← Chapters

အခန်း ၈

Vol. 1 Ch. 8

အခန်း ၈

Vol. 1 Ch. 8

အခန်း(၈)

သူတို့နှစ်ဦး ထွက်သွားပြီးနောက် ကျိုးချွန်းယွီ တုန်းမော့ကို လက်ခါပြကာ ပြောလိုက်၏။

“မင်း သွားလို့ရပြီ...”

တုန်းမော့သည် တစ်ခုခု ပြောချင်နေသော်လည်း ဝေခွဲမရဖြစ်နေသည့် ပုံစံဖြင့် ရပ်နေခဲ့သည်။

ကျိုးချွန်းယွီ စူးစူးဝါးဝါး စိုက်ကြည့်လိုက်၏။

“မင်းမှာ ပြောစရာရှိရင်လည်း မြန်မြန် ပြောလိုက်စမ်း”

တုန်းမော့သည် သတ္တိကို မွေးလိုက်သည်။

“သခင်ကြီးက သခင်မလေးကို ဆုလာဘ်တစ်ခုခု မပေးဘူးလားဟင်”

သူသည် သနားဖို့ကောင်းသော မိန်းကလေးကုထံသို့ ဆေးပို့ပေးချင်သဖြင့် သခင်မလေး၏ အဆောင်သို့ သွားရန် အကြောင်းပြချက်တစ်ခု လိုအပ်နေခြင်း ဖြစ်၏။

ကျိုးချွန်းယွီ၏ မျက်လုံးများ ပြူးကျယ်သွားရသည်။

“ဒီကောင်လေးကတော့... မင်း တော်တော်လေး သတ္တိကောင်းနေပါလား...”

မုကျွင်းယန်သည် တုန်းမော့ကို စဉ်းစားဟန်ဖြင့် ကြည့်လိုက်၏။

“တုန်းမော့ သတိပေးလိုက်တာ မှန်သားပဲ။ ကုဝမ်ရု လက်ထပ်ပြီး အိမ်တော်ထဲဝင်လာခဲ့တဲ့ နောက်တစ်နေ့မှာပဲ ငါ စစ်မြေပြင်ကို ထွက်သွားခဲ့ရတာလေ။ ဒီနေ့က သူ့ဆီကနေ ချွေးမတစ်ယောက်အနေနဲ့ လက်ဖက်ရည် ဆက်သခံရတဲ့ ပထမဆုံးအကြိမ်ပဲ။ ငါ သူ့ကို တစ်ခုခု ချီးမြှင့်သင့်တာပေါ့”

တုန်းမော့သည် အလွန်ပင် ဝမ်းသာသွားရသည်။

“သခင်ကြီးက ဘာဆုချီးမြှင့်ချင်တာလဲ။ ကျွန်တော် သိုလှောင်ခန်းထဲ သွားပြီး တစ်ခုခု သွားရွေးလိုက်ရမလား”

ကျိုးချွန်းယွီက သခင်ကြီး၏ အလိုကို ခန့်မှန်းကြည့်လိုက်သည်။

“တုန်းမော့ပဲ သွားပါစေ။ မင်း ကြိုက်တာ တစ်ခုခုသာ ရွေးယူသွားလိုလိုက်”

တုန်းမော့ မှင်တက်သွား၏။

“ကျွန်... ကျွန်တော်ကလား... ကျွန်တော်ကိုယ်တိုင် သွားရွေးရမှာလား”

“မင်းက အကြံကောင်းပေးခဲ့တာဆိုတော့ မင်းပဲ သွားရမှာပေါ့”

မုကျွင်းယန်၏ မျက်နှာတွင် မည်သည့် ခံစားချက်မှ ပေါ်မနေပေ။

တုန်းမော့သည် ကြောက်လန့်သွားရ၏။

သူ စကားများလွန်း၍ သခင်ကြီးက စိတ်ဆိုးသွားသည်လား။

သူသည် အကူအညီတောင်းသည့် အကြည့်ဖြင့် ကျိုးချွန်းယွီကို အမြန် ကြည့်လိုက်၏။

ကျိုးချွန်းယွီသည် တစ်ခုခုကို ရိပ်မိပုံရသည်။ သူသည် ခါးတွင် ချိတ်ထားသော တံဆိပ်ပြားကို ဖြုတ်ကာ တုန်းမော့ကို ကမ်းပေးလိုက်၏။

“သိုလှောင်ခန်းထဲ သွားပြီး သခင်ကြီးက ရွေးခိုင်းလိုက်တာလို့ ပြောလိုက်။ မြန်မြန်သွားတော့”

တုန်းမော့သည် ကြောက်ကြောက်လန့်လန့်ဖြင့် လက်ကမ်းယူလိုက်သည်။

သူသည် တံဆိပ်ပြားကို ဂရုတစိုက် ကိုင်ထားပြီး ကြောင်တောင်တောင်ဖြင့် အပြင်သို့ လွင့်ထွက်သွားတော့၏။

အိုး... ဘုရားရေ...

ဒါက အိမ်တော် စီမံခန့်ခွဲခွင့်တံဆိပ်ပြားကြီးမလား...

သိုလှောင်ရုံထဲက ကြိုက်တာတစ်ခုကို ရွေးသွားလို့ရတယ်တဲ့လား...

သူ ရှင်မလား သေမလား မသိရသည့် အခြေအနေသို့ ရောက်နေသကဲ့သို့ အဘယ်ကြောင့် တုန်လှုပ်ခြောက်ခြားနေရသနည်း။

“သူ ဘာတွေရွေးသွားလဲလဲဆိုတာ သွားကြည့်လိုက်”

မုကျွင်းယန် စကားဆုံးသည်နှင့် အမှောင်ထဲမှ အရိပ်တစ်ခုသည် ဝှေ့ခနဲ ထွက်သွားပြီး တုန်းမော့နောက်သို့ လိုက်သွားလေသည်။

ကျိုးချွန်းယွီသည် သခင်ကြီး၏ မျက်နှာကို ခိုးကြည့်ကာ ဂရုတစိုက် မေးလိုက်၏။

“မနေ့ညက အမျိုးသမီးက သခင်မလေးရဲ့ ဘေးနားက အစေခံလို့ သခင်ကြီး ထင်လား”

သခင်ကြီး ပြောပြချက်အရ ထိုအမျိုးသမီးတွင် ထူးခြားသည့် သဘာဝ ကိုယ်သင်းရနံ့ ရှိပြီး မြင်သူတကာ ငေးရလောက်သည့် ညှို့ဓာတ်ပြင်းသော မျက်ဝန်းများ ရှိသည်ဟု ဆိုသည်။

ထိုသို့သော လူမျိုးမှာ အိမ်တော်တွင် ထားရှိရန် ဘေးဒုက္ခဖြစ်နိုင်သဖြင့် သူမကို မဖြစ်မနေ ရှာဖွေရမည်ဟု သူက အခိုင်အမာ အမိန့်ပေးခဲ့၏။

ယခုလေးတင် ကုညီအစ်မနှစ်ဦးနှင့် တံခါးဝတွင် ဆုံစဉ်က သခင်မလေး၏ ညီမဖြစ်သူထံမှ ထူးခြားသော ရနံ့တစ်ခုကို သူ ခပ်သဲ့သဲ့ ရလိုက်သည်။

ထိုရနံ့မှာ အိမ်တော်ရှိ အစေခံတစ်ဦးတွင် ရှိနိုင်သည့် ရနံ့မျိုး လုံးဝမဟုတ်ပေ။

သူမ၏ မျက်နှာကို ကြည့်ပြန်လျှင်လည်း မြို့တော်ရှိ ထိပ်တန်း မမလေးများနှင့် ယှဥ်လျှင်ပင် ထင်ရှားလှပလွန်းနေမည်ဖြစ်သည်။

ကျိုးချွန်းယွီသည် ကျင်းရှို့အဆောင်ကို တိုးတိုးတိတ်တိတ် စုံစမ်းရန် ချက်ချင်း ဆုံးဖြတ်လိုက်၏။

အတိတ်တုန်းက သခင်ကြီး၏ ကုတင်ပေါ်သို့ တက်ရန် ကြိုးစားပြီး မအောင်မြင်ခဲ့သူများသည် ကြိမ်ဒဏ် အချက်သုံးဆယ် ပေးခံရကာ ပြန်လည် ရောင်းစားခြင်း ခံခဲ့ရသည်။

ယခုတစ်ဦးမှာမူ သခင်ကြီး မူးနေစဉ်တွင် ကုတင်ပေါ်သို့ အောင်အောင်မြင်မြင် တက်နိုင်ခဲ့သည့်အပြင် သခင်ကြီး၏ ညအိပ်ဝတ်စုံကိုပင် ခိုးယူကာ ထွက်ပြေးဝံ့သေးသည်။

အကယ်၍ သူမကိုသာ တွေ့ရှိခဲ့ပါက သေသည်အထိ အရိုက်ခံရမည်မှာ သေချာလှပေ၏။

“ငါ့ရဲ့ ညအိပ်ဝတ်စုံကိုရော တွေ့ပြီလား”

မုကျွင်းယန်က သူ့ကို စွေကြည့်ကာ မေးလိုက်၏။

ယနေ့နံနက်တွင် သူ နိုးလာပြီး အိပ်ယာခင်းပေါ်ရှိ ဇီးပွင့်ပုံသဏ္ဍာန် သွေးစွန်းနေသည့် အကွက်ကို ကြည့်ရင်း ဒေါသတကြီး ရယ်မောမိခဲ့သည်။

တစ်စုံတစ်ယောက်က သူ မူးနေတုန်းမှာ အတူတူ အိပ်ခဲ့ပြီး ဘာအစအနမှ မချန်ထားဘဲ ချောချောမွေ့မွေ့ ထွက်ပြေးလွတ်မြောက်သွားခဲ့ပေသည်။

အကယ်၍ ထိုသတ္တိခဲလေးသည် သူ၏ ညအိပ်ဝတ်စုံကို သုံးပြီး သူ့ကို ခြိမ်းခြောက်ဝံ့မည်ဆိုလျှင်တော့ သူမသည် သေဖို့အတွက် ထိုက်တန်သွားပြီဖြစ်သည်။

ကျိုးချွန်းယွီ ခပ်သွက်သွက်ပင် လျှောက်တင်လိုက်၏။

“ကျင်းရှို့အဆောင်ကို စုံစမ်းဖို့ လူလွှတ်ထားပြီးပါပြီ။ မကြာခင် သတင်းရပါလိမ့်မယ်...”

အကယ်၍ အိပ်ယာပေါ်တက်ခဲ့သူမှာ သခင်မလေး၏ ညီမသာ ဖြစ်နေပါက သခင်ကြီးအနေဖြင့် သူမ၏ အသက်ကို ချမ်းသာပေးမည်လား သူ မသိပေ။

အကြောင်းမှာ သခင်မလေးသည် ငယ်စဉ်အခါက သခင်ကြီး၏ အသက်ကို ကယ်တင်ခဲ့ဖူးသောကြောင့် ဖြစ်သည်။

ခဏအကြာတွင် ကျင်းရှို့အဆောင်သို့ တိုးတိုးတိတ်တိတ် သွားရောက်စုံစမ်းသူ ပြန်ရောက်လာ၏။

“သခင်ကြီး ၊ အိမ်တော်ထိန်းချုပ်ကျိုး... ညအိပ်ဝတ်စုံကို သခင်မလေးရဲ့ အစေခံမလေး ကုတင်အောက်မှာ တွေ့ခဲ့ပါတယ်... ကျွန်တော် ဘာကိုမှ မထိဘဲ အဲဒီအတိုင်းပဲ ထားခဲ့ပါတယ်”

ကျိုးချွန်းယွီသည် သခင်ကြီးကို ခိုးကြည့်လိုက်ရာ သခင်ကြီးမှာ ရေသေကဲ့သို့ပင် တည်ငြိမ်နေဆဲ ဖြစ်သည်။

“ဆေးတစ်ခွက်လောက် ပို့လိုက်ရမလားခင်ဗျာ...”

(Translator note: ကိုယ်ဝန်တားဆေး)

တကယ်တမ်း သူမသာ ကိုယ်ဝန်ရသွားခဲ့လျှင် မည်ကဲ့သို့ ကိုင်တွယ်ဖြေရှင်းရမည်နည်း။

မုကျွင်းယန်၏ စိတ်ထဲတွင် မနေ့ညက အမျိုးသမီးငယ်လေး၏ ပုံရိပ်များသာ ပြည့်နှက်နေခဲ့သဖြင့် ထိုစကားကို မကြားလိုက်မိပေ။

သူမသည် တကယ်ကို ပြဿနာရှာတတ်သည့် နတ်သမီးငယ်လေး ဖြစ်ရပေမည်။

သခင်ကြီးထံမှ ပြန်ပြောသည်ကို မကြားရသောအခါ ကျိုးချွန်းယွီ ထိတ်လန့်သွားရသည်။

သခင်ကြီးက တကယ်ပဲ သူမကို ကိုယ်ဝန်ဆောင်ခွင့် ပေးလိုက်တာလား...

လက်ဖက်ရည်တစ်ခွက်သောက်စာ အချိန်အကြာတွင် အနက်ရောင်ဝတ်စုံဝတ်ထားသော အခြွေအရံတစ်ဦး ဝင်လာခဲ့၏။

“သခင်ကြီး... တုန်းမော့က လွန်ခဲ့တဲ့ နှစ်နှစ်က ဧကရာဇ်မင်းမြတ် ချီးမြှင့်ထားတဲ့ အဝတ်အထည်နှစ်လိပ်ကို သိုလှောင်ရုံကနေ ရွေးသွားပါတယ်... ပြီးတော့ ဧကရာဇ်မင်းမြတ် ပေးအပ်ထားတဲ့ နှင်းကြာပန်းကျောက်စိမ်းအလှဆီတစ်ပုလင်းနဲ့ အိမ်တော်ရဲ့သမားတော် ဖော်စပ်ထားတဲ့ အပူလောင်ပျောက်ဆေးတစ်ပုလင်းကိုလည်း တောင်းသွားပါသေးတယ်”

“လွန်ခဲ့တဲ့ နှစ်နှစ်က အထည်တွေနဲ့ နှင်းကြာပန်းကျောက်စိမ်းအလှဆီဟုတ်လား... ဒါက ဘယ်လို ဆုလာဘ်မျိုးလဲ”

ကျိုးချွန်းယွီ ဇဝေဇဝါ ဖြစ်သွားရသည်။

ထိုကောင်စုတ်လေးသည် သခင်မလေးကို မျက်နှာလိုမျက်နှာရ လုပ်ချင်နေသည်ဟု သူ ထင်ခဲ့သော်လည်း ယခု၍မူ တခြား အစီအစဉ်များ ရှိနေပုံရ၏။

“အဲဒီမိန်းကလေးရဲ့ လက်တွေက အပူလောင်ထားတာလေ”

မုကျွင်းယန်သည် လက်ဖက်ရည်ခွက်ကို မလိုက်ပြီး အဖုံးဖြင့် လက်ဖက်ရည် အမြှုပ်များကို အသာအယာ ဖယ်ရှားလိုက်ရင်း အေးစက်စက် လေသံဖြင့် ပြောလိုက်သည်။

ထိုမိန်းမပျိုလေးသည် လူများကို မြှူဆွယ်ခြင်းအတတ်၌ အလွန်ပင် ထူးချွန်ပုံရ၏။

သူ့အပါး၌ အနီးကပ်အလုပ်အကျွေးပြုရသော တုန်းမော့ပင်လျှင် သူမ၏ ထိန်းချုပ်မှုအောက်သို့ လုံးဝကျရောက်သွားရပြီ မဟုတ်ပါလား။

သူမက သူ့ကို လူသေတစ်ယောက်ကဲ့သို့ သဘောထားနေတာများလား

ကျိုးချွန်းယွီ၏ မျက်လုံးများ ပြူးကျယ်သွားရသည်။

“သူ့လက်တွေ အပူလောင်ထားတာလား... ဒါပေမဲ့လည်း နှင်းကြာပန်းကျောက်စိမ်းအလှဆီကိုတော့ မယူသင့်ဘူးလေ...အဲဒါက ဧကရာဇ်မင်းမြတ် ချီးမြှင့်ထားတဲ့ အဖိုးတန်ရတနာပဲ… ငွေနဲ့တန်ဖိုးဖြတ်လို့မရနိုင်ဘူးလေ”

အခြွေအရံက ကြားဖြတ်ဝင်ပြောလိုက်၏။

“ဒဏ်ရာတွေက တော်တော် ပြင်းထန်ပါတယ်.. သူ့လက်ဖဝါးနှစ်ဖက်လုံး နီရဲဖောင်းကြွပြီး အရည်ကြည်ဖုတွေ ထနေတာ... နှင်းကြာပန်း ကျောက်စိမ်းလိမ်းဆေးကပဲ သူ့အသားအရေကို အရင်လို ပြန်ကောင်းလာအောင် လုပ်ပေးနိုင်မှာပါ”

ထိုအခြွေအရံမှာ မုကျွင်းယန်၏ ကိုယ်ပိုင်သက်တော်စောင့် ချီယွီ ဖြစ်သည်။

သူသည် တိတ်တဆိတ် စောင့်ကြည့်ကာကွယ်နေရသူ ဖြစ်သဖြင့် ကုဟွားနှင့် တုန်းမော့တို့၏ စကားဝိုင်းတစ်ခုလုံးကို ကြားခဲ့ပြီးသား ဖြစ်၏။

“အာ...”

အမြဲတမ်း တည်ငြိမ်လှသော ကျိုးချွန်းယွီပင် ထိတ်လန့်သွားရသည်။

ကျိုးချွန်းယွီသည် အစေခံများကို စီမံခန့်ခွဲရာတွင် အလွန် စည်းကမ်းကြီးသူ ဖြစ်၏။ အမှားလုပ်သူများကို အညှာအတာမဲ့ ရိုက်နှက်တတ်သော်လည်း အိမ်တော်ရှိ အမျိုးသမီး အစေခံများမှာကိုမူ အမှားကြီးကြီးမားမား မပြုလုပ်သရွေ့ သူသည် ဒဏ်ရာရသည်အထိ အပြစ်မပေးတတ်ပေ။

သခင်မလေးမှာ နူးညံ့သိမ်မွေ့ပြီး ကိုယ်ကျင့်တရား ကောင်းမွန်ပုံပေါ်သော်လည်း တကယ်တမ်းတွင် ထိုမျှလောက်ထိ ရက်စက်တတ်တာလား...

ချီယွီက ဆက်ပြောလိုက်၏။

“သခင်မလေးက ဒီည သူ့ကို သခင်လေး မုအန်းဆီ ပေးဖို့ စီစဉ်နေပါတယ်...”

သခင်ကြီးသည် ထိုမိန်းမပျိုလေးကို တိုက်ရိုက် မောင်းမထုတ်သည့်အပြင် ပုခုံးပေါ် ထမ်းကာ စာကြည့်ခန်းထဲအထိ ခေါ်သွားခဲ့ခြင်းမှာ သူ့ကို အံ့သြလွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်စေခဲ့သည်။

သူသည် စာကြည့်ခန်း အပြင်ဘက်တွင် အရုဏ်မတက်မီအထိ စောင့်ကြပ်နေခဲ့ပြီး မိန်းမပျိုလေး တိုးတိုးတိတ်တိတ် ထွက်ပြေးသွားသည်ကိုလည်း မြင်ခဲ့ရ၏။

သခင်ကြီး၏ အမိန့်မရှိသောကြောင့် သူသည် သူမနောက်သို့ လိုက်မသွားခဲ့ပေ။

သခင်ကြီးက အမျိုးသမီးများကို မနှစ်သက်သည်မှာလည်း တစ်ချက်အပါအဝင်ဖြစ်သည်။

သို့သော်လည်း သခင်ကြီးနှင့် အတူအိပ်ခဲ့ဖူးသော အမျိုးသမီးကို သခင်ကြီး၏ သားဖြစ်သူက သိမ်းပိုက်လိုက်ပြီးမှ ချီယွီက သိလျှက်နှင့် မတင်ပြခဲ့သည်ကို သခင်ကြီး သိသွားလျှင် သူ့ခြေထောက်နှစ်ဖက်လုံး ရိုက်ချိုးခံရပေလိမ့်မည်။

ထို့ကြောင့် သူသည် ဤအကြောင်းကို ပြောပြရခြင်း ဖြစ်၏။

“ဟာ...”

ကျိုးချွန်းယွီမှာ နောက်တစ်ကြိမ် ထပ်မံထိတ်လန့်သွားရပြန်သည်။

ရောင်းစားခံရသည်ဖြစ်စေ၊ သေသည်အထိ အရိုက်ခံရသည်ဖြစ်စေ သခင်ကြီး ထိတွေ့ဖူးသော အမျိုးသမီးကို သခင်လေးထံ ပေးရန်မှာ လုံးဝ မဖြစ်နိုင်ပေ။

သခင်ကြီးသည် သခင်လေး မုအန်ကို အမြဲတမ်း ဂရုစိုက်ခဲ့သည်။

မုအန်းသည် မကြာသေးမီ နှစ်များအတွင်း မကောင်းမှုများစွာ လုပ်ခဲ့သော်လည်း သခင်ကြီးက မေးမြန်းလေ့မရှိသလို အစေခံများကလည်း ဝင်ရောက်စွက်ဖက်ဝံ့ခြင်း မရှိခဲ့ကြပေ။

သို့သော် ဤကိစ္စသည် ကိုယ်ကျင့်တရားအပြင် မိသားစု ဆက်ဆံရေးနှင့်ပါ သက်ဆိုင်နေ၏။

အကယ်၍များ...

အကယ်၍များ သူမသာ ကိုယ်ဝန်ရသွားခဲ့လျှင် ထိုကလေးမှာ မည်သူ၏ကလေး ဖြစ်သွားမည်နည်း။

အရာအားလုံးမှာ လုံးဝ ရှုပ်ထွေးကုန်ပေလိမ့်မည်။

ကျိုးချွန်းယွီသည် သခင်ကြီး၏ မျက်နှာကို ခိုးကြည့်လိုက်ရာ မုကျွင်းယန်၏ မျက်နှာမှာ အနည်းငယ် ပို၍ ညိုမှောင်သွားသည်ကို တွေ့လိုက်ရသည်။

All Chapters