အခန်း ၁၄
Vol. 2 Ch. 14
အခန်း(၁၄)
ကုဝမ်ရု သူမကို တိတ်တဆိတ် မျက်စောင်းထိုးလိုက်သည်။
“ညီမလေး လျှောက်ပြောမနေနဲ့... အဖေ့ရှေ့မှာ ငါတို့ကို လှောင်စရာ မဖြစ်စေနဲ့”
သူ၏ ဖခင်အနေဖြင့် ကုဝမ်ရုကို အထင်ကြီးစေရန်အတွက် မုအန်းက ပြုံးလျက် ဝင်ပြောလိုက်သည်။
“ဝမ်ရုမှာ ပညာအရည်အချင်း ရှိတာကို ငါသိပါတယ်... ဝမ်ရုကို အဲဒီကဗျာသုံးပုဒ် ရေးခိုင်းပြီး အဖေ့ဆီကနေ အကြံဉာဏ် တောင်းကြည့်ရင် မကောင်းဘူးလား”
ကုဝမ်ရု၏ မျက်နှာလေး ဖြူဖျော့သွားရ၏။ သူမသည် လက်ကိုင်ပုဝါဖြင့် မျက်နှာကို ကာကာ ချွဲနွဲ့ဟန်ဖြင့် ပြောလိုက်သည်။
“ခင်ပွန်းရယ်... ကျွန်မရဲ့ မတောက်တခေါက် ပညာလေးကို အဖေ့ရှေ့မှာ ဘယ်လိုလုပ် ထုတ်ပြဝံ့မှာလဲ... ပြီးတော့ အခုက အဖေနဲ့ ညစာ အတူစားနေတာဆိုတော့လေ...”
“ကျိုးချွန်းယွီ... စုတ်တံနဲ့ မှင် ပြင်လိုက်ဦး...”
မုကျွင်းယန်က အေးဆေးစွာပင် ပြောလိုက်၏။
မကြာမီမှာပင် ကျိုးချွန်းယွီက လူတစ်ယောက်ကို စားပွဲငယ်လေးတစ်လုံး သယ်လာစေပြီး စုတ်တံ၊ မင်၊ စက္ကူနှင့် မှင်သွေးကျောက်တို့ကို အဆင်သင့် ပြင်ပေးလိုက်သည်။
ကုဝမ်ရုသည် ကုဟွားကို ရက်စက်စွာ မျက်စောင်းထိုးလိုက်၏။
ကုဟွားသည် သူမ၏တူကို ချလိုက်ပြီး ကုဝမ်ရုကို ကြည့်ကာ ကိုယ်ချင်းစာဟန်ဖြင့်...
“အစ်မက သခင်ကြီးနဲ့အတူ သေရည်သောက်ပေးရဦးမှာလေ... ညီမပဲ အစ်မကိုယ်စား ရေးပေးပါရစေလား... အစ်မရဲ့ ကဗျာတွေ အားလုံးကို ညီမလေးက အလွတ်မှတ်မိနေပါတယ်...”
ကုဝမ်ရုမှာ ဒေါသထွက်နေသော်လည်း ဤအခြေအနေတွင် အခြားရွေးချယ်စရာ မရှိတော့ပေ။
“ကောင်းပြီလေ”
“မင်းက စာရေးတတ်လို့လား”
မုကျွင်းယန်က သူမကို ကြည့်ကာ မေးလိုက်၏။
ကုဝမ်ရုက ခပ်သွက်သွက်ပင် ဝင်ဖြေလိုက်သည်။
“ညီမလေးက သမီးနဲ့အတူ စာသင်ကျောင်းမှာ နှစ်နှစ်လောက် လိုက်တက်ခဲ့ဖူးလို့ စာလုံးအချို့တော့ ရေးတတ်ပါတယ်... ဒါပေမဲ့ သူမရဲ့ လက်ရေးကတော့ သိပ်မကောင်းပါဘူး... အဖေ အပြစ်မယူပါနဲ့ဦး...”
မုကျွင်းယန်က မျက်ခုံးတစ်ချက် ပင့်လိုက်၏။
“ဒါဆိုလည်း ဒုတိယမမလေးကု ဘယ်လိုရေးမလဲဆိုတာ တို့တွေ ကြည့်ကြတာပေါ့...”
“ဟုတ်ကဲ့ပါ...”
ကုဟွားသည် စိတ်ထဲမှ မိမိကိုယ်ကိုယ် အားပေးလိုက်သည်။
သူမသည် စားပွဲဆီသို့ လျှောက်သွားကာ စုတ်တံကို ယူ၊ မင်တို့လိုက်ပြီး တည်ငြိမ်စွာပင် စတင်ရေးသားတော့သည်။
ကုဝမ်ရုသည် ကုဟွားကို မျက်တောင်မခတ် စိုက်ကြည့်နေ၏။
သူမ၏ မျက်လုံးများမှာ ကုဟွားကို အပေါက်ပေါင်း တစ်ထောင်ဖြစ်အောင် ထိုးဖောက်ချင်နေသည့်အလားပင်။
ထိုစားပွဲငယ်လေးမှာ မုကျွင်းယန်၏ ဘေးနားတွင် ရှိသည်။
သူသည် အနည်းငယ် လှည့်ကြည့်လိုက်ရုံနှင့် ကုဟွား၏ လက်ရေးကို အထင်အရှား မြင်နိုင်၏။
သူမသည် စုတ်တံကို စနစ်တကျ ကိုင်ထားသည်။ သူမ၏ အရေးအသားမှာ ပြေပြစ်ပြီး လက်ရေးမှာလည်း အလွန်လှပသေသပ်ကာ ခန့်ညားလှ၏။
ကုအိမ်တော်က ကိုယ်လုပ်တော်ဖွား သမီးတွင် ဤမျှအထိ ကောင်းမွန်သည့် လက်ရေးလက်သား ရှိနေလိမ့်မယ်ဟု သူ မထင်ထားခဲ့ပေ။
မုကျွင်းယန်၏ အကြည့်မှာ အင်္ကျီလက်ထဲမှ ထွက်ပေါ်နေသော သူမ၏ ဖြူဖွေးသည့် လက်ကောက်ဝတ်လေးပေါ်သို့ ကျရောက်သွားသည်။
‘မနေ့ညကတော့ ဒီလက်ကလေးတွေက သိပ်ပြီး ငြိမ်လှတာ မဟုတ်ဘူး’
သူ၏ အကြည့်များ မှောင်မိုက်သွားရ၏။
“ဒုတိယမမလေးကုရဲ့ လက်ရေးက မဆိုးပါဘူး”
သူ၏ အသံမှာ အနည်းငယ် ပို၍ နိမ့်ဆင်းသွားကာ ဩရှရှပင် ဖြစ်သွားရသည်။
ကျိုးချွန်းယွီသည် စိတ်ထဲမှ တွေးနေမိ၏။ သူသည် သခင်ကြီးနောက်သို့ အနှစ်နှစ်ဆယ်နီးပါး လိုက်ပါခဲ့သော်လည်း သခင်ကြီးသည် မည်သည့် အမျိုးသမီးကိုမျှ တစ်ခါမှ မချီးကျူးခဲ့ဖူးပေ။
‘သခင်ကြီးကတော့ ဒီမိန်းမပျိုလေးကို တကယ်ပဲ မျက်စိကျနေပြီပဲ’
သူသည် ပြုံးလျက်ပင် ဝင်ပြောလိုက်သည်။
“ကုမိသားစုဆိုတာ မြင့်မြတ်ပြီး စင်ကြယ်တဲ့ ပညာတတ်မိသားစုပဲဟာ... အဖိုးဖြစ်သူ ကုသခင်ကြီးက ဟန်လင်ကျောင်းတော်ရဲ့ အကြီးအကဲ ဖြစ်ခဲ့သလို လက်ရှိ ကုသခင်ကြီးကလည်း နန်းတွင်းစာမေးပွဲမှာ တတိယချိတ်ခဲ့တဲ့သူလေ... ဒါကြောင့် ကုမိသားစုက အမျိုးသမီးတွေဟာလည်း ပညာတတ်တွေ ဖြစ်နေကြတာ မထူးဆန်းပါဘူး...”
မုအန်း၏ မျက်နှာမှာ မသာမယာ ဖြစ်သွားရ၏။
တူကို ကိုင်ထားသော ကုဝမ်ရု၏ လက်တွင် အကြောများ ထောင်ထွက်လာသည်။ သူမသည် တူကို အလွန် တင်းတင်းဆုပ်ထားသဖြင့် ချိုးမိလုနီးပါးပင် ဖြစ်နေတော့၏။
ဒီအပျက်မက ငါ့ကို နင်းပြီး နာမည်ကောင်းဝင်ယူချင်နေတာပဲ။
ကုဟွားသည် ကဗျာသုံးပုဒ်ကို ခပ်သွက်သွက်ပင် ရေးသားပြီးစီးသွားသည်။
ကျိုးချွန်းယွီက အစေခံလေးတစ်ဦးကို စာရွက်အား မြှောက်၍ ဖြန့်ပြခိုင်းလိုက်၏။
မုကျွင်းယန်က အနည်းငယ် ခေါင်းညိတ်ပြလိုက်သည်။
“ကောင်းလိုက်တဲ့ ကဗျာတွေ...လှပေသသပ်လိုက်တဲ့လက်ရေးတွေပဲ... ကုမိသားစုက တကယ့်ကို ပညာတတ်အမျိုးသမီးတွေကို မွေးထုတ်ပေးတာပဲ...”
ကုဝမ်ရု ရှက်သွေးဖြာဟန်ဖြင့် ပြောသည်။
“အဖေက ချီးမွမ်းလွန်းနေပါပြီ”
သူ၏ဇနီးကို ဖခင်ဖြစ်သူ ချီးကျူးသည်ကို မြင်ရသောအခါ မုအန်း၏ မျက်နှာမှာ မည်းမှောင်နေရာမှ ဝင်းပသွားတော့သည်။
သူသည် ကုဝမ်ရု၏လက်ကို အချစ်ကြီးသည့်ဟန်ဖြင့် ပုတ်လိုက်သည်။
“အဖေက သားအတွက် တောင်းရမ်းပေးခဲ့တဲ့ ဇနီးဆိုတော့ သေချာပေါက် အကောင်းဆုံးဖြစ်မှာပေါ့...”
ကုဝမ်ရုက ရှက်ပြုံးလေး ပြုံးလိုက်၏။
ဟန်ဆောင်နေသော အစ်မဖြစ်သူကို ကြည့်ရင်း ကုဟွား စိတ်ထဲမှ လှောင်ပြုံးပြုံးလိုက်မိသည်။
အကယ်၍ လောကကြီးသာ ကုဝမ်ရု၏ ပညာတတ်အမျိုးသမီးဟူသော ဘွဲ့မှာ ကုဟွားက ဖန်တီးပေးထားခြင်း ဖြစ်ကြောင်း သိသွားလျှင် သူမ၏အစ်မဖြစ်သူ ဘယ်လိုများ ရင်ဆိုင်ပါ့မလဲ။
မုကျွင်းယန်သည် ကုဟွားကို တစ်ချိန်လုံး သတိထားကြည့်နေသဖြင့် သူမ၏ သေးငယ်သော အမူအရာတိုင်းကို သတိပြုမိနေသည်။
ဖြူစင်ပြီး ဖျားယောင်းလွယ်သော သူမ မျက်နှာတွင် တောက်ပနေသော မျက်ဝန်းများက သူမ၏ အကြံအစည်လေးများကို ဖော်ပြနေ၏။
သူမ၏မျက်နှာကိုသာ ကြည့်လျှင် မျက်ခုံးတန်းလေးများက မြူခိုးထဲမှ မိုးမခရွက်ကလေးများကဲ့သို့ဖြစ်ပြီး ကြယ်ပမာမျက်ဝန်းများတွင် ဒေါသရိပ်အနည်းငယ် ရှိနေကာ သူမ၏ ဖြူစင်မှုတွင် နူးညံ့သိမ်မွေ့သော အလှတရားများ ကပ်ပါနေသည်။
သူမ၏ ကိုယ်လုံးကိုယ်ပေါက်ကို ကြည့်ပြန်လျှင်လည်း ကောက်ကြောင်းအလှများက ထင်ရှားပြီး အစ်မဖြစ်သူထက်ပင် ပိုမိုရင့်ကျက်ပြည့်ဖြိုးပုံရ၏။
သူ့စိတ်ထဲတွင် စကားလုံးနှစ်လုံး ပေါ်လာခဲ့သည်။
ဖြူစင်ပြီး ရမ္မက်ကြွစေတယ်...
မနေ့ညက အချစ်ခရီးမှ ဝိညာဉ်ကိုပင် ဆွဲထုတ်သွားစေနိုင်သော ခံစားချက်က သူ့ကို ထပ်မံရိုက်ခတ်လာပြန်သည်။
မုကျွင်းယန်၏လက်က ကြွေသေရည်ခွက်ကို ပွတ်သပ်နေမိ၏။
ချောမွတ်နူးညံ့သော ခံစားချက်က မနေ့ညက သူမ၏ ခန္ဓာကိုယ်လေးကဲ့သို့ပင်...
သူ အမှတ်မထင် မေးလိုက်သည်။
“ကုမိသားစုရဲ့ ဒုတိယမမလေးက အသက်ဘယ်လောက်ရှိပြီလဲ”
ကုဟွား၏ရင်မှာ တဒိတ်ဒိတ် ခုန်သွားရသည်။ သူမ၏အသံမှာ ခြင်သံလေးကဲ့သို့ တိုးညင်းလှ၏။
“ဒီမိန်းမပျိုလေးက အသက် ၁၇ နှစ်ရှိပါပြီ။ အစ်မနဲ့ မွေးနေ့အတူတူပါပဲ... တစ်နာရီပဲ နောက်ကျတာပါ”
မုကျွင်းယန်မှာ သက်ပြင်းချလိုက်မိသည်။
“အရွယ်ရောက်ပြီပဲ... စေ့စပ်ထားတာမျိုးရော မရှိဘူးလား”
ကုဟွား၏မျက်နှာမှာ ချက်ချင်းပင် နီရဲသွားပြီး သူမ၏ခေါင်းမှာ ရင်ဘတ်နှင့် ထိလုနီးပါး ငုံ့သွားရသည်။
အိမ်ထောင်မရှိသေးသော မိန်းကလေးတစ်ယောက်အနေဖြင့် သူစိမ်းအမျိုးသားတစ်ယောက်ရှေ့တွင် ဤမေးခွန်းကို ဘယ်လိုများ ဗြောင်ကျကျ ဖြေနိုင်ပါ့မလဲ။
ကုဝမ်ရုသည် သူမယောက္ခမ၏ ရည်ရွယ်ချက်ကို မခန့်မှန်းနိုင်တော့ပေ။
သူမသည် ခင်ပွန်းဖြစ်သူကို ကြောက်ရွံ့စွာ ကြည့်လိုက်မိသည်။
မုအန်းကမူ အံကြိတ်ထားမိ၏။
သူ၏ဖခင်ကလည်း ကုဟွားအပေါ် စိတ်ဝင်စားနေသည်ကို သူ သတိပြုမိသွားသည်။
စားပွဲအောက်မှနေ၍ သူသည် ကုဝမ်ရု၏ ခြေထောက်ကို လှမ်းပုတ်လိုက်၏။
ထိတ်လန့်သွားသော ကုဝမ်ရုသည် တူကို စားပွဲပေါ်သို့ လွတ်ကျသွားစေသည်။
မုကျွင်းယန်က လှမ်းကြည့်လိုက်၏။
ကုဝမ်ရု၏ စိတ်ထဲတွင် ရှုပ်ထွေးနေတော့သည်။
စူးရှထက်မြက်သော အကြည့်နှစ်စုံ၏ စိုက်ကြည့်ခြင်းကို ခံနေရသဖြင့် သူမ အတင်းပင် ပြန်ဖြေလိုက်ရသည်။
“ကိုယ်လုပ်တော်ပိုင်က ညီမလေးကို အရမ်းချစ်တာမို့ စောစောစီးစီး လက်မထပ်စေချင်သေးတာပါ...ဒါပေမဲ့ အမေက ညီမလေးအတွက် ကောင်းမွန်တဲ့ အိမ်ထောင်ဖက်ကို ရှာထားပြီးသားပါ... ကုဟွားကို သမီးအနားမှာ ထားတာက ဇနီးကောင်းတစ်ယောက်ဖြစ်အောင် သင်ယူစေချင်လို့ပါ”
ဖခင်ဖြစ်သူက စေ့စပ်ထားပြီးသား ချွေးမ၏ ညီမလေးကိုတော့ လုယူမှာမဟုတ်ဘူးမလား...
ဖခင်ဖြစ်သူ တောင်ဘက်နယ်စပ်သို့ ထွက်ခွာသွားသည်အထိ အချိန်ဆွဲထားရန် သူမ စီစဉ်လိုက်သည်။
ထို့နောက်မှ ခင်ပွန်းဖြစ်သူကို ကုဟွားအား သိမ်းပိုက်ခိုင်းလိုက်မည်။
ဆန်က ထမင်းဖြစ်သွားပြီးမှတော့(အရာအားလုံး ပြီးဆုံးသွားပြီးမှတော့) ဖခင်ဖြစ်သူ တကယ်သဘောကျနေလျှင်တောင် လက်လျှော့လိုက်ရမှာပဲလေ...
မုအန်းကလည်း ခပ်သွက်သွက်ပင် ထောက်ခံလိုက်၏။
“သားလည်း ခယ်မလေးရဲ့ အနာဂတ်ခင်ပွန်းလောင်းနဲ့ တွေ့ဖူးပါတယ်။ သူက တကယ့်ကို ချောမောခန့်ညားပြီး အရည်အချင်းရှိတဲ့သူပါ”
ကုဝမ်ရုက ထပ်လောင်းပြောလိုက်သည်။
“အမေက ညီမလေးအတွက် ခမ်းနားတဲ့ မင်္ဂလာလက်ဖွဲ့တွေ ပြင်ဆင်ထားသလို... သမီးကလည်း အပိုဆောင်းလက်ဆောင်တွေ ပြင်ပေးထားပါတယ်... အဲဒီဇနီးမောင်နှံလေး သက်သောင့်သက်သာနဲ့ ပျော်ရွှင်စွာ နေထိုင်သွားနိုင်စေရမယ်လို့ အာမခံပါတယ်”
ကျိုးချွန်းယွီသည် မျက်ခုံးတစ်ချက် ပင့်လိုက်၏။
သူသည် သခင်ကြီးကို တစ်ချက်ကြည့်လိုက်ပြီးနောက် မျက်မှောင်ကြုတ်နေသော သခင်မလေးကုကို လှမ်းကြည့်လိုက်သည်။
ဤဇနီးမောင်နှံမှာ လူမြင်ကွင်းတွင် လိမ်ညာနေသော်လည်း မျက်နှာပင် မနီကြပေ။
သခင်ကြီးက ကုဟွားကို မျက်စိကျသွားမှာကို ဒီလောက်တောင် ကြောက်နေကြတာလား။