← Chapters

အခန်း ၁၂

Vol. 2 Ch. 12

အခန်း ၁၂

Vol. 2 Ch. 12

အခန်း(၁၂)

ကုဟွားမှာ ထိတ်လန့်သွားရသည်။

သူမသည် ထွက်ပြေးရန် အတင်းရုန်းထလိုက်သော်လည်း မုအန်းက သူမ အင်္ကျီကော်လာနောက်မှနေ၍ ဖမ်းဆွဲလိုက်၏။

“ထွက်ပြေးချင်တာလား... တစ်ယောက်လောက်လာပြီး သူ့ကို ခေါ်သွားကြစမ်း...”

ကုဟွားသည် အစွမ်းကုန်ရုန်းကန်ရင်း အဆုတ်ကွဲမတတ် အော်ဟစ်ငိုယိုတော့သည်။

“သခင်လေးနဲ့အစ်မ... ကျွန်မကို လွှတ်ပေးပါနော်... ကျွန်မ တစ်သက်လုံး ရှင်တို့အတွက် ကျွဲလိုနွားလို အလုပ်အကျွေးပြုပါ့မယ်...”

ကုဝမ်ရုက လှောင်ပြုံးပြုံးလိုက်၏။

“သခင်လေးက နင့်ကို သဘောကျတာက နင့်ရဲ့ ကံကောင်းခြင်းပဲ။ နင့်မှာရှိတဲ့ ကံကောင်းမှုကို အလဟဿ အဖြစ်မခံနဲ့...”

ထိုလူတစ်စုမှာ ပြင်းပြင်းထန်ထန် ငြင်းခုံနေကြစဉ် ဝင်းတံခါးဝမှ လူတစ်ယောက် လျှောက်ဝင်လာကာ ပြုံးလျက် ပြောလိုက်သည်။

“အိုး... သခင်လေးလည်း ဒီမှာ ရှိနေတာပဲ...”

“အိမ်တော်ထိန်းချုပ်ကြီးကျိုး...”

ထိုသူ ရောက်လာသည်ကို မြင်သောအခါ ကုဝမ်ရု၏ ရင်ထဲတွင် ထိတ်ခနဲ ဖြစ်သွားရ၏။

သူမ၏ ညီမအရင်းအပေါ် နှိပ်စက်နေသည်ကို ယောက္ခထီးဘက်မှ လူတစ်ယောက်အား အမြင်မခံနိုင်ပေ။

သူမသည် မုအန်း၏ အင်္ကျီလက်ကို အမြန်ဆွဲလိုက်သည်။ မုအန်းက ကုဟွား၏ ကော်လာကို ခပ်မြန်မြန် လွှတ်ပေးလိုက်၏။

သူသည် ပျာယာခတ်နေမှုကို ဖုံးကွယ်ကာ အတင်းပြုံးလိုက်သည်။

“အိမ်တော်ထိန်းချုပ်ကြီးကျိုးက ရှားပါးတဲ့ ဧည့်သည်တော်ကြီးပါလား...”

ကုဟွားမှာမူ ခြေထောက်များ ပျော့ခွေသွားကာ မြေပြင်ပေါ်သို့ တန်းတန်းမတ်မတ် လဲကျသွားတော့၏။

သူမ၏ အဝတ်အစားများမှာ ဖရိုဖရဲဖြစ်နေပြီး ဆံပင်များမှာလည်း စုတ်ဖွာနေသည်။

ခေါင်းငုံ့ကာ ငိုနေပုံမှာ အလွန်ပင် သနားစဖွယ် ကောင်းလှ၏။

ကျိုးချွန်းယွီသည် ဘာမှမမြင်သကဲ့သို့ ဟန်ဆောင်လိုက်သည်။

သူသည် မုအန်းနှင့် ဇနီးဖြစ်သူကို ဂါရဝပြုလိုက်၏။

“သခင်ကြီးက အိမ်ပြန်လာခဲတာမို့ စားသောက်ပွဲတစ်ခု ပြင်ဆင်ခိုင်းထားပါတယ်... မိသားစုကိစ္စလေးတွေ စကားပြောလို့ရအောင် သခင်လေးနဲ့ သခင်မလေးကို အိမ်ရှေ့ဝင်းဘက်မှာ ညစာစားဖို့ ဖိတ်လိုက်ပါတယ်...”

ကုဝမ်ရုနှင့် မုအန်းတို့သည် အလွန်ဝမ်းသာသွားကြပြီး သက်ပြင်းချလိုက်မိကြသည်။

ကုဝမ်ရုသည် ဤအခွင့်အရေးကို အသုံးချကာ သူမ၏ ကြိုးစားမှုကို ထုတ်ဖော်လိုက်၏။

“ဒီနေ့ လက်ဖက်ရည်ဆက်သနေတုန်း ခင်ပွန်းက ဖခင်အပေါ် ရိုသေမှုပြချင်လို့ ညစာဖိတ်ချင်နေတယ်လို့ ကျွန်မပြောခဲ့တာလေ...တွေ့လား... ဖခင်က သဘောတူလိုက်တယ်...”

ယခုတော့ သူမ၏ ခင်ပွန်းက သူမကို ကျေးဇူးတင်ရတော့မည် မဟုတ်ပါလား။

“ငါ့ဇနီးက တကယ့်ကို သီလသိက္ခာပြည့်ဝတာပဲ...”

မုအန်းက ပြုံးလျက် သူမ မေးစေ့ကို ပင့်မလိုက်သည်။

ကုဝမ်ရုသည် ရှက်သွေးဖြာဟန်ဖြင့် မျက်နှာလွှဲလိုက်ကာ ကျိုးချွန်းယွီကို ယဉ်ကျေးစွာ ပြောလိုက်၏။

“အိမ်တော်ထိန်းချုပ်ကြီးကျိုး... အရင်သွားနှင့်ပါ... ကျွန်မတို့ ဇနီးမောင်နှံ အဝတ်အစားလဲပြီးတာနဲ့ ချက်ချင်း လိုက်လာခဲ့ပါ့မယ်...”

မုအန်းသည် ဒူးထောက်နေသော ကုဟွားကို တစ်ချက်ကြည့်ကာ ညင်သာစွာ အမိန့်ပေးလိုက်သည်။

“မင်းရဲ့ လက်တွေ ဒဏ်ရာရနေတာဆိုတော့ အခန်းထဲ ပြန်ပြီး အနားယူလိုက်တော့...”

ကုဝမ်ရုသည် ကုဟွားကို ထူရန် ခပ်မြန်မြန် သွားလိုက်၏။

“မိုက်မဲတဲ့ ညီမလေးရယ်... ငါ့ခင်ပွန်းက နင့်ကို စေတနာနဲ့ ပြောနေတာလေ...နင့်ကို အနာဂတ်မှာ မပင်ပန်းစေချင်လို့ပါ... မြန်မြန်ထပြီး အခန်းထဲမှာ သွားအနားယူလိုက်တော့...”

ကုဟွားက ငြင်းဆိုရန် ပြင်လိုက်စဉ်မှာပင် ကျိုးချွန်းယွီသည် သူမကို အခုမှ မြင်လိုက်သကဲ့သို့ ဟန်ဆောင်လိုက်၏။

“ဒါက သခင်မလေးရဲ့ မိသားစုက ဒုတိယမမလေး ဖြစ်မယ်ထင်တယ်... သခင်ကြီးက သူ့ခမည်းခမက်အိမ်က ဆွေမျိုးဖြစ်တဲ့ ဒုတိယမမလေး အိမ်တော်ကို ရောက်နေတယ်လို့ ကြားတာနဲ့ သူ့ကိုပါ ဧည့်ခံကျွေးမွေးဖို့ အတူတူ ခေါ်လာခဲ့ပါလို့ အမိန့်ပေးလိုက်ပါတယ်...”

ကုဝမ်ရု၏ တစ်ကိုယ်လုံး တောင့်တင်းသွားရသည်။

သူမသည် မုအန်းကို ခပ်မြန်မြန် လှည့်ကြည့်လိုက်၏။

မုအန်း၏ မျက်ဝန်းထဲတွင်မူ ဆီးနှင်းများ ဖုံးလွှမ်းသွားသကဲ့သို့ အေးစက်သွားတော့သည်။

ကုဝမ်ရုသည် အတင်းပြုံးလိုက်၏။

“အိမ်တော်ထိန်းချုပ်ကြီးကျိုး... ကုဟွားက နိမ့်ကျတဲ့ အဆင့်အတန်းရှိတဲ့ ကိုယ်လုပ်တော်ကမွေးတဲ့ သမီးပါ... အဖေ့ရဲ့ ဧည့်ခံမှုကို ခံယူဖို့ မထိုက်တန်ပါဘူး... သူ မသွားသင့်ဘူး...ဟုတ်တယ်မလား...”

ကျိုးချွန်းယွီက ခက်ခဲသွားဟန်ဖြင့် ပြောလိုက်၏။

“သခင်မလေး... သခင်ကြီးကိုယ်တိုင် အမိန့်ရှိထားတာမို့ ဒီအစေခံအိုကြီးကတော့ မနာခံဘဲမနေရဲပါဘူး... အကယ်၍ လူကို ဖိတ်မလာနိုင်ရင် ကျွန်တော်မျိုးပဲ အပြစ်ပေးခံရပါလိမ့်မယ်... ဒါမှမဟုတ် သခင်မလေးကိုယ်တိုင်ပဲ သခင်ကြီးဆီသွားပြီး ငြင်းပယ်လိုက်မလား”

ကုဝမ်ရုသည် သူမ ယောက္ခမက ကုဟွားကို တကယ်ပဲ စွဲလန်းသွားခြင်းရှိမရှိ အသေအချာ မခန့်မှန်းနိုင်သော်လည်း အိမ်တော်ထိန်းချုပ်ကြီးက ဤသို့ပြောလာသဖြင့် သူမအနေဖြင့် ငြင်းဆိုရန် မဝံ့ရဲတော့ပေ။

မုအန်း၏ မဲမှောင်နေသော အကြည့်များကို အောင့်အည်းသည်းခံရင်း သူမ အတင်းပင် ပြောလိုက်ရတော့သည်။

“ဒါက အဖေပေးတဲ့ မျက်နှာသာကြီးပဲဟာ... ကျွန်မတို့က ဘယ်လိုလုပ် မသွားဘဲနေရမှာလဲ... ညီမလေး မြန်မြန်သွား ရေချိုးပြီး အဝတ်အစားလဲလိုက်ဦး... ရိုင်းစိုင်းတဲ့သူတစ်ယောက် မဖြစ်စေနဲ့...”

ကုဟွား၏ ရင်ထဲတွင်မူ အနည်းငယ် ပေါ့ပါးသွားရသည်။

မနေ့ညက သူမ၏ ကြိုးစားမှုများမှာ အလဟဿ မဖြစ်ခဲ့ပေ။

သူမသည် တုန်တုန်ယင်ယင်ဖြင့် ထရပ်လိုက်၏။ ခြေလှမ်းများမှာလည်း မတည်မငြိမ်ဖြစ်နေသည်။ သူမ၏ ခြေထောက်များမှာ အားအင်ကုန်ခမ်းနေသကဲ့သို့ ပျော့ခွေနေသည်ကို မြင်သူတိုင်း သိနိုင်ပေသည်။

ကျိုးချွန်းယွီ၏ မျက်ဝန်းထဲတွင် အလင်းတစ်ချက် ဖျတ်ခနဲ လက်သွား၏။

သူသည် ပုံမှန်အတိုင်းပင် ဟန်ဆောင်လျက် ရှေ့မှဦးဆောင်ကာ ထွက်ခွာသွားတော့သည်။

ကုဟွားမှာ မနေ့ညက တစ်ညလုံး အနှိပ်စက်ခံခဲ့ရသည့်အပြင် အခုလေးတင် ရုန်းကန်လှုပ်ရှားခဲ့ရသဖြင့် သူမ အားအင်အားလုံးမှာ ကုန်ခမ်းလုနီးပါး ဖြစ်နေပြီဖြစ်သည်။

သူမသည် နူးညံ့ပျော့ခွေနေသော ခြေထောက်များကို အတင်းရုန်းကန်ကာ သူတို့နောက်မှ လိုက်ပါသွားရ၏။

စားသောက်ပွဲကို ဥယျာဉ်နောက်ဘက်ရှိ ရေပေါ်အဆောင်ဖြစ်သော လန်ယွဲ့ဆောင်တွင် ပြင်ဆင်ထားသည်။

ကြာကန်ကို မြင်လိုက်ရသည့် ခဏမှာပင် ကုဟွား၏ တစ်ကိုယ်လုံး ရုတ်တရက် အေးစက်သွားရ၏။

သေလုမြောပါး ဖြစ်ခဲ့ရသော မွန်းကြပ်မှုက သူမကို ချက်ချင်းပင် ရိုက်ခတ်လာသည်။ သူမ၏ ခြေထောက်များ တုန်ယင်လာကာ ရှေ့သို့ တစ်လှမ်းပင် မလှမ်းနိုင်တော့ပေ။

သူမသည် တိုင်တစ်တိုင်ကို အားကိုးတကြီး မှီထားလိုက်ရပြီး တစ်ကိုယ်လုံး အေးစက်ကာ အသက်ရှူရန်ပင် ခက်ခဲနေတော့သည်။

အတိတ်ဘဝတုန်းက ယခုလို ညအချိန်မှာတွင် မုအန်းနှင့် ယန်ကျစ်တို့က သူ့ကို ဤနေရာသို့ တရွတ်တိုက်ဆွဲခေါ်လာကာ ရေခဲမတတ်အေးစက်နေသည့် ရေကန်ထဲတွင် အသက်ပျောက်သည်အထိ အတင်းဖိနှစ် သတ်ခဲ့ကြခြင်း ဖြစ်သည်။

ကိုယ်လုပ်တော်ပိုင်သည် တရားဝင်ဇနီးအပေါ် မနာလိုဖြစ်သဖြင့် တရားဝင်ဇနီးဖြစ်သူ၏ သမီးကို နင်းခြေပြီး အနိမ့်ကျဆုံးလူ ဖြစ်စေချင်ခဲ့သည်။

သူမသည် တရားဝင်ဇနီးသည်၏ သမီးရင်းကို တိတ်တဆိတ် လဲလှယ်ပစ်ခဲ့၏။

အတုအယောင် တရားဝင်သမီးက စည်းစိမ်ဥစ္စာများကို ခံစားနေချိန်မှာ သမီးရင်းဖြစ်သူကတော့ ကိုယ်လုပ်တော်၏ နှိပ်စက်မှုကို ခံရပြီး နိမ့်ကျသည့် အစေခံမလေး ဖြစ်ခဲ့ရသည်။

သူမကို ယောကျ်ားများအတွက် ကစားစရာတစ်ခု ဖြစ်လာအောင် ကိုယ်လုပ်တော်ပိုင် လေ့ကျင့်ပေးခဲ့သည်မှာ သူမ သမီးရင်းအတွက် လမ်းခင်းပေးရန်သာ ဖြစ်၏။

ဤလောကကြီး၌ ဖြစ်ပျက်သမျှတွေက တကယ့်ကို ရယ်စရာကောင်းလွန်းလှပေသည်။

ကျွန်စာချုပ်ကြီး၏ ဖိနှိပ်ခံရမှုအောက်မှာ သူမ ဘယ်လောက်ပင် ကောင်းကင်နှင့် မြေကြီးကို တိုင်တည်အော်ဟစ်ပါစေ မည်သူမှ ပြန်မထူးခဲ့ကြပေ။

အပျိုစင်ဘဝ ဆုံးရှုံးရသည့်အပြင် မိသားစုလည်း မရှိသည့်အတွက် သူမကိုယ်သူမ သနားမိရုံသာ တတ်နိုင်ခဲ့သည်။

ကောင်းကင်ကြီး မတရားသည်ကိုသာ အပြစ်တင်ခဲ့ပြီး ကံဆိုးလှသည့် သူမဘဝနှင့် သူမကို ချစ်ပေးမည့် အမေတစ်ယောက် မရှိသည်ကို အားငယ်ခဲ့ရသည်။

အရာအားလုံးကို ရင်းပြီး ထွက်ပြေးဖို့ သတ္တိမရှိသော သူမကိုယ်သူမပ အပြစ်တင်ခဲ့မိသည်။

သူမက အသက်ရှင်ရုံလေး မျှော်လင့်ခဲ့သော်လည်း သူတို့က ထိုမျှော်လင့်ချက်လေးကိုပါ ဖျက်ဆီးပစ်ခဲ့ကြသည်။

တစ်ဖက်မှာတော့ ညစ်ပတ်ယုတ်မာသည့် အလုပ်မှန်သမျှ လုပ်ခဲ့ကြသော ထိုဇနီးမောင်နှံကတော့ စည်းစိမ်ဥစ္စာများကို ဆက်လက်ခံစားပြီး တစ်သက်လုံး လက်တွဲကာ သာယာပျော်ရွှင်စွာ နေထိုင်သွားကြသည်။

သူမ ခါးသီးလှသော ကံကြမ္မာက လူဖန်တီးထားသည့် ဘေးဒုက္ခတစ်ခုမှန်း သူမ မသိခဲ့ရပေ။

ဘာကြောင့်လဲ...

သူမ၏ စိတ်ထဲတွင် မုန်းတီးမှုနှင့် မကျေနပ်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။

ကုဟွားသည် လန်ယွဲ့ဆောင်ထဲသို့ မော့ကြည့်လိုက်၏။

အနက်ရောင် ဝတ်ရုံဝတ်ထားသော ခံ့ညားထည်ဝါပြီး အရပ်ရှည်သည့် အမျိုးသားတစ်ဦး မတ်မတ်ထိုင်နေသည်။

သူသည် သူမ၏ တစ်ခုတည်းသော အသက်ကယ်ကြိုးပင် ဖြစ်၏။

သို့သော် သူက သူမကို တစ်ချက်တောင် လှည့်မကြည့်သေးဘူး

ကုဟွားသည် သူမ အင်္ကျီကော်လာကို တင်းတင်းဆုပ်ထားလိုက်သည်။

သွေးမရှိတော့သလောက် ဖြူဖျော့နေသော ပါးပြင်နှင့် နှုတ်ခမ်းများက သူမ ရင်ကွဲမတတ် နာကျင်မှုကို ခံစားနေရကြောင်း ပြသနေ၏။

ကုဝမ်ရုသည် ကုဟွား တစ်ခုခုမှားနေသည်ကို သတိပြုမိသွားသည်။

သူမသည် လက်ကိုဆန့်ကာ ကုဟွား၏ ခါးက အသားကို ဆွဲလိမ်ပစ်လိုက်၏။

နာကျင်မှုကြောင့် ကုဟွား အသက်ရှူရပ်မတတ် ဖြစ်သွားရပြီး ချက်ချင်းပင် သတိပြန်ဝင်လာသည်။

ကုဝမ်ရုက သူမ၏ နားရွက်နားတွင် ရက်စက်စွာ တိုးတိုးလေး ကပ်ပြောလာ၏။

“နင် နောက်ထပ် အကြံတွေ ထပ်ထုတ်ရဲရင်... ပြန်ရောက်တာနဲ့ နင့်ခြေထောက်တွေကို ရိုက်ချိုးပြီး ပြည့်တန်ဆာအိမ်မှာ သွားရောင်းစားပစ်မယ်...”

စကားဆုံးသည်နှင့် သူမသည် မော့လိုက်ကာ နူးညံ့သောအပြုံးကို ဆင်မြန်းလိုက်ပြီး မုအန်းနောက်မှ လိုက်ကာ မုကျွင်းယန်ကို ယဉ်ကျေးစွာ ဂါရဝပြုလိုက်သည်။

“သား (ချွေးမ) အဖေ့ကို ဂါရဝပြုပါတယ်...”

“ထိုင်ကြတော့...”

မုကျွင်းယန် လက်ကိုမြှောက်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။

All Chapters