အခန်း ၁၅
Vol. 2 Ch. 15
အခန်း(၁၅)
မုကျွင်းယန်က “အမ်း” ဟုသာ ခပ်တိုးတိုး တုန့်ပြန်လိုက်ပြီး ခံစားချက် အစစ်အမှန်ကိုမူ ခန့်မှန်း၍မရပေ။
အဲဒီ “အင်း” ဆိုတဲ့ စကားလုံးက ဘာကို ဆိုလိုတာလဲ...
ကုဝမ်ရု၏ နှလုံးခုန်သံမှာ စည်တီးနေသကဲ့သို့ မြန်ဆန်နေတော့သည်။
ခင်ပွန်းဖြစ်သူက ကုဟွားကိုရဖို့အတွက် အသေအလဲ ဆုံးဖြတ်ထားခြင်း ဖြစ်သည်။
အကယ်၍ သူမသာ ခင်ပွန်း၏ ဆန္ဒကို မဖြည့်ဆည်းပေးနိုင်လျှင် ခင်ပွန်းဖြစ်သူက သူမအပေါ် ဒေါသပုံချလာမည်မှာ သေချာပေါက်ပင် ဖြစ်သည်။
ကုဟွားမှာမူ စိုးရိမ်စိတ်များ မြင့်တက်လာရ၏။
သူမသည် မုကျွင်းယန်ကို ခပ်စူးစူးလေး လှမ်းကြည့်လိုက်မိသည်။
မနေ့ညက အမျိုးသမီးမှာ သူမဖြစ်ကြောင်း သူ အသေအချာ သိနေပါလျက်နှင့်... အခုထိ ဘာလို့ နှုတ်ဆိတ်နေပြီး သူမကို အပိုင်မတောင်းသေးတာလဲ။
ဒီလူအိုကြီး... ကျွန်မကို အသေခံစေချင်ရင်လည်း တည့်ပဲ ပြောလိုက်ပါတော့လား။
ထိုမိန်းကလေးငယ်၏ စိုက်ကြည့်ခြင်းကို ခံလိုက်ရသဖြင့် မုကျွင်းယန်က သူ၏ ဓားကဲ့သို့ ထက်မြက်သော မျက်ခုံးများကို ပင့်လိုက်၏။
သူမက တကယ့်ကို သတ္တိရှိလှသည်။ သူ့ကိုတောင် ပြန်ပြီး မျက်စောင်းထိုးဝံ့သေးသည်။
မျက်ရည်များ ဝဲနေသော ကြယ်ပမာ မျက်ဝန်းလေးများဖြင့် ထိုအကြည့်လေးမှာ တိတ်တဆိတ် အပြစ်တင်နေသကဲ့သို့ပင်။
မုကျွင်းယန်မှာ ဒေါသပင် မထွက်နိုင်တော့ဘဲ ရုတ်တရက် ခေါင်းငုံ့ကာ ရယ်မောလိုက်မိသည်။
သူသည် ကြွေသေရည်ခွက်ကို ချလိုက်ပြီး စကားလမ်းကြောင်း လွှဲလိုက်၏။
“အိမ်တော်ထိန်းချုပ်ကြီး... ငါ့ရဲ့ စာကြည့်ဆောင်မှာ စာရေးစာချီလုပ်ဖို့ စာတတ်ပေတတ် အစေခံမလေးတစ်ယောက် ရှာခိုင်းထားတာ ရှာလို့ရပြီလား”
သခင်ကြီးက ဤကိစ္စကို ရုတ်တရက် ထုတ်ပြောလာသဖြင့် ကျိုးချွန်းယွီမှာ ခဏတာ ကြောင်အသွားသော်လည်း သူ၏ ထက်မြက်သော ဦးနှောက်က အကြံတစ်ခုကို ဖျတ်ခနဲ ရလိုက်၏။
သူသည် မျက်တောင်နှစ်ချက်ခတ်ကာ “ဒါက ကျွန်တော့်အတွက်တော့ အရမ်းခက်ခဲလွန်းပါတယ်” ဆိုသည့် မျက်နှာပေးဖြင့် ပြောလိုက်သည်။
“သခင်ကြီး... ကျွန်တော်မျိုးကို ခွင့်လွှတ်ပါ... သခင်ကြီး ရှာခိုင်းတဲ့ အစေခံမလေးရဲ့ သတ်မှတ်ချက်က မြင့်လွန်းနေလို့ပါ... ကွယ်လွန်သူ သခင်မကြီးရဲ့ ကဗျာတွေနဲ့ လက်ရေးမူတွေကို ကူးရေးဖို့ဆိုတာ လှပတဲ့ တရုတ်စာလုံးသေးကို ရေးတတ်မှ ဖြစ်မှာလေ... မြို့တော်တစ်ခုလုံးမှာ ဒီသတ်မှတ်ချက်နဲ့ ကိုက်ညီတာဆိုလို့ ပညာတတ်မိသားစုက မြင့်မြတ်တဲ့ မမလေးတွေပဲ ရှိတာပါ... သူတို့က မြို့စားအိမ်တော်ကို အစေခံလုပ်ဖို့ ဘယ်လိုလုပ် လာကြပါ့မလဲ...သခင်ကြီးကတော့ ကျွန်တော်မျိုးကို တကယ်အခက်တွေ့အောင် လုပ်နေပါပြီ...”
တရုတ်စာလုံးသေး ရေးသားခြင်းအတတ်မှာ မြို့တော်ရှိ မြင့်မြတ်သော မမလေးများကြားတွင် ခေတ်စားလှသော်လည်း သာမန်မိသားစုမှ မိန်းကလေးများ သို့မဟုတ် အစေခံများက ထိုအရာကို မည်သို့ ရေးတတ်ပါမည်နည်း။
ကုဟွား၏ ဗာဒံစေ့ပုံစံ မျက်ဝန်းလေးများမှာ အံ့သြလွန်းသဖြင့် ဝိုင်းစက်သွားရတော့သည်။
ဒီဆင်ခြေကို...ဘယ်သူက ယုံမှာလဲ...
မုအန်း၏ စိုက်ကြည့်ခြင်းကို ခံနေရသော ကုဝမ်ရု၏ ရင်ခုန်သံမှာလည်း ပြန်လည် မြန်ဆန်လာပြန်၏။
မုကျွင်းယန်က သက်ပြင်းချလိုက်သည်။
“ငါက အိမ်တော်မှာ ရှိခဲတာကို... ဒီဆန္ဒလေးတစ်ခုတောင် မပြည့်နိုင်ဘူးလား”
ကုဟွား : “...”
ကျွန်မ ရှိတယ်လေ
တရုတ်စာလုံးသေး ရေးတတ်တဲ့ သက်ရှိလူသားတစ်ယောက်က ရှင့်ရှေ့တည့်တည့်မှာ ရှိနေတယ်လို့။
ကျွန်မကို အပိုင်တောင်းဖို့ နှုတ်လေးဟလိုက်ရုံပဲလေ။
ဒီလူအိုကြီးက သူမဘာသာ အကူအညီတောင်းလာအောင် ဖိအားပေးနေတာလား။
ဒါပေမဲ့ သူမက လုပ်ရဲပါ့မလား။
တကယ်လို့ သူမကိုယ်သူမ ကမ်းလှမ်းလိုက်လျှင် ၎င်းသည် အပြစ်ရှိကြောင်း သက်သေပြလိုက်သလိုပင်။
အကယ်၍ သူမသာ မုအန်းနှင့် ကုဝမ်ရုကို အကွက်ဆင်ဖို့ ကြိုးစားခဲ့လျှင် မုကျွင်းယန် ထွက်ခွာသွားသည်နှင့် သူမ၏ အစ်မနှင့် သခင်လေးက သူမကို သတ်ပစ်ဖို့ နည်းလမ်းပေါင်းစုံ ရှာကြမည်မှာ သေချာပေါက်ပင် ဖြစ်သည်။
ကျိုးချွန်းယွီသည် အခက်တွေ့နေဟန်ဖြင့် ကုဟွားကို အမှတ်မထင် လှမ်းကြည့်လိုက်ရာ သူ၏ မျက်ဝန်းများမှာ ဝင်းပသွားတော့သည်။
“ဒုတိယမမလေးကုက အိမ်တော်မှာ ဘယ်လောက်ကြာကြာ နေဖို့ စီစဉ်ထားပါသလဲ...”
ကုဟွား၏ နှလုံးခုန်သံမှာ တစ်ချက် ဆောင့်ခုန်သွားရ၏။
သူမသည် စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ကာ ကြောက်လန့်နေဟန် ဆောင်လိုက်သည်။
သူမသည် ကုဝမ်ရုကို ကြည့်ကာ အားနည်းသောအသံလေးဖြင့် ပြောလိုက်၏။
“ကျွန်မက... အစ်မရဲ့ အစီအစဉ်အတိုင်းပဲ လိုက်နာပါ့မယ်”
ကုဝမ်ရုက နှုတ်ဟရန် ပြင်လိုက်စဉ်မှာပင် ကျိုးချွန်းယွီက ဖြတ်ပြောလိုက်သည်။
“သခင်ကြီးက အိမ်တော်မှာ ကြာကြာရှိမှာ မဟုတ်ပါဘူး... အကယ်၍ ဒုတိယမမလေးကုမှာ တခြားလုပ်စရာမရှိရင် သခင်ကြီးရဲ့ ဝန်ထုပ်ဝန်ပိုးကို ကူညီပြီး မျှဝေပေးလို့ မရဘူးလား။ သခင်မလေးကလည်း ဒါကို သေချာပေါက် ခွင့်ပြုမှာပါ... ဒါက သခင်လေးနဲ့ သခင်မလေးတို့အတွက်လည်း ဖခင်အပေါ် ရိုသေမှုပြရာ ရောက်တာပေါ့”
ကုဝမ်ရုမှာ စကားပင် ဆွံ့အသွားရတော့သည်။
ဤစကားများက သူမကို မည်သို့မျှ ပြန်လည်မချေပနိုင်အောင် ပိတ်ချလိုက်သဖြင့် ကုဝမ်ရု စကားပင် မဟဝံ့တော့ပေ။
မုအန်း ပျာယာခတ်သွား၏။
“အဖေ... ဒါက သိပ်တော့မသင့်တော်ဘူး မဟုတ်လား။ ကုဟွားက ကုအိမ်တော်ရဲ့ မမလေးတစ်ယောက်ပဲဟာ... သူမကို အစေခံတစ်ယောက်လို ခိုင်းဖို့ဆိုတာက...”
မုကျွင်းယန်က သူ့ကို တည်ငြိမ်စွာ ကြည့်လိုက်၏။
“ငါက ဒုတိယမမလေးကုကို မင်းမိခင်ရဲ့ လက်ရေးမူတွေကို ကူးရေးဖို့ ခဏအကူအညီတောင်းတာပါ... သူ့ကို အစေခံလို ဆက်ဆံမှာမဟုတ်ဘူး... မင်းရဲ့မိခင်ကိစ္စအတွက် မင်းရဲ့ခယ်မလေးကို အကူအညီတောင်းတာက အပူပေးရာရောက်တယ်လို့ ပြောချင်တာလား”
တကယ်တော့ မုအန်းမှာ မုကျွင်းယန်၏ လက်အောက်ခံဗိုလ်မှူး၏ သားဖြစ်သည်။ သူ့ဖခင်မှာ မုအန်း ၈ နှစ်သားအရွယ်တွင် စစ်ပွဲ၌ ကျဆုံးသွားခဲ့ခြင်း ဖြစ်၏။
မုကျွင်းယန်က သူ့ကို မြို့စားအိမ်တော်သို့ ခေါ်ဆောင်လာချိန်တွင် သူ၏ ပထမဇနီးမှာ ဖျားနာ၍ ကွယ်လွန်သွားခဲ့ပြီး ဖြစ်သည်။
မုကျွင်းယန်က သူ့ကို ကွယ်လွန်သူ ဇနီး၏သားအဖြစ် တရားဝင်အမည်သွင်းကာ မုမိသားစု၏ ဆွေစဉ်မျိုးဆက်စာရင်းထဲ ထည့်သွင်းပေးခဲ့ခြင်းကြောင့်သာ သူသည် တရားဝင်သားအဆင့်အတန်းကို ရရှိခဲ့ခြင်း ဖြစ်သည်။
ဖခင်ဖြစ်သူက ကွယ်လွန်သူ မိခင်အကြောင်းကို ထုတ်ပြောလာပြီဖြစ်ရာ သူ ဘယ်လိုလုပ် ငြင်းဆန်ဝံ့ပါတော့မည်နည်း။
မုအန်း ရင်ထဲတွင် ပျာယာခတ်သွားရသည်။
“သားက အဲဒီလို ဆိုလိုတာ မဟုတ်ပါဘူး... ဇနီးသည်ရော ဘယ်လိုထင်လဲ... သင့်တော်ရဲ့လား”
သူသည် ဘောလုံးကို ကုဝမ်ရုဘက်သို့ ကန်ပို့လိုက်ပြန်သည်။
အကျပ်ရိုက်သွားသော ကုဝမ်ရုမှာ အတင်းပင် ခေါင်းညိတ်ပြလိုက်ရ၏။
“အဖေ လိုအပ်နေတာပဲဟာ... ဘယ်လိုလုပ် မဖြစ်နိုင်ရမှာလဲ... ဒါပေမဲ့ ကုဟွားက ဝမ်ဟန်ရွှမ်ဆောင်ထဲကို ပြောင်းလာဖို့ကျတော့ သိပ်အဆင်မပြေဘူး မဟုတ်လား... အပြင်မှာ စကားတွေ ထွက်သွားရင် အဖေ့ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်မှာ စိုးလို့ပါ”
“ဟုတ်ပါတယ်... ဟုတ်ပါတယ်... အဖေ့ရဲ့ ဝမ်ဟန်ရွှမ်ဆောင်ထဲကို အမျိုးသမီးတွေ ဝင်ခွင့်မရှိဘူးမလား...”
မုအန်းက သူ၏ဇနီးကို ချီးကျူးသော အကြည့်ဖြင့် ကြည့်လိုက်၏။
ကုဟွားသာ ကျင်းရှို့ဆောင်မှာ ဆက်နေဦးမည်ဆိုလျှင် သူမကို ရပိုင်ခွင့်က သူ့ဆီမှာ ရှိနေသေးသည် မဟုတ်ပါလား။
ထိုစဉ်က မုကျွင်းယန်၏ ပထမဇနီးသည် လက်ထပ်ပြီးပြီးချင်း ပြင်းထန်စွာ ဖျားနာခဲ့သဖြင့် အဆောင်တွင်းမှာပဲ အမြဲနေခဲ့ရပြီး သေဆုံးသည့်နေ့အထိ ဝမ်ဟန်ရွှမ်ဆောင်ထဲသို့ ခြေတစ်လှမ်းမျှ မချခဲ့ဖူးပေ။
“ငါက ငါ့ဇနီးရဲ့ လက်ရေးမူတွေနဲ့ ကဗျာတွေကို ကူးရေးဖို့ လက်ရေးသေး ရေးတတ်တဲ့သူတစ်ယောက်ကိုပဲ ဖိတ်ချင်တာပါ... သူ ဝမ်ဟန့်ရွှမ်ဆောင်မှာ နေဖို့ မလိုပါဘူး...”
ဤစကားကို ကြားသောအခါ ကုဝမ်ရု သက်ပြင်းချနိုင်သွားတော့သည်။
သူမသည် ခင်ပွန်းဖြစ်သူ ဒေါသထွက်နေမလားဟု စိုးရိမ်တကြီး လှမ်းကြည့်လိုက်မိ၏။
မုအန်းမှာလည်း အခြားရွေးချယ်စရာ မရှိတော့ပေ။
မုကျွင်းယန်က ဆက်ပြောလိုက်သည်။ “ဒုတိယမမလေးကုကိုလည်း အလကားတော့ မကူညီခိုင်းပါဘူး”
ကုဟွား၏ ဗာဒံစေ့ပုံစံမျက်ဝန်းလေးများက လှုပ်ခတ်သွားရ၏။
သူမကို ငွေတွေ ဆုချမလို့လား...
ကောင်းလိုက်တာ... ထွက်ပြေးဖို့အတွက် သူမ ငွေလိုနေတာလေ...
“အိမ်တော်ထိန်းကျိုး... ငါ့နာမည်နဲ့ ကုအိမ်တော်ကို လက်ဆောင်အကြီးကြီးတစ်ခု ပို့လိုက်ပါ... ဒါက ဒုတိယမမလေးကုရဲ့ မင်္ဂလာပွဲအတွက် ငါ့ဘက်က အပိုဆောင်းပေးတဲ့ လက်ဖွဲ့လို့ပဲ သတ်မှတ်လိုက်ပေါ့...”
“ဟုတ်ကဲ့ပါ... ကျွန်တော်မျိုး အခုပဲ သွားစီစဉ်လိုက်ပါ့မယ်”
ကျိုးချွန်းယွီက ပြုံးလျက် သခင်မလေးကုကို အဓိပ္ပာယ်ပါပါ လှမ်းကြည့်လိုက်၏။
ကုဟွား မှင်တက်သွားရသည်။ သူမသည် မုကျွင်းယန်ကို ခပ်မြန်မြန် လှမ်းကြည့်လိုက်မိ၏။
သူက သူမကို ကျောထောက်နောက်ခံ ပေးနေတာလား...
ဒါပေမဲ့ သူမကို တိုက်ရိုက်ပေးလိုက်ရင် ပိုမကောင်းဘူးလား...
မှူးမတ်အိမ်တော်ကို ပို့လိုက်တာက ခွေးကို အသားတုံးကျွေးလိုက်သလိုပဲ... သူမဆီ ပြန်ရောက်လာမှာ မဟုတ်တော့ဘူးလေ...
ကုဝမ်ရု၏ မျက်လုံးများမှာ ဝိုင်းစက်သွားပြီး ရင်ထဲက ဒေါသများက ပို၍ မြင့်တက်လာတော့သည်။
သူမ မင်္ဂလာဆောင်တုန်းက ပေးခဲ့တဲ့ လက်ဖွဲ့တွေအပြင် မြို့စားအိမ်တော်က သူမရဲ့ အိမ်ကို နောက်ထပ် ဘာလက်ဆောင်မှ ထပ်မပို့ခဲ့ဖူးပေ။
သူမ မိဘအိမ်ပြန်တိုင်း ယူသွားသည့် လက်ဆောင်များကလည်း သာမန်ပစ္စည်းတွေသာ ဖြစ်ပြီး အပြင်ပန်းကြည့်ကောင်းရုံသာ ရှိကာ အဖိုးထိုက်တန်သည့်အရာ တစ်ခုမှ မပါဝင်ခဲ့ဖူးပေ။
အခု သူမမှာ ကိုယ်ဝန်ရှိနေတာတောင် ဘာမှထူးထူးခြားခြား မရသေးဘူးလေ...
စားပွဲပေါ်က ဟင်းလျာများမှာ လူတိုင်း အတွေးကိုယ်စီဖြင့် စားခဲ့ကြသဖြင့် မြိုမကျနိုင်လောက်အောင် ဖြစ်ခဲ့ရသည်။
ဟင်းလျာအများစုမှာ မထိရသေးသော်လည်း ကုဟွားရှေ့က ကြာစေ့၊ ကြာစွယ်နှင့် လီလီဥမွှေကြော်ပန်းကန်မှာမူ ပြောင်သလင်းခါနေတော့၏။
ကုဝမ်ရုနှင့် မုအန်းတို့သည် နှုတ်ဆက်ရန် ထရပ်လိုက်ကြသည်။
ကုဟွားသည်လည်း သူတို့နောက်မှလိုက်ကာ ဦးညွှတ်နှုတ်ဆက်ရ၏။
မုကျွင်းယန်က ရုတ်တရက် ပြောလိုက်သည်။
“ဒုတိယမမလေးကု ခဏလောက် နေခဲ့ပါဦး... လက်ရေးမူတွေ ကူးရေးဖို့နဲ့ ပတ်သက်ပြီး ရှင်းပြစရာလေးတွေ ရှိလို့ပါ...”
ကုဟွား ခေါင်းမော့လိုက်သည်နှင့် ကုဝမ်ရု၏ သတိပေးသောအကြည့်နှင့် ဆုံသွားသဖြင့် သူမ ခပ်မြန်မြန်ပင် ခေါင်းပြန်ငုံ့လိုက်ရသည်။
သူမ၏ စိုးရိမ်နေသော စိတ်မှာ အနည်းငယ် ပေါ့ပါးသွားရ၏။
ဒီလူကြီးမှာ အသိတရား နည်းနည်းတော့ ရှိပါသေးတယ်လေ။
သို့သော် သူတို့ကြားတွင် ဖြစ်ပျက်ခဲ့သည့် ကိစ္စများကြောင့် နှစ်ယောက်တည်း ရင်ဆိုင်ရမည်ကို ကုဟွားအနေဖြင့် ရှက်စိတ်နှင့် ကြောက်စိတ်တို့ ရောပြွမ်းနေကာ အနည်းငယ် ပျာယာခတ်နေမိတော့သည်။