← Chapters

အခန်း ၁၉

Vol. 2 Ch. 19

အခန်း ၁၉

Vol. 2 Ch. 19

အခန်း(၁၉)

ကုဝမ်ရုသည် ယန်ကျစ်၏ ဘဝကို မဖျက်ဆီးချင်သဖြင့် ကိုယ်လုပ်တော်ပိုင်၏ အကြံကို နားထောင်ကာ ကုဟွားကို အိမ်တော်ထဲသို့ ခေါ်လာခဲ့ခြင်း ဖြစ်သည်။

ကုဝမ်ရု၏ လေသံမှာ ပျော့ပြောင်းသွားသည်။

“နင်နဲ့ ဝမ်းကွဲရဲ့ မင်္ဂလာပွဲကိုတော့ ခေတ္တဆိုင်းငံ့ထားရဦးမယ်... အစကတော့ ငါ့ခင်ပွန်းက ကုဟွားကို သိမ်းပိုက်ပြီးသွားရင် သူ့စိတ်ကို ထိန်းချုပ်ထားနိုင်လိမ့်မယ်... အဲဒီကျမှ နင့်ကို လက်ထပ်ခွင့်ပေးမယ်လို့ ငါ စဉ်းစားထားတာ... ဒါပေမဲ့ အခုတော့ အခြေအနေတွေက ပြောင်းလဲသွားပြီ... ငါ့ကို ကူညီဖို့အတွက် နင့်ကို ခဏလောက် ထပ်ပြီး အနစ်နာခံခိုင်းရဦးမယ်...”

ယန်ကျစ်က သူမ မျက်ရည်များကို သုတ်လိုက်ပြီး ပြုံးပြလာသည်။

“ဟုတ်ကဲ့ပါ...ရပါတယ်... ဒီအစေခံက တစ်သက်လုံး အိမ်ထောင်မပြုဘဲ နေသွားရလည်း ဖြစ်ပါတယ်...”

ကုဝမ်ရုက သူမ၏လက်ကို ဆုပ်ကိုင်လိုက်သည်။

“အဓိပ္ပာယ်မရှိတာတွေ မပြောစမ်းနဲ့... ငါတို့က အတူတူ ကြီးပြင်းလာကြတာလေ... ငါ နင့်ကို ညီမအရင်းတစ်ယောက်လို သဘောထားတာပါ... နင့်ကို ဘယ်တော့မှ မတရား မလုပ်ပါဘူး... ငါ့အမေကိုလည်း ပြောထားပြီးသား... နင့်ကို မွေးစားသမီးအဖြစ် အသိအမှတ်ပြုပေးဖို့ပေါ့... အဲဒီကျရင် နင်က မြို့စားအိမ်တော်ရဲ့ မမလေးတစ်ယောက်အနေနဲ့ ဂုဏ်သိက္ခာရှိရှိ လက်ထပ်ပြီး ထွက်သွားလို့ ရပြီလေ...”

ယန်ကျစ်မှာ အလွန်အမင်း စိတ်လှုပ်ရှားသွားသဖြင့် ကုဝမ်ရုကို ဖက်ကာ ငိုချလိုက်တော့သည်။

“သခင်မလေး... သခင်မလေးက ဒီအစေခံအပေါ် တကယ်ကို ကောင်းလွန်းပါတယ်...”

ကုဝမ်ရုကး ပြုံးကာ သူမ၏ကျောကို ဖြည်းဖြည်းချင်း ပုတ်ပေးလိုက်၏။

“မိုက်မဲလိုက်တဲ့ ကောင်မလေး... အမေက နင့်ကို မွေးစားသမီးအဖြစ် လက်ခံပြီး ကျွန်ဘဝကနေ လွတ်မြောက်ခွင့် ပေးလိုက်ပြီဆိုရင် နင်က အစေခံ မဟုတ်တော့ဘူးလေ”

ယန်ကျစ်မှာ ကျေးဇူးတင်လွန်းသဖြင့် မျက်ရည်များပင် ထပ်မံကျလာရသည်။

သူမသည် မြေကြီးပေါ်တွင် ဒူးထောက်ကာ ကုဝမ်ရုကို ဦးချလိုက်၏။

“ကျွန်မက သခင်မလေးအတွက်ဆိုရင် မီးပင်လယ်ပဲဖြတ်ရဖြတ်ရ ဖြတ်ရဲပါတယ်”

ကုဝမ်ရုက နူးညံ့သိမ်မွေ့စွာ ပြုံးပြလိုက်သည်။

“ကဲပါ... ထပါဦး... စောစောနားကြရအောင်...”

ယန်ကျစ်သည် သခင်မလေး၏ နှုတ်ခမ်းထောင့်မှ အပြုံးများ တဖြည်းဖြည်း မှေးမှိန်သွားသည်ကို မမြင်လိုက်ပေ။

သူမ၏ မျက်ဝန်းများထဲတွင်မူ နက်နဲပြီး အဓိပ္ပာယ်ပါသော အကြည့်တစ်မျိုး ကိန်းအောင်းနေ၏။

အောင့်ထားခဲ့ရသော အသက်ရှူသံများကို ကုဟွား အားကုန် ရှူထုတ်ပစ်လိုက်သည်။

သူမ၏ ခန္ဓာကိုယ်မှာ ပျော့ခွေသွားကာ မြေကြီးပေါ်သို့ ပုံလျက်သား လဲကျလုနီးပါး ဖြစ်သွားသော်လည်း တစ်စုံတစ်ယောက်က နောက်မှ လှမ်းထိန်းပေးလိုက်၏။

“အဆင်ပြေရဲ့လား...”

၎င်းမှာ ကျင်းခွေ့ပင် ဖြစ်သည်။

သူမသည် အမြဲတမ်း ဘေးကင်းရာမှာသာ နေတတ်ပြီး ပြဿနာများထဲ မပါအောင် ရှောင်တတ်သူ ဖြစ်သည်။

ကုဟွား၏ ယခင်ဘဝမှာရော ယခုဘဝမှာပါ သူမ အနိုင်ကျင့်ခံနေရသည်ကို ကျင်းခွေ့က ဘေးမှကြည့်နေရုံသာ ကြည့်နေခဲ့ပြီး တစ်ခါမျှ ရှေ့ထွက်ကာ ကူညီပြောပေးခဲ့ခြင်း မရှိပေ။

ကုဟွားက သူမကို အသာအယာ တွန်းထုတ်လိုက်ပြီး တည်ငြိမ်စွာ ဆိုလိုက်၏။

“ကျေးဇူးတင်ပါတယ် မမကျင်း... ကျွန်မ အဆင်ပြေပါတယ်...”

အခန်းထဲသို့ ရောက်သောအခါမှ သူမ ကျောဘက်ရှိ အင်္ကျီများမှာ ချွေးများဖြင့် စိုရွှဲနေသည်ကို သတိထားမိတော့သည်။

ပြန်စဉ်းစားကြည့်ရုံနှင့်ပင် ကြောက်စိတ်က ဝင်လာကာ တစ်ကိုယ်လုံး ချမ်းစိမ့်လာရ၏။

ယခင်ဘဝက ခံစားခဲ့ရသော ရက်စက်သည့် ပြစ်ဒဏ်မျိုးကို သူမ ထပ်ပြီး မခံစားချင်တော့ပေ။

ကုဟွားသည် အင်အားအားလုံး ဆုံးရှုံးသွားသကဲ့သို့ ကုတင်ပေါ်သို့ ထိုင်ချလိုက်ပြီး စောင်ကို ဆွဲယူကာ ဖက်ထားလိုက်မိသည်။

မနေ့ညက ညှဉ်းပန်းခံခဲ့ရမှုများနှင့် ယနေ့ရုန်းကန်ခဲ့ရမှုများကြောင့် သူမ အင်အားမရှိတော့ပေ။

သူမ ဘာကိုမျှ မစဉ်းစားချင်တော့ပေ။

မည်သည့် အတိတ်ကိုမဆို ပြန်တွေးမိသည်နှင့် ရင်ကွဲမတတ် နာကျင်ရသဖြင့် မျှော်လင့်ချက်မဲ့သော ဆင်းရဲဒုက္ခများကို သူမ ထပ်မတွေးချင်တော့ပေ။

သူမ၏ စိတ်အခြေအနေက တဖြည်းဖြည်း တည်ငြိမ်လာသည်။

မျက်လုံးများကို မှိတ်ကာ သက်ပြင်းချလိုက်စဉ် လက်ပေါ်ရှိ ဒဏ်ရာများက ထပ်မံနာကျင်လာကာ နှလုံးသားကို ဆွဲညှစ်ထားသကဲ့သို့ ခံစားလိုက်ရ၏။

နောက်ဆုံးတော့ သူ ပထမဆုံးခြေလှမ်းကို လှမ်းနိုင်ခဲ့ပြီ...ဒါပေမဲ့ မနက်ဖြန်ကရော...

အကယ်၍ မုအန်းက စိတ်မထိန်းနိုင်ဘဲ သူမကို အတင်းအကျပ် သိမ်းပိုက်ဖို့ ကြိုးစားလာပြန်ရင်ရော...

မုကျွင်းယန်က သူမ အပျိုစင်ဘဝ ဆုံးရှုံးသွားလို့ဆိုပြီး သူမကို တကယ်ပဲ ရိုက်သတ်ပစ်မှာလား...

ဘယ်လိုပဲဖြစ်ဖြစ် သူမ ကောင်းကောင်းနားလည်ထားသည်။ မြို့စားအိမ်တော်နှင့် သားဖြစ်သူ၏ ဂုဏ်သိက္ခာကသာ ပိုအရေးကြီးပြီး နိမ့်ကျသော အစေခံတစ်ယောက်၏ အသက်မှာမူ အရေးမပါလှပေ။

ယခုတော့ သူမသည် မုအန်းနှင့် ကုဝမ်ရုတို့အားလုံးကို လုံးဝမျက်နှာပျက်စေခဲ့ပြီ ဖြစ်သည်။

မုကျွင်းယန်သည်သာ သူမအတွက် တစ်ခုတည်းသော လွတ်မြောက်ရာလမ်း ဖြစ်တော့၏။

မုအန်း အခန်းထဲသို့ အတင်းဝင်လာမည်ကို စိုးရိမ်သဖြင့် ကုဟွား တစ်ညလုံး မျက်စိမမှိတ်ရဲခဲ့ပေ။

သူမ စောင်ပါးလေးကို ဖက်ကာ ကုတင်ခေါင်းရင်းတွင် ဒူးနှစ်ဖက်ကို ပိုက်လျက် ပြတင်းပေါက်ပြင်ပကို ငြိမ်သက်စွာ ငေးကြည့်နေမိသည်။

သူမ၏ လက်ထဲတွင်မူ မီးဖိုဆောင်မှ ခိုးယူလာခဲ့သော ဓားမြှောင်လေးကို တင်းတင်းဆုပ်ကိုင်ထား၏။

နောက်ဆုံးတွင်တော့ မိုးလင်းလာသည်။

သူမသည် အမြန်ပင် မျက်နှာသစ် ဆံပင်ဖြီးကာ ခန္ဓာကိုယ်ကို လုံခြုံစွာ ဖုံးအုပ်ပေးနိုင်သော ကော်လံမြင့် ဝတ်စုံအသစ်တစ်ထည်ကို လဲလှယ်ဝတ်ဆင်လိုက်သည်။

ကုဟွားသည် ဝမ်ဟန်ရွှမ်၏ တံခါးဝသို့ စိုးရိမ်တကြီးဖြင့် ရောက်ရှိလာ၏။

တံခါးစောင့်က သူမကို မြင်သောအခါ ယဉ်ကျေးစွာ ဖိတ်ခေါ်လိုက်သည်။

“မမလေးကု... စာကြည့်ဆောင်ရဲ့ နေရာကို သိပါသလား...”

ကုဟွား၏ မျက်နှာမှာ အကြောင်းပြချက်မရှိဘဲ နီမြန်းသွားရကာ ခြင်သံမျှသာရှိသော အသံလေးဖြင့် ပြန်ဖြေလိုက်မိသည်။

“သိပါတယ်...”

“ဒါဆိုရင် မမလေး သွားလိုက်ပါ... တုန်းမော့က စာကြည့်ဆောင်မှာ စောင့်နေပါတယ်...”

တုန်းမော့ ရှိနေသည်ဟု ကြားလိုက်ရသဖြင့် ကုဟွားမှာ အသက်ကို ဝဝရှူနိုင်သွားတော့သည်။

“ခဏလောက်ပါ မောင်ငယ်လေး... သခင်ကြီးက အိမ်တော်မှာ မရှိဘူးလား...”

သူမ ရင်ထဲ၌မူ သူ မရှိပါစေနှင့်ဟုသာ ဆုတောင်းနေမိ၏။

သူ့ကို ရင်ဆိုင်ရးလိုက်တိုင်း ရှက်ရွံ့ခြင်းနှင့် ကြောက်ရွံ့ခြင်းတို့ အမြဲ ရောပြွမ်းနေတတ်သောကြောင့် ဖြစ်သည်။

“ဟုတ်ကဲ့... သခင်ကြီးက နန်းတွင်းညီလာခံ တက်ဖို့ ရှိလို့ မိုးမလင်းခင်ကတည်းက ထွက်ခွါသွားပါပြီ...”

ကုဟွား၏ စိုးရိမ်နေသော နှလုံးသားမှာ နောက်ဆုံးတွင် ငြိမ်သက်သွားရတော့သည်။

စာကြည့်ဆောင် တံခါးဝသို့ လျှောက်လာစဉ် သူမ နှလုံးခုန်သံမှာ ထပ်မံ မြန်ဆန်လာပြန်၏။

ထိုညက မြင်ကွင်းမှာ လွှမ်းမိုးမှု ပြင်းထန်လွန်းလှသည်။ရှက်ဖွယ်ရာ မြင်ကွင်းများ သူမ စိတ်ထဲတွင် ပေါ်လာတိုင်း ထိန်းမနိုင်သိမ်းမရအောင် ထိတ်လန့်တုန်လှုပ်သွားရစမြဲပင် ဖြစ်သည်။

“မမလေးကု ရောက်ပြီလား...”

“နှင်းကြာပန်း ကျောက်စိမ်းလိမ်းဆေးကို သုံးလိုက်ပြီလား... လက်တွေက နာနေသေးလား...”

တုန်းမော့သည် သူမကို မြင်သည်နှင့် မေးမြန်းလိုက်ပြီး သူမအပေါ် သုံးနှုန်းသည့် အခေါ်အဝေါ်မှာလည်း ပို၍ ယဉ်ကျေးလာသည်။

ကုဟွားသည် အတွေးများကို ပြန်လည်စုစည်းလိုက်သော်လည်း သူမ၏ မျက်နှာမှာ အားနာမှုများဖြင့် ပြည့်နှက်နေ၏။

“အဲဒီဆေးကို... သခင်လေးက ယူသွားပါတယ်...”

တုန်းမော့မှာ အံ့အားသင့်သွားရသည်။

“အာ... အဲဒါက ရွှေစတစ်ထောင်ပေးရင်တောင် ဝယ်ဖို့ခဲယဉ်းတဲ့ ပစ္စည်းမျိုးလေ... သခင်ကြီးက မမလေးအတွက်ဆိုပြီး အထူးတလည် ပေးခိုင်းထားတာကို... သူက ဘယ်လိုလုပ် ယူသွားရတာလဲ...”

“တောင်းပန်ပါတယ်...”

ကုဟွားမှာ အလွန်ပင် ဝမ်းနည်းနေပုံ ပေါ်နေ၏။

သူမ၏ မျက်ဝန်းများ နီမြန်းလာသည်ကို မြင်သောအခါ တုန်းမော့က အမြန်ပင် နှစ်သိမ့်လိုက်သည်။

“ကျွန်တော့်ကို တောင်းပန်စရာ မလိုပါဘူး... ဆေးက မမလေးရဲ့ လက်တွေအတွက် လိုအပ်တာလေ... အဲဒီဆေးက အမာရွတ်တွေကို ပျောက်ကင်းစေပြီး လက်တွေကို အရင်လို ပြန်လှပစေမှာ...”

ကုဟွားက ဝမ်းနည်းဖြင့် စိတ်ညစ်နေပုံရသဖြင့် တုန်းမော့က ခြေဆောင့်လိုက်မိသည်။

“ထားလိုက်ပါတော့... ကျွန်တော် အိမ်တော်သမားတော်ကို သွားခေါ်ပြီး မမလေးရဲ့ လက်တွေကို အရင်ဆုံး ဆေးထည့်ခိုင်းလိုက်ပါ့မယ်...”

ကုဟွားက အမြန်တားလိုက်၏။

“မောင်လေးတုန်း... မလိုပါဘူး... ကွယ်လွန်သူ သခင်မကြီးရဲ့ စာမူတွေ ဘယ်မှာလဲဆိုတာပဲ ပြောပြပေးပါ...”

“ဘာစာမူလဲ... မမလေးရဲ့ လက်တွေက မသက်သာသေးဘဲနဲ့ ဘယ်လိုလုပ် ကူးရေးနိုင်မှာလဲ... ဒဏ်ရာတွေကို အရင်ဆုံး ပျောက်အောင် ကုသရမယ်လို့ သခင်ကြီးက မှာထားပါတယ်... ကျန်တာတွေကိုတော့ နောက်မှ ဆက်ဆွေးနွေးကြတာပေါ့...”

“ဒါပေမဲ့... ငါအလုပ်မလုပ်ရင်...ငါ...”

တုန်းမော့က သူမ မည်သည်ကို ကြောက်နေသည်ကို သိနေ၏။

“စိတ်မပူပါနဲ့... ဒီကို နေ့တိုင်း လာနေရုံနဲ့တင် လုံလောက်ပါပြီ... မမလေးရဲ့ လက်တွေကို အရင်ဆုံး သက်သာအောင် လုပ်ဖို့ သခင်ကြီးက အမိန့်ပေးထားပါတယ်...”

ကုဟွား၏ ရင်ထဲတွင် နွေးထွေးသွားရ၏။

တုန်းမော့မှာမူ အိမ်တော်သမားတော်ကို ရှာရန် အမြန်ထွက်ခွာသွားတော့သည်။

All Chapters