အခန်း ၂၂+၂၃
Vol. 3 Ch. 22-23
ယခင်ဘဝ၌ သူမ မတွေးရဲခဲ့ခြင်းဖြစ်ပြီး ယခုဘဝ၌မူ သူမ ထိုအရာကို ပိုင်ဆိုင်ဖို့ မထိုက်တန်တော့ဟု ယူဆထားသည်။
သူမသည်လည်း မှူးမတ်အိမ်တော်၌ ကြီးပြင်းလာခဲ့သည့် မမလေးတစ်ဦးပင် ဖြစ်သည်။ သူမ၏ မိခင်ဖြစ်သူ ကိုယ်လုပ်တော်ပိုင်နှင့် အစ်မဖြစ်သူတို့က သူမကို လျှို့ဝှက်စွာ နှိပ်စက်ခဲ့ကြသော်လည်း အပြင်ပန်းတွင်မူ အစားအသောက်၊အဝတ်အထည် လုံးဝမပြတ်လပ်ခဲ့ပေ။
သူမသည် စာသင်ကြားခွင့် ရခဲ့ပြီး ဗျက်စောင်းတီးခြင်း၊ စစ်တုရင်ကစားခြင်း၊ လက်ရေးအလှရေးခြင်း၊ ပန်းချီဆွဲခြင်း၊ သီချင်းဆိုခြင်း၊ ကခြင်းနှင့် အပ်ချုပ်ခြင်း အတတ်ပညာရပ်များကိုလည်း သင်ယူခဲ့ရသည်။
မိန်းကလေးတစ်ဦးအတွက် အပျိုစင်ဘဝဆိုသည်မှာ အဖိုးမဖြတ်နိုင်သော ရတနာဖြစ်ကြောင်း သူမ သိထားသည်။
အရှက်တရားနှင့် လူ့ကျင့်ဝတ်များကိုလည်း သူမ နားလည်သည်။
အကယ်၍ သူမက အမျိုးသားတစ်ယောက်၏ အိပ်ယာပေါ်သို့ ကိုယ်တိုင်တက်ခဲ့သည်ဟူသော ကောလာဟလများသာ ပျံ့နှံ့သွားပါက လူများ၏ တံထွေးခွက်ထဲတွင် သူမ ပက်လက်မျောသွားနိုင်သည်။
အကယ်၍ သူမနှင့် ကုဝမ်ရုတို့ (မွေးကတည်းက) လဲလှယ်ခံခဲ့ရသည်ဟူသော သက်သေကိုသာ ရှာတွေ့ခဲ့ပါက လန်ယဲ့ဝမ် မိသားစုမှ ဆင်းသက်လာပြီး ကျင့်ဝတ်နှင့် ဂုဏ်သိက္ခာကို အလွန်အမင်း တန်ဖိုးထားသည့် သူမမိခင်အရင်းက သူမကို အသိအမှတ်ပြုနိုင်ပါ့မလား...
ရာစုနှစ်ချီ ဂုဏ်သရေရှိလှသော လန်ယဲ့ဝမ်မိသားစု၏ သမီးတစ်ဦးအဖြစ် သူမ မထိုက်တန်ဘူး ဟု သတ်မှတ်ကြမည်လား။
"အားကျတယ်ဟုတ်လား...ကျွန်မတော့ အဲဒီလို မခံစားရပါဘူး... နာမကျန်းဖြစ်နေတဲ့သူကို လက်ထပ်ခဲ့ပေမဲ့ သခင်ကြီးက အခုထိ တစ်ယောက်တည်း နေနေတုန်းပဲမလား...ဒါက လက်မထပ်ရသေးတာနဲ့ အတူတူပါပဲ..."
ကျိုးကျစ်လန်၏ ပေါ့ပေါ့ပါးပါး စကားလုံးများကြောင့် ကုဟွား၏ အတွေးများ ပြတ်တောက်သွားရသည်။
ကုဟွားသည် ဤကဲ့သို့ အတင်းအဖျင်းပြောဆိုမှုများမှာ အနည်းငယ် နက်နဲသွားပြီဟု ခံစားလိုက်ရ၏။
သခင်၏ ကွယ်ရာတွင် အတင်းပြောဆိုခြင်းသည် ပြစ်မှုတစ်ခုပင် ဖြစ်သည်။
သူမသည် အမြန်ပင် ထရပ်လိုက်သည်။ "ကွယ်လွန်သူ သခင်မကြီးရဲ့ စာမူတွေ ဘယ်မှာလဲဟင်... ကျွန်မ အရင်ကြည့်ထားချင်လို့ပါ..."
ကျိုးကျစ်လန်က ခါးထောက်လျက် သူမကို လက်ညှိုးထိုးလာသည်။
"အာ... ကျွန်မ ပြောပြီးပြီလေ...လက်တွေ မသက်သာမချင်း စာမူတွေကို ထိခွင့်မရှိဘူးလို့...ပြန်ထိုင်လိုက်ပါဦး..."
စကားပြောအပြီးတွင် သူမသည် စာအုပ်စင်ဆီသို့ ပြေးသွားကာ အောက်ဆုံးစင်မှ စာအုပ်အချို့ကို ခါးကုန်း၍ ဆွဲထုတ်လိုက်၏။
ထိုစာအုပ်များကို ပိုက်ထားရင်း အခြားတစ်ဖက်က သစ်သီးခြင်းတောင်းကို မကာ စပျစ်သီးအပြည့်ရှိနေသော ကြွေပန်းကန်ကို ညွှန်ပြလိုက်တော့သည်။
"ဒီစပျစ်သီးတွေယူလာခဲ့... တို့တွေ ဟိုဘက်က အခန်းထဲသွားပြီး ပုံပြင်စာအုပ်တွေ သွားဖတ်ကြမယ်..."
ကုဟွား : ...
တစ်နေ့တာလုံး မိန်းကလေးနှစ်ဦးသည် ပြတင်းပေါက်ဘေးရှိ နူးညံ့သော ညောင်စောင်းပေါ်တွင် မှီတွယ်ရင်း...ဆောင်းဦးရာသီ၏ နွေးထွေးသော နေရောင်ခြည်ကို ခံယူကာ သစ်သီးများနှင့် မုန့်ပဲသရေစာများကို စားရင်း ပုံပြင်စာအုပ်များ ဖတ်နေခဲ့ကြသည်။ ၎င်းမှာ အလွန်ပင် စိတ်အေးသက်သာ ရှိလှ၏။
တစ်ခါတစ်ရံတွင်မူ သူတို့သည် စာအုပ်ထဲမှ ဇာတ်လမ်းများကို တတွတ်တွတ် ဆွေးနွေးတတ်ကြသေးသည်။
ဇာတ်လိုက်မင်းသမီးအတွက် အတူတူ ဒေါသထွက်ပေးကြသလို၊ အဓိကဇာတ်ဆောင်များ၏ ဝမ်းနည်းဖွယ်ရာ အချစ်ဇာတ်လမ်းများအတွက်လည်း အတူတူ သက်ပြင်းချမိကြသည်။
ကုဟွားသည် ဤကဲ့သို့ အပူအပင်ကင်းပြီး ပျော်ရွှင်ဖွယ်ကောင်းသော နေ့မျိုးကို တစ်ခါမျှ မကြုံဖူးခဲ့ပေ။
သူမသည် ဤကဲ့သို့သော နေ့ရက်မျိုးကို မြတ်နိုးသော်လည်း တစ်ဖက်တွင်မူ ဝမ်းနည်းသည့် ခံစားချက်တစ်ခု ဝင်ရောက်လာ၏။
အရာအားလုံး အစစ်အမှန်မဟုတ်သကဲ့သို့ သူမခံစားနေရသည်။
မသိလိုက်ဘာသာဖြင့် အချိန်က နောက်ကျလာခဲ့ပြီ ဖြစ်သည်။
နှစ်ဦးသား အတူတူ ညစာစားပြီးနောက် ကုဟွားက ပြန်ရတော့မည် ဖြစ်သည်။
စောနလေးကထိ ကောင်းမွန်နေသော မိုးကောင်းကင်သည် ရုတ်တရက် မည်းမှောင်သွား၏။ ထူထပ်သော တိမ်တိုက်များကြားတွင် လျှပ်စီးအချို့ လက်သွားပြီးနောက် မိုးခြိမ်းသံများ နောက်ကွယ်မှ ထွက်ပေါ်လာသည်။
နေ့ခင်းဘက်က နေသာနေခဲ့ပေမဲ့ ညနေစောင်းမှာ မိုးရွာတော့မယ်တဲ့လား...
ကျိုးကျစ်လန် သူမကို ဆီစိမ်စက္ကူထီးတစ်လက် ကမ်းပေးလာသည်။
"မကြာခင် မိုးရွာတော့မယ့်ပုံပဲ... မနက်ဖြန်ကျရင် ထပ်လာခဲ့ဦးနော်... တို့တွေ အတူတူဖတ်ဖို့ ပုံပြင်စာအုပ်အသစ်တွေ ရှာခိုင်းထားလိုက်မယ်..."
"အင်း"
ကုဟွားက သူမကို ပြုံးပြလိုက်သော်လည်း ရင်ထဲ၌ လေးလံသွားရသည်။
ဝမ်ဟန်ရွှမ်မှ ထွက်လာစဉ် ကုဟွား၏ ခြေလှမ်းများက ရုတ်တရက် နှေးကွေးသွား၏။
သူမသည် ကျင်းရှို့ဆောင်သို့ လုံးဝ မပြန်ချင်ပေ။
ရုတ်တရက် အနီးအနားရှိ အစေခံမကြီးနှစ်ဦး၏ တိုးတိုးတိတ်တိတ် စကားပြောသံကို သူမ ကြားလိုက်ရသဖြင့် နားစွင့်လိုက်မိသည်။
မထင်မှတ်ဘဲ ထိုသူတို့မှာ သူမအကြောင်းကို လက်ညှိုးထိုးကာ ပြောနေကြခြင်း ဖြစ်သည်။
"အဲဒါ သူပဲလေ... သခင်လေးကို မြှူဆွယ်လို့ မရတော့ သခင်ကြီးကို သွားမြှူဆွယ်တာ... တကယ်ကို အရှက်မရှိချက်ပဲ..."
"ကြားရတာတော့ သူ့အမေက ကုန်သည်မျိုးရိုးကတဲ့... နိမ့်ကျတဲ့ မျိုးနွယ်ကလူတွေကတော့ တကယ်ကို တစ်မျိုးနွယ်လုံး အပေါစားတွေချည်းပဲ..."
"ဟုတ်ပါ့... လမ်းလျှောက်ရင် ခါးလှုပ်သွားတဲ့ပုံကို ကြည့်ပါဦး... တကယ့်ကို မြှူဆွယ်တတ်တဲ့ မြေခွေးမအတိုင်းပဲ..."
ကုဟွားသည် ဒေါသကြောင့် တုန်ယင်လာရသည်။
ဤစကားများကို ကုဝမ်ရုက ပျံ့နှံ့အောင် လုပ်ထားခြင်းမှာ အသေအချာပင်ဖြစ်သည်။
သူမသည် အိမ်တော်ထဲသို့ ရောက်ရှိလာသည်မှာ တစ်လသာ ရှိသေးသဖြင့် မြို့စားအိမ်တော်ရှိ လူအများစုမှာ သူမကို မသိကြပေ။ ထို့ကြောင့် ကိုယ်လုပ်တော်ပိုင်မှာ ကုန်သည်မျိုးရိုးမှ ဖြစ်ကြောင်းနှင့် သူမက သခင်လေးကို မြှူဆွယ်ရန် ကြိုးစားခဲ့သည်ဟူသော ကောလာဟလများကို သူတို့ သိနိုင်စရာ အကြောင်းမရှိပေ။
ယခင်ဘဝကအတိုင်း အတူတူပင် ဖြစ်သည်။
သူမသည် အိပ်ယာနွေးအောင်လုပ်ပေးရသည့် အစေခံမလေးအဖြစ် အတင်းအကျပ် အလုပ်ကျွေးပြုခဲ့ရသည်။
တစ်ဖက်တွင် မုအန်းနှင့် သူမ အစ်မဖြစ်သူတို့၏ နှိပ်စက်မှုများကို ခံခဲ့ရပြီး မုအန်း၏ ကိုယ်လုပ်တော်များထံမှလည်း ပေါ်ပေါ်ထင်ထင်သာမက လျှို့ဝှက်သော တိုက်ခိုက်မှုများကိုပါ ရင်ဆိုင်ခဲ့ရသည်။
အခြားတစ်ဖက်တွင်မူ အိမ်တော်ရှိ လူများက အမှန်တရားကို မသိကြဘဲ သူမကို လက်ညှိုးထိုး ကဲ့ရဲ့ကြပြီး မျက်နှာချင်းဆိုင်ပင် ဆဲဆိုခဲ့ကြသည်။
သူမသည် အရှက်မရှိ အစ်မဖြစ်သူ၏ခင်ပွန်းကို လုယူခဲ့ပြီး မြို့စားအိမ်တော်၏ ဂုဏ်သိက္ခာကို ဖျက်ဆီးခဲ့သည်ဟု ဆိုကြသည်။
ကုဝမ်ရုသည် လူဆိုးဖြစ်သော်လည်း လူကောင်းအဖြစ် ဟန်ဆောင်နေခဲ့ခြင်း ဖြစ်၏။
ကုဟွားသည် အသက်ကို ဝဝရှူလိုက်ကာ ကောင်းကင်ယံကို မော့ကြည့်လိုက်မိ၏။
နေဝင်ချိန်၏ အရောင်အဝါများ ကွယ်ပျောက်ကာ ညနေဆည်းဆာမှာ လွှမ်းမိုးလာခဲ့ပြီဖြစ်သည်။
အိမ်တော်ဝင်းအတွင်း သွားလာနေကြသော အစေခံများသည် ဖယောင်းတိုင်များ တပ်ဆင်ထားသည့် ဝါးလုံးရှည်များဖြင့် စင်္ကြံတစ်လျှောက်ရှိ မီးအိမ်များကို လိုက်လံထွန်းညှိနေကြသည်။
ဆောင်းဦးရာသီ၏ လေပြေက ရုတ်တရက် အေးစက်လာ၏။
လေပြင်းတစ်ချက် အဝေ့တွင် မိုးစက်မိုးပေါက်များ ကောင်းကင်ယံမှ အဆက်မပြတ် ကျဆင်းလာတော့သည်။
ကုဟွားသည် သူမ၏ ထီးကို အမြန်ဖွင့်လိုက်ကာ အင်္ကျီလည်ပင်းကို တင်းတင်းစေ့ရင်း ဖြည်းဖြည်းချင်း ဆက်လျှောက်လာခဲ့သည်။
ယနေ့ညတွင် မုအန်း သူမကို စောင့်မနေပါစေနှင့်ဟုသာ သူမ ဆုတောင်းနေမိ၏။
မနေ့ညက တစ်ကြိမ်တော့ သူမ လွတ်မြောက်နိုင်ခဲ့သော်လည်း ယခုတစ်ကြိမ်တွင်မူ ထပ်မံ လွတ်မြောက်နိုင်မည်လား သူမ မသိတော့ပေ...
တွန့်ဆုတ်တွန့်ဆုတ်နှင့် ကျင်းရှို့ဆောင်သို့ သူမ ပြန်ရောက်လာခဲ့သည်။
ကောင်းကင်သည် လုံးဝ မည်းမှောင်သွားပြီး မိုးကလည်း ပို၍ သည်းလာခဲ့ပြီဖြစ်သည်။
သူမသည် အိမ်တော်ဝင်းအတွင်းသို့ ခေါင်းလေးပြူကာ အကဲခတ်လိုက်၏။
မိုးသံသည် အလွန် ကျယ်လောင်နေသဖြင့် ပင်မဆောင်အတွင်းမှ မည်သည့် အသံ တစ်စုံတစ်ရာမျှ သူမ မကြားရပေ။
ဤမျှ မိုးသည်းထန်နေသဖြင့် မုအန်း ရောက်လာလိမ့်မည် မဟုတ်ဟု သူမ တွေးမိသည်။
ကုဟွားသည် ရှေ့သို့ တိုးလာကာ သူမ၏ အခန်းတံခါးဝသို့ ပြေးသွားလိုက်သည်။
တံခါးကို ဖွင့်လိုက်စဉ်၌ပင် ပင်မဆောင်၏ တံခါးမှာ ရုတ်တရက် ပွင့်လာခဲ့သည်။
သူမ ထိတ်လန့်လွန်းသဖြင့် ခန္ဓာကိုယ်လေးပါ တုန်တက်သွားရ၏။
မသိစိတ်အရ သူမ၏ ခန္ဓာကိုယ်ကို အခန်းအတွင်းသို့ အမြန်ပင် ကျုံ့ဝင်ပုန်းကွယ်လိုက်မိသည်။