← Chapters

အခန်း ၁၈

Vol. 2 Ch. 18

အခန်း ၁၈

Vol. 2 Ch. 18

အခန်း(၁၈)

ကုဝမ်ရုသည် ပြတင်းပေါက်မှနေ၍ နားစွင့်နေ၏။

“ငါ့ခင်ပွန်းက မပြန်သေးဘူးလား... သူက ကုဟွားရဲ့ အခန်းထဲမှာ ပုန်းနေတာလား...”

ယန်ကျစ်က မုန်းတီးစိတ်ဖြင့် အံကြိတ်လိုက်သည်။

“အပျက်မ... သခင်လေးကို မြှူဆွယ်နေတယ်ဆိုတာ ကျွန်မ သိသားပဲ...”

အပြင်ဘက်မှ ကုဟွား၏ နာကျင်စွာ အော်ဟစ်သံကို ကြားလိုက်ရသဖြင့် ကုဝမ်ရုသည် ဖိနပ်ကို အမြန်စီးကာ အပြင်သို့ ပြေးထွက်လာခဲ့သည်။

မုအန်းက ကုဟွား၏ ဆံပင်ကို ဆွဲကာ ပါးရိုက်ရန် ပြင်နေသည်ကို မြင်သောအခါ ကုဝမ်ရုက အမြန်ပြေးသွားပြီး တားလိုက်၏။

“ခင်ပွန်း... သူ့ မျက်နှာကို ရိုက်လို့မဖြစ်ဘူးလေ... အဖေ မြင်သွားရင် မကောင်းဘူး...”

သူ၏ သွေးထွက်နေသော လက်ကောက်ဝတ်ကို မြင်လိုက်ရချိန်တွင် ကုဝမ်ရု လန့်သွားရသည်။

သူမသည် ကုဟွားဘက် လှည့်ကြည့်ကာ ဒေါသတကြီး ဆဲဆိုလိုက်၏။

“အပျက်မ... နင် ငါ့ခင်ပွန်းကို ဘယ်လိုတောင် ကိုက်ရဲရတာလဲ... အဖေ့ကြောင့်သာ မဟုတ်ရင် ငါ နင့်ကို အခုချက်ချင်း ရိုက်သတ်ပစ်လိုက်တယ်...”

ကုဟွားသည် မည်သည်ကိုမျှ ဂရုမစိုက်တော့ဘဲ ကျောကို မတ်မတ်ဆန့်ကာ ပြန်လည် စိုက်ကြည့်လိုက်သည်။

“ဒါဆိုရင်လည်း အခုချက်ချင်းသာ ရိုက်သတ်ပစ်လိုက်ပါတော့...”

ကုဝမ်ရုမှာ မှင်တက်သွားရ၏။

သူမက တကယ်ပဲ ပြန်ပြောရဲနေတာလား...

“မင်းကို အခုချက်ချင်း ရိုက်သတ်ရမှာ... အခုချက်ချင်းပဲ... အပျက်မရဲ့...”

မုအန်းက ဒေါသတကြီးဖြင့် ပြောရင်း ကုဟွားကို ဖမ်းဆွဲရန် လက်လှမ်းလိုက်ပြန်သည်။

ကုဝမ်ရုက သူ၏လက်မောင်းကို အမြန်ဖက်ထားလိုက်ပြီး တိုးတိုးလေး အကြံပေးလိုက်၏။

“ခင်ပွန်း... အောက်တန်းစား အစေခံတစ်ယောက်ကြောင့်နဲ့ အဖေ့ကို အထင်လွဲအောင် လုပ်စရာမလိုပါဘူး... စိတ်မပူပါနဲ့... ကျွန်မ သူ့ကို သေချာပေါက် ပြစ်ဒဏ်ပေးပါ့မယ်...”

သူမသည် အပေါ်ဝတ်ရုံလေးသာ ဝတ်ပြီး ပြေးထွက်လာသော ကျင်းခွေ့ကို လှည့်၍ အမိန့်ပေးလိုက်သည်။

“မြန်မြန်... ခင်ပွန်းကို အခန်းထဲခေါ်သွားပြီး ဆေးထည့်ပေးလိုက်...”

မုအန်း၏ လက်ကောက်ဝတ်မှာ သွေးချင်းချင်း နီနေတော့သည်။

သူက ကုဟွား၏ နှာခေါင်းကို လက်ညှိုးငေါက်ငေါက်ထိုးကာ ကျိန်ဆဲလိုက်၏။

“အပျက်မ... ငါ့လက်ထဲကနေ လွတ်မယ်လို့ အိပ်မက်မက် မနေနဲ့... အဖေက နင့်ကို တကယ်ပဲ သိမ်းပိုက်လိုက်ရင်တောင် သူ နင့်ကို ကာကွယ်ပေးနိုင်မှာမဟုတ်ဘူး... သူက သေမင်းနဲ့ စစ်ခင်းနေရတဲ့သူပဲ... စောစောစီးစီး သေမဲ့ကံ ပါလာပြီးသား... သူ သေသွားတဲ့နေ့ကျရင် နင် ငါ့အိပ်ယာပေါ်တက်ဖို့ ဒူးထောက်တောင်းပန်နေရမယ်...”

ကျင်းခွေ့က ကူညီရန် အနားသို့ လျှောက်လာသော်လည်း မုအန်းက သူမကို ကြမ်းတမ်းစွာ တွန်းထုတ်လိုက်သည်။

“ထွက်သွားစမ်း... အသုံးမကျတဲ့ဟာမ...”

ဒေါသတကြီး ထွက်ခွာသွားသော ခင်ပွန်းဖြစ်သူကို ကြည့်ရင်း ကုဝမ်ရုသည် သူမ၏ နူးညံ့သိမ်မွေ့သော ဟန်ဆောင်မှုကို ဆက်လက် မထိန်းထားနိုင်တော့ပေ။

သူမက အေးစက်စွာ အမိန့်ပေးလိုက်၏။

“ယန်ကျစ်... အပ်တွေ သွားယူခဲ့...”

ယန်ကျစ်သည် သူတစ်ပါး ဒုက္ခရောက်မည်ကို ဝမ်းသာအားရဖြင့် အခန်းထဲသို့ ပြေးဝင်သွားပြီး ခဏအကြာတွင် ပိုးထုပ်လေးတစ်ခုကို ကိုင်ကာ ထွက်လာသည်။

ကျင်းခွေ့က မျက်မှောင်ကြုတ်လျက် ကုဟွားကို ကြည့်လိုက်သော်လည်း ဘာမှတော့ မပြောပေ။

ကုဟွား၏ တစ်ကိုယ်လုံး စိမ့်ခနဲဖြစ်သွားကာ တုန်ယင်လာရ၏။

လက်ချောင်း၊ ခြေချောင်းလေးများကို အပ်နှင့်ထိုးခြင်း သို့မဟုတ် ခန္ဓာကိုယ်ထဲသို့ အပ်စိုက်ခြင်းမှာ ကိုယ်လုပ်တော်ပိုင်နှင့် ကုဝမ်ရုတို့ အနှစ်သက်ဆုံး ပြစ်ဒဏ်ပေးနည်းများ ဖြစ်သည်။

သူတို့က တကယ့်ကို သွေးသားရင်းချာ အမေနဲ့သမီးပဲ... ရက်စက်ပုံချင်းကပါ ထပ်တူကျနေတော့သည်။

ယန်ကျစ် ရှေ့သို့တိုးလာကာ ကုဟွား၏ အင်္ကျီကော်လာကို ဆွဲပြီး အခန်းထဲသို့ ဒရွတ်တိုက် ဆွဲခေါ်ရန် ကြိုးစား၏။

ကုဟွားက ပြန်လည်ရုန်းကန်ရင်း ယန်ကျစ်၏ ဒဏ်ရာရထားသော လက်ဖဝါးကို အားကုန်သုံးကာ ညှစ်ပစ်လိုက်သည်။

ယန်ကျစ်မှာ နာကျင်လွန်းသဖြင့် အော်ဟစ်ကာ လက်ကို လွှတ်လိုက်ရ၏။

ကုဟွားက ကုဝမ်ရု၏ လက်ကောက်ဝတ်ကို ဆွဲကိုင်လိုက်ပြီး တုန်ယင်နေသော အသံဖြင့် ပြောလိုက်သည်။

“ကျွန်မက သခင်ကြီး စိတ်ချမ်းသာအောင် ကွယ်လွန်သူ သခင်မကြီးရဲ့ စာမူတွေကို ကူးပေးရမှာပါ... အခုလိုအချိန်မှာ အစ်မက ကျွန်မကို ပြစ်ဒဏ်ပေးနေတာကို သခင်ကြီး သိသွားရင်... သူက စာမူကူးခိုင်းတဲ့အပေါ် အစ်မက မကျေနပ်ဘူးလို့ အထင်လွဲသွားပါလိမ့်မယ်... အစ်မ ဒီအိမ်တော်ကို ရောက်တာ ခြောက်လရှိပြီပဲ... မြို့စားအိမ်တော်မှာ အစေခံတွေကို ဒီလိုရက်စက်တဲ့ ပြစ်ဒဏ်မျိုး ဘယ်တော့မှ မပေးဘူးဆိုတာ အစ်မ သိသင့်တာပေါ့...”

ကုဝမ်ရုသည် ဤမျှ ရဲတင်းနေသော ကုဟွားကို တစ်ခါမှ မမြင်ဖူးသဖြင့် ထိတ်လန့်သွားကာ နည်သို့ပြန်ပြောရမှန်းပင် မသိဖြစ်နေတော့သည်။

ကုဟွားက ဆက်၍ ပြောလိုက်၏။

“အစ်မ... ကျွန်မ သခင်လေးရဲ့ မျက်သာပေးမှုကို ရခဲ့ရင်တောင် ဒါက အစ်မရဲ့ ခင်ပွန်းကို နောက်ထပ် မိန်းမတစ်ယောက်နဲ့ ဝေမျှရုံပဲ ရှိမှာပါ...ဒါက အစ်မအတွက် ဘာကောင်းမှာမလို့လဲ... သခင်လေးက အခုတော့ အဆန်းအပြားဖြစ်လို့ လိုက်နေတာပါ... မကြာခင်မှာပဲ ကျွန်မအပေါ် စိတ်ကုန်သွားမှာပဲလေ... အစ်မက ကုအိမ်တော်က တခြားကိုယ်လုပ်တော်ဖွားညီမတွေကိုရော သူ့အိပ်ယာပေါ် ပို့ပေးဖို့ စီစဉ်ထားလို့လား... သခင်လေးဆီကို အလှလေးတွေ ပို့ပေးရတာက အစ်မရဲ့ ရင်ကို နာကျင်စေတယ် မဟုတ်ဘူးလား...”

ကုဝမ်ရုသည် သူမကို မယုံနိုင်သကဲ့သို့ ကြည့်နေမိသည်။

ကုဟွားဆီ၌ ဤမျှ ထက်မြက်သော စကားပြောစွမ်းရည် ရှိလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။

ခဏအကြာတွင် ကုဝမ်ရု သတိဝင်လာကာ လှောင်ပြုံး ပြုံးလိုက်၏။

“နင်တစ်ယောက်တည်းကို ပို့ပေးရင်ပဲ လုံလောက်ပါပြီ... ငါသာ သားဦးလေး ရလာရင် အဲဒီအပျက်မတွေကို ဘာလို့ ကြောက်နေရမှာလဲ...”

“ဒါဆိုရင်တော့ သခင်ကြီးကို ပိုပြီးတော့တောင် စိတ်အနှောင့်အယှက် မဖြစ်စေသင့်ဘူးပေါ့... အခုတောင် အဲဒီကိုယ်လုပ်တော်တွေက အတောင်ပံဖြန့်နေကြပြီလေ... အနာဂတ်မှာ အစ်မ အသက်ကြီးလာလို့ အလှအပတွေ လျော့ပါးလာတဲ့အခါ သူတို့က ပိုပြီးတော့တောင် ရဲတင်းမလာနိုင်ကြဘူးလား... အစ်မမှာ ကလေးရှိသလို တခြားကိုယ်လုပ်တော်တွေမှာလည်း ကလေးရှိလာမှာပဲလေ... မြင့်မြတ်တဲ့ မိသားစုတွေထဲမှာ မျက်နှာသာပေးခံရတဲ့ ကိုယ်လုပ်တော်တွေက တရားဝင်ဇနီးကြီးကို ဒုက္ခပေးတဲ့အကြောင်းတွေက အထူးအဆန်းမှ မဟုတ်တာ...”

ကုဝမ်ရု၏ မျက်နှာမှာ ရုတ်တရက် ပျက်သွားရ၏။

ကုဟွား၏ စကားလုံးများက သူမ အနာပေါ် ဆားဖြင့် ဖြူးလိုက်သကဲ့သို့ ဖြစ်သွားသည်။

ကုဝမ်ရု၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်ကို မြင်သောအခါ ကုဟွားက သူမ စကား အလုပ်ဖြစ်သွားပြီမှန်း သိလိုက်သဖြင့် မီးလောင်ရာလေပင့်ရန် ချက်ချင်းပင် ဆက်ပြောလိုက်သည်။

သူမ၏ မျက်နှာထားမှာ တစ်ခဏအတွင်း ပြောင်းလဲသွားကာ မျက်ရည်များ ဝဲလာတော့၏။

“အစ်မ စိတ်မပူပါနဲ့... ကျွန်မက ကျွန်တစ်ယောက်ပါ...အကယ်၍ သခင်ကြီးက ကျွန်မကို တကယ်ပဲ မျက်စိကျသွားရင်တောင် ကျွန်မက အိပ်ယာနွေးအောင်လုပ်ပေးရတဲ့ အစေခံမလေးတစ်ယောက်ထက် မပိုပါဘူး...ကျွန်မ ဘယ်တော့မှ အစ်မကို ကျော်တက်နိုင်မှာ မဟုတ်ပါဘူး... အစ်မလို ထက်မြက်ပြီး ဂုဏ်သရေရှိတဲ့သူကတော့ ဘယ်သူ့အတွက် အိပ်ယာနွေးအောင်လုပ်ပေးတဲ့ အစေခံ ဖြစ်လာတာက အစ်မအတွက် ပိုပြီး အကျိုးရှိမလဲဆိုတာ သေချာပေါက် နားလည်မှာပါ...

အကယ်၍ ကျွန်မသာ သခင်ကြီးရဲ့ မျက်သာပေးမှုကို တကယ်ရခဲ့ရင် အစ်မအိမ်တော်စီမံခန့်ခွဲခွင့် ရအောင် သခင်ကြီးနားမှာ ကျွန်မ သေချာပေါက် စကားပြောပေးပါ့မယ်...

အစ်မသာ အိမ်တော်ကို အုပ်ချုပ်ခွင့်ရသွားရင် အိမ်တော်သခင်မဆိုတဲ့ နေရာကို ဘယ်သူက လုရဲပါ့မလဲ...

သခင်လေးရဲ့ အနောက်ဆောင်က မိန်းမတွေအားလုံးလည်း အစ်မရဲ့ လက်အောက်မှာပဲ ရှိနေမှာလေ...

အစ်မနဲ့ အစ်မ သားလေးအတွက်လည်း ခိုင်မာတဲ့ ကျောထောက်နောက်ခံ ရသွားမှာပေါ့...”

အိမ်တော်စီမံခန့်ခွဲခွင့်ဆိုသည်မှာ ကုဝမ်ရု အလိုချင်ဆုံးအရာပင် ဖြစ်သည်။

ကုဟွားက မြေကြီးပေါ်တွင် ဒူးထောက်လိုက်၏။

“အစ်မ... ကျွန်မက အစ်မရဲ့ ရင်ထဲမှာ ဆူးတစ်ချောင်း ဖြစ်မလာချင်သလို အစ်မရဲ့ ခင်ပွန်းကိုလည်း လုမယူချင်ပါဘူး... ကျွန်မက အစ်မ စိတ်ကြိုက်အသုံးချနိုင်တဲ့ အစ်မလက်ထဲက ဓားတစ်လက် ဖြစ်လာဖို့ အသင့်ပါပဲ...”

သူမ စကားပြောပုံမှာ ပို၍ ပို၍ပင် ကောင်းမွန်လာသော်လည်း တစ်စုံတစ်ခု မှားယွင်းနေသကဲ့သို့ ခံစားချက်မျိုးတော့ ရှိနေပေသည်။

ကုဝမ်ရု၏ မျက်နှာမှာ မည်းမှောင်နေ၏။

“ဒါတွေအားလုံးက နင် ကြိုတင်ကြံစည်ထားတာ မလား... ဒီနေ့ နင်က ငါ့အစား ကဗျာတွေ ရေးပေးမယ်လို့ ပြောတာကလည်း အဖေ့ရှေ့မှာ နင့်ရဲ့ အရည်အချင်းကို ပြချင်လို့ပေါ့လေ...”

ကုဟွားက သူမ၏ အင်္ကျီလက်ကို ဆွဲကိုင်ကာ ငိုယိုလိုက်သည်။

“အစ်မ... ကျွန်မကို အထင်မလွဲပါနဲ့... ကျွန်မရဲ့ ကျွန်စာချုပ်က အစ်မရဲ့ လက်ထဲမှာ ရှိနေတာပဲလေ... ကျွန်မက ဘယ်လိုလုပ် အစ်မကို ကျော်ပြီး လုပ်ဝံ့ပါ့မလဲ... သခင်ကြီးက မေးလာတဲ့အခါမှာရော အစ်မက မရေးပေးဘဲ နေလို့ရမှာမလို့လား... အစ်မက မြို့တော်မှာ ပညာတတ်မမလေးလို့ နာမည်ကြီးနေတာလေ... ဒါက ဟန်ပြသက်သက်ဆိုတာ သူများတွေ သိသွားလို့ မဖြစ်ဘူး မလား... ကျွန်မ လက်ရေးလှတာက အစ်မရဲ့ လက်ရေးက ပိုပြီးလှတယ်ဆိုတာကို ပြသရာရောက်ပါတယ်... အစ်မကြီးလို အရည်အချင်းရှိတဲ့သူကပဲ အနာဂတ်မှာ အိမ်တော်စီမံခန့်ခွဲသူဖြစ်လာမှာ အသေအချာပါပဲ...”

ကုဝမ်ရုသည် ကုဟွားကို အသစ်အဆန်းသဖွယ် စူးစိုက်ကြည့်နေမိ၏။

ခဏမျှ တိတ်ဆိတ်စွာ ကြည့်နေပြီးနောက် သူမ၏ ဒေါသများက တဖြည်းဖြည်း လျော့ပါးသွားကာ လေသံမှာလည်း ပျော့ပြောင်းသွားတော့သည်။

သူမသည် လက်ကို ဆန့်ထုတ်ကာ ကုဟွားကို ထူပေးလိုက်၏။

“နင်က တကယ်ကို စကားပြောကောင်းတာပဲ...”

ကုဟွားက နှိမ့်ချသော အမူအရာကို ဖော်ပြလိုက်သည်။

“ဒါတွေအားလုံးက ကိုယ်လုပ်တော်ပိုင်နဲ့ အစ်မတို့ သေချာဆုံးမခဲ့လို့ပါ...”

ကုဝမ်ရု မျက်ခုံးတစ်ချက် ပင့်လိုက်၏။

သူ့နိမ့်ကျတဲ့ မွေးမိခင်က လူတွေကို ဘယ်လိုလေ့ကျင့်ပေးရမလဲဆိုတာ တကယ်ကို သိတာပဲ... ကုန်သည်မျိုးရိုးဆိုတော့လည်း မျှော်လင့်ထားတဲ့အတိုင်းပါပဲ...

စကားလုံးတစ်လုံးတည်းနဲ့ ပြောရရင်... “နိမ့်ကျလွန်းတယ်...”

သူကတော့ ငါ့ရဲ့ မွေးမိခင်ဖြစ်ဖို့ လုံးဝကို မတန်တာ...

ကုဝမ်ရု နူးညံ့စွာ ပြုံးလိုက်ပြီး သူမလက်ကို ပုတ်လိုက်သည်။

“စောစောသွားနားတော့... မနက်ဖြန်ကျရင် အဖေ့ရဲ့ စာမူတွေကို သေချာကူးပေးလိုက်ဦး... နင်က ကံကောင်းတဲ့သူလည်း ဖြစ်သွားနိုင်တာပဲလေ...”

ယန်ကျစ်မှာ စိုးရိမ်တကြီး ဖြစ်သွားရသည်။

“သခင်မလေး... ဒီအပျက်မက စကားတတ်ရုံနဲ့ သခင်မလေးကို လှည့်စားနေတာပါ...”

ကုဝမ်ရု၏ မျက်နှာမှာ မှောင်ကျသွား၏။

“နင်ကရော ငါ့စကားကို နားမထောင်တော့ဘူးလား... အခန်းထဲပြန်ပြီး သွားအိပ်တော့...”

ယန်ကျစ်မှာ မကျေမနပ်ဖြစ်သော်လည်း ခံပြင်းစိတ်ဖြင့်သာ အခန်းထဲသို့ လိုက်ဝင်သွားရတော့သည်။

“သခင်မလေး... အဲဒီအပျက်မလေးရဲ့ စကားတွေက အလိမ်အညာတွေနဲ့ ပြည့်နေတာပါ... သူသာ သခင်ကြီးရဲ့ မျက်သာပေးမှုကို တကယ်ရသွားရင် သခင်မလေးကို ကူညီလိမ့်မယ်လို့ ယုံကြည်နေတာလား...”

ယန်ကျစ်က သူမ၏ ဆံပင်များကို ဖြီးပေးရင်း ဒေါသတကြီး ပြောလိုက်၏။

ကြေးမှန်ထဲမှ မြင်နေရသော မျက်နှာကို ကြည့်ရင်း ကုဝမ်ရု၏ ရင်ထဲတွင် မမျှတမှုများကို ခံစားနေရသည်။

ကိုယ်လုပ်တော်ပိုင်က ကုန်သည်မျိုးရိုးမှ ဆင်းသက်လာသည်ဖြစ်သော်လည်း အလွန်လှပပြီး ကုအိမ်တော်သို့ လက်ထပ်ဝင်လာစဉ် မြောက်မြားစွာသော ခမ်းနားသည့် လက်ဖွဲ့ပစ္စည်းများများကို ယူဆောင်လာခဲ့သူ ဖြစ်သည်။

အိမ်တော်သို့ ဝင်ရောက်ပြီးနောက် ဖခင်ဖြစ်သူ၏ အလွန်အမင်း မျက်သာပေးမှုကို ရခဲ့သော်လည်း သူမမွေးသော သမီးဖြစ်သူမှာမူ ရုပ်ရည်မှာ သာမန်ကာလျှံကာသာ ရှိခဲ့၏။

ဂုဏ်သရေရှိ မိသားစုမှ လာသော်လည်း တင်းကြပ်လွန်းသော သူမ၏ မိခင်မှာမူ ကုဟွားကဲ့သို့ မြေခွေးဝိညာဉ်ပမာ ညှို့ဓာတ်ပြင်းသော မျက်နှာမျိုးရှိသည့် သမီးကို မွေးခဲ့သည်။

ကိုယ်လုပ်တော်ပိုင်က သူမကို လိမ်နေတာလားဟုပင် ကုဝမ်ရု သံသယဝင်မိသည်။

သူမကိုယ်တိုင်ကသာ ကိုယ်လုပ်တော်မွေးသော သမီးဖြစ်ပြီး ကုဟွားကသာ ဇနီးကြီးမွေးသော သမီးရင်း ဖြစ်နေမလားဟုပင်။

ကိုယ်လုပ်တော်ပိုင်က ကုဟွားသည် သူမအတွက် ခြေနင်းတုံးတစ်ခုသာ ဖြစ်ပြီး ခင်ပွန်းဖြစ်သူ၏ မျက်သာပေးမှုကို ရယူရန် အသုံးချရမည့် ပစ္စည်းတစ်ခုဖြစ်ကြောင်း အမြဲတမ်း ရိုက်သွင်းခဲ့သည်။

သို့သော် ယနေ့ ကုဟွား ပြောလိုက်သော စကားများက သူမကို နိုးကြားသွားစေ၏။

ခြေနင်းတုံးဆိုသည်မှာ ခင်ပွန်းဖြစ်သူထံသို့သာ ပေးရမည်ဟု မဆိုလိုပေ။ ၎င်းက ပိုမိုကြီးမားသော အသုံးချမှုမျိုး ရှိနိုင်သေးသည်။

သူမ လက်ထပ်ပြီး အိမ်တော်သို့ ဝင်ရောက်ခဲ့သည်မှာ ခြောက်လကျော်ကြာပြီဖြစ်သော်လည်း အိမ်တော်ကို စီမံခန့်ခွဲနိုင်မည့် သော့တစ်ချောင်းကိုပင် မကိုင်ရသေးပေ။

မုအန်းကမူ နေ့စဉ်ရက်ဆက် အပျော်အပါးသာ ရှာဖွေနေပြီး မိန်းမတစ်ယောက်ပြီးတစ်ယောက် အိမ်တော်ထဲ ခေါ်လာနေသည်။

သူ့ထံ၌ အခြားအရည်အချင်း မရှိပေ။

တန်ဖိုးရှိသည့် အရာတစ်ခုခု ဝယ်ချင်လျှင် အိမ်တော်ထိန်းကျိုးထံ၌ ငွေတောင်းနေရသူ ဖြစ်သည်။

သူလိုချင်တာ မရသည့်အခါတွင်လည်း ပြန်မပြောရဲပေ။

သူ့ကိုအားကိုးပြီး အိမ်တော်စီမံခန့်ခွဲခွင့် ရယူဖို့ဆိုသည်မှာ စိတ်ကူးယဉ်အိမ်မက်သက်သက်သာ ဖြစ်နေတော့သည်။

“သခင်မလေး... သူ ဒီနေ့ သခင်လေးကို ကိုက်ရဲသလို သခင်မလေးကိုလည်း မရိုမသေ လုပ်ရဲနေတာပါ...မနက်ဖြန်ကျရင် သူက အိမ်ခေါင်မိုးပေါ်တက်ပြီး အုတ်ကြွပ်ပြားတွေကိုတောင် ခွါရင်ခွါရဲဦးမှာ... သူ့ကို ဘာလို့ သင်ခန်းစာ မပေးရတာလဲ...”

ယန်ကျစ် အတော်ကြာအောင် စကားများ ပြောနေသော်လည်း ကုဝမ်ရုထံမှ မည်သည့် တုံ့ပြန်မှုမျှ မရှိပေ။

ကြေးမှန်ကိုသာ စိုက်ကြည့်နေသဖြင့် ယန်ကျစ်က သူမ၏ ပုခုံးကို ဖြည်းဖြည်းလေး ပုတ်လိုက်မိ၏။

ကုဝမ်ရုက ရုတ်တရက် ပြုံးလိုက်သည်။

“ကိုက်တာ ကောင်းတယ်... သူက အကိုက်ခံရဖို့ ထိုက်တန်တာ...”

သူမက ထိုစကားကို အံကြိတ်ကာ ပြောလိုက်ခြင်း ဖြစ်သည်။

မုအန်းက သူမ၏ နှလုံးသားကို ခွဲခဲ့သူ ဖြစ်သည်။

သူ့ကို စိတ်ကျေနပ်စေရန် သူမကိုယ်သူမ နှိမ့်ချခဲ့ရသည်။

အနောက်ဆောင်က သူမျက်သာပေးနေသော မိန်းမပျက်များကိုပင် သူမ မျက်နှာသာပေးကာ ရန်မဖြစ်အောင် အတတ်နိုင်ဆုံး ကြိုးစားခဲ့ရသည်။

ဒါပေမဲ့ သူကရော သူမကို တရားဝင်ဇနီးတစ်ယောက်ရဲ့ ဂုဏ်သိက္ခာမျိုး ပြန်ပေးခဲ့လို့လား...

ယန်ကျစ်မှာ မှင်တက်သွားရသည်။

“သခင်မလေး...”

ကုဝမ်ရု သတိပြန်ဝင်လာကာ ထရပ်လိုက်ပြီး ကုတင်ဆီသို့ လျှောက်သွားတော့သည်။

သူမ၏ လေသံမှာ တည်ငြိမ်လေးနက်နေ၏။

“ယန်ကျစ်... ကုဟွားက ဘာပဲဖြစ်ဖြစ် ငါ့ညီမပါပဲ... နင်က သူ့ကို အမြဲတမ်း အပျက်မလို့ မခေါ်သင့်ဘူး... မြို့စားအိမ်တော်က လူတွေ ကြားသွားရင် ငါတို့အပေါ် ဘယ်လိုထင်ကြမလဲ... ငါတို့ ကုအိမ်တော်က အစေခံတွေကို ဆုံးမတာ ညံ့ဖျင်းပြီး အထက်အောက် နားမလည်ဘူးလို့ ထင်ကုန်ကြလိမ့်မယ်...”

ပထမဆုံးအကြိမ်အဖြစ် ယန်ကျစ်သည် ကုဟွားကြောင့် သခင်မလေး၏ အဆူအဆဲကို ခံလိုက်ရသည်။

သူမမှာ အလွန်ပင် ခံပြင်းဝမ်းနည်းသွားပြီး မျက်ရည်များပင် ဝဲလာတော့၏။

သခင်မလေးကိုယ်တိုင်က ကုဟွားကို ‘အပျက်မ’ ဟု ခဏခဏ ခေါ်နေခဲ့သောကြောင့်သာ သူမကလည်း သခင်မလေးဘက်မှ ရပ်တည်ပေးသည့်အနေဖြင့် လိုက်ခေါ်ခဲ့ခြင်း ဖြစ်သည်။

ကုဝမ်ရုသည် ကုတင်ပေါ်သို့ တက်ကာ စောင်ကို ပေါင်ပေါ်အထိ ဆွဲခြုံလိုက်ပြီးနောက် ငိုတော့မည့်အလား ဝမ်းနည်းနေသော ယန်ကျစ်ကို ကြည့်လိုက်၏။

ယန်ကျစ်သည် ရုပ်ရည်လှပပြီး ထက်မြက်သည့်အပြင် သူမအပေါ်တွင်လည်း အလွန်သစ္စာရှိသူဖြစ်သည်။

ကုဟွား အိမ်တော်ထဲမရောက်ခင်က မုအန်းသည် ယန်ကျစ်ကို သိမ်းပိုက်ရန် ကြံစည်ခဲ့ဖူးသည်။

သို့သော် ယန်ကျစ်နှင့် သူမ ဝမ်းကွဲတို့မှာ တစ်ဦးကိုတစ်ဦး ချစ်ကြိုက်နေကြပြီး စေ့စပ်ထားပြီးသားလည်း ဖြစ်သည်။

ကုဝမ်ရုသည် ယန်ကျစ်၏ ဘဝကို မဖျက်ဆီးချင်သဖြင့် ကိုယ်လုပ်တော်ပိုင်၏ အကြံကို နားထောင်ကာ ကုဟွားကို အိမ်တော်ထဲသို့ ခေါ်လာခဲ့ခြင်း ဖြစ်သည်။

ကုဝမ်ရု၏ လေသံမှာ ပျော့ပြောင်းသွားသည်။

“နင်နဲ့ ဝမ်းကွဲရဲ့ မင်္ဂလာပွဲကိုတော့ ခေတ္တဆိုင်းငံ့ထားရဦးမယ်... အစကတော့ ငါ့ခင်ပွန်းက ကုဟွားကို သိမ်းပိုက်ပြီးသွားရင် သူ့စိတ်ကို ထိန်းချုပ်ထားနိုင်လိမ့်မယ်... အဲဒီကျမှ နင့်ကို လက်ထပ်ခွင့်ပေးမယ်လို့ ငါ စဉ်းစားထားတာ... ဒါပေမဲ့ အခုတော့ အခြေအနေတွေက ပြောင်းလဲသွားပြီ... ငါ့ကို ကူညီဖို့အတွက် နင့်ကို ခဏလောက် ထပ်ပြီး အနစ်နာခံခိုင်းရဦးမယ်...”

ယန်ကျစ်က သူမ မျက်ရည်များကို သုတ်လိုက်ပြီး ပြုံးပြလာသည်။

“ဟုတ်ကဲ့ပါ...ရပါတယ်... ဒီအစေခံက တစ်သက်လုံး အိမ်ထောင်မပြုဘဲ နေသွားရလည်း ဖြစ်ပါတယ်...”

ကုဝမ်ရုက သူမ၏လက်ကို ဆုပ်ကိုင်လိုက်သည်။

“အဓိပ္ပာယ်မရှိတာတွေ မပြောစမ်းနဲ့... ငါတို့က အတူတူ ကြီးပြင်းလာကြတာလေ... ငါ နင့်ကို ညီမအရင်းတစ်ယောက်လို သဘောထားတာပါ... နင့်ကို ဘယ်တော့မှ မတရား မလုပ်ပါဘူး... ငါ့အမေကိုလည်း ပြောထားပြီးသား... နင့်ကို မွေးစားသမီးအဖြစ် အသိအမှတ်ပြုပေးဖို့ပေါ့... အဲဒီကျရင် နင်က မြို့စားအိမ်တော်ရဲ့ မမလေးတစ်ယောက်အနေနဲ့ ဂုဏ်သိက္ခာရှိရှိ လက်ထပ်ပြီး ထွက်သွားလို့ ရပြီလေ...”

ယန်ကျစ်မှာ အလွန်အမင်း စိတ်လှုပ်ရှားသွားသဖြင့် ကုဝမ်ရုကို ဖက်ကာ ငိုချလိုက်တော့သည်။

“သခင်မလေး... သခင်မလေးက ဒီအစေခံအပေါ် တကယ်ကို ကောင်းလွန်းပါတယ်...”

ကုဝမ်ရုကး ပြုံးကာ သူမ၏ကျောကို ဖြည်းဖြည်းချင်း ပုတ်ပေးလိုက်၏။

“မိုက်မဲလိုက်တဲ့ ကောင်မလေး... အမေက နင့်ကို မွေးစားသမီးအဖြစ် လက်ခံပြီး ကျွန်ဘဝကနေ လွတ်မြောက်ခွင့် ပေးလိုက်ပြီဆိုရင် နင်က အစေခံ မဟုတ်တော့ဘူးလေ”

ယန်ကျစ်မှာ ကျေးဇူးတင်လွန်းသဖြင့် မျက်ရည်များပင် ထပ်မံကျလာရသည်။

သူမသည် မြေကြီးပေါ်တွင် ဒူးထောက်ကာ ကုဝမ်ရုကို ဦးချလိုက်၏။

“ကျွန်မက သခင်မလေးအတွက်ဆိုရင် မီးပင်လယ်ပဲဖြတ်ရဖြတ်ရ ဖြတ်ရဲပါတယ်”

ကုဝမ်ရုက နူးညံ့သိမ်မွေ့စွာ ပြုံးပြလိုက်သည်။

“ကဲပါ... ထပါဦး... စောစောနားကြရအောင်...”

ယန်ကျစ်သည် သခင်မလေး၏ နှုတ်ခမ်းထောင့်မှ အပြုံးများ တဖြည်းဖြည်း မှေးမှိန်သွားသည်ကို မမြင်လိုက်ပေ။

သူမ၏ မျက်ဝန်းများထဲတွင်မူ နက်နဲပြီး အဓိပ္ပာယ်ပါသော အကြည့်တစ်မျိုး ကိန်းအောင်းနေ၏။

အောင့်ထားခဲ့ရသော အသက်ရှူသံများကို ကုဟွား အားကုန် ရှူထုတ်ပစ်လိုက်သည်။

သူမ၏ ခန္ဓာကိုယ်မှာ ပျော့ခွေသွားကာ မြေကြီးပေါ်သို့ ပုံလျက်သား လဲကျလုနီးပါး ဖြစ်သွားသော်လည်း တစ်စုံတစ်ယောက်က နောက်မှ လှမ်းထိန်းပေးလိုက်၏။

“အဆင်ပြေရဲ့လား...”

၎င်းမှာ ကျင်းခွေ့ပင် ဖြစ်သည်။

သူမသည် အမြဲတမ်း ဘေးကင်းရာမှာသာ နေတတ်ပြီး ပြဿနာများထဲ မပါအောင် ရှောင်တတ်သူ ဖြစ်သည်။

ကုဟွား၏ ယခင်ဘဝမှာရော ယခုဘဝမှာပါ သူမ အနိုင်ကျင့်ခံနေရသည်ကို ကျင်းခွေ့က ဘေးမှကြည့်နေရုံသာ ကြည့်နေခဲ့ပြီး တစ်ခါမျှ ရှေ့ထွက်ကာ ကူညီပြောပေးခဲ့ခြင်း မရှိပေ။

ကုဟွားက သူမကို အသာအယာ တွန်းထုတ်လိုက်ပြီး တည်ငြိမ်စွာ ဆိုလိုက်၏။

“ကျေးဇူးတင်ပါတယ် မမကျင်း... ကျွန်မ အဆင်ပြေပါတယ်...”

အခန်းထဲသို့ ရောက်သောအခါမှ သူမ ကျောဘက်ရှိ အင်္ကျီများမှာ ချွေးများဖြင့် စိုရွှဲနေသည်ကို သတိထားမိတော့သည်။

ပြန်စဉ်းစားကြည့်ရုံနှင့်ပင် ကြောက်စိတ်က ဝင်လာကာ တစ်ကိုယ်လုံး ချမ်းစိမ့်လာရ၏။

ယခင်ဘဝက ခံစားခဲ့ရသော ရက်စက်သည့် ပြစ်ဒဏ်မျိုးကို သူမ ထပ်ပြီး မခံစားချင်တော့ပေ။

ကုဟွားသည် အင်အားအားလုံး ဆုံးရှုံးသွားသကဲ့သို့ ကုတင်ပေါ်သို့ ထိုင်ချလိုက်ပြီး စောင်ကို ဆွဲယူကာ ဖက်ထားလိုက်မိသည်။

မနေ့ညက ညှဉ်းပန်းခံခဲ့ရမှုများနှင့် ယနေ့ရုန်းကန်ခဲ့ရမှုများကြောင့် သူမ အင်အားမရှိတော့ပေ။

သူမ ဘာကိုမျှ မစဉ်းစားချင်တော့ပေ။

မည်သည့် အတိတ်ကိုမဆို ပြန်တွေးမိသည်နှင့် ရင်ကွဲမတတ် နာကျင်ရသဖြင့် မျှော်လင့်ချက်မဲ့သော ဆင်းရဲဒုက္ခများကို သူမ ထပ်မတွေးချင်တော့ပေ။

သူမ၏ စိတ်အခြေအနေက တဖြည်းဖြည်း တည်ငြိမ်လာသည်။

မျက်လုံးများကို မှိတ်ကာ သက်ပြင်းချလိုက်စဉ် လက်ပေါ်ရှိ ဒဏ်ရာများက ထပ်မံနာကျင်လာကာ နှလုံးသားကို ဆွဲညှစ်ထားသကဲ့သို့ ခံစားလိုက်ရ၏။

နောက်ဆုံးတော့ သူ ပထမဆုံးခြေလှမ်းကို လှမ်းနိုင်ခဲ့ပြီ...ဒါပေမဲ့ မနက်ဖြန်ကရော...

အကယ်၍ မုအန်းက စိတ်မထိန်းနိုင်ဘဲ သူမကို အတင်းအကျပ် သိမ်းပိုက်ဖို့ ကြိုးစားလာပြန်ရင်ရော...

မုကျွင်းယန်က သူမ အပျိုစင်ဘဝ ဆုံးရှုံးသွားလို့ဆိုပြီး သူမကို တကယ်ပဲ ရိုက်သတ်ပစ်မှာလား...

All Chapters