အခန်း ၁၆
Vol. 2 Ch. 16
အခန်း(၁၆)
အစေခံလေးများသည် လေပွေကဲ့သို့ လျင်မြန်လှသော်လည်း မည်သည့်အသံမျှ မထွက်ပေါ်စေဘဲ သွားလာလှုပ်ရှားနေကြ၏။
သူတို့သည် လန်ယွဲ့ဆောင်ကို ခပ်သွက်သွက်ပင် ရှင်းလင်းလိုက်ကြပြီး လက်ဖက်ရည်ဝိုင်းကို အသစ်ပြန်ပြင်ကာ မီးဖို၌ မီးသွေးထည့်၍ ရေနွေးအိုးကို တင်လိုက်ကြသည်။
ကုဟွားမှာ ခေါင်းငုံ့ထားသော်လည်း မျက်လုံးထောင့်မှတစ်ဆင့် အဝေးသို့ ထွက်ခွာသွားသော မုအန်းနှင့် ဇနီးဖြစ်သူတို့ကို တိတ်တဆိတ် အကဲခတ်နေမိ၏။
ထို့နောက် မျက်နှာထား ပုံမှန်အတိုင်းပင် ရှိနေသော မြို့စားကြီးကိုလည်း တစ်ချက် လှမ်းကြည့်လိုက်သည်။
ကျိုးချွန်းယွီက လက်တစ်ချက် ဝှေ့ယမ်းလိုက်သည်နှင့် လူအားလုံးမှာ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားကြတော့၏။
သူကိုယ်တိုင်လည်း ခြေဆယ်လှမ်းခန့် နောက်ဆုတ်သွားပြီး တိတ်ဆိတ်စွာပင် စောင့်ဆိုင်းနေသည်။
မုကျွင်းယန်၏ သန်မာသော လက်ချောင်းများက ကျောက်စားပွဲပေါ်တွင် စည်းချက်ကျကျ တောက်နေ၏။
သူတို့ပတ်ဝန်းကျင်ရှိ အပူချိန်မှာ ရုတ်တရက် ကျဆင်းသွားသလိုပင် ခံစားရသည်။
သိမ်းငှက်ကဲ့သို့ ထက်မြက်သော မျက်ဝန်းတစ်စုံက စိုးရိမ်ထိတ်လန့်နေသော မိန်းမပျိုလေးကို စိုက်ကြည့်နေ၏။
ကုဟွားသည် ထိုအကြည့်၏ ဖိအားကို ခံစားနေရသည်။
ပေါင်ချိန်တစ်ထောင်ခန့်ရှိသော ဖိအားကြီးက သူမ မျက်နှာတည့်တည့်သို့ တိုးဝင်လာသကဲ့သို့ပင် ခံစားနေရသဖြင့် သူမ ပို၍ပင် မော့မကြည့်ရဲတော့ဘဲ အကြားအာရုံကိုသာ အစွမ်းကုန် စူးစိုက်ထားမိ၏။
သူ၏ လက်ချောင်းများ စားပွဲပေါ် တောက်လိုက်တိုင်း ကုဟွား နှလုံးသားကို လက်သီးဖြင့် ထိုးနှက်လိုက်သကဲ့သို့ ခံစားရပြီး နှလုံးခုန်သံများပင် မှားယွင်းကုန်ရသည်။
သူမ၏ ခြေထောက်များမှာ ပျော့ခွေနေပြီး အင်္ကျီလက်ထဲတွင် ပူးကပ်ထားသော လက်ဖဝါးများ၌လည်း ချွေးများ စိုရွှဲနေတော့၏။
ဒီလူကြီးက ကိစ္စပြီးတာနဲ့ ဘောင်းဘီပြန်ဝတ်ပြီး အခုမှ အကွက်ရွှေ့ပြီး စာရင်းရှင်းတော့မလို့လား...
ငါ့ကို ကြိမ်ဒဏ် အချက်သုံးဆယ်ပေးပြီး ရောင်းစားပစ်တော့မှာလား...
ကုဟွားသည် စိတ်ထဲမှ မိမိကိုယ်ကိုယ် အားပေးလိုက်သည်။
သူမသည် အဆိုးဆုံးအတွက် ပြင်ဆင်ထားပြီးသား ဖြစ်၏။
အရောင်းစားခံရခြင်းက ရက်စက်ပြီး အသိတရားမဲ့သော ဇနီးမောင်နှံနှင့် အတူနေရခြင်းထက် ပို၍ပင် ကောင်းပါသေးသည်။
“မင်းမှာ ပြောစရာ ဘာမှမရှိဘူးလား...”
ထိုအမျိုးသား၏ အသံမှာ ရာဇဝတ်သားတစ်ဦးကို စစ်မေးနေသကဲ့သို့ အေးစက်လှသည်။
ကုဟွားမှာ ကြောက်လန့်နေသော်လည်း ရုတ်တရက် ဒေါသစိတ်က အစားထိုး ဝင်ရောက်လာ၏။
သူက ငါ့ကို ဘာပြောစေချင်တာလဲ...
ငါ့လို မိန်းကလေးတစ်ယောက်က သူ့ကုတင်ပေါ် တက်ခဲ့ပါတယ်လို့ ဝန်ခံစေချင်တာလား...
အမျိုးသားတစ်ယောက်အနေနဲ့ ရှင်က အရင်စပြောသင့်တာ မဟုတ်ဘူးလား...
ဘယ်လိုအမျိုးသားမျိုးက မိန်းကလေးတစ်ယောက်ကို ဒီလို အနိုင်ကျင့် နိုင်ရတာလဲ...
ခွေးတောင် အကျပ်ရိုက်ရင် ပြန်ကိုက်တတ်တာပဲ...ကျွန်မလို လူသားတစ်ယောက်ဆိုရင်တော့ ပြောမနေနဲ့တော့...
သို့သော် သူမ တစ်ခွန်းမျှ မပြောဝံ့ပေ။
ကုဟွား၏ လှပသော မျက်ဝန်းများတွင် မျက်ရည်များ ပြည့်လျှံနေသည်။
သူမမှာ စကားပြောချင်သော်လည်း ပြန်လည် ထိန်းချုပ်ထားဟန် ပေါ်နေ၏။
ထိုအကြည့်မှာ ချစ်ရသူကို ပစ်ပယ်သွားသော ရက်စက်သည့် အမျိုးသားတစ်ဦးကို ကြည့်နေသည့် အကြည့်မျိုးပင် ဖြစ်သည်။
မုကျွင်းယန် “...”
အားနည်းသူနှင့် အားကြီးသူတို့၏ အကြည့်များမှာ လုံးဝ မမျှတသော စစ်မြေပြင်တစ်ခုကဲ့သို့ ဆုံစည်းသွားကြသည်။
သူသည် တစ်ဖက်လူကို တကယ်ပင် နှိပ်စက်နေမိသကဲ့သို့ ခံစားလိုက်ရ၏။
မုကျွင်းယန်၏ လေသံမှာ အနည်းငယ် ပျော့ပြောင်းသွားသည်။
“မနေ့ညက မင်း ဝမ်ဟန်ရွှမ်ဆောင်ကို သွားခဲ့တာလား...”
မိန်းကလေးငယ်၏ အသံမှာ ခြင်သံလေးကဲ့သို့ တိုးညင်းလှ၏။
“ဟုတ်ပါတယ်”
ဟက်... တော်တော်လေး ရိုးသားပါလား...
မုကျွင်းယန်သည် သူမ ဤမျှ ဗြောင်ကျကျ ပြန်ဖြေလိမ့်မည်ဟု မထင်ထားခဲ့ပေ။
သူက ခြေခေါက်လဲချင်ယောင်ဆောင်ပြီး သူ့အပေါ် ပစ်လှဲတဲ့ အကွက်ဟောင်းကို ထပ်သုံးမှာတော့ မဟုတ်လောက်ဘူးမလား။
မုကျွင်းယန်က သတိကြီးစွာ မျက်နှာထားကို တင်းမာလိုက်ပြီး ငေါက်လိုက်၏။
“မင်း မြို့စားအိမ်တော်ရဲ့ စည်းကမ်းတွေကို သိရဲ့လား”
သူမက မြို့စားအိမ်တော်၏ စည်းကမ်းများကို ဖောက်ဖျက်ပြီး ဝမ်ဟန်ရွှမ်ဆောင်ထဲကို ကျူးကျော်ဝင်ရောက်ဝံ့သည့်အပြင် သူ၏ ညအိပ်ဝတ်ရုံကိုပင် ခိုးဝတ်ဝံ့သေးသည်။ ဤသည်မှာ သတ္တိရှိခြင်း မဟုတ်ဘဲ သေတွင်းတူးနေခြင်းသာ ဖြစ်၏။
ကုဟွားမှာ ဇဝေဇဝါ ဖြစ်သွား၏။
“ဒီမိန်းကလေးက အိမ်တော်ကို ရောက်တာ မကြာသေးတော့... ဘာမှ မသိသေးပါဘူး...”
ထိုဖြူစင်သော မျက်နှာလေးမှာ အပြစ်ကင်းစင်လွန်းလှသည်။
ဗာဒံစေ့သဏ္ဍာန် မျက်ဝန်းလေးများတွင် မျက်ရည်များ ဝဲနေပုံမှာ အလွန်ပင် သနားစဖွယ် ကောင်းလှ၏။
ဟန်ဆောင်နေတာပဲ...
မုကျွင်းယန်သည် ဒေါသထွက်လွန်းသဖြင့် ရယ်ပင် ရယ်ချင်သွားရသည်။
သူသည် လက်ကို မြှောက်လိုက်ပြီး လက်ဖက်ရည်စားပွဲကို အရှိန်ဖြင့် ရိုက်ချလိုက်တော့၏။
ဝုန်း...
ကျောက်စားပွဲကြီးမှာ သိသိသာသာ တုန်ခါသွားပြီး လက်ဖက်ရည်ခွက်ကလေးမှာလည်း နှစ်ချက်ခန့် ခုန်တက်စောင်းငဲ့သွားရင်း လက်ဖက်ရည်များ ဖိတ်စင်ကုန်၏။
ကုဟွား ထိတ်လန့်လွန်းသဖြင့် တုန်တက်သွားပြီး ထခုန်မိသွားသည်။
ခြေထောက်များမှာလည်း အားမရှိတော့ဘဲ ပျော့ခွေကျသွားကာ ဒူးထောက်လျက်သား လဲကျသွားတော့၏။
သူမသည် ပိုးလက်ကိုင်ပုဝါကို ထုတ်ကာ နှုတ်ခမ်းကိုအုပ်လျက် တရှုံ့ရှုံ့ ငိုရှိုက်တော့သည်။
“သခင်ကြီး... အသက်ကို ချမ်းသာပေးပါ... ဒီအစေခံက တကယ်ပဲ တမင်သက်သက် ကျူးကျော်ဝင်ရောက်ခဲ့တာ မဟုတ်ပါဘူး... အစ်မက သခင်ကြီးကို ရိုသေမှုပြချင်လို့ သခင်ကြီးရဲ့ အစီအစဉ်တွေကို သွားမေးခိုင်းလို့ လာခဲ့တာပါ... ဒီအစေခံက ကြောက်နေတာနဲ့ သတ္တိရှိအောင် သေရည်တစ်ပုလင်းလောက် သောက်လာမိလို့ နည်းနည်း မူးဝေနေခဲ့တာပါ...”
မုကျွင်းယန် မျက်မှောင်ကြုတ်သွား၏။
သူက တမင်လုပ်တာ မဟုတ်ဘူးလား...
ဒါဆို သူကိုယ်တိုင်ကပဲ တစ်လောကလုံး ချာချာလည်အောင် မူးနေပြီး အမှောင်ထဲမှာ လမ်းမှားပြီး မူးနေတဲ့မိန်းမပျိုလေးတစ်ယောက်နဲ့ တိုးမိကာ စိတ်ကိုမထိန်းနိုင်ဘဲ အိပ်စက်ခဲ့မိတာလား...
ဤသို့ ဆိုရင်တော့ သူမကို အခွင့်အရေး တစ်ကြိမ် ထပ်ပေးရမည်။
“ငါ့စာကြည့်ဆောင်မှာ အဝတ်တစ်ထည် ပျောက်သွားလို့ သူခိုးကို ရှာနေတာ... မင်း တွေ့မိသေးလား...”
ကုဟွား၏ နားရွက်ကလေးများ နီရဲသွားရသည်။
သူမမှာ ဘာပြန်ပြောရမှန်းမသိ အတော်ကြာအောင် စကားများ ထစ်ငေါ့ငေါ့ ဖြစ်နေ၏။
မုကျွင်းယန် ဒေါသထွက်သွားသည်။
“သိရင် သိတယ်ပြော... မသိရင် မသိဘူးပြောစမ်း...”
ကုဟွား အတင်းပင် အားယူကာ ပြောလိုက်၏။
“ဒီအစေခံ... မသိပါဘူး...”
ဝန်မခံဘူးပေါ့လေ...ဟမ့်...
ဤမိန်းကလေးမှာ ကုဝမ်ရု၏ ညီမဖြစ်နေသဖြင့် သူ ရိုက်နှက်၍လည်းမရ ဆဲဆို၍လည်းမရသဖြင့် မုကျွင်းယန်၏ ရင်ထဲတွင် ဒေါသမီးကြီး ပေါက်ကွဲလုနီးပါး ဖြစ်နေတော့သည်။
သူသည် သူထိတွေ့ခဲ့ဖူးသော အမျိုးသမီးကို တခြားသူတစ်ယောက်က ထိတွေ့မည်ကို အလွန်ရွံရှာတတ်သူဖြစ်ရာ သူမကို လွှတ်ပေးဖို့ဆိုသည်မှာ မဖြစ်နိုင်ပေ။
ထို့ပြင် မိန်းကလေးတစ်ယောက်၏ အပျိုစင်ဘဝကို ရယူပြီးနောက် တာဝန်မယူဘဲနေခြင်းမျိုးကို သူ မလုပ်ချင်သော်လည်း သူ့ဘေးနားတွင် အမျိုးသမီးတစ်ယောက် ရှိနေမည်ကိုလည်း မလိုလားပေ။
အရေးကြီးဆုံးမှာ ထိုမိန်းမပျိုလေး အမှန်တကယ် ဘာလိုချင်နေသလဲဆိုသည်ကို သူ မသိခြင်းပင်။
မုကျွင်းယန်အနေဖြင့် ပထမဆုံးအကြိမ်အဖြစ် လောကကြီးတွင် သူ့ကို အကျပ်ရိုက်စေသော အရာတစ်ခု ရှိနေသည်ဟု ခံစားလိုက်ရ၏။
သူ ခဏမျှ အသေအချာ စဉ်းစားလိုက်ပြီးနောက် ဖြည်းဖြည်းချင်း ပြောလိုက်သည်။
“မနေ့ညက ငါ မူးနေလို့ နည်းနည်း ဝေဝေဝါးဝါး ဖြစ်နေခဲ့တာ...”
ကုဟွားက ထိတ်လန့်တကြား မျက်နှာပေးဖြင့် ငိုယိုကာ သူ၏စကားကို ဖြတ်ပြောလိုက်၏။
“မနေ့ညက သခင်ကြီး မူးနေလို့ ဘာမှ မမှတ်မိတော့တာပါ... ဒီအစေခံလည်း ဘယ်သူ့ကိုမှ မတွေ့ခဲ့ပါဘူး...”
သူမ စောင့်ဆိုင်းနေသည်မှာ ဤအခိုက်အတန့်ပင် ဖြစ်သည်။
သူမ တမင်လုပ်ခြင်းမဟုတ်ဘဲ သူ မူးနေစဉ်မှာ အလိုရမ္မက်ဖြေဖျောက်ဖို့ အမှတ်မထင် အသုံးချခံလိုက်ရသည့် ပစ္စည်းတစ်ခုသာ ဖြစ်ခဲ့သည်ဟု ပုံဖော်လိုက်ခြင်းပင်။
သူမက အလိုက်သိပြီး မြို့စားကြီးကို လုံလောက်သော မျက်နှာသာပေးလိုက်၏။
မြို့စားကြီးအနေဖြင့် အပြစ်ရှိသလို ခံစားရမှသာ သူမ၏ အခြေအနေကို အလေးအနက်ထား ကာကွယ်ပေးမည် မဟုတ်ပါလား။
မုကျွင်းယန် ခဏတာ မှင်တက်သွားရသည်။
သူမ၏ သေးငယ်သော ခန္ဓာကိုယ်လေးမှာ တုန်ယင်နေ၏။
သူ ဒီလောက်တောင် ကြောက်နေဖို့ လိုအပ်လို့လား...
သူက အတော်လေး ညင်သာပေးခဲ့တာပဲကို...
ထို့ပြင် သူ တာဝန်မယူဘူးဟုလည်း မပြောရသေးပေ။
သူမမှာ စေ့စပ်ထားသူ ရှိသည်ဟု ပြောကြသည် မဟုတ်ပါလား။
မိန်းမပျိုလေး ကိုယ်တိုင် ဘာလိုချင်လဲဆိုသည်ကို သူ အရင်သိအောင် လုပ်ရမည်ဖြစ်သည်။
မနေ့ညက သူမ၏ နူးညံ့သော ခန္ဓာကိုယ်လေးမှာ သူ့အောက်တွင် အစွမ်းကုန် အောင့်အည်းသည်းခံနေခဲ့သည့် ပုံရိပ်များ သူ့စိတ်ထဲတွင် ဝဲလည်နေသဖြင့် နှလုံးသားမှာ အနည်းငယ် ပျော့ပြောင်းသွားရ၏။
“ထတော့... ကြမ်းပြင်က အေးတယ်”
ကုဟွား ဖြည်းဖြည်းချင်း ထရပ်လိုက်သည်။ သူမ၏ မျက်ဝန်းများတွင် မျက်ရည်များ ပြည့်နေကာ ခြေထောက်များမှာလည်း တုန်ယင်နေ၏။
သူမပုံစံမှာ အလွန်ပင် သနားစဖွယ် ကောင်းလှသည်။
“ထိုင်...”
မုကျွင်းယန်မှာ အမိန့်ပေးသည့် အလေ့အထ ရှိနေသူဖြစ်သည်။ ယခုအခိုက်အတန့်တွင် သူ့လေသံကို အတတ်နိုင်ဆုံး လျှော့ချလိုက်သော်လည်း အနည်းငယ် တောင့်တောင့်ကြီး ဖြစ်နေဆဲပင် ဖြစ်သည်။
ကုဟွား ထိုင်ခုံ၏ အစွန်းလေးတွင် သတိကြီးစွာ ထိုင်လိုက်၏။
သူ သူမကို မည်သို့ စီစဉ်ပေးမည်ဆိုသည်ကို သူမ သိချင်နေမိသည်။
မုကျွင်းယန်လည်း စကားကို လှည့်ပတ်မပြောချင်တော့ဘဲ တည်တည်တံ့တံ့ပင် ဆိုလိုက်သည်။
“အကယ်၍ တခြားသူသာဆိုရင်... မင်းက အလောင်းတစ်ခု ဖြစ်ပြီး သင်္ချိုင်းကုန်းထဲ ရောက်နေတာ ကြာလှပြီ... ဒါပေမဲ့ မင်းက ကုဝမ်ရုရဲ့ ညီမဖြစ်နေတာမို့ ငါ မင်းအသက်ကို ချမ်းသာပေးလိုက်မယ်... ပြီးတော့ မင်းမှာ စေ့စပ်ထားသူ ရှိပြီးသားဆိုတော့ ငါ မင်းအတွက် ခမ်းနားတဲ့ လက်ဖွဲ့တွေ ပေးပါ့မယ်... အကယ်၍ မင်းမှာ မလျော်ကန်တဲ့ အတွေးတွေ ရှိနေရင်လည်း စောစောစီးစီးသာ ဖျောက်ဖျက်လိုက်တော့”
ယောက်ျားတွေအားလုံး အကုန်ခွေးကောင်တွေပဲ...
ကုဟွားသည် မျက်ရည်ဝဲနေသော မျက်ဝန်းများဖြင့် သူ့ကို ငေးကြည့်နေမိသည်။
အတော်ကြာမှ သူမသည် သတ္တိကို မွေးကာ ငိုရှိုက်သံဖြင့် တောင်းပန်လိုက်၏။
“ဒီအစေခံမှာ... စေ့စပ်ထားသူ မရှိပါဘူး... ဒီအစေခံက ဘာမှ အများကြီး မတောင်းဆိုရဲပါဘူး... ကျွန်မကို သခင်ကြီးရဲ့ ဘေးနားမှာ ကျွဲလိုနွားလို အလုပ်လုပ်ရတဲ့ အစေခံတစ်ယောက်လိုပဲဖြစ်ဖြစ် ထားပေးဖို့ပဲ တောင်းပန်ချင်တာပါ...”
စေ့စပ်ထားသူ ရှိတာကို ဝန်မခံဘူးပေါ့လေ...
ဒါက ပိုမြင့်တဲ့ အဆင့်အတန်းကို တက်လှမ်းချင်လို့ပဲ ဖြစ်ရမယ်...
“ငါ့ကို ပြုစုပေးဖို့ အမျိုးသမီး မလိုအပ်ဘူး...”
မုကျွင်းယန်က ပြတ်သားစွာ ငြင်းပယ်လိုက်သည်။
ကုဟွားက ခပ်သွက်သွက်ပင် ပြန်ပြောလိုက်၏။
“သခင်ကြီးက ကွယ်လွန်သူ ဇနီးကို အရမ်းချစ်တာကြောင့် ဆယ်နှစ်တိုင်တိုင် နောက်အိမ်ထောင်မပြုခဲ့ဘူးဆိုတာ ဒီအစေခံ သိပါတယ်...”
“ဒါပေမဲ့ မြို့စားကြီးက တိုင်းပြည်နဲ့ ပြည်သူတွေအတွက် စစ်မြေပြင်မှာ တိုက်ပွဲဝင်ခဲ့တာလေ... အခု အိမ်ပြန်ရောက်ပြီဆိုတော့ ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်း အနားပေးသင့်တာပေါ့... အမျိုးသားအစေခံတွေက အမျိုးသမီးတွေလောက် ဘယ်မှာ သေချာဂရုစိုက်ပေးနိုင်ပါ့မလဲ... ကျွန်မရဲ့ အချက်အပြုတ် လက်ရာကလည်း တကယ်ကောင်းတာပါ...”