အခန်း ၉
Vol. 1 Ch. 9
အခန်း(၉)
မုကျွင်းယန်သည် ခွက်ကို ကိုင်ထားရင်း အထဲမှ လက်ဖက်ရည်ကို ကြည့်ကာ အချိန်အတော်ကြာအောင် စကားမပြောဘဲ နေသည်ကို မြင်သောအခါ ကျိုးချွန်းယွီ မနေနိုင်ဘဲ မေးလိုက်မိ၏။
“သခင်ကြီး... ဒီကိစ္စကို အရင်ကလိုပဲ ထုံးစံအတိုင်း ကိုင်တွယ်ရမလားခင်ဗျာ”
အကယ်၍ ထိုမိန်းကလေးကို မဖြေရှင်းနိုင်ဘဲ ဤည၌ သခင်လေးက ထပ်ပြီး ထိတွေ့ခဲ့လျှင် သခင်ကြီးမှာ သိသိသာသာကြီးပင် တောက်ပနေသော ဦးထုပ်စိမ်းကြီးကို ဆောင်းပေးခံလိုက်ရသလို ဖြစ်မသွားဘူးလား...
(ဦးထုပ်စိမ်းဆောင်းပေးခံရ=ဖောက်ပြန်ခံရ)
သူ ဆက်၍ပင် တွေးမကြည့်ရဲတော့ပေ။
“မင်းပြောကြည့်စမ်း... ဒီမိန်းမပျိုလေးက အန်းအာဆီကနေ ထွက်ပြေးချင်တာလား... ဒါမှမဟုတ် အဆင့်အတန်း ပိုမြင့်တဲ့ နေရာဆီ တက်လှမ်းချင်နေတာလား”
ကျိုးချွန်းယွီသည် စကားလုံးများကို ဂရုတစိုက် ရွေးချယ်ပြီး ပြန်ဖြေလိုက်၏။
“ကြည့်ရတာတော့... ဒီကုမိသားစုက မိန်းမပျိုလေးဟာ တော်တော်လေးကို ဖြူစင်ပုံရပါတယ်”
ကျိုးချွန်းယွီသည် ကုမိသားစု၏ ဒုတိယသခင်မလေးနှင့် ယခင်က မဆုံခဲ့ဖူးချေ။
ယနေ့ မြင်လိုက်ရသောအခါ သူမသည် သခင်မလေးနှင့် လုံးဝ ခြားနားသည်ဟု ခံစားရသည်။
ရေကဲ့သို့ ကြည်လင်သန့်စင်နေသော မျက်ဝန်းလေးများမှာ ဤကဲ့သို့သော ကိစ္စမျိုးကို လုပ်နိုင်မည့်သူ၏ မျက်ဝန်းမျိုး မဟုတ်ပါပေ။
အကယ်၍ ကုဟွားသည် သခင်ကြီးထံ မည်ကဲ့သို့ ပစ်ဝင်ခဲ့သည်ကို သူသာ ကိုယ်တိုင် မြင်တွေ့ခဲ့ရမည်ဆိုပါက ဤကဲ့သို့ လုံးဝ တွေးမိနိုင်မည် မဟုတ်ပေ။
ချီယွီသည် သူ၏ ဓားကို ကိုင်ထားရင်း အလေးအနက် စဉ်းစားနေ၏။
ထိုမိန်းမပျိုသည် သခင်ကြီးနှင့် တိုက်မိပြီးနောက် အတင်းထထွက်ရန် ကြိုးစားခဲ့သည့်အပြင် သခင်ကြီးကို အမြန်လွှတ်ပေးရန်ပင် ငေါက်ငမ်းခဲ့သေးသည်။
အကြောင်းရင်း တစ်စုံတစ်ရာကြောင့် သူမကို အတင်းအဓမ္မ စာကြည့်ခန်းထဲ ထမ်းခေါ်သွားပြီး ထိုကိစ္စကို ပြုလုပ်ခဲ့သည်မှာ သခင်ကြီးကိုယ်တိုင်ပင် ဖြစ်သည်။
ယခုလေးတင် မိန်းမပျိုလေးသည် ကြွက်စုတ်လေးတစ်ကောင်ကဲ့သို့ ကြောက်လန့်တုန်ရီနေပြီး လူများကို မော့ပင် မကြည့်ဝံ့သည်ကို ကြည့်လျှင် လူသတ်ဘုရင်ကြီး မုကျွင်းယန်ဆီကို သူမကိုယ်တိုင် ပစ်ဝင်ပြီး အသက်ဘေးနှင့် ရင်းရဲလောက်သည့် သတ္တိမျိုး သူမတွင် မရှိနိုင်ပါချေ။
အကယ်၍ ဤသည်မှာ ရည်ရွယ်ချက်ရှိရှိ မြှူဆွယ်ခြင်းဖြစ်လျှင် သူမသည် ဘာကြောင့်များ ယနေ့ ထုတ်မပြောခဲ့ရသနည်း။
အကယ်၍ သခင်ကြီးသည် သူမကို အလိုမရှိဘူးဆိုလျှင် သူမ၏ အပျိုစင်ဘဝက အလကားသက်သက် ဆုံးရှုံးသွားရမည် ဖြစ်သည်။ သူမ အသက်သည်ပင် ဆုံးရှုံးသွားနိုင်ချေရှိသည်။
သူ လုံးဝပင် စဉ်းစား၍ မရနိုင်တော့ချေ။
“မင်းရော ဘယ်လိုမျိုး ထင်လဲ”
မုကျွင်းယန်က တည်ငြိမ်သယောင်ရှိသော်လည်း အလေးအနက်တွေးနေပုံရသည့် သူ၏ ထက်မြက်သော ကိုယ်ရံတော်ကို ကြည့်ကာ မေးလိုက်၏။
ချီယွီက အလေးအနက်ပင် ပြန်ဖြေလိုက်သည်။
“ ဒီလက်အောက်ငယ်သား ခံစားရတာကတော့ မိန်းကလေးကုမှာ အခက်အခဲလေးတွေ ရှိနေပုံရပါတယ်”
ထိုသေးငယ်သော ခန္ဓာကိုယ်လေးနှင့် လူသတ်ဘုရင်ကြီး မုကျွင်းယန်ကို ရင်ဆိုင်ရချိန်တွင် သူမ မည်သို့ ရုန်းထွက်နိုင်ပါမည်နည်း။
သူ့အမြင်တွင်မူ သခင်ကြီး၏ စိတ်ဓာတ်ကြံ့ခိုင်မှုမှာ စတင် လျော့ရဲလာပြီ ဖြစ်သည်။
အိုးဟိုး...
အခုတော့ ဒါက ငါ့အမှား ဖြစ်သွားပြီပေါ့လေ...
ဒီမိန်းမပျိုလေးက ငါ့ရဲ့ လက်ရုံးတစ်ယောက်ကိုတောင် မျက်ကန်းဖြစ်အောင် လုပ်နိုင်လိုက်ပြီလား...
မုကျွင်းယန်သည် အလွန် ဒေါသထွက်သွားသဖြင့် လက်ဖက်ရည်ခွက်အဖုံးကို “ဂွမ်း” ခနဲ မြည်အောင် ပိတ်လိုက်၏။
သူသည် မျက်နှာသေဖြင့် ထရပ်လိုက်ကာ အပြင်သို့ ထွက်သွားတော့သည်။
ကျိုးချွန်းယွီနှင့် ချီယွီတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
သခင်ကြီး နည်းနည်းလောက် ဒေါသထွက်သွားပုံပင်…
“ဒီည အဲဒီဇနီးမောင်နှံနဲ့အတူ ညစာစားဖို့ စီစဉ်လိုက်...”
မုကျွင်းယန်သည် တံခါးဘောင်ကို ကျော်လိုက်စဉ် ဤစကားကို ထားရစ်ခဲ့၏။
“ဟုတ်ကဲ့ပါ...”
ထိုစကားကို ကြားလိုက်ရမှသာ ကျိုးချွန်းယွီ သက်ပြင်းချနိုင်တော့သည်။
မိန်းမပျိုလေး၏ အသက်သည် ဘေးကင်းသွားပြီဟု ဆိုရပေမည်။
ချီယွီ၏ မျက်ဝန်းများမှာလည်း တောက်ပသွား၏။
ဝိုး... သခင်ကြီးက နောက်ဆုံးတော့ ပုံမှန်ယောင်္ကျားတစ်ယောက် ဖြစ်လာခဲ့ပြီပဲ...
သူတို့နှစ်ဦးသည် စိတ်သက်သာရာရသွားသော အကြည့်များကို ဖလှယ်လိုက်ကြပြီး ချီယွီက သခင်ကြီးနောက်သို့ ခပ်သွက်သွက် လိုက်သွားတော့သည်။
ကုဝမ်ရုနှင့်အတူ ပြန်လာသည့်လမ်းတွင် ကုဟွား၏ စိတ်မှာ ရှုပ်ထွေးနေပြီး ရင်များလည်း တဒိတ်ဒိတ် ခုန်နေ၏။ သူမသည် လက်ဖဝါးမှ နာကျင်မှုကိုပင် သတိမထားမိတော့ပေ။
သူမ၏ ဒဏ်ရာများအကြောင်းအပြင် ယနေ့ည သခင်လေး မုအန်းထံ ပေးအပ်ခံရမည့်အကြောင်းကို တုန်းမော့က တစ်စုံတစ်ဦးကို ပြောပြလိုက်မည်လား သူမ မသိပေ။
အကယ်၍ သူမ ကုတင်ပေါ်တက်ခဲ့သည့် ကြိုးပမ်းမှုမှာ ကျရှုံးခဲ့လျှင် ယနေ့ည သူမ ဘာဆက်လုပ်ရမည်နည်း။
ကျင်းရှို့အဆောင်သို့ ရောက်သောအခါ ကုဝမ်ရု သူမကို ကြည့်လိုက်၏။
“ဟွားအာ... နင့်ရဲ့ ဟင်းချက်လက်ရာက ကောင်းတယ်လေ... မီးဖိုချောင်ကို သွားပြီး ငါ့ခင်ပွန်းအတွက် ညစာ ပြင်ဆင်လိုက်ဦး”
“ဟုတ်ကဲ့...”
ကုဟွားသည် လေးလံသော စိတ်နှလုံးဖြင့် လှည့်ထွက်လာခဲ့သည်။
“ဟွားအာ... နင့်လက်တွေ နာနေသေးလား”
ကုဝမ်ရုက နောက်မှနေ၍ ဂရုစိုက်ဟန်ဖြင့် မေးလိုက်၏။
“ကျွန်မ အဆင်ပြေပါတယ်”
ကုဟွားသည် လှည့်မကြည့်ဘဲ ပြန်ဖြေလိုက်သည်။
“သွားပြီး ပတ်တီးစည်းထားလိုက်ဦး... ငါ့ခင်ပွန်း မြင်ရင် အစားအသောက် ပျက်နေဦးမယ်”
“ဟုတ်ကဲ့ပါ”
ကုဟွား အပြင်သို့ ထွက်လာစဉ် ယန်ကျစ်နှင့် အမှတ်မထင် ဆုံမိ၏။ ယန်ကျစ်သည် တစ်ကိုယ်လုံး ဒေါသများဖြင့် ပြည့်နှက်နေသည်။
ကုဟွားကို မြင်သောအခါ သူမသည် လက်ကို မြှောက်လိုက်ပြီး မျက်နှာကို ပြင်းပြင်းထန်ထန် ရိုက်ချပစ်လိုက်၏။
ကုဟွားက ခေါင်းကို ရှောင်တိမ်းလိုက်ပြီး သူမ၏ တင်ပါးဖြင့် ယန်ကျစ်ကို မသိမသာ ဝင်တိုက်လိုက်သည်။
“ဖြန်း...”
ယန်ကျစ်၏ ပတ်တီးစည်းထားသော လက်မှာ တံခါးချပ်နှင့် ပြင်းထန်စွာ ဆောင့်မိသွား၏။
သူမသည် နာကျင်လွန်းသဖြင့် လက်ကို ခါယမ်းကာ အော်ဟစ်တော့သည်။
ကုဝမ်ရုက ခပ်မြန်မြန်ပင် ပြောလိုက်၏။
“မြန်မြန်... သူ့ကို တွဲထားလိုက်ကြဦး...”
ကျင်းခွေ့သည် နာကျင်လွန်းသဖြင့် မျက်ရည်များ ဝဲနေသော ယန်ကျစ်ကို အမြန် တွဲပေးလိုက်သည်။
“သခင်မလေး... ဒီအစေခံအတွက် တရားမျှတမှု ရှာပေးပါဦး။ ဒီအပျက်မ ကုဟွားက ကျွန်မကို ရည်ရွယ်ချက်ရှိရှိ အပူလောင်အောင် လုပ်ခဲ့တာပါ”
“ကျင်းခွေ့... ဟွားအာရဲ့ လက်တွေကို ဆေးသွားထည့်ပေးလိုက်”
ကုဝမ်ရု အမိန့်ပေးလိုက်၏။
ယနေ့ည ကုဟွား၏ အပူလောင်ဒဏ်ရာများ အလွန်ပြင်းထန်နေသည်ကို သူမ၏ ခင်ပွန်း မြင်သွားမည်ကို သူမ မလိုလားပေ။
သို့မှသာ သိက္ခာရှိပြီး ကြင်နာတတ်သော ဇနီးကောင်းဟူသည့် သူမ၏ ဂုဏ်သတင်းကို ထိန်းသိမ်းနိုင်မည် မဟုတ်ပါလား။
“ဟုတ်ကဲ့ပါ...”
ကျင်းခွေ့နှင့် ကုဟွားတို့ ထွက်သွားသည်ကို မြင်သောအခါ ကုဝမ်ရုသည် သူမ အလှပြင်သေတ္တာထဲမှ ရွှေဆံထိုးတစ်ချောင်းကို ယူကာ ယန်ကျစ်၏ ဆံပင်တွင် ထိုးပေးလိုက်၏။
“နင်လည်း အခုလောလောဆယ်တော့ သည်းခံလိုက်ပါဦး... ငါ့ခင်ပွန်းက သူ့ကို သဘောကျနေတာဆိုတော့ ဘယ်တတ်နိုင်ပါ့မလဲ...ငါ့ခင်ပွန်း သူ့ကို ကစားလို့ ဝသွားတဲ့အချိန်ကျရင် နင် ကြိုက်သလို လုပ်လို့ရတယ်... အခုတော့ ငြိမ်ငြိမ်လေး နေလိုက်ပါဦး... သူ့ကိုယ်မှာ နောက်ထပ် ဒဏ်ရာတွေ ထပ်ရလို့ မဖြစ်ဘူး”
ယန်ကျစ်သည် အလွန်ပင် မကျေမနပ် ဖြစ်သွားရသည်။
“ဒီအစေခံက သခင်မလေးအတွက် စိတ်မကောင်း ဖြစ်မိလို့ပါ...”
ကုဝမ်ရုက သူမ ပုခုံးကို ပုတ်ကာ နှစ်သိမ့်ပေးလိုက်၏။
“နင် ငါ့အပေါ် စေတနာထားတာကို ငါ သိပါတယ်... ငါလည်း နင့်အတွက် တကယ် စိတ်မကောင်းဖြစ်မိတာပါ... နင် နင့်ဝမ်းကွဲနဲ့ လက်ထပ်တဲ့အခါကျရင် ငါ နင့်အတွက် လက်ဖွဲ့ငွေတွေအများကြီး ထည့်ပေးလိုက်ပါ့မယ်...”
“ဒီည ကောင်းကောင်း အနားယူလိုက်ဦး... ကုဟွားနဲ့ ကျင်းခွေ့တို့ပဲ ဒီမှာ အလုပ်အကျွေးပြုကြလိမ့်မယ်”
ယန်ကျစ်သည် တစ်ခုခု ထပ်ပြောရန် ပြင်လိုက်သော်လည်း အပြင်ဘက်မှ အစေခံလေးတစ်ဦး၏ အသံ ထွက်ပေါ်လာသည်။
“သခင်မလေး ရှိပါသလားခင်ဗျာ... သခင်ကြီးဆီက ဆုလာဘ်တွေကို လာပို့တာပါ”
ယန်ကျစ်သည် ခေါင်းလေးပြူကြည့်လိုက်ပြီး ဝမ်းသာအားရ ထရပ်လိုက်၏။
“သခင်ကြီးအနားမှာ အလုပ်အကျွေးပြုတဲ့ တုန်းမော့ပဲ...”
“မြန်မြန် အထဲကို ဖိတ်လိုက်စမ်း”
ကုဝမ်ရု အလွန် ဝမ်းသာသွားသည်။
“သခင်မလေး... ဒါက သခင်ကြီး ပေးခိုင်းလိုက်တာတွေပါ... သခင်မလေး လက်ထပ်ပြီးကတည်းက ပထမဆုံးအကြိမ် တရားဝင် လက်ဖက်ရည် ဆက်သတာမို့ ဒါက သခင်ကြီးပေးတဲ့ တွေ့ဆုံခြင်းလက်ဆောင်ပါ”
တုန်းမော့သည် အရောင်မှိန်မှိန် မီးခိုးရောင် ပိုးထည်လိပ် နှစ်လိပ်ကို ကိုင်ထား၏။
ကုဝမ်ရု၏ မျက်နှာမှာ မကောင်းတော့ပေ။ သူမသည် အတင်းပြုံးလိုက်ပြီး
“ဒုက္ခခံပေးလို့ ကျေးဇူးတင်ပါတယ်... စားပွဲပေါ်မှာပဲ တင်ထားလိုက်ပါ... မနက်ဖြန် မနက်ကျမှ အဖေ့ဆီ ကိုယ်တိုင်သွားပြီး ကျေးဇူးတင်စကား ပြောလိုက်ပါ့မယ်”
သူမသည် ယန်ကျစ်ကို တစ်ချက် ကြည့်လိုက်၏။
ယန်ကျစ်သည် မလိုလားဟန်ဖြင့် ပဲစိမ်းစေ့ခန့်ရှိသော ငွေစတစ်စကို ထုတ်ယူကာ ကမ်းပေးလိုက်သည်။
“ရော့... ဒါက ငါတို့သခင်မလေးဆီက ဆုလာဘ်ပဲ...”
တုန်းမော့က မယူခဲ့ပေ။
“ဒါက ဒီအစေခံ လုပ်သင့်လုပ်ထိုက်တဲ့ အရာပါ...”
သူ၏ မျက်လုံးများသည် အခန်းထဲသို့ တစ်ချက် ဝေ့ကြည့်လိုက်၏။
ကုဟွားကို မမြင်ရသဖြင့် သူသည် ပိုးထည်များကို စားပွဲပေါ်တွင် တင်ကာ နှုတ်ဆက်၍ ထွက်ခွါသွားတော့သည်။
ယန်ကျစ်က နှာခေါင်းရှုံ့ကာ ရွံရှာသော အမူအရာဖြင့် ပြောလိုက်၏။
“ဒါတွေက ဘယ်လို ပစ္စည်းအညံ့စားတွေလဲ... ပန်းပုံစံကလည်း လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကပုံစံမျိုး... အရောင်ကလည်း အရမ်း မွဲလွန်းတယ်... ဒါက အဖွားကြီးတွေ ဝတ်ဖို့ပဲသင့်တာ... ကျွန်မတို့သခင်မလေးနဲ့ ဘယ်လိုလုပ် ထိုက်တန်မှာလဲ”
အိမ်တော်ကြီးတစ်ခုတွင် ဆုလာဘ်များမှာ နက်ရှိုင်းသော အဓိပ္ပာယ်များ ရှိကြသည်။
ဆုလာဘ်က ပို၍ တန်ဖိုးကြီးလေလေ ပို၍ မျက်နှာပွင့်လေလေ ဖြစ်၏။
ကုဝမ်ရု၏ စိတ်ထဲတွင်လည်း ဒေါသများ ပြည့်နေသည်။
“နင်နဲ့ ကျင်းခွေ့တို့ တစ်ယောက်တစ်လိပ်စီ ယူလိုက်ကြ”
ယန်ကျစ်က နှုတ်ခမ်းဆူလိုက်၏။
“ဒီအစေခံတောင် ဒါကို မလိုချင်ပါဘူး... သခင်ကြီးက သခင်မလေးကို တကယ်ကို အထင်သေးနေတာပဲ”
ကုဝမ်ရုသည် ပြတင်းပေါက်နားရှိ ညောင်စောင်းလေးပေါ်တွင် ထိုင်ချလိုက်သည်။
“ဘာမှ စိတ်ပူစရာ မလိုပါဘူး... ငါ့ခင်ပွန်းက အမွေဆက်ခံသူ ဖြစ်လာပြီး အိမ်တော်စီမံခန့်ခွဲခွင့်က ငါ့လက်ထဲ ရောက်လာတဲ့အခါ... မြို့စားအိမ်တော်မှာ ရှိသမျှအရာအားလုံးက ငါ့အပိုင် ဖြစ်လာမှာပဲ မဟုတ်ဘူးလား”