အခန်း ၁၁
Vol. 2 Ch. 11
အခန်း(၁၁)
မုအန်၏ မျက်နှာမှာ အလွန် ဆိုးဝါးသွားပြီး ပြတင်းပေါက် အပြင်ဘက်သို့ ခေါင်းလှည့်ကြည့်လိုက်၏။
အဓိကခန်းမမှာ ဤအခန်း၏ မျက်နှာချင်းဆိုင် ထောင့်တွင် ရှိနေသည်။
ကုဝမ်ရုက တံခါးဝတွင် တစ်ချိန်လုံး ရပ်နေခဲ့ပြီး ဒေါသများဖြင့် ဤဘက်ကို စိုက်ကြည့်နေခဲ့ခြင်း ဖြစ်၏။
မုအန်းသည် ဤမျှအထိ စိတ်မရှည်ဘဲ အခန်းထဲသို့ပင် မဝင်ရသေးမီ ကုဟွားကို စတင် ထိပါးနေလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။
သူသည် မယားကြီးဖြစ်သူ၏ မျက်နှာကို လုံးဝ ထောက်ထားခြင်း မရှိခဲ့ပေ။
ကုဟွား အော်ဟစ်လိုက်သည်ကို ကြားလိုက်ရသဖြင့် သူမသည် ကျင်းခွေ့နှင့်အတူ အပြေးအလွှား ရောက်လာခဲ့သည်။
“အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောမနေနဲ့စမ်း...”
ကုဝမ်ရုသည် သူမ၏ သိက္ခာရှိသော ပုံရိပ်ကို ထိန်းမထားနိုင်တော့ဘဲ ဒေါသများဖြင့် အမျက်တခြောင်းခြောင်းထွက်နေ၏။
ဒီမိန်းကလေးက ဇနီးမောင်နှံနှစ်ဦးကြားမှာ ဘယ်လိုတောင် ရန်တိုက်ပေးရဲရတာလဲ။
မုအန်း၏ အကိုင်အတွယ် လျော့ရဲသွားသည်ကို အခွင့်ကောင်းယူကာ ကုဟွားသည် သူ့ကို တွန်းဖယ်၍ ဆိုဖာပေါ်မှ ခုန်ဆင်းကာ ထွက်ပြေးရန် ကြိုးစားလိုက်သော်လည်း မုအန်းက တံခါးဝတွင် လက်မောင်းဖြင့် ပိတ်ထားလိုက်၏။
မုအန်း၏ မျက်နှာမှာ အလွန် ဆိုးဝါးနေသည်။
“ကုဝမ်ရု... မင်းက ငါ့ရှေ့မှာ တစ်မျိုး ငါ့နောက်ကွယ်မှာတစ်မျိုး လုပ်နေတာလား...”
ကုဝမ်ရုမှာ ပျာယာခတ်သွားရ၏။
“ခင်ပွန်း... ကျွန်မက သူမကို အဖေ့ဆီ ဘယ်လိုလုပ် ပေးမှာလဲ... ခင်ပွန်းဆီကိုပဲ တိုက်ရိုက် ခေါ်လာပေးတာ မဟုတ်ဘူးလား...”
သူမသည် အနာဂတ် မြို့စားကတော် ဖြစ်လာမည့်သူ ဖြစ်သည်။
သိက္ခာရှိပြီး ကြင်နာတတ်သော ဇနီးကောင်းဟူသည့် သူမ၏ ဂုဏ်သိက္ခာကို အပျက်အစီး မခံနိုင်ပေ။
ကုဝမ်ရုသည် ကုဟွားကို အေးစက်စက် လှည့်ကြည့်လိုက်၏။
“ညီမလေး... နင်က ငါ့ခင်ပွန်းကို အလုပ်အကျွေးမပြုချင်ရင်လည်း အမှန်အတိုင်း ပြောပေါ့... နင့်အစ်မဖြစ်တဲ့ ငါက နင့်ကို ဘယ်လိုလုပ် အတင်းအဓမ္မ လုပ်မှာလဲ... ပြီးတော့ ဖခင်က ဘယ်တုန်းကမှ မိန်းမတွေနဲ့ နီးစပ်ခဲ့ဖူးတာ မဟုတ်ဘူး... နင်က ဘာလို့ သူ့ကို ဒီလိုမျိုး စွပ်စွဲရဲရတာလဲ...”
မုအန်း သတိပြန်ဝင်လာပြီး ကုဟွားကို အေးစက်စက် ကြည့်လိုက်သည်။
“ကုဟွား... ငါ မင်းကို သဘောကျတာက မင်းရဲ့ ကံကောင်းခြင်းပဲ... ဒါက မင်းအစ်မရဲ့ သဘောထားကြီးမှုကို ပြသတာပဲ... ဘာလဲ... မင်းက ငါ့ကို အထင်သေးပြီး ငါ့အဖေရဲ့ ကုတင်ပေါ်ကို တက်ချင်နေတာလား...”
ကုဟွား သိထားသည်မှာ မုအန်း အမုန်းဆုံးအရာမှာ မြို့စားကြီးယုံ သူ့ကို အမွေဆက်ခံသူအဖြစ် ယနေ့ထက်ထိ မခန့်အပ်သေးခြင်းပင် ဖြစ်သည်။
မုအန်နှင့် ကုဝမ်ရုတို့သည် အခန်းထဲတွင် မြို့စားကြီးယုံနှင့် အဘွားအိုကြီးတို့ကို ကျိန်ဆဲနေကြသည်ကို သူမ မကြာခဏ ကြားခဲ့ဖူး၏။
မြို့စားကြီးနှင့် အဘွားအိုကြီးတို့သည် သူ့ကို သားရင်း မြေးရင်းကဲ့သို့ တစ်ခါမှ မဆက်ဆံခဲ့ဟု ဆိုကြသည်။
ထို့ပြင် မြို့စားကြီးယုံတွင် သားသမီးမရှိသဖြင့် မြို့စားအိမ်တော်ရှိ အရာအားလုံးမှာ သူ၏ အပိုင်ဖြစ်ရမည်ဟု ဆိုသေး၏။
မြို့စားကြီးယုံ အိုမင်းလာသောအခါ သူတို့ဆီက ရိုသေမှုကို မျှော်လင့်မနေသင့်ဟုပင် ဆိုကြသေးသည်။
ဤသည်မှာ ကုဝမ်ရုက သူငယ်ပြန်နေသော အဘွားအိုကြီးကို ဘယ်တုန်းကမှ ဂရုမစိုက်ရခြင်း၏ အကြောင်းရင်းလည်း ဖြစ်၏။
ခင်ပွန်းဖြစ်သူက ကုဟွားအပေါ် ဒေါသထွက်နေသည်ကို မြင်သောအခါ ကုဝမ်ရု၏ လေသံမှာ ပျော့ပြောင်းသွားသည်။
“ညီမလေး... ငါက နင့်ကို ဘာလို့ ဒုက္ခပေးမှာလဲ... ငါ့ခင်ပွန်းက မိန်းမတွေအပေါ်မှာ အမြဲတမ်း နူးညံ့ပြီး ကာကွယ်ပေးတတ်တဲ့သူပါ... အနောက်ဆောင်က မယားငယ်တွေကို ကြည့်လိုက်ဦး... ဘယ်သူကများ အဝတ်စားကောင်းတွေ မဝတ်ရဘဲ အစားကောင်းတွေ မစားရဘဲ နေရလို့လဲ... ငါ့ခင်ပွန်းက အနာဂတ်မှာ မြို့စားအိမ်တော်ကို ဆက်ခံတဲ့အခါ နင်က စည်းစိမ်ဥစ္စာတွေ ဂုဏ်ကျက်သရေတွေ ကင်းမဲ့နေမှာတဲ့လား... အဖေက အသက်ကြီးနေပြီ... ပြီးတော့ မိန်းမတွေကို မနှစ်သက်ဘူး... နင် သူ့ကို အလုပ်အကျွေးပြုချင်ရင်တောင် သူက နင့်ကို အလိုရှိမှာ မဟုတ်ဘူး...နောက်ဆုံးတော့ နင့်ရဲ့ ကြိုးစားမှုတွေက အလကား ဖြစ်သွားပြီး အရွယ်ကောင်းတွေကို အလဟဿ ဖြုန်းတီးပစ်ရာ မရောက်ဘူးလား... တစ်လှမ်းဆုတ်ပြီး စဉ်းစားကြည့်ရအောင်... ငါ နင့်ကို အိမ်ပြန်ပို့လိုက်ရင်တောင် နင့်ရဲ့ ဂုဏ်ဒြပ်နဲ့ဆိုရင် အဖေနဲ့အမေက နင့်ကို ကြုံရာလူနဲ့ပဲ ပေးစားလိုက်မှာ... အဲဒါက မြို့စားအိမ်တော်ရဲ့ တစ်ဦးတည်းသော သခင်လေးနဲ့ ပေါင်းရတဲ့ အဆင့်အတန်းနဲ့ ဘယ်လိုများ ယှဉ်လို့ရနိုင်မှာတဲ့လဲ...”
ကုဝမ်ရု၏ စကားများသည် မုအန်း၏ အနာကို ထိသွားစေသည်။
ဤအပျက်မလေးသည် သူ့ကို ငြင်းပယ်ပြီး သူ့ဖခင်ကို တွယ်ကပ်ချင်နေသည်တဲ့လား...
ဤသည်မှာ သူ့ကို ပေါ်တင်အထင်သေးလိုက်ခြင်းပင် ဖြစ်သည်။
သူသည် ဒေါသတကြီးဖြင့် လက်ကို မြှောက်ကာ ကုဟွား၏ မျက်နှာကို ဖြန်းခနဲ မြည်အောင် ရိုက်ချပစ်လိုက်ပြီး ဆဲရေးတော့၏။
“အဖေက နင်လို အဆင့်မျိုးနဲ့ တပ်မက်လို့ရမဲ့ လူစားမျိုးထင်နေလို့လား အပျက်မရဲ့...”
ကုဟွား၏ မျက်နှာမှာ ပူထူသွားပြီး နားထဲတွင်လည်း တဝီဝီ မြည်သွားရသည်။
ကုဟွားသည် လွတ်မြောက်ရန် အစွမ်းကုန် ရုန်းကန်ပြီး ကုဝမ်ရု၏ ရှေ့တွင် ဒူးထောက်ချလိုက်၏။
သူမသည် လက်ဖဝါးမှ နာကျင်မှုကိုပင် ဂရုမစိုက်နိုင်တော့ဘဲ လက်တွင်စည်းထားသော လက်ကိုင်ပုဝါများကို အတင်းဆွဲဖြုတ်ကာ သူမ၏ လက်ဖဝါးများကို ဖြန့်ပြလိုက်သည်။
သူမ ကျယ်လောင်စွာ ငိုယိုလိုက်၏။
“အစ်မ... အစ်မက သခင်လေးကို အရမ်းချစ်တာမို့လို့ ညီမကို သခင်လေးဆီ အလုပ်အကျွေးပြုဖို့ ဘယ်တုန်းကမှ မလိုလားခဲ့ဘူးလေ... အစ်မကြီးက ယန်ကျစ်ကို ခိုင်းပြီး ညီမရဲ့လက်တွေကို တမင် အပူလောင်အောင် လုပ်ခိုင်းခဲ့တာလေ... ပြီးတော့မှ ညီမကို မြို့စားကြီးဆီ လက်ဖက်ရည် သွားဆက်သခိုင်းတာ မဟုတ်လား... ဒါက မြို့စားကြီး ညီမကို သနားပြီး သဘောကျသွားအောင် အစ်မ တမင်လုပ်ခဲ့တာ မဟုတ်ဘူးလား။ အစ်မ... အခုတော့ အစ်မ ဆန္ဒပြည့်သွားသွားပြီလေ... မြို့စားကြီးက ညီမကို သဘောကျသွားပြီ... ညီမက အစ်မနဲ့ သခင်လေးကြားမှာ ဆူးတစ်ချောင်း ဖြစ်မနေတော့ပါဘူး... အစ်မ သခင်လေးကို ဖျောင်းဖျပြီး ညီမကိုလွှတ်ပေးဖို့ ပြောပေးပါနော်...”
မုအန်း၏ မျက်နှာမှာ ချက်ချင်းပင် ဆိုးဝါးသွား၏။ သူသည် ထိုလက်များကို စိုက်ကြည့်လိုက်သည်။ ဆေးထည့်ထားသော်လည်း အလွန်အမင်း နီရဲဖောင်းကြွနေဆဲ ဖြစ်ပြီး အဝါရောင် အရည်ကြည်များပင် ထွက်နေသည်။
သူသည် ကုဝမ်ရုဘက်သို့ လှည့်ကြည့်လိုက်၏။
“ကုဝမ်ရု... မင်းက သူ့ကို ဒီည ငါ့ဆီ အလုပ်အကျွေးပြုဖို့ ပြောထားပြီးတော့ ဘာလို့ သူ့လက်တွေကို ဒီလိုဖြစ်အောင် တမင် လုပ်ခဲ့ရတာလဲ...”
ကုဝမ်ရု ပျာယာခတ်သွားရသည်။
“ညီမက ဘယ်လိုလုပ် တမင်လုပ်မှာလဲ... ယန်ကျစ်က လက်ဖက်ရည်ကို အပူလွန်အောင် ဖျော်မိလို့ ကုဟွားက မတော်တဆ အပူလောင်သွားတာပါ...ညီမက သူတို့နှစ်ယောက်လုံးကို ခေါ်သွားဖို့ ပြင်ပေမဲ့ လမ်းမှာ ကုဟွားက ငွေအိုးကို မှောက်အောင်လုပ်မိလို့ ယန်ကျစ်ပါ အပူလောင်သွားခဲ့တာလေ... ဒါကြောင့် ယန်ကျစ်ကို ဆေးသွားထည့်ဖို့ ကျင်းခွေ့နဲ့ ပြန်လွှတ်လိုက်ရတာ ဒါကြောင့်...”
“ဒါဆို သူရော ယန်ကျစ်ရော အပူလောင်နေတာပဲကို ဘာလို့ သူတစ်ယောက်တည်းကိုပဲ အဖေ့ဆီ ခေါ်သွားတာလဲ...ဘာလဲ... ငါ့ကို တမင် စိတ်ပျက်အောင် လုပ်ချင်တာလား...”
မုအန်၏ အကြည့်များမှာ မှောင်မိုက်ပြီး ကြောက်စရာ ကောင်းလှ၏။
ကုဟွားမှာ ခေါင်းငုံ့ကာ တိုးတိုးလေး ရှိုက်ငိုနေတော့သည်။
သူတို့နှစ်ဦးကြားတွင် သံသယဆူးကို စိုက်ပျိုးပြီးနောက် အရင်လို ချစ်ချစ်ခင်ခင် ရှိနေနိုင်ဦးမလား သူမ ကြည့်ချင်မိသေးသည်။
ကုဝမ်ရုသည် မုအန်း၏ ဤမျှအထိ ကြောက်စရာကောင်းသော အကြည့်များကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။
သူမ မျက်နှာလေးမှာ ကြောက်လန့်တကြား ဖြူဖျော့သွားရ၏။
သူမသည် သီလသိက္ခာရှိသော ဇနီးကောင်း ပုံရိပ်ကိုပင် မေ့လျော့သွားကာ ကုဟွား၏ ဆံပင်မှ ဆွဲဆောင့်လိုက်ပြီး သူမကို မော့ကြည့်စေလိုက်သည်။
“နင်လို အပျက်မကများ... ငါ့ခင်ပွန်းနဲ့ ငါ့ကြားက အချစ်ကို ဖျက်ဆီးဖို့ ဘယ်လိုတောင် ကြိုးစားရဲရတာလဲ။ နင်က အဖေ့ကို တွယ်ကပ်ချင်နေသေးတယ်ပေါ့လေ... နင့်သေလမ်း နင်ရှာနေတာလား...”
ဦးရေပြားမှ ဆွဲကိုင်ခံထားရသည့် နာကျင်မှုကိုပင် ဂရုမစိုက်ဘဲ ကုဟွားသည် သူမ၏ အင်္ကျီလက်ထဲမှ နှင်းကြာပန်း ကျောက်စိမ်းလိမ်းဆေးနှင့် အပူလောင်ပျောက်ဆေးတို့ကို အမြန် ထုတ်ပြလိုက်၏။
“ဒါ... ဒါတွေက မြို့စားကြီး ညီမကို ပေးသနားတဲ့ ဆုလာဘ်တွေပါ...”
ကုဝမ်ရု မှင်တက်သွားရသည်။ သူမသည် ကုဟွား၏ ဆံပင်ကို လွှတ်ပေးလိုက်ပြီး ဆေးပုလင်းကို ယူကြည့်ရန် ပြင်လိုက်၏။
သို့သော် မုအန်းက ခပ်သွက်သွက်ပင် လုယူလိုက်သည်။
“နှင်းကြာပန်း ကျောက်စိမ်းလိမ်းဆေးလား...”
“ဒါက အနောက်တိုင်းက လာတဲ့ ပစ္စည်းကောင်းပဲ... ရွှေစထောင်ချီ ပေးရင်တောင် ဝယ်ဖို့ခက်တဲ့ အရာပဲ... မယ်တော်ကြီးက အဖေ့ကို တစ်ပုလင်း ဆုချထားတာ ငါ သိတယ်... မနေ့တစ်နေ့ကမှ ယောင်ယောင့် လက်ချောင်းလေး အပူလောင်သွားလို့ အိမ်တော်ထိန်းကျိုးဆီမှာ ငါ တောင်းခဲ့ပေမဲ့ အဖေက သူ့ဘာသာ သုံးဖို့ချန်ထားတာလို့ ပြောပြီး ငြင်းခဲ့တာ။ အခုတော့ အဖေက နင့်ကို တကယ်ပဲ ဒါကို ပေးလိုက်တာလား...”
ဒီအပျက်မက ဒါနဲ့ ထိုက်တန်လို့လား...
ကုဝမ်ရုသည် ဒေါသထွက်လွန်းသဖြင့် ထိုစကားကို တိုက်ရိုက် ပြောထွက်လုနီးပါးပင် ဖြစ်သွားရ၏။
သူမသည် ကုဟွားကို သံသယမျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။
“အဖေက နင့်ကို ဘယ်အချိန်မှာ ဆုချလိုက်တာလဲ...ငါ ဘာလို့ မသိရတာလဲ...”
ကုဟွားက မျက်ရည်များကို သုတ်လိုက်၏။
“အစ်မ လက်ဖက်ရည် ဆက်သပြီး ပြန်လာတဲ့နောက်မှာ မြို့စားကြီးက တုန်းမော့ကို ခိုင်းပြီး လာပို့ခိုင်းလိုက်တာပါ...”
“တုန်းမော့ ဟုတ်လား...”
ကုဝမ်ရုသည် ရင်ထဲတွင် ဒေါသများဖြင့် မွန်းကြပ်နေရသည်။
အဖေက ငါ့ကိုတော့ အထည်ဟောင်း နှစ်လိပ်ပဲပေးပြီး ဒီအပျက်မကိုကျတော့ အနောက်တိုင်းကလာတဲ့ အဖိုးတန်ပစ္စည်းကို ပေးလိုက်တာလား...
ပြီးတော့ ငါ မသိအောင် တမင်ပေးခိုင်းလိုက်သေးတယ်ပေါ့လေ...
အဖေက ဒီနေ့တင် ဒီအပျက်မကို တွေ့တွေ့ချင်း စွဲလန်းသွားတာလား...
အဖေက မိန်းမတွေနဲ့ ကင်းကင်းရှင်းရှင်း နေတတ်တယ်ဆိုတာ တကယ်မဟုတ်ဘူးလား...
ကုဝမ်ရုနှင့် မုအန်တို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
နှစ်ယောက်လုံး၏ စိတ်ထဲတွင် မရေမရာ ဖြစ်နေကြသည်။
ဤကိစ္စမှာ မြို့စားဘွဲ့ကို အမွေဆက်ခံမည့် ကိစ္စနှင့် ပတ်သက်နေသဖြင့် သူတို့ အလွန် ဂရုစိုက်ရမည် ဖြစ်သည်။
ကုဝမ်ရုသည် မျက်လုံးလေးကစားကာ စဉ်းစားလိုက်၏။
“ခင်ပွန်း... အဖေက သူ့ကို ဆေးပေးလိုက်တာက သူ့ ဒဏ်ရာတွေက ပြင်းထန်နေလို့ ဖြစ်မှာပါ... သူ့ကို သဘောကျသွားလို့ မဟုတ်လောက်ပါဘူး... မြို့တော်က မြင့်မြတ်တဲ့ မမလေးတွေအားလုံးက အဖေ့ကို လက်ထပ်ချင်နေကြတာတောင် သူက တစ်ယောက်ကိုမှ သဘောမကျခဲ့ဘူးလေ... ကိုယ်လုပ်တော်ကမွေးတဲ့ အစေခံမကို သူက ဘယ်လိုလုပ် သဘောကျနိုင်မှာလဲ...”
မုအန်းသည် ၎င်းအချက်ကို အလွန်သဘောတူမိသွားသည်။
သူက မြေပြင်ပေါ်တွင် ဆံပင်ဖရိုဖရဲဖြင့် ဒူးထောက်နေသော ကုဟွားကို စိုက်ကြည့်ကာ နှာခေါင်းရှုံ့လိုက်၏။
“ဒီညတော့ မင်းကို ငါပိုင်ရမယ်။ အဖေက ငါ့ကိုချစ်တာဆိုတော့ မိန်းမတစ်ယောက်အတွက်နဲ့တော့ သူ့သားနဲ့ ရန်ဖြစ်မှာ မဟုတ်တာတော့ သေချာတယ်...”