အခန်း ၇
Vol. 1 Ch. 7
အခန်း(၇)
ကုဝမ်ရုသည် ဂါရဝပြုပြီးနောက် ထွက်ခွါရန် ပြင်နေသည်ကို မြင်သောအခါ ကုဟွားသည် စိတ်ကို တင်းလိုက်မိ၏။
သူမသည် ကုဝမ်ရု၏နောက်သို့ အမှီလိုက်ကာ ကုဝမ်ရု တစ်ယောက်တည်းသာ ကြားနိုင်မည့် အသံမျိုးဖြင့် တိုးတိုးလေး ပြောလိုက်သည်။
“အစ်မကိုယ်တိုင် လက်ဖက်ရည် ဆက်သမှသာ မြို့စားကြီးအပေါ် ရိုသေသမှု ရှိတာကို ပြသနိုင်မှာပါ။ မြို့စားကြီးဆီမှာ အမြင်ကောင်းရစေချင်ရင် မပြန်ခင် လက်ဖက်ရည် ဆက်သခဲ့လိုက်ပါလား”
ကုဝမ်ရုသည် အစတည်းက လက်မလျှော့ချင်ခဲ့သော်လည်း မည်သို့ဆက်လုပ်ရမည်ကို မသိဖြစ်နေခဲ့ခြင်း ဖြစ်သည်။
ကုဟွားက သတိပေးလိုက်သောအခါ သူမလည်း သဘောတူလိုက်မိ၏။
ဤသည်မှာ သူမ၏ သားသမီးကျင့်ဝတ် သိတတ်မှုကို ပြသရန်အတွက် အခွင့်ကောင်းပင် ဖြစ်သည်။
ယောက္ခထီးဖြစ်သူနှင့် နောက်တစ်ကြိမ် ပြန်ဆုံမည်မှာ မည်သည့်အချိန်တွင် ဖြစ်နေမည်မှန်း မသိနိုင်ပေ။
ကုဝမ်ရု မျက်နှာပြောင်တိုက်ကာ ကိုယ်ကို ပြန်လှည့်၍ နောက်တစ်ကြိမ် အရိုအသေထပ်ပေးလိုက်သည်။
“အဖေ သမီးရဲ့ ရိုသေမှုကို ပြသတဲ့အနေနဲ့ လက်ဖက်ရည်ဆက်သခွင့်ပြုပါလား။ မဟုတ်ရင် သမီးရဲ့ ခင်ပွန်းသည် ပြန်ရောက်လာတဲ့အချိန်ကျရင် သမီးကို စည်းကမ်းမရှိဘူးဆိုပြီး အပြစ်တင်နေပါလိမ့်မယ်”
ကုဟွား၏ လှုပ်ရှားမှု သေးသေးလေးများအားလုံးမှာ မုကျွင်းယန်၏ မျက်စိအောက်တွင် ရှိနေခဲ့၏။
လိမ္မာသယောင်ဆောင်နေသော မိန်းမငယ်လေးကို ကြည့်ကာ သူ၏ မျက်ဝန်းထဲတွင် အရိပ်အယောင်အချို့ ဖြတ်ပြေးသွားသည်။
သူမသည် မနေ့ညက အလွန်ပင် သတ္တိခဲလေး ဖြစ်နေခဲ့သော်လည်း ယနေ့တွင်မူ သူ့ကို မော့ပင် မကြည့်ဝံ့ပါလေသလော။
“ကောင်းပြီလေ...”
ထိုသူ၏ အသံသည် လေးနက်သော အဓိပ္ပာယ်များ ပါဝင်နေသည့်အလား နက်ရှိုင်းစွာ ထွက်ပေါ်လာသည်။
“လက်ဖက်ရည် ဆက်သဖို့ ယူလာခဲ့စမ်း...”
ကျိုးချွန်းယွီ အစေခံလေးကို အမိန့်ပေးလိုက်၏။
ကုဟွားက ခပ်သွက်သွက်ပင် ဝင်ပြောလိုက်သည်။
“ဒီအစေခံကပဲ လုပ်ပေးပါရစေ...”
သူမသည် ခေါင်းငုံ့ကာ အစေခံလေးဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားလိုက်သည်။
“မောင်ငယ်လေး ငါ့ကို လက်ဖက်ရည်ဖျော်တဲ့ အခန်းဆီ လိုက်ပို့ပေးပါလား...”
ကုဝမ်ရုသည် အလွန်ပင် စိတ်ကျေနပ်သွား၏။ ဤသည်မှာ သူမ၏ အစေခံကို ကောင်းမွန်စွာ လေ့ကျင့်ထားကြောင်း ပြသနေသည် မဟုတ်ပါလား။
သူမသည် အိမ်တော်၏ စီမံခန့်ခွဲခွင့် အလုံးစုံကို ရရှိနိုင်ရမည်ဟု သန္နိဋ္ဌာန် ချမှတ်ထားသည်။
အစေခံလေးသည် ကျိုးချွန်းယွီကို ကြည့်လိုက်ရာ ကျိုးချွန်းယွီ ခေါင်းညိတ်ပြသည်ကို မြင်လိုက်သဖြင့် ပြောလိုက်၏။
“မိန်းကလေး ကျွန်တော့်နောက်ကို လိုက်ခဲ့ပါ”
သူတို့နှစ်ဦးသည် ဘေးကပ်လျက်ရှိ လက်ဖက်ရည်ဖျော်သည့် အခန်းထဲသို့ ရှေ့ဆင့်နောက်ဆင့် ဝင်လာခဲ့ကြသည်။
အစေခံလေးသည် လူမရှိကြောင်း သေချာစေရန် အနောက်သို့ အသာလှည့်ကြည့်ပြီးမှ တိုးတိုးလေး ပြောလိုက်သည်။
“မိနိးကလေးကိုယ်တိုင်လုပ်ဖို့ မလိုပါဘူး။ ကျွန်တော်ပဲ ဖျော်လိုက်ပါ့မယ်။ မိန်းကလေးက အပြင်ကို ယူသွားပေးရုံပါပဲ”
ထိုအစေခံလေးမှာ မြို့စားကြီးယုံ၏ စာကြည့်ခန်းတွင် အလုပ်အကျွေးပြုရသော တုန်းမော့ ဖြစ်သည်။
ကုဟွားသည် မနေ့ညက သခင်ကြီး အိမ်တော်သို့ ပြန်လာမည့် အချိန်အတိအကျကို သိရန် သူ့ထံတွင် ပစ္စည်းတစ်ခုဖြင့် လဲလှယ်ပြီး စုံစမ်းခဲ့ခြင်း ဖြစ်သည်။
သူမ ပေးခဲ့သော အကြောင်းပြချက်မှာ သခင်မလေးသည် သခင်ကြီးအပေါ် ရိုသေမှုပြရန်အတွက် အစားအသောက်များ ပြင်ဆင်ထားပေးချင်သောကြောင့် သခင်ကြီး ပြန်ရောက်မည့်အချိန်ကို သိလိုသည်ဟူ၍ ဖြစ်၏။
“ငါ့ဘာသာပဲ လုပ်ပါရစေ”
ကုဟွား၏ နူးညံ့ချိုသာသော အသံကြောင့် တုန်းမော့၏ နားရွက်များမှာ ပေါက်ထွက်မတတ် နီမြန်းသွားရသည်။
သူမ လက်ကမ်းလာသည်ကို မြင်သောအခါ တုန်းမော့သည် ခပ်သွက်သွက်ပင် ဖယ်ပေးလိုက်သော်လည်း သူမ လက်ဖဝါးများပေါ်တွင် နီရဲဖောင်းကြွနေသော အရည်ကြည်ဖုလေးများကို မြင်လိုက်ရသဖြင့် လန့်ဖြတ်ပြီး အော်လိုက်မိ၏။
“မိန်းကလေးရဲ့ လက်တွေက ဘာဖြစ်တာလဲ...”
ကုဟွား ခပ်မြန်မြန်ပင် အသံတိတ်ရန် အချက်ပြလိုက်သည်။
“မောင်လေးတုန်း မအော်ပါနဲ့။ ငါ ဒဏ်ရာရထားတာကို ဘယ်သူမှ မသိစေနဲ့နော်”
တုန်းမော့သည် အသံကို နှိမ့်ကာ စိုးရိမ်တကြီး ပြောလိုက်၏။
“ဒီလောက်ပြင်းထန်တဲ့ အပူလောင်ဒဏ်ရာတွေကို ဆေးမထည့်ရင် မိန်းကလေးရဲ့ လက်တွေ ပျက်စီးသွားပါလိမ့်မယ်”
ကုဟွား၏ ဗာဒံစေ့ပုံစံ မျက်ဝန်းလေးများသည် အနည်းငယ် နီမြန်းလာသည်။
“ကိစ္စမရှိပါဘူး။ ငါသာ လက်ဖက်ရည် ကောင်းကောင်းမဖျော်နိုင်ရင် အစ်မက ငါ့ကို အပြစ်ပေးလိမ့်မယ်”
တုန်းမော့သည် အံ့သြလွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားရ၏။
“အစ်မဟုတ်လား။ မိန်းကလေးက သခင်မလေးရဲ့ ညီမအရင်းလား။ ဒါဆို ဘာလို့ အစေခံဝတ်စုံ ဝတ်ပြီး ကိုယ့်ကိုယ်ကိုယ် အစေခံလို့ ခေါ်နေရတာလဲ”
ကုဟွားသည် အိမ်တော်သို့ ရောက်သည်မှာ အချိန်အားဖြင့် တစ်လသာ ရှိသေးသည်။
သူမ၏ မူလအဆင့်အတန်းကိုသိသော အိမ်တော်ထိန်းကျိုးမှလွဲ၍ ကျန်လူများမှာ သူမကို သခင်မလေးဘက်မှ ပါလာသော အစေခံအသစ်ဟုသာ ထင်နေကြခြင်း ဖြစ်သည်။
ကုဟွားသည် သူမ၏ လက်များကို လက်ကိုင်ပုဝါ နှစ်ထည်ဖြင့် ပတ်လိုက်၏။
သူမ၏ အသံတွင် ရှိုက်သံအနည်းငယ် ပါနေသည်။
“ငါက ကိုယ်လုပ်တော်က မွေးတာလေ... အိမ်တော်ကို အထိန်းတော်အစေခံ အနေနဲ့ လိုက်လာခဲ့ရတာဆိုတော့ ငါက အစေခံတစ်ယောက်ပဲ မဟုတ်ဘူးလား”
တုန်းမော့သည် လုံးဝပင် မယုံနိုင် ဖြစ်သွားရသည်။
သူမ နာကျင်မှုကို အောင့်အည်းနေသည်ကို မြင်ရသည်မှာ သနားစဖွယ် ကောင်းလွန်းလှသဖြင့် သူ၏ ဒေါသကို မထိန်းနိုင်တော့ပေ။
“ကုနယ်စားအိမ်တော်ဆိုတာ မြင့်မြတ်တဲ့ မိသားစုပဲ။ ကိုယ်လုပ်တော်က မွေးတဲ့ သမီးဆိုရင်တောင် မမလေးတစ်ယောက် သခင်မလေးတစ်ယောက်ပဲလေ။ သူတို့က လူကို ဒီလောက်တောင် ဆိုးဆိုးဝါးဝါး ဆက်ဆံရသလား”
“မောင်လေးတုန်း အဲဒီလို မပြောပါနဲ့... အစ်မသာ ကြားသွားရင် ငါအသက် ပျောက်သွားလိမ့်မယ်”
မိနိးမလှလေးသည် မျက်နှာလေး ဖြူဖျော့သွားသည်အထိ ကြောက်လန့်နေသဖြင့် မည်သူမဆို သနားစိတ်ဝင်မိမည် ဖြစ်၏။
တုန်းမော့၏ စိတ်သည် လုံးဝ နူးညံ့သွားရသည်။
“ကျွန်တော် ဘာမှ မပြောပါဘူး။ မိန်းကလေးက သခင်မလေးအတွက် သခင်ကြီးရဲ့ သတင်းကို ယူဖို့ အများကြီး ကြိုးစားပေးခဲ့တာတောင် သူက မိန်းကလေးအပေရက်စက်ရသလား။ ဒါက တော်တော်ကြီးကို လွန်လွန်းတယ်”
ကုဟွားသည် အနည်းငယ် အပြစ်ရှိစိတ် ခံစားလိုက်ရသဖြင့် သူ့ကို မကြည့်ဝံ့ပေ။
“ဒီည... အစ်မကြီးက ငါ့ကို ပေးတော့မှာ။ ငါ မလိုချင်ရင်တောင် ဘာလုပ်နိုင်မှာမို့လို့လဲ။ သူက သခင်ဖြစ်ပြီး ငါက အစေခံပဲလေ... ငါ့ကို ဘယ်သူမှ မကယ်တင်နိုင်တော့ဘူးထင်ပါတယ်”
တုန်းမော့ ထိတ်လန့်တကြား အော်လိုက်မိသည်။
“မိန်းကလေးကို သခင်လေးဆီပေးမယ် ဟုတ်လား။ သခင်လေးရဲ့ မောင်းမဆောင်မှာ ကိုယ်လုပ်တော် ခုနစ်ယောက် ရှစ်ယောက်လောက် ရှိနေပြီးသားလေ။ သူတို့တွေက အမြဲတမ်း ရန်ဖြစ်နေကြတာ။ ဒါက မိန်းကလေးကို မီးပုံထဲ တွန်းပို့တာ မဟုတ်ဘူးလား။ ဘာပဲဖြစ်ဖြစ် မိန်းကလေးက သူ့ ညီမအရင်းပဲလေ”
ကုဟွားက ငိုသံလေးဖြင့် ပြောလိုက်သည်။
“ဟူး... ဒါတွေက ငါကံဆိုးလို့ပါပဲ... မောင်လေးတုန်း ဒီအကြောင်းတွေကို ဘယ်သူ့ကိုမှ ပြန်မပြောလိုက်ပါနဲ့နော်။ မဟုတ်ရင် အစ်မကြီးက ငါ့ကို ရက်ရက်စက်စက် အပြစ်ပေးလိမ့်မယ်”
တုန်းမော့သည် မျက်မှောင်ကြုတ်လိုက်၏။
“ဟုတ်ကဲ့... ဘာက အရေးကြီးတယ်ဆိုတာ ကျွန်တော် ကောင်းကောင်းသိပါတယ်...”
လက်ဖက်ရည်ဆက်သရန်အတွက် အဆင်သင့်ဖြစ်ပြီ ဖြစ်သည်။
ကုဟွားသည် နီမြန်းနေသော မျက်ဝန်းလေးများဖြင့် ပြောလိုက်၏။
“မောင်လေးတုန်း... ဒါကို အထဲအထိ ယူသွားပေးလို့ ရမလား။ သခင်ကြီးက ငါ့လက်တွေကို ဒီလိုပုံစံနဲ့ မြင်သွားရင် အစ်မက အစေခံတွေကို နှိပ်စက်နေတယ်လို့ အထင်လွဲသွားလိမ့်မယ်။ အစ်မရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေမိရင် မကောင်းဘူးလေ”
တုန်းမော့မှာ စကားပင် မဆိုနိုင်တော့ချေ။
“ခင်ဗျား ကိုယ်တိုင်တောင် ဒီလိုဖြစ်နေတာကို သူများအတွက် စဉ်းစားပေးနေသေးတယ်။ ခင်ဗျား အရမ်းတုံးအလွန်းတာပဲ”
“ငါ တောင်းပန်ပါတယ်”
မိန်းမငယ်လေး၏ သနားစဖွယ် တောင်းပန်တိုးလျှိုးမှုကို ရင်ဆိုင်ရသောအခါ တုန်းမော့သည် လက်ဖက်ရည်လင်ဗန်းကို အမြန်ပင် မလိုက်၏။
“ကျွန်တော် ယူသွားပေးပါ့မယ်။ လက်ကိုင်ပုဝါတွေကို မြန်မြန်ချွတ်ထားလိုလိုက်ဦး။ အခုထိ ဆေးမထည့်ရသေးဘူးဆိုတော့ အရည်ကြည်ဖုတွေ ပေါက်ထွက်ကုန်ရင် ပိုဆိုးကုန်လိမ့်မယ်”
ကုဟွားသည် ကျေးဇူးတင်စွာ ငွေစတစ်စကို ထုတ်ယူပြီး တုန်းမော့၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။
“ဒါကို ကျွန်တော် မယူနိုင်ပါဘူး။ မနေ့ကလည်း မိန်းကလေးက ကျွန်တော့်ကို ငွေငါးလျန်တောင် ပေးထားသေးတာလေ”
ကုဟွား၏ မျက်ဝန်းလေးများသည် နီမြန်းနေ၏။
“မနေ့က ငွေတွေက အစ်မ ပေးခိုင်းတာတွေလေ။ ဒီတစ်ခုကတော့ ငါကိုယ်တိုင် ပေးတာ။ ပထမအချက်က ငါ့ရဲ့လျှို့ဝှက်ချက်ကို ထိန်းသိမ်းပေးတဲ့အတွက် မောင်လေးတုန်းကို ကျေးဇူးဆပ်ချင်လို့။ ဒုတိယအချက်ကတော့ မောင်လေးတုန်းက စိတ်နှလုံးကောင်းရှိတဲ့သူတစ်ယောက်မို့ ငါ့အတွက် ဆေးကောင်းကောင်းလေး တချို့လောက် ရှာပေးလို့ ရနိုင်မလား”
ဤသည်မှာ သူမ၏ စုဆောင်းထားသော နောက်ဆုံး လက်ကျန်ငွေလေးပင် ဖြစ်သည်။
သူမသည် ဤအရာပေါ်၌ အားလုံးကို ပုံအောပြီး လောင်းကြေးထပ်လိုက်ခြင်း ဖြစ်၏။
တုန်းမော့၏ မျက်ဝန်းများပါ နီရဲလာရသည်။
‘ ညီမအရင်း လက်တွေ ဒီလောက်အထိ အပူလောင်ထားတာကိုတောင် လက်ဖက်ရည် အတင်းဖျော်ခိုင်းနေတုန်းပဲ... ပြီးတော့ တကယ်ကြီး ဆေးလေးတောင် မပေးဘူးပေါ့လေ’
‘ဒီသခင်မလေး စိတ်ထားကတော့ တကယ်ကို ဆိုးဝါးလွန်းတယ်’
ကုဟွားနှင့် တုန်းမော့တို့ ပင်မဆောင်ထဲသို့ ပြန်လျှောက်လာကြသည်။
ကုဝမ်ရုသည် လင်ဗန်းထဲမှ လက်ဖက်ရည်ခွက်ကို ယူကာ ဒူးထောက်၍ လက်ဖက်ရည် ဆက်သလိုက်၏။
မုကျွင်းယန်သည် ၎င်းကို ယူကာ သောက်လိုက်သည်။
“ထတော့”
ကုဝမ်ရုသည် မျက်နှာချိုသွေးလိုသော အမူအရာဖြင့် ပြောလိုက်၏။
“အဖေ... ဒီည အိမ်တော်ကို ပြန်လာမှာလားဟင်။ အဖေနဲ့ သမီးရဲ့ ခင်ပွန်းတို့ စကားကောင်းကောင်း ပြောလို့ရအောင် သမီးက စားပွဲလေးတစ်ခု စီစဉ်ပေးချင်လို့ပါ။ ဘယ်လိုသဘောရလဲဟင်”
“ကြည့်ကြရသေးတာပေါ့”
မုကျွင်းယန်၏ သဘောထားမှာ အတော်လေး ပျော့ပျောင်းသွားခဲ့သည်။
“ဟုတ်ကဲ့ပါ”
ကုဝမ်ရုသည် အလွန်ပင် ဝမ်းသာသွား၏။
ယနေ့ညအတွက် သူ အတိအကျ သဘောမတူသေးသော်လည်း လုံးဝ ငြင်းဆိုလိုက်ခြင်းမျိုးလည်း မဟုတ်ပေ။
ခင်ပွန်းဖြစ်သူ၏ အရေးကြီးကိစ္စဖြစ်သော ဧကရာဇ်မင်းမြတ်ထံမှ အမွေဆက်ခံသူအဖြစ် သတ်မှတ်ပေးရန် တောင်းဆိုသည့်ကိစ္စအတွက် သူမ ကူညီပေးနိုင်ရမည်။ ထိုသို့ဆိုလျှင် ခင်ပွန်းဖြစ်သူက သူမကို အထင်ကြီး လေးစားလာပေလိမ့်မည်။
ကုဟွား၏ ရင်ထဲတွင်မူ ထိတ်ခနဲ ဖြစ်သွားရသည်။
အကယ်၍ မုကျွင်းယန်သာ ယနေ့ည အိမ်တော်သို့ ပြန်မလာပါက သူမ၏ ဆိုးဝါးလှသော ကံကြမ္မာမှ လွတ်မြောက်နိုင်ပါတော့မည်လား။
သူမသည် အထက်တွင် ထိုင်နေသော ထိုလူကို မသိမသာ ခပ်မြန်မြန် မော့ကြည့်လိုက်မိသည်။
မမျှော်လင့်ဘဲ ထိုသူ၏ နက်ရှိုင်းပြီး စူးစမ်းလိုသော အကြည့်များနှင့် ဆုံစည်းမိသွားသဖြင့် သူမ အလွန်ထိတ်လန့်ကာ ခေါင်းကို အမြန်ပြန်ငုံ့လိုက်မိ၏။
“ဘာလို့ အခုထိ ထွက်မသွားသေးတာလဲ”
သူမ၏ ဖြူဖျော့နေသော မျက်နှာကို မြင်သောအခါ ကုဝမ်ရု မျက်မှောင်ကြုတ်လျက် တိုးတိုးလေး ငေါက်ငမ်းလိုက်သည်။