတွင် အရှက်တကွဲဖြစ်ပြီး အသတ်ခံရမည့်အစား ယခုပင် သေလိုက်ရသည်က ပိုကောင်းမည်ဟု ဆုံးဖြတ်ထားခဲ့သည်။

သူမ၏ နုနယ်သော မျက်နှာလေးမှာ ကျောက်တုံးကဲ့သို့ မာကျောလှသော ရင်ဘတ်နှင့် ဆောင့်မိသွားကာ နာကျင်လွန်းလှသဖြင့် အသက်ပင် ရှူရခက်ခဲသွားရသည်။

နာကျင်မှုကို ဂရုမစိုက်ဘဲ သူမ၏ အေးစက်နေသော လက်အစုံဖြင့် သူ့ကို အတင်းဖက်တွယ်လိုက်ပြီး မွှေးပျံ့နေသောကိုယ်လုံးလေးဖြင့် ရင်ခွင်ထဲသို့ တိုးဝင်လိုက်သည်။ တစ်ဖက်တွင်လည်း ထိတ်လန့်နေသည့်ပုံစံလေးဖြင့် အသည်းအသန် ပြန်ထရန် ကြိုးစားနေသည့်ပုံစံမျိုး ဟန်ဆောင်နေခဲ့သည်။

ဘဝနှစ်ခုလုံးတွင် အမျိုးသားတစ်ဦးကို မြှူဆွယ်ရန် ကိုယ်တိုင်ကိုယ်ကျ ကြိုးစားခဲ့ခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်ရာ မကြောက်ဘူးဆိုလျှင် လိမ်ရာကျပေလိမ့်မည်။

သူမသည် မိမိကိုယ်ကိုယ် သတ္တိပေးရန်အတွက် ရှိသမျှ အားအင်အားလုံးကို အသုံးပြုခဲ့ရခြင်း ဖြစ်ပေသည်။

အရက်ရှိန်ကြောင့် ခြေလက်များ အားအင်ချိနဲ့နေသည့်အပြင် အရှက်တရားနှင့် ထိတ်လန့်တုန်လှုပ်မှုတို့ကြောင့် ကုဟွားမှာ တကယ်ပင် ပြန်မထနိုင်တော့ပေ။

ဆယ်စုနှစ်တစ်ခုကျော်ကြာအောင် မည်သည့်အမျိုးသမီးမျှ ဤ “မပြိုလဲနိုင်သော တံတိုင်းကြီး” ဆီသို့ မိမိကိုယ်ကိုယ် ပစ်မဝင်ရဲခဲ့ကြပေ။ မုကျွင်းယန်အနေဖြင့်လည်း အမျိုးသမီးငယ်လေးက သူ့ကို တိုက်ရိုက်ဝင်တိုက်ရဲလောက်အောင်ထိ သတ္တိရှိနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။

သူကိုယ်တိုင်လည်း သေရည်အသောက်များသွား၍လားမသိ ရီဝေနေရာ သူတို့နှစ်ဦး တစ်ဦးကိုတစ်ဦး ဖက်တွယ်လျက် မြေပြင်ပေါ်သို့ လဲကျသွားကြတော့သည်။

မှောင်ရိပ်ထဲတွင် အရိပ်တစ်ခုမှာ အသာအယာ လှုပ်ရှားသွားပြီးနောက် ပြန်ငြိမ်သက်သွား၏။ တိမ်များကြားမှ လပြန်ထွက်လာသည့်အခါတွင် ဖျော့တော့သော လရောင်ပြာပြာလေးမှာ သူတို့အပေါ်သို့ ကျရောက်လာခဲ့သည်။

မုကျွင်းယန်သည် မျက်လုံးကို အသာမှေးလျက် သူ့ရင်ခွင်ထဲမှ မျက်နှာလှလှလေးကို စိုက်ကြည့်နေမိသည်။

မျက်ရည်ဝဲနေသော မျက်ဝန်းအစုံမှာ သူ့ကို အားကိုးတကြီးဖြင့် ကြည့်နေရှာသည်။ သူမ၏ ဆံနွယ်လေးများမှာ အနည်းငယ် ရှုပ်ထွေးနေပြီး ဆံချည်မျှင်လေးတစ်ခုမှာ မျက်တောင်ပေါ်တွင် တင်နေလျက် သူမလှုပ်ရှားလိုက်တိုင်း တုန်ခါနေသည်။ ၎င်းက သူမကို ပို၍ပင် နုနယ်ကာ လှပစွာဝမ်းနည်းနေသည့်ပုံမျိုး ပေါ်သွားစေတော့သည်။

သူသည် ဒေါသတကြီး ရယ်မောလိုက်မိသည်။

မိန်းမငယ်လေးတစ်ယောက်၏ အကွက်ထဲသို့ သူ အမှန်တကယ်ပင် ကျရောက်သွားခဲ့ပြီဖြစ်သည်။

သူမ၏ အလွန်ပင် နူးညံ့လှသော ခါးသိိမ်သိမ်လေးကို သူ့လက်မောင်းဖြင့် သိမ်းဖက်လိုက်ရင်း ထပ်မံမေးမြန်းလိုက်သည်။

“မင်းက ဘယ်သူလဲ”

ထိုမျက်နှာလှလှလေးမှာ ထိတ်လန့်ကာ အကူအညီမဲ့နေလျက် အရှက်နှင့် အကြောက်တရားတို့ဖြင့် ပြည့်နှက်နေသည်။

စိုးရိမ်တကြီးဖြင့် သူမဆီမှ ထွက်လာသော အသံလေးပင် တုန်ယင်နေခဲ့သည်။

“ရှင်... ရှင်က ဘယ်သူလဲ။ ကျွန်မကို အမြန်လွှတ်ပေးပါဦး။ ယောက်ျားနဲ့ မိန်းမဆိုတာ တရင်းတနှီး ထိတွေ့လို့မရဘူးလေ။ တစ်ယောက်ယောက် မြင်သွားရင် မကောင်းပါဘူး”

ကုဟွားသည် ထိုသူ၏မျက်နှာကို တိုက်ရိုက်မကြည့်ရဲသဖြင့် သူမဘာသာ တစ်ယောက်တည်း သရုပ်ဆောင်နေရခြင်း ဖြစ်သည်။

သူမ၏ ဦးခေါင်းထက်မှ အေးစက်သော ကြိမ်းမောင်းသံတစ်ခု ထွက်ပေါ်လာသည်။

“ကောင်မလေး... မင်းက ငါ့ကိုတောင် မြှူဆွယ်ရဲတယ်ပေါ့။ တော်တော်လေး သတ္တိရှိသားပဲ”

သူမ၏ ခဲအိုနှင့် အစ်မတို့၏ နှိပ်စက်မှုကို ခံရမည့်အရေးနှင့် နှိုင်းယှဉ်လိုက်လျှင် မုကျွင်းယန်နှင့် ရင်ဆိုင်ရခြင်းမှာ ထိုမျှလောက် ကြောက်စရာမကောင်းတော့ပေ။

မုကျွင်းယန်က မည်မျှပင် ကြမ်းတမ်းနေပါစေ သူကလည်း ယောက်ျားတစ်ယောက်ပဲ မဟုတ်လားဟု သူမ တွေးမိသည်။

ကုဟွားသည် မတ်တပ်ရပ်ရန်အတွက် ခြေလက်များဖြင့် စမ်းတဝါးဝါး ကြိုးစားနေခဲ့သော်လည်း သူမ၏ ခါးမှာ တင်းကျပ်စွာ ဖက်တွယ်ခံထားရသဖြင့် လုံးဝပင် ထ၍မရနိုင်ပေ။

ရုန်းကန်နေစဉ်မှာပင် သူမ၏ ပါးလွှာသော အင်္ကျီလေးမှာ လျောကျသွားပြီး ဖြူဝင်းသော ပုခုံးနှင့် ရင်ဘတ်အပေါ်ပိုင်း အနည်းငယ်မှာ ပေါ်ထွက်လာတော့သည်။

အရက်ရှိန်ကို အသုံးချကာ သူမသည် ကြောက်လန့်နေဟန် ဆောင်လိုက်သည်။ သေးသွယ်သော ခန္ဓာကိုယ်လေး တုန်ယင်နေခြင်းမှာ ပို၍ပင် ဆွဲဆောင်မှုရှိနေတော့သည်။

အနည်းငယ် ရုန်းကန်တွန်းဖယ်ပြီးနောက်တွင်မူ သူမသည် သူ့ပုခုံးပေါ်သို့ ထမ်းတင်ခြင်းခံလိုက်ရကာ စာကြည့်ဆောင်ထဲသို့ ပါသွားတော့သည်။

စာရေးခုံမှသည် နူးညံ့သောအိပ်ယာထက်အထိ ကုဟွားသည် အစပိုင်းတွင် သူမ တတ်နိုင်သမျှ ကြိုးစားခဲ့သော်လည်း နောက်ဆုံးတွင်မူ အားအင်ကုန်ခမ်းကာ လဲလျောင်းလျက်ပင် သူပြုသမျှ နုရတော့သည်။

ထိုအကြောင်းကို ပြန်တွေးမိသည့်အခါ ကုဟွား၏ မျက်နှာမှာ နီမြန်းလာပြီး နှလုံးခုန်သံများပင် မြန်ဆန်လာရသည်။

ကုဟွားတစ်ယောက် အတွေးများ နယ်ကျွံနေစဉ်မှာပင် သူတို့ သုံးဦးမှာ စာကြည့်ဆောင်ကို ဖြတ်ကျော်လာခဲ့ပြီး မြို့စားကြီးမုကျွင်းယန် အနားယူကာ စာဖတ်လေ့ရှိသည့် “ကွမ်းရှန်း” အဆောင်ရှေ့သို့ ရောက်ရှိလာကြသည်။

သတင်းပို့ရန် ကြိုဝင်သွားခဲ့သော အစေခံလေးမှာ တံခါးဝတွင် ရပ်နေသည်။ သူတို့ ရောက်လာသည်ကို မြင်သောအခါ သူ ရှေ့သို့ လှမ်းလာပြီးနောက် ဦးညွှတ်လိုက်သည်။

“သခင်မလေး... သခင်ကြီးက အထဲကို ဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်”

ကုဟွားသည် ခေါင်းကိုပင် မမော့ရဲခဲ့ပေ။ ကုဝမ်ရု၏ ဖိနပ်ကိုသာ စိုက်ကြည့်ရင်း နောက်မှ ထပ်ကြပ်မကွာ လိုက်ပါသွားခဲ့သည်။

စူးရှသော အကြည့်တစ်ခုက သူမအပေါ်သို့ ကျရောက်လာသည်ကို မမြင်လိုက်မိပေ။

ကုဝမ်ရုသည် ဂါရဝပြုပြီးနောက် သူမ ယောက္ခမထံမှ အေးစက်ပြီး အလှမ်းကွာလှသော လေသံမျိုးဖြင့် ထခိုင်းသည်ကို ကြားလိုက်ရသည်။ သူမ အသာအယာ မော့ကြည့်လိုက်သည့်အခါ ယောက္ခမဖြစ်သူမှာ သူမ နောက်သို့ စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။

ကုဝမ်ရုသည် ခေါင်းကို လှည့်ကြည့်လိုက်သည့်အခါ ကုဟွား၏ ဦးခေါင်းထိပ်ကို မြင်လိုက်ရသဖြင့် ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားရသည်။

သူမသည် ခန္ဓာကိုယ်ကို အသာအယာ ရွှေ့လိုက်ပြီး ယောက္ခထီးဖြစ်သူ၏ မြင်ကွင်းကို လုံးဝ ပိတ်ဆို့လိုက်တော့သည်။

ယောက္ခထီးဖြစ်သူအနေဖြင့် ဤအောက်တန်းစားမလေးကို သဘောကျသွား၍ မဖြစ်ပေ။ ထိုသို့သာ ဖြစ်သွားပါက သူမ ခင်ပွန်းမှာ အလွန်ပင် စိတ်မချမ်းသာ ဖြစ်ရပေလိမ့်မည်။

ကုဝမ်ရုသည် တင့်တယ်စွာ ပြုံးလိုက်သည်။

“အဖေ အိမ်တော်ကို ပြန်လာတာက ရှားပါးလွန်းလှပါတယ်။ ဒီချွေးမဖြစ်သူက အဖေ့အတွက် အစက ဂုဏ်ပြုစားပွဲ ပြင်ဆင်ပေးမလို့ပေမဲ့ ဧကရာဇ်မင်းမြတ်က နန်းတော်ထဲကို အရင်ခေါ်လိုက်လိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ပါဘူး။ သားသမီးဝတ္တရား မကျေပွန်ခဲ့တာကို အပြစ်မယူပါနဲ့ရှင်”

မုကျွင်းယန် သူမကို အေးစက်စွာ တစ်ချက်ကြည့်ရင်း ပြောလိုက်သည်။

“ရပါတယ်”

မုကျွင်းယန်သည် ကုဝမ်ရုအပေါ် အလွန်ပင် စိတ်ပျက်မိသည်။ သူမ ငါးနှစ်သမီး အရွယ်တုန်းက အလွန်ပင် ကြင်နာတတ်သူဖြစ်ကြောင်း သူ မှတ်မိနေသေးသည်။

သူမ အရွယ်ရောက်လာသည့်အခါ မုအန်းနှင့် ခမ်းနားစွာ လက်ထပ်ပေးခဲ့ခြင်းမှာ မြို့စားကြီးအိမ်တော်ကို ကောင်းမွန်စွာ စီမံခန့်ခွဲပြီး သူမ ခင်ပွန်းကို အောင်မြင်အောင် ပံ့ပိုးပေးနိုင်လိမ့်မည်ဟု မျှော်လင့်ခဲ့သောကြောင့် ဖြစ်သည်။

သူမ ကြီးပြင်းလာသည့်အခါ ဤကဲ့သို့ ဖြစ်လာလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

မြို့စားမင်းကြီး အိမ်တော်ကို စီမံဖို့ နေနေသာသာ သူမကိုယ်ပိုင်ခင်ပွန်း၏ အနောက်ဆောင်ကိုပင် ကောင်းကောင်း မစီမံနိုင်ပေ။ ထို့ကြောင့် အိမ်တော် စီမံခန့်ခွဲခွင့်ကို သူမအား ပေးရန် သူ လုံးဝမဝံ့ရဲပေ။ သို့သော် အရာအားလုံးက ဖြစ်ပြီးသား ဖြစ်နေသဖြင့် သူ ဘာမှ မတတ်နိုင်တော့ပေ။

ကုဝမ်ရု စိတ်အားထက်သန်စွာ မေးလာသည်။

“ဒီညမှာ အဖေ အောင်ပွဲခံ ပြန်လာတာကို ဂုဏ်ပြုတဲ့အနေနဲ့ မိသားစုစားပွဲလေး ကျင်းပရင် ဘယ်လို သဘောရလဲ”

သူမသည် စွမ်းဆောင်ရည်ကို ပြသပြီး ယောက္ခထီးကို စိတ်ချမ်းသာအောင် လုပ်ချင်နေခြင်း ဖြစ်သည်။

အိမ်တော်စီမံခန့်ခွဲခွင့်က သူမလက်ထဲသို့ ရောက်မလာသေးပေ။

“အပိုတွေ လုပ်နေစရာ မလိုပါဘူး”

မုကျွင်းယန်က ပယ်ချလိုက်သည်။

ကုဟွားသည် ခေါင်းငုံ့ထားရင်း ထိုသူ့အသံကို နားထောင်နေမိရာ သူမ၏ နားရွက်နောက်လေးများမှာ ထပ်မံ ပူထူလာပြန်သည်။

မနေ့ညက ထိုသူသည် သူမ နားရွက်အနီးတွင် အသက်ပြင်းပြင်း ရှူရှိုက်ရင်း ချိုမြိန်သော စကားအချို့ကို တိုးတိုးလေး ကပ်ပြောခဲ့ဖူးသည်။ ထိုအချိန်က လေသံနှင့် ယနေ့ လေသံမှာ လုံးဝ ကွဲပြားခြားနားလှသော လူနှစ်ယောက်ပမာ ဖြစ်နေသည်။

သူမ စိတ်ထဲတွင် ထိုသူ၏ မျက်နှာကို မှတ်မိနိုင်ရန် ကြိုးစားကြည့်သော်လည်း လူတစ်ဖက်သားကို ထိုးဖောက်မြင်နိုင်သည့် ပြင်းရှသော မျက်ဝန်းတစ်စုံကိုသာ အမှတ်ရမိသည်။ သူမ သက်ပြင်းချလိုက်မိ၏။

ထိုအချိန်က သူမမှာ သေမတတ် ကြောက်နေခဲ့ရသလို သရုပ်ဆောင်ရန်အတွက်ကိုသာ အာရုံစိုက်နေခဲ့ရသည်။ ထိုသူ၏ မျက်နှာကို သူမ ဘယ်လိုလုပ် စိုက်ကြည့်ဝံ့ပါ့မည်နည်း။

“တခြားကိစ္စ မရှိရင် ပြန်လို့ရပြီ”

ကုဟွား ရင်ထဲတွင် ဟာခနဲ ဖြစ်သွားရသည်။

သူက သူမတို့ကို ဒီအတိုင်းပဲ ပြန်ခိုင်းလိုက်တော့မည်လော။

သူမ ဘာလုပ်ရမည်နည်း။ သူမကပဲ အစပြုပြီး မနေ့ညက သူ၏ အိပ်ယာပေါ်သို့ တက်ခဲ့သူမှာ သူမပါဟု ပြောပြလိုက်ရတော့မည်လား။ဒါကြီးကတော့ လုံးဝ မဖြစ်နိုင်တာပဲလေ။

အရက်မူးပြီး ဝမ်ဟန်ရွှမ်အိမ်တော်ထဲကို မတော်တဆ ရောက်လာမိသည့် အစေခံမလေးက အရက်ရှိန်ကြောင့် ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်ဖြစ်ပြီး နောက်ပိုင်းမှာတော့ ထိတ်လန့်တကြား ထွက်ပြေးသွားခဲ့သည်။အကယ်၍ သူမက အခုချက်ချင်း ခုန်ထွက်ပြီး အရှက်မရှိ ဝန်ခံလိုက်လျှင် သခင်ကြီးကို သူမ အကွက်ချခဲ့ခြင်းဖြစ်ကြောင်း ပေါ်သွားပေလိမ့်မည်။

ယောက်ျားတစ်ယောက်ကို မြှူဆွယ်၍ ရနိုင်သော်လည်း လှည့်ကွက်များဖြင့်တော့ မကစားသင့်ပေ။ အထူးသဖြင့် မုကျွင်းယန်ကဲ့သို့ အာဏာကြီးမားပြီး မျက်တောင်တစ်ချက် မခတ်ဘဲ လူသတ်နိုင်သော စစ်နတ်ဘုရားမျိုးကိုဆိုလျှင် ပို၍ပင် သတိထားရမည်ဖြစ်သည်။

ဒါပေမဲ့ ဒီညမှာ သခင်လေးက သူမကို အတင်းအကျပ် သိမ်းပိုက်တော့မှာလေ။

All Chapters