← Chapters

အခန်း ၁၇

Vol. 2 Ch. 17

အခန်း ၁၇

Vol. 2 Ch. 17

အခန်း(၁၇)

“ဒီအစေခံမှာ... စေ့စပ်ထားသူ မရှိပါဘူး... ဒီအစေခံက ဘာမှ အများကြီး မတောင်းဆိုရဲပါဘူး... ကျွန်မကို သခင်ကြီးရဲ့ ဘေးနားမှာ ကျွဲလိုနွားလို အလုပ်လုပ်ရတဲ့ အစေခံတစ်ယောက်လိုပဲဖြစ်ဖြစ် ထားပေးဖို့ပဲ တောင်းပန်ချင်တာပါ...”

စေ့စပ်ထားသူ ရှိတာကို ဝန်မခံဘူးပေါ့လေ...

ဒါက ပိုမြင့်တဲ့ အဆင့်အတန်းကို တက်လှမ်းချင်လို့ပဲ ဖြစ်ရမယ်...

“ငါ့ကို ပြုစုပေးဖို့ အမျိုးသမီး မလိုအပ်ဘူး...”

မုကျွင်းယန်က ပြတ်သားစွာ ငြင်းပယ်လိုက်သည်။

ကုဟွားက ခပ်သွက်သွက်ပင် ပြန်ပြောလိုက်၏။

“သခင်ကြီးက ကွယ်လွန်သူ ဇနီးကို အရမ်းချစ်တာကြောင့် ဆယ်နှစ်တိုင်တိုင် နောက်အိမ်ထောင်မပြုခဲ့ဘူးဆိုတာ ဒီအစေခံ သိပါတယ်...”

“ဒါပေမဲ့ မြို့စားကြီးက တိုင်းပြည်နဲ့ ပြည်သူတွေအတွက် စစ်မြေပြင်မှာ တိုက်ပွဲဝင်ခဲ့တာလေ... အခု အိမ်ပြန်ရောက်ပြီဆိုတော့ ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်း အနားပေးသင့်တာပေါ့... အမျိုးသားအစေခံတွေက အမျိုးသမီးတွေလောက် ဘယ်မှာ သေချာဂရုစိုက်ပေးနိုင်ပါ့မလဲ... ကျွန်မရဲ့ အချက်အပြုတ် လက်ရာကလည်း တကယ်ကောင်းတာပါ...”

မုကျွင်းယန်က အေးစက်စွာ ဖြတ်ပြောလိုက်သည်။

“ငါက အရသာရှိတဲ့ အစားအသောက်တွေအပေါ် စိတ်မဝင်စားဘူး...”

ဒီလူအိုကြီးကတော့ ဘာပြောပြော နားကိုမဝင်ပါလား...

ကုဟွား၏ မျက်နှာလေးမှာ နီရဲသွားရသည်။

သူမသည် ပတ်တီးစည်းထားသော လက်ကလေးနှစ်ဖက်ကို သနားစဖွယ် ဖြန့်ပြလိုက်၏။

“အမျိုးသမီးတစ်ယောက်က အမျိုးသားအစေခံနဲ့ မတူပါဘူး... ခြေဆေးပေးတာဖြစ်ဖြစ်...ကျောပွတ်ပေးတာဖြစ်ဖြစ်... ခံစားချက်က တကယ်ကို ကွာခြားပါတယ်...”

ထိုသို့ပြောပြီးနောက် သူမ မျက်နှာလေးမှာ ရှက်လွန်းသဖြင့် ပူထူသွားရသော်လည်း သူ့ကို ရဲရဲဝံ့ဝံ့ပင် စိုက်ကြည့်နေမိသည်။

မုကျွင်းယန်သည် အဝါရောင်အရည်ကြည်များ စိမ့်ထွက်နေသော သူမ လက်ဖဝါးလေးများကို ကြည့်လိုက်၏။

ထို့နောက် အကြည့်များကို အပေါ်သို့ ရွှေ့လိုက်ရာ သူမ၏ လက်မောင်းပေါ်ရှိ ဖြူဖွေးနုနယ်သော အသားအရေကို မြင်လိုက်ရသည်။

ထိုညက ထိုနူးညံ့သော လက်ကလေးများက တကယ်ကို...

သူ့နားရွက်ကလေးများ တိတ်တဆိတ် နီရဲသွားသည်ကို ကုဟွား မြင်လိုက်ရ၏။

ကျစ်...ကျစ်...ကျစ်... ယောက်ျားတွေဆိုတာ ဒါမျိုးတွေပါပဲလား...

လူကြီးလူကောင်းပုံစံ ဖမ်းနေပေမဲ့ မျက်လုံးနဲ့ မျက်နှာကတော့ အမှန်အတိုင်း ဖော်ပြနေတာပဲ...

မနေ့ညက... အစပိုင်းမှာတော့ သိပ်ပြီး အတွေ့အကြုံမရှိပုံပေါ်ပေမဲ့... နောက်ပိုင်းကျတော့ ဆာလောင်နေတဲ့ ဝံပုလွေတစ်ကောင်လိုပဲ...

သူ အမျိုးသမီးနဲ့ မထိတွေ့ရတာ ကြာနေပြီ ထင်ပါရဲ့...

“မင်း...ဆေးထည့်ပြီးပြီလား...”

မုကျွင်းယန်က အကြည့်လွှဲလိုက်ပြီး သူ၏ စိတ်လှုပ်ရှားမှုကို ဖုံးကွယ်ရန် လက်ဖက်ရည်ခွက်ကို မလိုက်သည်။

ကုဟွားက လက်ကို ပြန်ရုပ်လိုက်ပြီး တိုးတိုးလေးပင် ပြန်ဖြေကြားလိုက်၏။

“...အမ်း...”

“မင်း အရင်ပြန်လိုက်တော့...”

အသက် (၂၈) နှစ်အထိ နေလာခဲ့သော မုကျွင်းယန်သည် အမျိုးသမီးတစ်ယောက်နှင့် စကားပြောရန် ဤမျှ ဦးနှောက်စားခဲ့ရသည်မှာ တစ်ခါမှ မရှိဖူးပေ။

ဤသည်က စစ်တိုက်ရတာထက်ပင် ပို၍ ပင်ပန်းလှသည်။

ကံကောင်းလို့ ဇနီးမယား ထပ်မယူခဲ့မိလို့သာ... မဟုတ်ရင် စစ်မြေပြင်မှာ မသေဘဲ အိမ်မှာတင် စိတ်ညစ်လို့ သေသွားမှာ အသေအချာပဲ...

ကုဟွားက ထရပ်လိုက်ပြီး တိုးညင်းစွာ ဆိုလိုက်၏။

“မနက်ဖြန် မနက်ကျရင် ဒီအစေခံက စာကြည့်ဆောင်ကို လာခဲ့ပါ့မယ်”

“မလိုဘူး...”

မုကျွင်းယန်က လွှတ်ခနဲ ပြောလိုက်သော်လည်း တစ်ဖက်မှ မျက်ရည်ဝဲနေသော ဗာဒံစေ့သဏ္ဍာန် မျက်ဝန်းများက သူ့ကို ကြည့်နေသည်ကို မြင်သောအခါ စိတ်ထဲတွင် ပျာယာခတ်သွားရသည်။

သူ့မှာ စကားပြန်ပြင်ပြောဖို့မှတစ်ပါး အခြားနည်းလမ်း မရှိတော့ပေ။

“အစောကြီး လာစရာမလိုပါဘူး... အိပ်ရေးဝမှသာ လာခဲ့...”

မုအန်း သူ့အပေါ် မကောင်းတဲ့ စိတ်ကူးတွေ ရှိနေမှတော့ မနေ့ညက ပင်ပန်းခဲ့မှုတွေကို ထောက်ထားပြီး သူကပဲ ကာကွယ်ပေးရမှာပေါ့...

မုအန်းနဲ့ ပတ်သက်ရင်တော့...

မုကျွင်းယန်၏ အကြည့်များမှာ အနည်းငယ် မှောင်မှိုက်သွားရ၏။

“စကားမစပ်...”

ကုဟွားက တောက်ပလှပသော မျက်ဝန်းလေးများဖြင့် သူ့ကို ပြန်လှည့်ကြည့်လိုက်သည်။

မုကျွင်းယန် မျက်မှောင်ကြုတ်လိုက်၏။

“မင်းက ဘာလို့ ကိုယ့်ကိုယ်ကိုယ် ဒီအစေခံကလို့ပဲ သုံးနေရတာလဲ... ကိုယ်လုပ်တော်က မွေးတဲ့ သမီးပဲဖြစ်ဖြစ် မင်းက မှူးမတ်အိမ်တော်ရဲ့ မမလေးတစ်ယောက်ပဲလေ... ဘာလို့ ကိုယ့်ကိုယ်ကိုယ် ဒီလောက်အထိ နှိမ့်ချနေရတာလဲ...”

ကုဟွားက သက်ပြင်း ခပ်ဖွဖွ ချလိုက်သည်။

“ကိုယ်လုပ်တော်ပိုင်က ကျွန်မကို မြို့စားအိမ်တော်ထဲ ပို့လိုက်တာက အစ်မ စိတ်အေးလက်အေး ရှိစေဖို့လို့ ပြောခဲ့ပါတယ်... ပြီးတော့ ကျွန်စာချုပ်မှာ အတင်းအကျပ် လက်မှတ်ထိုးခိုင်းခဲ့တာပါ... အခု ဒီမိန်းမပျိုလေးက ကျွန်တစ်ယောက် ဖြစ်နေပါပြီ...”

ဤသို့သာ မဟုတ်လျှင် သူမ ထွက်ပြေးခဲ့သည်မှာ ကြာလှပြီ ဖြစ်သည်။

သူမကို ကျွန်ဘဝမှ ကယ်တင်ပေးနိုင်မည့် တစ်ဦးတည်းသောသူမှာ မုကျွင်းယန်သာ ဖြစ်တော့သည်။

မုကျွင်းယန်၏ မျက်မှောင်ကြုတ်ထားပုံမှာ ခြင်တစ်ကောင် လာနားလျှင်ပင် ညှပ်မိ၍ သေသွားနိုင်သည်အထိ ပြင်းထန်လှ၏။

“ငါ သိပြီ... မင်းသွားလို့ရပြီ...”

ကုဟွားသည် ရိုသေစွာ ဦးညွှတ်လိုက်ပြီးနောက် လှည့်ထွက်ကာ ဖြည်းဖြည်းချင်း လျှောက်သွားတော့သည်။

မုကျွင်းယန်သည် သူမ၏ မတည်မငြိမ်ဖြစ်နေသော ကျောပြင်လေးကို စိုက်ကြည့်နေမိ၏။

မနေ့ညက... သူ့အပေါ် နည်းနည်း ကြမ်းတမ်းသွားခဲ့တယ် ထင်ပါရဲ့...

သူသည် လက်ကိုဆန့်ထုတ်ကာ နားထင်ကိုဖိလျက် ခပ်ကြမ်းကြမ်း ပွတ်သပ်လိုက်မိသည်။

ယနေ့ သူမကို မတွေ့ရသေးခင်အထိ သူ့ကို အကွက်ဆင်ပြီး ပိုမြင့်သည့်နေရာသို့ တက်လှမ်းချင်နေသူဟု ထင်ခဲ့မိသည်။

သို့သော် ယခုပြန်တွေ့ရချိန်တွင်မူ သူမသည် ကြောက်တတ်သော ကြောင်ကလေးတစ်ကောင်နှင့်သာ တူနေတော့၏။

သူမသည် မျက်ဝန်းဝိုင်းလေးများကို အမြဲတမ်း ဖုံးကွယ်ထားတတ်ပြီး ထောင့်တစ်နေရာတွင် သတိကြီးစွာ ကွေးကွေးလေးပုန်းနေကာ မည်သူမျှ သတိမထားမိစေရန် ဆုတောင်းနေသကဲ့သို့ပင် ရှိနေတတ်သည်။

ကျိုးချွန်းယွီသည် ကုဟွား၏ ပုံရိပ်လေး ညအမှောင်ထဲတွင် ပျောက်ကွယ်သွားသည်အထိ စောင့်ကြည့်နေပြီးမှ မုကျွင်းယန်ထံ ခပ်သွက်သွက် လျှောက်လာခဲ့သည်။

မုကျွင်းယန်က မော့ကြည့်လိုက်သည်။

“မုအန်းကို သေချာစောင့်ကြည့်ထားပါ... သူ့ကို ငွေတွေ အများကြီး မပေးနဲ့... အသုံးအဖြုန်းများပြီး သူ့ရဲ့ စရိုက်တွေ ပျက်စီးကုန်မှာ စိုးရိမ်လို့... “

“ဟုတ်ကဲ့ပါ...”

ကျိုးချွန်းယွီမှာ စကားကို အတော်ကြာအောင် အောင့်ထားခဲ့သော်လည်း နောက်ဆုံးတွင် မနေနိုင်တော့ဘဲ ပြောမိတော့သည်။

“သခင်ကြီး... သခင်လေးရဲ့ အနောက်ဆောင်က တကယ်ကို ရှုပ်ထွေးနေတာပါ... သခင်လေးက နာမည်ကြီး ပြည့်တန်ဆာတစ်ယောက်ကိုတောင် ခေါ်လာခဲ့သေးတယ်... အခုဆိုရင် အဲဒီမိန်းမမှာ ကိုယ်ဝန်ရှိနေပြီလေ... အပြင်မှာလည်း ဒါနဲ့ပတ်သက်ပြီး စကားတွေ အမျိုးမျိုး ပြောနေကြတာ... သတင်းတွေက တကယ်ကို နားမခံသာအောင် ဆိုးရွားလွန်းပါတယ်...”

မုကျွင်းယန်က သက်ပြင်း ခပ်ဖွဖွ ချလိုက်သည်။

“ငါ့အပြစ်ပါပဲ... ဒီလိုသားမျိုး ရှိမှသာ အချို့လူတွေက သူတို့ရဲ့ သတိထားမှုကို လျှော့ချမှာလေ... ဒါပေမဲ့ အဲဒါက သူ့ကို တကယ်ပဲ ဒုက္ခပေးလိမ့်မယ်လို့ ငါ မထင်ထားခဲ့မိဘူး...”

မုကျွင်းယန်သည် အသက် ၁၀ နှစ်သားအရွယ်ကတည်းက အဖိုးနှင့် အဖေတို့နောက်သို့ လိုက်ကာ စစ်မြေပြင်၌ တိုက်ပွဲဝင်ခဲ့ရသူ ဖြစ်သည်။

မိမိသခင်ထက် ကျော်လွန်အောင်မြင်ခဲ့သော စစ်ဗိုလ်ချုပ်များစွာ မည်သို့ ဒုက္ခရောက်ခဲ့ရသည်ကို သူ ကိုယ်တိုင် မြင်တွေ့ခဲ့ရပြီးသားပင် ဖြစ်သည်။

သူ၏ အဖေ မကွယ်လွန်မီကလည်း သူ့ကို သတိပေးစကားများ ပြောခဲ့ဖူး၏။

သူသည် ဧကရာဇ်မင်းမြတ်အပေါ်တွင်သာ သစ္စာရှိရမည်ဖြစ်ပြီး တိုင်းပြည်ကို ကာကွယ်ရမည်ဖြစ်ကြောင်း သူ ကောင်းကောင်းသိသည်။

သူ့မှာ အားနည်းချက်များ၊ သူချစ်ရသော အမျိုးသမီး သို့မဟုတ် သူ၏ သားသမီးများပင် မရှိသင့်ပေ။

သို့မှသာ ဧကရာဇ်မင်းမြတ်အနေဖြင့် စိတ်အေးလက်အေး ရှိနိုင်မည် မဟုတ်ပါလား...

သို့သော် ယခုတော့ ခြွင်းချက်တစ်ခု ပေါ်လာခဲ့ပြီ...

၎င်းမှာ ကုဟွားပင် ဖြစ်သည်။

ကျိုးချွန်းယွီမှာ အလွန်ပင် စိတ်မကောင်းဖြစ်မိသွားရ၏။

“သခင်ကြီး... သခင်ကြီးက အခုမှ အသက် ၂၈ နှစ်ပဲ ရှိပါသေးတယ်... အနည်းဆုံးတော့ သွေးသားရင်းချာ သားသမီးတစ်ယောက်လောက် ချန်ထားသင့်တာပေါ့... မဟုတ်ရင် မုမိသားစုရဲ့ မျိုးဆက်က ဘယ်လိုလုပ် ဆက်နိုင်မှာလဲ...”

“ငါ့မှာ သားရှိရင်လည်း သူက ငါ့နောက်ကိုလိုက်ပြီး စစ်မြေပြင်မှာ တိုက်ပွဲဝင်ရဦးမှာပဲ... နေ့တိုင်း သေမင်းနဲ့ စစ်ခင်းနေရပြီး မနက်ဖြန်ကို မြင်ရမလား မသိတဲ့ဘဝမျိုးမှာ သားရှိတာနဲ့ မရှိတာက ဘာများ ကွာခြားသွားမှာလဲ... အကယ်၍ သမီးလေးဆိုရင်လည်း ဒါက အိမ်ထောင်ရေးကို သေချာပေါက် ထိခိုက်စေလိမ့်မယ်... မျိုးဆက်ပြတ်တာ မပြတ်တာက အရေးမကြီးပါဘူး... လူဆိုတာ မွေးလာရင် တစ်နေ့ သေကြရမှာပဲ... ဘာလို့များ ကလေးတစ်ယောက်ကို ဒီလောကထဲခေါ်လာပြီး ဒုက္ခခံခိုင်းနေမှာလဲ...”

ကျိုးချွန်းယွီမှာ မျက်ရည်ဝဲသွားကာ စကားလမ်းကြောင်းကို အမြန်လွှဲလိုက်ရသည်။

“ကုအိမ်တော်ကို ပို့မဲ့ မမလေးကုအတွက် လက်ဆောင်တွေနဲ့ ပတ်သက်ပြီး သခင်ကြီးမှာ ဘာအမိန့်များ ရှိပါသေးလဲ...”

“မင်း သင့်တော်သလိုပဲ စီစဉ်လိုက်ပါ... တစ်ဆက်တည်း အမတ်ကြီးကုနဲ့ ဇနီးသည်ကိုလည်း သတိပေးလိုက်ပါဦး... ကုဟွားကို ပစ္စည်းတစ်ခုလို အသုံးမချဖို့နဲ့ လက်တွေ့မကျတဲ့ အတွေးတွေ မဝင်လာစေဖို့ပေါ့...”

မုကျွင်းယန် မျက်လုံးကို အနည်းငယ် မှေးလိုက်သည်။

“ချွန်းယွီ... ကုဟွားရဲ့ အိမ်တော်ထဲက အခြေအနေတွေကို စုံစမ်းခိုင်းလိုက်ပါ... ပြီးတော့ သူ့မွေးမိခင်က ဘာလို့ ကိုယ့်သမီးအရင်းကို ဒီလောက်အထိ နှိပ်စက်နေရတာလဲဆိုတာကိုပါ စစ်ဆေးခိုင်းလိုက်...”

“ဟုတ်ကဲ့ပါ...”

သူမအတွက် လျော်ကြေးအနေဖြင့် တစ်ခုခုတော့ သူ ပြန်လုပ်ပေးရပေမည်။

…

ကုဟွားသည် သူမ၏ အခန်းတံခါးကို တွန်းဖွင့်လိုက်စဉ်မှာပင် မှောင်ရိပ်ထဲမှ လူရိပ်တစ်ခု ရုတ်တရက် ပေါ်လာသဖြင့် သူမ အလန့်တကြားဖြင့် နောက်သို့ အကြိမ်ကြိမ် ဆုတ်မိသွားရ၏။

မုအန်းက လက်ကို လှမ်းဆန့်လိုက်ပြီး သူမ၏ လက်မောင်းကို ဖမ်းဆွဲကာ အခန်းထဲသို့ အတင်းအကျပ် ဒရွတ်တိုက် ဆွဲခေါ်သွားတော့သည်။

ထိတ်လန့်တကြားဖြစ်သွားသော ကုဟွားသည် မုအန်း၏ လက်ကောက်ဝတ်ကို ဆွဲကိုင်ပြီး အားကုန်သုံးကာ ကိုက်ချလိုက်တော့သည်။

“အားးး...”

မုအန်းက နာကျင်လွန်းသဖြင့် သူမကို ခါထုတ်လိုက်၏။

ကုဟွားသည် ခြံဝင်းထဲသို့ အမြန်ပြေးထွက်သွားပြီး ကုဝမ်ရု၏ အခန်းဘက်သို့ လှည့်ကာ အော်ဟစ်လိုက်သည်။

“သခင်လေး... ကျွန်မကို လိုချင်တယ်ဆိုရင်လည်း ဘာလို့ ဒီလောက်တောင် လောနေရတာလဲ... သခင်ကြီးအတွက် စာမူတွေ ကူးရေးပြီးမှဆိုရင်လည်း နောက်မကျသေးပါဘူး... သခင်ကြီးကို ဒေါသထွက်အောင်လုပ်ရင် ရှင့်အတွက်လည်း ကောင်းမှာမဟုတ်ဘူးလေ...”

All Chapters