← Chapters

အခန်း ၂၀

Vol. 2 Ch. 20

အခန်း ၂၀

Vol. 2 Ch. 20

အခန်း(၂၀)

မကြာမီမှာပင် တုန်းမော့သည် အိမ်တော်သမားတော်နှင့်အတူ ပြန်ရောက်လာခဲ့သည်။

သူတို့အနောက်တွင် အသက် တစ်ဆယ့်ခုနစ်နှစ် ၊ တစ်ဆယ့်ရှစ်နှစ်ခန့်ရှိပြီး စားသောက်ဖွယ်ရာထည့်ထားသော သေတ္တာလေးကို ကိုင်ဆောင်ထားသော အစေခံမိန်းကလေးတစ်ဦးလည်း ပါလာခဲ့၏။

ထိုမိန်းကလေးသည် ကုဟွားကို စူးစမ်းလိုစိတ်ဖြင့် အထက်အောက် ကြည့်နေမိသည်။

သူမ ဖခင်က ဤမိန်းကလေးသည် သခင်ကြီး အလိုရှိနေသူဖြစ်ကြောင်း ပြောခဲ့ဖူးသဖြင့် မတွေ့ရသေးမီက သူမ စိတ်ထဲတွင် ညှို့ဓာတ်ပြင်းပြီး ဆွဲဆောင်မှုရှိသော အမျိုးသမီးတစ်ဦးအဖြစ်သာ ပုံဖော်ထားခဲ့မိသည်။

သို့သော် သူမ မျှော်လင့်ထားသလိုမျိုး မဟုတ်ခဲ့ပေ။

ကုမိသားစုမှ မမလေးသည် ချစ်စဖွယ်မျက်နှာထားလေးရှိပြီး မည်သည့်အလှပြင်ပစ္စည်းမျှ မသုံးထားသော်လည်း သူမ အသားအရေမှာ ဆီးနှင်းကဲ့သို့ ဖြူစင်ဝင်းပနေသည်။

ဝတ်စားဆင်ယင်မှုမှာလည်း ရိုးရှင်းလှပြီး ဆံပင်တွင် ငွေဆံထိုးလေး တစ်ချောင်းသာထိုးထားကာ နားကပ်ပင် ဝတ်မထားချေ။

ထိုရိုးရှင်းမှုကပင် သူမ၏ ကျောက်စိမ်းကဲ့သို့ ချောမွတ်သွယ်လျနေသော လည်တိုင်လေးကို ငန်းမလေးတစ်ကောင်ကဲ့သို့ ပိုမိုထင်ရှား လှပစေသည်။

သူမ ဝတ်ဆင်ထားသည်မှာ မီးခိုးရောင်ပွပွ ဝတ်စုံဖြစ်သဖြင့် သူမ ကိုယ်လုံးကိုယ်ပေါက်ကို ခန့်မှန်းရခက်စေသည်။

သူမ မျက်ဝန်းများမှာမူ ထိတ်လန့်နေသော ယုန်ငယ်လေးတစ်ကောင်ကဲ့သို့ ဖြစ်နေပြီး မည်သူ့ကိုမျှ တည့်တည့်မကြည့်ရဲရှာပေ။

သူမသည် အလုံးစုံ သန့်ရှင်းဖြူစင်ပြီး ရိုးရှင်းသော မိန်းမပျိုလေးတစ်ဦးပင် ဖြစ်သည်။

ဒီလိုမိန်းမပျိုလေးက သခင်ကြီးကို မြှူဆွယ်တယ် ဟုတ်လား...

သူမ သက်ပြင်းချလိုက်မိသည်။

ထိုမြင်ကွင်းကို စိတ်ကူးကြည့်ရန်ပင် တကယ်ကို ခက်ခဲလှသည်။

အိမ်တော်သမားတော်က ကုဟွား၏လက်တွင် ပတ်ထားသော လက်ကိုင်ပဝါကို ဖြေရန် ပြင်လိုက်သည်။

သို့သော် အရည်ကြည်ဖုများ ပေါက်ထွက်ပြီး ထွက်လာသော အရည်များက လက်ကိုင်ပဝါနှင့် အရေပြားကို ကပ်သွားစေပြီး လက်ကိုင်ပဝါမှာလည်း လိပ်ခွေကာ ကြည့်မကောင်းအောင် ဖြစ်နေသည်ကို တွေ့လိုက်ရ၏။

သမားတော်၏ မျက်ခုံးများမှာ ချက်ချင်းပင် တွန့်ချိုးသွားတော့သည်။

“ဘယ်လိုဖြစ်လို့ ဒီလောက်တောင် ဖြစ်သွားရတာလဲ...”

ကုဟွားသည် ခေါင်းငုံ့ထားကာ စကားမဆိုဝံ့ပေ။

မနေ့ညက မုအန်းနှင့် ရုန်းရင်းဆန်ခတ်ဖြစ်စဉ် သူမ၏ လက်ဖဝါးများမှာ ပြန်လည်ပွန်းပဲ့သွားခဲ့ခြင်းဖြစ်သည်။

သို့သော် ဆေးအသစ်ပြန်မထည့်ဘဲ တမင်တကာ ထားခဲ့ခြင်းမှာမူ ယနေ့တွင် ဝမ်ဟန်ရွှမ်မှ လူများမြင်အောင် တမင်ပြသလိုသောကြောင့် ဖြစ်သည်။

သူမကို ကြည့်ရသည်မှာ သနားစဖွယ်ကောင်းလေလေ လူများက သူမ အစ်မနှင့် မုအန်းတို့၏ လုပ်ရပ်အပေါ် ဝေဖန်ကြလေလေ ဖြစ်လိမ့်မည်။

သူမ ပိုပြီး သနားစဖွယ်ကောင်းလေလေ ဝမ်ဟန်ရွှမ်ရှိ လူများက သူမကို ပိုပြီး ကိုယ်ချင်းစာစိတ် ဖြစ်လာလေ ဖြစ်လိမ့်မည်။

တုန်းမော့ အသက်ရှူပင်မှားသွားရသည်။

“မနေ့က ဆေးမထည့်ဘူးလား... ဘယ်လိုဖြစ်လို့ ဒီလောက်ထိဖြစ်သွားရတာလဲ... သခင်မလေးက မမလေးကို အလုပ်ကြမ်းတွေ ထပ်ခိုင်းပြန်တာလား...”

“မဟုတ်ပါဘူး... ငါ့ဘာသာ မှားပြီး ထပ်ထိခိုက်မိသွားတာပါ...”

ကုဟွား၏ မျက်ဝန်းများမှာ နီရဲလာပြီး အလွန်အမင်း မှားယွင်းနေပုံ ပေါ်နေသည်။

ဤကဲ့သို့သော နာကျင်မှုမျိုးသည် သူမအတွက် အထူးအဆန်း မဟုတ်တော့ပေ။

တုန်းမော့ နှာခေါင်းရှုံ့လိုက်၏။

ဒါက သခင်မလေးနဲ့ သခင်လေးတို့က လူကို ထပ်ပြီး နှိပ်စက်လိုက်တာ သေချာပေါက်ပဲ...

“မမလေး... ခဏလောက် သည်းခံပါဦး... အရမ်းနာလိမ့်မယ်...”

အိမ်တော်သမားတော် မနေနိုင်ဘဲ သတိပေးလိုက်သည်။

ကုဟွားက အသက်ကို ဝဝရှူလိုက်သည်။

“ရပါတယ်... ကျွန်မ သည်းခံနိုင်ပါတယ်...”

သမားတော်သည် ဆေးရည်ကို အသုံးပြု၍ ခြောက်ကပ်နေသော လက်ကိုင်ပဝါကို အရင်ဆုံး စိုစွတ်အောင် လုပ်လိုက်သည်။

ထို့နောက်မှ လက်ကိုင်ပဝါနှင့် အသားစများကို တစ်စစီ ဖြည်းဖြည်းချင်း ခွာထုတ်လိုက်တော့သည်။

မိန်းမပျိုလေး၏ မျက်ဝန်းများထဲတွင် မျက်ရည်များပင် ဝဲလာရ၏။ သူမသည် နှုတ်ခမ်းကို တင်းတင်းစေ့ကာ မျက်ရည်မကျအောင် မနည်းအားတင်းထားရရှာသည်။

ဘေးမှကြည့်နေသော လူသုံးဦးသည်လည်း သမားတော်က တစ်ချက်ဆွဲဖယ်လိုက်တိုင်း သူတို့ရင်ထဲ၌ပါ လိုက်ပြီး နာကျင်နေမိကြသည်။

သမားတော် ဆေးကောင်းများ ထည့်ပေးကာ ပြန်လည်ပတ်တီးစည်းပေးပြီးနောက် မှာကြားလိုက်သည်။

“ဆေးကို တစ်နေ့တစ်ကြိမ် လဲပေးပါ...အနည်းဆုံး သုံးရက်တော့ ရေမထိစေနဲ့ဦး... ဒဏ်ရာတွေ ထပ်မနာအောင် လက်ကို သတိထားပြီး ကိုင်တွယ်ပါ...”

“ကျေးဇူးတင်ပါတယ် သမားတော်...”

ကုဟွားက မျက်ရည်ဝဲနေသော မျက်ဝန်းများဖြင့် ဦးညွှတ်နှုတ်ဆက်လိုက်သည်။

သမားတော်ကလည်း ပြန်လည်ဦးညွှတ်လာသည်။

“ဒါနဲ့... အစားအစာတချို့ ရှောင်ဖို့တော့ လိုပါလိမ့်မယ်...”

“ဟုတ်ကဲ့ပါ... နားလည်ပါပြီ...”

ကုဟွား တိုးတိုးလေး ဖြေလိုက်၏။

သမားတော် ထွက်သွားပြီးနောက်တွင် အစေခံမိန်းကလေးက စားသောက်ဖွယ်ရာများ ထည့်ထားသော သေတ္တာလေးကို ဖွင့်ကာ ကြက်သားနှင့် ကြာစေ့ဆန်ပြုတ်တစ်ပွဲ၊ အသားမုန့်လေးလုံးနှင့် အရန်ဟင်းပန်းကန်လေးတစ်ခုကို ထုတ်ပေးလိုက်တော့သည်။

တုန်းမော့က ပြုံးလျက် ဆိုသည်။

“မမလေးကု... ဒီလောက်အစောကြီးလာတော့ မနက်စာ စားရသေးမှာမဟုတ်ဘူး...မြန်မြန်စားလိုက်ပါဦး...”

၎င်းမှာ တုန်းမော့ စီစဉ်ပေးထားခြင်းဖြစ်ရမည်ဟု ကုဟွား ခန့်မှန်းမိသဖြင့် သူ့ကို ကျေးဇူးတင်စွာ ဦးညွှတ်လိုက်သည်။

“ကျေးဇူးတင်ပါတယ်... မောင်လေးတုန်းမော့...”

“ကျွန်တော့်ကို ကျေးဇူးတင်စရာမလိုပါဘူး... ဒါတွေအကုန်လုံးက သခင်ကြီးရဲ့ အမိန့်တွေပါ...”

တုန်းမော့ အစေခံမလေးကို ညွှန်ပြရင်း ပြုံးလိုက်သည်။

“ကျွန်တော့်မှာ လုပ်စရာလေးတွေရှိသေးလို့...ကျစ်လန်က စာကြည့်ဆောင်မှာ မမလေးနဲ့အတူ နေပေးပါလိမ့်မယ်...မမလေး စိတ်ကြိုက် စာဖတ်ရင်း နားနားနေနေ နေနိုင်ပါတယ်”

ကျစ်လန်ဟု အမည်ရသော အစေခံမလေးက တောက်ပစွာ ပြုံးပြလာသည်။

“ကျွန်မရဲ့မျိုးရိုးက ကျိုးပါ... မမလေးကုက ကျွန်မကို မမကျိုးလို့ ခေါ်နိုင်ပါတယ်...”

ကုဟွား သူမကို ယခင်ဘဝက မြင်ဖူးသည်။

သူမက အိမ်တော်ထိန်းချုပ်ကြီး ကျိုးချွန်းယွီ၏ တစ်ဦးတည်းသော ညီမအရင်း ဖြစ်သည်။

သူမက များသောအားဖြင့် အိမ်တော်ထိန်းကျိုးကို ငွေစာရင်းကိစ္စများတွင် ကူညီပေးလေ့ရှိပြီး လူများကို တိုက်ရိုက်အလုပ်အကျွေးပြုသူ မဟုတ်ပေ။

မြို့စားအိမ်တော်၌ သူမ အဆင့်အတန်းမှာ တော်တော်လေး မြင့်မားသည်။

“ဒုက္ခပေးမိလို့ အားနာပါတယ်နော် မမကျိုး...”

ကုဟွား သူမကို အထင်မသေးရဲပါပေ။

“အားနာစရာမလိုပါဘူး...”

ကျိုးကျစ်လန် ဆန်ပြုတ်ပန်းကန်ကို မဖို့ပြင်လိုက်သော်လည်း ကုဟွားက အမြန်ပင် ဆိုလိုက်သည်။

“ကျွန်မဘာသာ လုပ်နိုင်ပါတယ်...”

အိမ်တော်ထိန်းချုပ်ကြီး၏ ညီမအရင်းဖြစ်သူကို သူမက သာမန်ကာလျှံကာ ခိုင်းစေ၍ မဖြစ်နိုင်ပေ။

“မမလေးရဲ့ လက်တွေက ဒီလောက်တောင် ဖြစ်နေတာကို...ကျွန်မပဲ လုပ်ပေးပါရစေ...မမလေးက ဒီအတိုင်းပဲ ထိုင်နေပါ...”

ကျိုးကျစ်လန်က နူးညံ့သော ညောင်စောင်းလေးကို ညွှန်ပြရင်း ဆန်ပြုတ်ကို ကိုယ်တိုင် ခပ်ထည့်ပေးကာ ကုဟွားကို စူးစမ်းလိုစိတ်ဖြင့် စိုက်ကြည့်နေမိသည်။

ကုဟွားက သူမ ခိုင်းသည့်အတိုင်းသာ လုပ်လိုက်ရတော့သည်။

ဆန်ပြုတ်ပန်းကန်ကို ယူပြီး တမြုံ့မြုံ့ စားနေရင်း ကျိုးကျစ်လန်ဆီမှ အကြည့်ခံနေရသည်။

မနေ့က အဖေ ပြောတာကို ကြားခဲ့ရတာကတော့ သခင်လေးရဲ့ ခယ်မဖြစ်သူက သတိကြီးပြီး ကြောက်တတ်တယ်တဲ့... အခုကြည့်ရတာတော့ အမှန်ဖြစ်ပုံပါပဲ...

သူမ၏ လှုပ်ရှားမှုတိုင်းတွင် ပြောမပြတတ်သော ဆွဲဆောင်မှုတစ်ခု ရှိနေသည်။

ဒါပေမဲ့ သခင်လေးရဲ့ အခန်းထဲက မြှူဆွယ်တတ်တဲ့ မိန်းမတွေနဲ့တော့ မတူဘူးပေါ့...

သူမက ကြာပန်းဖြူလေးတစ်ပွင့်ကဲ့သို့ အလွန်ပင် သန့်ရှင်းစင်ကြယ်နေသည်။

သူမ သက်ပြင်းချမိပြန်သည်။

သူမ အရမ်းလှလွန်း၍ ဖြစ်ရမည်။

ဘာပဲလုပ်လုပ် ကြည့်ကောင်းနေတော့တာပဲ...

ကျိုးကျစ်လန်က ဤကဲ့သို့ သန့်ရှင်းစင်ကြယ်သည့် အလှအပမျိုးကိုသာ သဘောကျတတ်သည်။

ကုဟွား ဆန်ပြုတ်တစ်ပန်းကန် ကုန်သွားသည်အထိ ကျိုးကျစ်လန်က စိုက်ကြည့်နေဆဲပင် ဖြစ်သည်။

ကုဟွား ခေါင်းထိပ်က စပ်ဖျင်းဖျင်းပင် ဖြစ်လာရသည်။

သူမ မော့ကြည့်လိုက်ပြီး ရှက်ရွံ့စွာ ပြောလိုက်၏။

“မမကျိုး... အတူတူ ထိုင်စားပါလားဟင်...ကျွန်မတစ်ယောက်တည်း အကုန်မစားနိုင်လို့ပါ...”

ကျိုးကျစ်လန်က ခေါင်းခါပြသည်။

“အစေခံတွေက သခင်တွေနဲ့ အတူတူထိုင်ပြီး စားလို့မရပါဘူး...”

ကုဟွားက ရိုးသားစွာ ဆိုလိုက်၏။

“ကျွန်မလည်း အစေခံတစ်ယောက်ပါပဲ...မမ အားနာနေဖို့ မလိုပါဘူး... ကျွန်မတို့ ကုန်အောင်မစားမိရင် နှမြောစရာကြီးမလား...”

ကျိုးကျစ်လန် မျက်လုံးအဝိုင်းသား ဖြစ်သွားရသည်။

“မမလေးက အစေခံဟုတ်လား”

“အင်း”

ကုဟွားက မုန့်တစ်ခုကို ကောက်ယူလိုက်ပြီး သူမ၏ ဝမ်းနည်းမှုကို ဖုံးကွယ်ရန်အတွက် ခေါင်းငုံ့ကာ တစ်ကိုက် ကိုက်လိုက်သည်။

ကျိုးကျစ်လန်သည် ဆက်ပြီး အောင့်မထားနိုင်တော့ဘဲ စပ်စုချင်နေသော မျက်နှာပေးဖြင့် သူမရှေ့၌ ဝင်ထိုင်လိုက်တော့သည်။

“ကျွန်မအစ်ကို ပြောတာတော့ မမလေးက ကုမှူးမတ်အိမ်တော်ရဲ့ ကိုယ်လုပ်တော်ဖွားမမလေးဆို... ဘယ်လိုဖြစ်လို့ အစေခံ ဖြစ်နေရတာလဲ...”

ကုဟွား မျက်ရည်ဝဲနေသော မျက်လုံးလေးများဖြင့် မော့ကြည့်လိုက်မိသည်။

“ကိုယ်လုပ်တော်ပိုင်က ကျွန်မကို ဒီအိမ်တော်ထဲ မပို့ခင်မှာ ကျွန်စာချုပ်မှာ အတင်းအကျပ် လက်မှတ်ထိုးခိုင်းခဲ့တာပါ... အစ်မ စိတ်ချရအောင်လို့တဲ့...”

ကျိုးကျစ်လန် မျက်လုံးပြူးသွားရသည်။

“မမလေးရဲ့ မွေးမိခင်က ကျွန်စာချုပ်မှာ လက်မှတ်ထိုးခိုင်းတယ် ဟုတ်လား...သူ မမလေးရဲ့ မိခင်အရင်းရော ဟုတ်ရဲ့လား...လမ်းဘေးက ကောက်ရလာတာများလား...”

သူမ စကားပြောမှားသွားမှန်း ရုတ်တရက် သတိထားမိသွားပြီး အမြန်ပြန်ပြင်ပြောလိုက်သည်။

“ကျွန်မက မမလေးရဲ့ မွေးမိခင်ကို ဆိုလိုတာ မဟုတ်ပါဘူး...မှူးမတ်ကတော်ကြီး အတင်းအကျပ် ခိုင်းလို့ ဖြစ်ရင်ဖြစ်မှာပါ...”

မှူးမတ်အိမ်တော်၏ မိသားစုဖွဲ့စည်းပုံက ရိုးရှင်းသော်လည်း ဂုဏ်သရေရှိ မိသားစုများကြားက ရှုပ်ထွေးသော လှည့်ကွက်များအကြောင်းကိုတော့ သူမ အများကြီး ကြားဖူးနားဝ ရှိနေသည်။

ကုဟွားက သူမ၏လက်ထဲသို့ အသားမုန့်တစ်လုံး ထည့်ပေးလိုက်ရင်း တိုးတိုးလေး ဆိုလိုက်သည်။

“ကျွန်မအမေက ကျွန်မကို ဒီကို ပို့လိုက်တာက သခင်လေးရဲ့ အိပ်ယာနွေးအောင်လုပ်ပေးတဲ့ အစေခံဖြစ်ဖို့ ပြင်ဆင်ပေးလိုက်တာပါ...ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မကတော့ အစေခံတစ်ယောက်ပါပဲ...”

ကျိုးကျစ်လန် မျက်လုံးလှန်လိုက်မိသည်။

“ယုံမြို့စားအိမ်တော်က သခင်လေးရဲ့ အနောက်ဆောင်က မိန်းမတွေနဲ့တင် ပြည့်လျှံနေပြီ... သူ့မှာ မိန်းမ မရှားပါဘူး... သခင်မလေးကလည်း မမလေးအတွက်ကို လုံးဝ ထည့်မစဉ်းစားပေးဘူးပဲ... ဘယ်လိုပဲဖြစ်ဖြစ် နှစ်ယောက်သားက ညီအစ်မအရင်းတွေပဲ မဟုတ်ဘူးလား...”

“အစ်မက ကိုယ်ဝန်ရှိနေတယ်လေ...”

သခင်မလေး ကိုယ်ဝန်ရှိနေသည်ကို ကျိုးကျစ်လန် သိထားပြီးဖြစ်သည်။

ယခု ကုဟွား ၎င်းကို ပြောပြလိုက်မှ သူမ ချက်ချင်းပင် အခြေအနေကို သဘောပေါက်သွားတော့သည်။

ဇနီးသည်၌ ကိုယ်ဝန်ရှိလာသည့်အခါ ခင်ပွန်းဖြစ်သူအတွက် ယုံကြည်စိတ်ချရသော သူတစ်ဦးကို အိပ်ယာနွေးအောင်လုပ်ပေးရန် ရှာဖွေပေးခြင်းမှာ ဂုဏ်သရေရှိ မိသားစုများမှ ဇနီးသည်များ အသုံးပြုလေ့ရှိသော နည်းလမ်းဟောင်းတစ်ခုပင် ဖြစ်သည်။

All Chapters