← Chapters

အခန်း ၂၁

Vol. 3 Ch. 21

အခန်း ၂၁

Vol. 3 Ch. 21

အခန်း(၂၁)

“သခင်မလေးက သူ့ရဲ့ အပါးတော်မြဲ အစေခံတစ်ယောက်ယောက်ကို မြှောက်စားပေးလိုက်ရင် ရတာပဲလေ... ဘာလို့ သူ့ညီမအရင်းကို ဒီလိုမျိုး အရှက်ခွဲရတာလဲ... ဒါက သူ့မျက်နှာကို သူ ပြန်ဖြတ်ရိုက်သလို ဖြစ်မနေဘူးလား...”

ကျိုးကျစ်လန် အလွန်ပင် အော့နှလုံးနာသွားမိသည်။

သူမက အသားမုန့်ကို အကိုက်အကြီးကြီး တစ်ကိုက် ကိုက်လိုက်ပြီး အားရပါးရ ဝါးစားနေတော့သည်။

ကုဟွားက ရင်ထဲ၌ လှောင်ပြုံး ပြုံးနေမိ၏။

ဒါ ကုဝမ်ရုရဲ့ မိုက်မဲမှုပဲလေ...

သူမ ညီမအရင်းကို ခင်ပွန်းဖြစ်သူ၏ အိပ်ရာဖော် အဖြစ်ထားပေးပြီး သူများတွေ အနှိမ်ခံရအောင် လုပ်တာက တကယ်တော့ သူမကိုယ်တိုင်၏ ဂုဏ်သိက္ခာကိုပါ ဖျက်ဆီးပစ်လိုက်ခြင်း ဖြစ်သည်။

တချို့လူတွေကတော့ ဒီလိုပါပဲ...

မွေးကတည်းက စိတ်ဓာတ်က နိမ့်ကျနေတတ်ကြတာ...

အဲဒီ သားအမိနှစ်ယောက်က ငါ့ကို မျက်စိရှေ့မှာတင်ထားပြီး အားရပါးရ နင်းခြေလိုက်ရမှ သူတို့ကိုယ်သူတို့ လုံခြုံတယ်လို့ ခံစားနေရတာမျိုးလေ...

မွေးမိခင်သာ ဒါတွေကို သိရင် ငါ့အတွက် မျက်ရည်တစ်စက်လောက် ကျပေးလောက်မလား...

သူမ တွေးနေမိသည်။

အတိတ်ဘဝ၌ သူမအတွက် မည်သူမှ မျက်ရည်မကျပေးခဲ့သည့်အပြင် မည်သူကမှလည်း ကျောထောက်နောက်ခံ မလုပ်ပေးခဲ့ကြပေ။

ကျိုးကျစ်လန်က ပွင့်လင်း လန်းဆန်းသူတစ်ဦး ဖြစ်သည်။

သူမသည် မပျော်ရွှင်စရာ အတွေးများကို ချက်ချင်းပင် မေ့ပစ်လိုက်ပြီး အစားအသောက်စားနေရင်း ကုဟွား ကြိုက်တတ်သည် မကြိုက်တတ်သည်များကို မေးမြန်းနေတော့သည်။

ကုဟွားကလည်း မေးသမျှကို ပြန်ဖြေပေးရှာသည်။

“ရှင်က ကျောင်းတော်တောင် တက်ခဲ့ဖူးတာလား...”

ကျိုးကျစ်လန်က အံ့အားသင့်စွာ ကြည့်လိုက်သည်။

“အိုး... ဟုတ်သားပဲ...အစ်ကို ပြောတာတော့ မမလေးရဲ့ လက်ရေးလေးတွေက အရမ်းလှတယ်ဆို... မမလေးဆီမှာ ဆရာတင်ပြီး သေချာသင်ယူဖို့လည်း ပြောထားသေးတယ်... ဒါပေမဲ့ ကျွန်မကတော့ ပေသီးတွက်ရတာပဲ ဝါသနာပါတာ... အဲဒီလို ကဗျာတွေ စာအုပ်တွေ ဖတ်ရတာကိုတော့ သိပ်မကြိုက်ဘူး...”

ကုဟွားက ပြုံးလိုက်သည်။

“ကျွန်မက မမရဲ့ ဆရာဖြစ်ဖို့ မထိုက်တန်ပါဘူး...”

သူမ စကားလမ်းကြောင်းကို ပြောင်းလိုက်သည်။

“ကျောင်းမှာတုန်းက ကျွန်မ သေချာစာကြိုးစားခဲ့ရတာ... မဟုတ်ရင် အစ်မရဲ့ အိမ်စာတွေကို ကျွန်မ လုပ်ပေးလို့ မရမှာစိုးလို့လေ... ဆရာက အရမ်းတင်းကြပ်တာ... ပေးထားတဲ့ ကဗျာတွေကို ကောင်းကောင်းမရေးနိုင်ရင် လက်ဖဝါးကို ပေတံနဲ့ အရိုက်ခံရတတ်တယ်... အစ်မက အိမ်စာတွေကို သွားအပ်ပေမဲ့ ကျွန်မကတော့ ဆရာ့ဆီမှာ အရိုက်ခံပေးရတာပေါ့...”

အစ်မဖြစ်သူ၏ ပျင်းရိမှုကိုသာ သူမ ကျေးဇူးတင်ရပေမည်။

မူလက သူမကို စာဖတ်ရာ၌ အလုပ်အကျွေးပြုရန်သာ ခေါ်သွားခြင်း ဖြစ်သော်လည်း ၎င်းက ကုဟွားကို လက်ရေးလှ ရေးတတ်စေပြီး ကဗျာကောင်းကောင်း စပ်ဆိုတတ်စေဖို့ အကူအညီ ဖြစ်သွားခဲ့ရသည်။

“အာ... သခင်မလေးရဲ့ အိမ်စာတွေကိုပါ လုပ်ပေးရတာလား... သူ့ကိုယ်စားလည်း အရိုက်ခံပေးရသေးတယ် ဟုတ်လား...”

ကျိုးကျစ်လန် မျက်လုံးအဝိုင်းသား ဖြစ်သွားရပြန်သည်။

ကုဟွား၏ မျက်ဝန်းများတွင် ထိတ်လန့်ရိပ်များ ပေါ်လာသည်။

သူမသည် ပါးစပ်ကို လက်ဖြင့် အုပ်လိုက်ပြီး အတော်ကြာမှ စကားဆိုလိုက်သည်။

“ကျွန်မက စာအုပ်တချို့ကိုပဲ ကူးပေးရတာပါ...”

ကျိုးကျစ်လန်က မျက်မှောင်ကြုတ်ကာ သူမကို စိုက်ကြည့်နေမိသည်။

သူမ၏ တုန်လှုပ်နေမှုကို မြင်ရသည်မှာ ကုဟွားသည် ဤအကြောင်းများကို ပြောခွင့်မရှိသောကြောင့် ဖြစ်ရမည်ဟု ခန့်မှန်းလိုက်ကာ ၎င်းအကြောင်းအရာကို ဆက်မမေးတော့ပေ။

နှစ်ဦးသား စားသောက်ပြီးသောအခါ ကျိုးကျစ်လန် ပန်းကန်များကို သေတ္တာထဲသို့ ပြန်ထည့်လိုက်သည်။

“ဒါတွေကို မီးဖိုဆောင်ထဲ အရင်သွားထားလိုက်ဦးမယ်... ပြီးရင် အနားမှာ အဖော်လုပ်ပေးဖို့ ချက်ချင်း ပြန်လာခဲ့မယ်...မမလေး ကျွန်မကို စာရေးနည်း သင်ပေးဦးနော်... မဟုတ်ရင် ကျွန်မအစ်ကိုက ကျွန်မလက်ကို ပေတံနဲ့ ရိုက်လိမ့်မယ်...”

ထိုမိန်းမပျိုလေး ကုဟွားကို မျက်စိတစ်ဖက် မှိတ်ပြလိုက်၏။

ကုဟွားက နှုတ်ခမ်းလေးကို စေ့ကာ ပြုံးလိုက်မိသည်။

“ဟုတ်ကဲ့ပါ... အိမ်တော်ထိန်းချုပ်ကြီးကျိုးက မမကို လက်မထောင်ပြီး ချီးကျူးလာစေဖို့ ကျွန်မ အာမခံပါတယ်...”

“အမ်း... ဟုတ်ပါပြီ... ဆရာမလေးရေ...”

‘ဆရာမလေး’ ဟူသော စကားလုံးကို ကြားလိုက်ရသည့်အခါ ကုဟွား၏ ရင်ထဲတွင် ခံစားချက်ပေါင်းစုံ ရောပြွမ်းသွားရသည်။

ပျော်ရွှင်စွာ ထွက်ခွာသွားသော ထိုမိန်းမပျိုလေး၏ ကျောပြင်ကို ကြည့်ရင်း သူမ ဝမ်းနည်းဝမ်းသာ ခံစားနေရသည်။

ကုဟွားသည် စာကြည့်ဆောင်အတွင်းသို့ ဝေ့ဝဲကြည့်ရှုလိုက်၏။

ထိုညက စာကြည့်ဆောင်ရှိ စားပွဲပေါ်တွင် ဖယောင်းတိုင်တစ်တိုင်သာ ထွန်းညှိထားသဖြင့် အလင်းရောင်သည် မှိန်ဖျော့နေခဲ့သည်။

သူမ သူ၏ပုခုံးပေါ်တွင် ချီပိုး၍ သယ်ဆောင်လာခြင်း ခံခဲ့ရပြီး အရက်ရှိန်နှင့် စိတ်လှုပ်ရှားမှုများကြောင့် စာကြည့်ဆောင်၏ ပုံစံမှာ မည်သို့ရှိသည်ကိုပင် သူမ သေချာမမြင်ခဲ့လိုက်ရ။

ယုံမြို့စားကြီး အသက်ရှစ်နှစ်အရွယ်ကတည်းက စစ်မြေပြင်၌ စစ်တိုက်လာခဲ့ရသူဖြစ်သည်ဟု ဆိုကြသည်။

အနှစ်နှစ်ဆယ်ကျော်ကာလအတွင်း သူသည် ပျန့်ကျင်းရှိ မြို့စားအိမ်တော်တွင် နေထိုင်ခဲ့သည့် အချိန်ကာလစုစုပေါင်းမှာမူ နှစ်လပင် မပြည့်ခဲ့ပေ။

အိမ်တော်ပြန်ရောက်သည့် အချိန်များ၌ သူ အမေအိုကြီးနှင့် စကားစမြည်ပြောခြင်း၊ အိပ်စက်ခြင်းမှလွဲလျှင် ကျန်သည့် အချိန်များကို စာကြည့်ဆောင်၌သာ ကုန်ဆုံးလေ့ရှိသည်။

စာကြည့်ဆောင်သည် အလွန်ကျယ်ဝန်းလှ၏။ ပရိဘောဂများအားလုံးကို အနက်ရောင် အရောင်တင်ဆီသုတ်ထားသော နီမြန်းသည့် စန္ဒကူးသားများဖြင့် ပြုလုပ်ထားသဖြင့် ရိုးရှင်းသော်လည်း ခန့်ညားထည်ဝါလှသည်။

နံရံများ၌လည်း စာအုပ်စင်များဖြင့် ပြည့်နှက်နေကာ စာအုပ်များကလည်း အစီအရီ ရှိနေကြသည်။

ကုဟွား၏ အကြည့်တို့သည် အလွန်ကြီးမားပြီး ဗလာဖြစ်နေသော စားပွဲကြီးပေါ်တွင် ရပ်တန့်သွားရ၏။

ထိုညက ပူလောင်ပြင်းပြလှသော မြင်ကွင်းများက သူမ၏ မျက်စိရှေ့တွင်ပင် ပြန်လည်ပေါ်လာသကဲ့သို့ မြင်ယောင်နေမိသည်။

သူမ၏ နှလုံးသားမှာ ဒိန်းကနဲ မြည်အောင် တုန်ခါသွားရကာ နားရွက်နောက်ဘက်လေးများ ချက်ချင်းပင် နီရဲပူထူသွားရသည်။

သူမသည် အကြည့်ကို အမြန်လွှဲလိုက်စဉ် စာအုပ်စင်ဘေး၌ ချိတ်ဆွဲထားသော အမျိုးသမီးတစ်ဦး၏ ပုံတူပန်းချီကားကို သတိထားမိသွား၏။

စပ်စုလိုစိတ်ဖြင့် သူမ အနားသို့ တိုးကပ်သွားကာ ကြည့်လိုက်မိသည်။

ပန်းချီကားထဲမှ အမျိုးသမီးတွင် လွန်စွာလှပသော မျက်နှာထားမျိုးရှိပြီး သူမ၏ အနေအထားမှာလည်း ယဉ်ကျေးသိမ်မွေ့ကာ ကိုယ်လုံးကိုယ်ပေါက်မှာမူ မိုးမခပင်ပျိုလေးကဲ့သို့ သွယ်လျလှပနေသည်။

သူမသည် ယုံမြို့စားကြီး၏ ပထမဇနီးသည် ဖြစ်မည်မှာ အသေအချာပင်။

ကြီးမားလှသော အရှက်တရားတို့ ကုဟွား၏ ရင်ထဲသို့ အလုံးအရင်းနှင့် တိုးဝင်လာခဲ့သည်။

သူတို့နှစ်ဦးသည် ကွယ်လွန်သူ သခင်မကြီး၏ ပန်းချီကားရှေ့၌ပင် ထိုကဲ့သို့သော ရှက်စဖွယ်ကိစ္စမျိုးကို ပြုလုပ်ခဲ့မိကြသည်လော။

ထိတ်လန့်တုန်လှုပ်မှုများနှင့်အတူ သူမ ခန္ဓာကိုယ်ကို ပြန်လှည့်လိုက်စဉ် ပန်းချီကားရှေ့ရှိ ပန်းအိုးကို မတော်တဆ တိုက်မိလုနီးပါး ဖြစ်သွားသည်။ သူမသည် ပန်းအိုးကို အမြန် လက်လှမ်းကာ ထိန်းလိုက်ရ၏။

သူမ နောက်ပြန်အလှည့်တွင် ကျိုးကျစ်လန်သည် အရောင်စုံလင်နေသော သစ်သီးများ အပြည့်ပါသည့် ခြင်းတောင်းကို ကိုင်ကာ တံခါးကို တွန်းဖွင့်၍ ဝင်လာခဲ့သည်။

“ဒါက သခင်ကြီးရဲ့ ကွယ်လွန်သူ ဇနီးသည်လေ...ဒါပေမဲ့ ကျွန်မနဲ့တော့ သိပ်မရင်းနှီးပါဘူး...”

ကျိုးကျစ်လန်သည် ကုဟွား၏ ထိတ်လန့်နေသော အမူအရာကို သတိမထားမိပေ။

သူမသည် ထိုအကြောင်းကို ပြုံးလျက်ပင် ပေါ့ပေါ့ပါးပါး ပြောဆိုကာ သစ်သီးခြင်းတောင်းကို ညောင်စောင်းဘေးရှိ လက်ဖက်ရည်စားပွဲလေးပေါ်တွင် တင်ထားလိုက်သည်။

ကုဟွားသည် စိတ်ကို အမြန်ပြန်ထိန်းလိုက်ရ၏။

သူမသည် စပ်စုလိုစိတ်ကို မအောင့်နိုင်ဘဲ မေးလိုက်မိသည်။

“မမက သခင်မကြီးနဲ့ ဘာလို့မရင်းနှီးတာလဲဟင်...”

ကျိုးကျစ်လန်သည် ကြွေပန်းကန်ဖြူတစ်ချပ်နှင့် ကတ်ကြေးတစ်စုံကို ယူကာ ဆေးကြောထားသော စပျစ်သီးများကို တစ်လုံးချင်း ညှပ်ထည့်လိုက်သည်။

ခရမ်းရောင်ရင့်ရင့် စပျစ်သီးများက ဆီးနှင်းကဲ့သို့ ဖြူဖွေးသော ပန်းကန်ပြားပေါ်သို့ ကျဆင်းသွားကာ ခရမ်းရောင် တောင်ပို့လေးတစ်ခုအလား စုပုံသွားပြီး ကြည့်ရသည်မှာ အလွန်ပင် လှပလွန်းသည်။

သူမသည် အလုပ်လုပ်ရင်းနှင့်ပင် တတွတ်တွတ် ဆက်ပြောပြလာ၏။

“ကွယ်လွန်သူ သခင်မကြီး အိမ်တော်ကို လက်ထပ်ပြီး ဝင်လာတုန်းက အသည်းအသန် ဖျားနာနေပြီလေ...သူက နင်းရှန့်ခြံဝင်းမှာ တစ်ယောက်တည်း နေထိုင်ပြီး အလုပ်အကျွေးပြုတဲ့သူတွေကလည်း မိဘအိမ်ဘက်က ပါလာတဲ့ အစေခံတွေချည်းပဲ... သူတို့က အပြင်ကို ထွက်ခဲကြတယ်... ပြီးတော့ သခင်မကြီးရဲ့ ရောဂါကြောင့် အအေးမိလို့ကလည်း မရပြန်ဘူးလေ... အဲဒါကြောင့်ပဲ အပြင်ကို လုံးဝ မထွက်သလောက်ပဲ... သခင်မအိုကြီးဆီကို သွားတွေ့တဲ့ အကြိမ်အရေအတွက်တောင် လက်ငါးချောင်း မပြည့်ဘူးလေ...”

“အာ... သူ့ရောဂါက လုံးဝကို ပြန်မသက်သာခဲ့တာလားဟင်...”

“အမ်... အိမ်တော်ကို ရောက်လာပြီးတော့ မြို့စားအိမ်တော်က အကောင်းဆုံး ဆေးဝါးတွေနဲ့ ကုသပေးခဲ့တာပါပဲ...သူက တစ်နှစ်ကျော်လောက်ထိ အောင့်အည်း သည်းခံခဲ့ပြီးမှ ရောဂါနဲ့ပဲ ကွယ်လွန်သွားခဲ့တာလေ...”

ကုဟွားသည် အကြောင်းပြချက်မရှိ စိတ်မကောင်းဖြစ်သွားရသည်။

“သခင်ကြီးနဲ့ ကွယ်လွန်သူ သခင်မကြီးတို့က တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်မြတ်နိုးကြတယ်လို့ ကျွန်မ ကြားဖူးပါတယ်...သခင်ကြီးလည်း အရမ်း ရင်ကွဲနာကျခဲ့မှာပဲနော်...”

ဤပန်းချီကားကို အသေးစိတ် ဂရုတစိုက် ဆွဲထားသည်ကို ကြည့်ခြင်းအားဖြင့် ယုံမြို့စားကြီးသည် သူမကို အမှန်တကယ် ချစ်မြတ်နိုးခဲ့မည်မှာ သေချာလှပေသည်။

ကျိုးကျစ်လန်က သူမ လှုပ်ရှားမှုများကို ရပ်တန့်လိုက်ပြီး ခေါင်းလေးစောင်းကာ ခဏမျှ စဉ်းစားနေ၏။

“မင်္ဂလာဆောင်တဲ့နေ့မှာ သခင်ကြီးက အိမ်ကိုတောင် ပြန်မလာခဲ့ဘူးလေ... ကွယ်လွန်သူ သခင်မကြီး ဆုံးပါးသွားတော့မှ နာရေးအတွက် သူပြန်လာခဲ့တာ... ကျွန်မတော့ သခင်ကြီး ငိုတာ တစ်ခါမှမမြင်ဖူးပါဘူး... အဲဒီတော့ အရမ်းချစ်ကြတယ်ဆိုတာက ဘယ်ကနေဘယ်လို ရောက်လာတာလဲ မသိပါဘူး”

ကုဟွား အံ့အားသင့်သွားရသည်။

ဒါဆိုရင် သူတို့က လင်မယားဘဝကိုတောင် အတူတူ မကုန်ဆုံးခဲ့ကြရဘူးဆိုတဲ့ အဓိပ္ပာယ်လား...

“ရင်ကွဲနာကျတယ်ဆိုတာ ငိုမှ မဟုတ်ပါဘူး...အထူးသဖြင့် သခင်ကြီးလို အမျိုးသားမျိုးဆိုရင် ရင်ထဲမှာ ဘယ်လောက်ပဲ ကြေကွဲနေပါစေ အတွင်းမှာပဲ မြိုသိပ်ထားမှာပေါ့...”

ကုဟွားသည် ပုံတူပန်းချီကားကို ပြန်ကြည့်ရင်း ရေရွတ်လိုက်မိသည်။

ကျိုးကျစ်လန်က သူမကို ညောင်စောင်းပေါ်သို့ ပြန်ထိုင်ခိုင်းကာ စပျစ်သီးတစ်လုံးကို သူမပါးစပ်ထဲသို့ အတင်းခွံ့လိုက်၏။

“သခင်ကြီးနဲ့ ကွယ်လွန်သူ သခင်မကြီးက ငယ်သူငယ်ချင်းတွေပါ... သခင်မကြီးက သခင်ကြီးကို တကယ် သဘောကျခဲ့တာ...ဒါပေမဲ့ သခင်ကြီးက တစ်နှစ်ပတ်လုံး စစ်တိုက်နေပြီး ပြန်မလာဘူးလေ... အဲဒါကြောင့် သခင်မကြီးက အသက်နှစ်ဆယ်အထိ စောင့်ခဲ့ရတာ... အဲဒီနှစ်မှာ သခင်ကြီးက တာ့တာရန်သူတွေကို တိုက်ထုတ်ပြီး အောင်ပွဲနဲ့အတူ ပြန်လာခဲ့တယ်...အဲဒီတော့မှ သခင်မကြီးက နန်းတော်ထဲသွားပြီး ဧကရာဇ်မင်းမြတ်ကို ဒူးထောက်တောင်းပန်ခဲ့တာလေ... ဧကရာဇ်က လက်ထပ်မိန့်ချပေးလိုက်တော့မှ သခင်ကြီးက အမိန့်တော်အရ သူ့ကို လက်ထပ်ခဲ့ရတာ...”

ဧကရာဇ်မင်းမြတ်ရဲ့ အမိန့်တော်ကြောင့် လက်ထပ်ခဲ့ရတယ် ဆိုပေမဲ့ သူ ဆုံးပါးသွားပြီးနောက်ပိုင်းမှာ မုကျွင်းယန်က နောက်အိမ်ထောင် ထပ်မပြုဘဲ တစ်ယောက်တည်းပဲ နေနေခဲ့တာ မဟုတ်ဘူးလား..

ဒါက သူ့ရင်ထဲမှာ မေ့လို့မရသေးဘူးဆိုတာကို ပြသနေတာပဲလေ...

ကုဟွားသည် ချိုမြိန်အေးမြသော စပျစ်သီးကို ဖြည်းဖြည်းချင်း ဝါးစားနေရင်း လွမ်းမောဖွယ် ခံစားချက်တို့ ဝင်လာရသည်။

“ဒီလိုမျိုး တစ်ဦးကိုတစ်ဦး ချစ်ကြတာက တကယ်ကို အားကျဖို့ကောင်းတာပဲ...”

ဒါပေမဲ့ သူ ဘယ်လောက်ပဲ အားကျနေပါစေ...ဒီဘဝမှာတော့ အချစ်ဆိုတာကို မမျှော်လင့်တော့ပေ...

All Chapters