အခန်း ၂၅
Vol. 3 Ch. 25
အခန်း(၂၅)
ကုဟွားသည် ရှေ့လမ်းကို သေချာမမြင်ရတော့ပေ။
ဝေဝါးနေသော အမြင်အာရုံကြားတွင် အရပ်ရှည်ရှည် လူရိပ်တစ်ခုမှာ သူမဆီသို့ ပြေးလာနေ၏။
အရပ်မျက်နှာအနှံ့မှ ရေလှိုင်းကြီးတစ်ခုသည် သူမ မျက်နှာဆီသို့ အရှိန်အဟုန်နှင့် တိုးဝင်လာသကဲ့သို့ခံစားရကာ အောက်ခြေထိ သူမ နစ်မြုပ်သွားတော့မည်ဟုလည်း ခံစားနေရသည်။
သူမ အလွန်ပင် မျှော်လင့်ချက်မဲ့နေရသည်။
မွန်းကျပ်မှုဒဏ်ကို ပြင်းထန်စွာ ခံစားလိုက်ရပြီးနောက် သူမသည် မျက်လုံးများကို ဖြည်းညင်းစွာ ပိတ်လိုက်ကာ ရေထုအောက်ခြေဆီသို့ ဖြည်းဖြည်းချင်း နစ်မြုပ်သွားတော့သည်။
ကုဟွား၏ တစ်ခုတည်းသော အတွေးမှာ...
ဒီတစ်ကြိမ်တော့ သူမကို ပြန်မလာခိုင်းပါနဲ့တော့...
သေဆုံးပြီးနောက် ပြာအဖြစ်သာ ပြောင်းလဲသွားပါစေတော့...
လူ့လောက၏ ခါးသီးမှုများစွာကို သူမ လုံလောက်အောင် ခံစားခဲ့ရပြီးဖြစ်သည်။
ရုတ်တရက် တစ်စုံတစ်ယောက်က သူမကို ခေါ်နေသကဲ့လို အသံ ခပ်သဲ့သဲ့ ကြားလိုက်ရသည်။
“ကုဟွား... အသက်ရှူပါ...အသက်ရှူစမ်း... မြန်မြန် အသက်ရှူလိုက်စမ်း...”
သူမ အသက်ရှူချင်ပါသည်။
သို့သော် သူမကို ရေအောက်သို့ ဖိချထားသကဲ့သို့ ခံစားနေရ၏။ အေးစက်လှသော ရေများက နေရာအနှံ့မှ တိုးဝင်လာကာ သူမ၏ နှာခေါင်းနှင့် ပါးစပ်အတွင်းသို့ စီးဝင်နေသဖြင့် သူမ အသက်ရှူ၍ မရတော့ပေ။
“ကုဟွား... မြန်မြန် အသက်ရှူလိုက်... အသက်ရှူစမ်း ကုဟွား...”
“ကုဟွား... လိမ္မာပါတယ်... အသက်ရှူစမ်းပါကွာ...”
ကုဟွား အစွမ်းကုန် အသက်ရှူရန် ကြိုးစားသော်လည်း အသက်ရှူမဝ ဖြစ်နေသည်။
သူမသည် ပါးစပ်ကို အတင်းဟ၍ ရင်ဘတ်ကလည်း နိမ့်ချည်မြင့်ချည် ဖြစ်နေ၏။
ကုန်းပေါ်သို့ ပစ်တင်ခံထားရသော ငါးတစ်ကောင်ကဲ့သို့ သူမသည် ပါးစပ်ကို အသည်းအသန် ဟနေသော်လည်း လေကို မရှူနိုင်ဘဲ ဖြစ်နေရသည်။
“မမလေး... မမလေး... အမြန်နိုးလာပါဦး”
ဒါ အမေလား...
အမေက သမီးကို အသိအမှတ်ပြုလိုက်ပြီလား...
အမေ့သမီးရဲ့ ခန္ဓာကိုယ်က မစင်ကြယ်တော့ဘူး...သမီးရဲ့ ဂုဏ်သိက္ခာတွေလည်း ပျက်စီးကုန်ပြီ... အဲဒါတောင် အမေက သမီးကို အသိအမှတ်ပြုဦးမှာလား...
မုကျွင်းယန်သည် သူ၏ဝတ်ရုံဖြင့် တစ်ကိုယ်လုံး စိုရွှဲနေသော မိန်းမပျိုလေးကို ပတ်ထားပေးလိုက်၏။
သူ့ရင်ခွင်ထဲတွင် လုံးလုံးလေး ဖြစ်နေသော ထိုလူသားလေးက ပါးစပ်ကို အတင်းဟနေသော်လည်း အသက်ရှူရန် ငြင်းဆန်နေသကဲ့သို့ ဖြစ်နေသည်။
အောက်ဆီဂျင် ပြတ်လပ်မှုကြောင့် သူမ မျက်နှာသည် ခရမ်းပုပ်ရောင်ပင် သန်းလာခဲ့ပြီဖြစ်သည်။
ကြည့်ရသည်မှာ မွန်းကျပ်ပြီး သေဆုံးတော့မည့်အတိုင်းပင်
အိမ်တော်သမားတော် အလွန်စိုးရိမ်သဖြင့် ချွေးများပင် ပြန်နေသည်။
သူသည် အပ်များ အကြိမ်ကြိမ် စိုက်ကြည့်သော်လည်း လုံးဝ ထူးမလာပေ။
အပ်ကို ကိုင်ထားသော သူ့လက်များ တုန်ယင်နေရသည်။
သူသည် ထိတ်လန့်တုန်လှုပ်စွာ တတွတ်တွတ် ရေရွတ်နေ၏။
“သွားပြီ... သွားပြီ...ကျွန်တော် သူ့ကို မကယ်နိုင်တော့ဘူး... သူကိုယ်တိုင်က ဆက်မရှင်သန်ချင်တော့တာ”
ချီယွီက လူနာကို သတိရလာအောင် နှာခေါင်းနှင့် နှုတ်ခမ်းကြားရှိ အမှတ်ကို နှိပ်ရန် ပြောမည့်ဆဲဆဲတွင် မုကျွင်းယန်က ရုတ်တရက် ငုံ့ကိုင်းလိုက်ပြီး သူ့နှုတ်ခမ်းများဖြင့် ထိုမိန်းမပျိုလေး၏ နှုတ်ခမ်းများကို တိုက်ရိုက် ဖိကပ်လိုက်တော့သည်။
ပတ်ဝန်းကျင်တစ်ခုလုံး ချက်ချင်းပင် တိတ်ဆိတ်ငြိမ်သက်သွား၏။
သခင်ကြီး... သူက...
ချီယွီ ကြောင်တောင်တောင်ဖြင့် မျက်တောင်နှစ်ချက်ခတ်လိုက်ပြီးမှ သတိပြန်ဝင်လာခဲ့သည်။
သူသည် လက်ကို အမြန်ဝှေ့ယမ်းကာ အသံနှိမ့်၍ အော်လိုက်၏။
“မျက်နှာလွှဲထားကြ...”
လူတိုင်း ချက်ချင်းနိုးကြားသွားကြပြီး တစ်ပြိုင်နက်တည်း ကျောခိုင်းလိုက်ကြသည်။ အသက်ကိုပင် ဖြောင့်ဖြောင့်မရှူရဲကြသဖြင့် အသံမထွက်အောင်သာ ထိန်းထားကြတော့သည်။
မုကျွင်းယန် သူတို့ကို ဂရုမစိုက်အားပေ။ သူ့စိတ်ထဲတွင် မည်သည့် အတွေးမှရှိမနေဘဲ ရင်ခွင်ထဲမှ လူသားလေးကိုသာ အာရုံစိုက်ထားကာ သူမ ပါးစပ်ထဲသို့ လေကို ဂရုတစိုက်နှင့် အသာအယာ မှုတ်သွင်းပေးနေသည်။
အသက်ရှူသွင်း ရှူထုတ် အကြိမ်အနည်းငယ် ပြုလုပ်ပေးပြီးနောက်တွင် ထိုမိန်းမပျိုလေးမှာ နောက်ဆုံး၌ သက်ပြင်းအရှည်ကြီးတစ်ချက် ချလိုက်နိုင်ပြီးမှ အမောတကော အသက်ရှူလာတော့သည်။
မုကျွင်းယန်၏ ရင်ထဲမှ အလုံးကြီး ရုတ်တရက် ကျသွားရ၏။ သူ မသိစိတ်အရ သူမကို ရင်ခွင်ထဲသို့ ပွေ့ပိုက်လိုက်ကာ ကျောလေးကို အသာအယာပုတ်ပေးရင်း တိုးတိုးလေး ပြောလိုက်သည်။
“ရပြီ... မကြောက်နဲ့တော့နော်... ကိုယ် ဒီမှာ ရှိနေပါပြီ”
ကုဟွား ခေါင်းထဲတွင် အုန်းအုန်းထနေအောင် နာကျင်နေပြီး နားထဲတွင်လည်း တဝီးဝီးအသံများဖြင့်သာ ပြည့်နေသည်။
သူမ လည်ချောင်းထဲသို့ လေများ အလုံးအရင်းနှင့် ဝင်လာသည်ကို ခံစားလိုက်ရပြီးနောက်တွင် သူမ ချက်ချင်း ပြန်ရှင်သန်လာသည်ဟု ခံစားလိုက်ရ၏။
နွေးထွေးသော ရင်ခွင်တစ်ခုကို အားကိုးတကြီး မှီတွယ်ရင်း သူမ ပြင်းပြင်းထန်ထန် အသက်ရှူလိုက်ရင်း ဝေဝါးနေသော မျက်လုံးများကို ဖွင့်ကြည့်လိုက်သည့်အခါ ပတ်ဝန်းကျင်တွင် ရေများမရှိတော့သည်ကို တွေ့လိုက်ရ၏။
မျက်ရည်များနှင့် ပြည့်နေသော သူမ မျက်ဝန်းတို့သည် ရှေ့မှ မျက်နှာကို ငေးကြည့်နေမိ၏။
မျက်ရည်များကြောင့် အမြင်အာရုံ ဝေဝါးနေသဖြင့် မျက်နှာကို သဲသဲကွဲကွဲ မမြင်ရသော်လည်း ဤပုဂ္ဂိုလ်သည် ကောင်းကင်ဘုံမှ ဆင်းသက်လာသော နတ်ဘုရားတစ်ပါးကဲ့သို့ သူမ ခံစားနေရသည်။
ဒါက နတ်ဘုရားများလား...
ကုဟွား၏ စိတ်ဓာတ်များ ရုတ်တရက် ပြိုလဲသွားရသည်။သူမသည် အလွန်အမင်း ဝမ်းနည်းကြေကွဲစွာ နတ်ဘုရား၏ ရင်ခွင်ထဲသို့ မျက်နှာအပ်လိုက်ကာ သူ့အင်္ကျီလည်ပင်းကို တင်းတင်းဆုပ်ကိုင်ရင်း အသံကုန် အော်ဟစ်ငိုကြွေးတော့သည်။
“ကျွန်မ ဘယ်သူ့ကိုမှ ထိခိုက်အောင်မလုပ်ဖူးပါဘူး... ပုရွက်ဆိတ်တစ်ကောင်ကိုတောင် မသတ်ရဲခဲ့ပါဘူး... တစ်ခါက သုံးရက်နဲ့ သုံးညလောက် ငတ်ပြတ်နေခဲ့တုန်းကတောင် နောက်ဆုံး ရလာခဲ့တဲ့ ပေါက်စီတစ်ဝက်ကို သူတောင်းစားကို ပေးခဲ့တာပါ... ကောင်းကင်ဘုံနဲ့ ဆန့်ကျင်တဲ့ အလုပ်မျိုး ကျွန်မ တစ်ခါမှ မလုပ်ခဲ့ဖူးပါဘူး... ကျွန်မရဲ့ မိခင်ဖြစ်သူ ကိုယ်လုပ်တော်ပိုင်နဲ့ အစ်မဖြစ်သူတို့ ခိုင်းသမျှလည်း နာခံခဲ့ပါတယ်... သူတို့ နှိပ်စက်သမျှကိုလည်း ခံခဲ့ပါတယ်... ဒါပေမဲ့... သူတို့က ဘာဖြစ်လို့ ကျွန်မကို ဖျက်ဆီးဖို့ပဲ ကြိုးစားနေကြရတာလဲ...ဘာဖြစ်လို့လဲ...”
ပေါက်စီတစ်ဝက်ဟုတ်လား...
မုကျွင်းယန် နှလုံးသားသည် တစ်ချက် တုန်လှုပ်သွားပြီး သူ၏ ထူထဲလှသော မျက်ခုံးအစုံကလည်း တွန့်ချိုးသွားရသည်။
ထိုမိန်းမပျိုလေး၏ ရင်ကွဲမတတ် ငိုယိုသံများကို နားထောင်ရင်း သူ့အင်္ကျီလည်ပင်း၌ မျက်ရည်များဖြင့် စိုရွှဲနေခဲ့ပြီဖြစ်သည်။
လူပေါင်းများစွာကို သတ်ဖြတ်ခဲ့ပြီး သေခြင်းတရားနှင့် ခွဲခွာခြင်းများကို ကျင့်သားရနေခဲ့သော်လည်း သူ မထင်မှတ်ဘဲ ရင်ထဲ၌ ဖော်ပြ၍မရနိုင်သော နာကျင်မှုတစ်မျိုးကို ခံစားလိုက်ရသည်။ သူ ဤလူသားလေးကို ရင်ခွင်ထဲသို့ ပို၍ တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားလိုက်မိသည်။
သူမ မျက်ရည်များထဲတွင် နစ်မြုပ်နေသော သူ့နှလုံးသားမှာလည်း အချဉ်ပေါက်သလို နာကျင်နေရသည်။
ဒါတွေအားလုံးက မုအန်း ကျူးလွန်ခဲ့တဲ့ အပြစ်တွေပဲ...
မုကျွင်းယန် မည်းနက်နေသော မျက်ဝန်းများသည် ရေခဲကဲ့သို့ အေးစက်သွား၏။
“မကြောက်နဲ့တော့...”
ကျိုးချွန်းယွီနှင့် ကျိုးကျစ်လန်တို့သည်လည်း ၎င်းကိုမြင်ပြီး မျက်ရည်များဝဲလာကြသည်။
ရုတ်တရက် ရင်ခွင်ထဲမှ လူသားလေး၏ ငိုသံ ရပ်တန့်သွား၏။
မုကျွင်းယန် ငုံ့ကြည့်လိုက်သည့်အခါ ထိုလူသားလေးက မျက်လုံးများကို တင်းတင်းပိတ်လျက် သူ့ရင်ခွင်ထဲတွင် လုံးလုံးလေး ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
သူ သတိလစ်သွားလေပြီ...
စဉ်းစားနေရန် အချိန်မရှိတော့သဖြင့် သူမကို ပွေ့ချီကာ အိပ်ဆောင်ထဲသို့ တည့်တည့်ပြေးဝင်သွားပြီး ကုတင်ပေါ်သို့ အသာအယာ ချလိုက်သည်။ ပြီးနောက် စောင်ကို ဆွဲယူကာ သူမ ခန္ဓာကိုယ်ကို ပတ်ပေးလိုက်၏။
လူတိုင်း အံ့ဩလွန်းသဖြင့် မျက်လုံးများ ပြူးကျယ်သွားကြသည်။
သခင်ကြီး၏ အိပ်ဆောင်သည် အမျိုးသမီးတစ်ဦးတစ်ယောက်မျှ ဝင်ရောက်ခွင့်မရှိသည့် နေရာဖြစ်သည်။
၎င်းကုတင်သည်လည်း မည်သူမျှ မဆင်မခြင် ထိတွေ့ခွင့်မရှိသော အရာဖြစ်သည်။
မုကျွင်းယန်ကုတင်ပေါ်မှ လူသားလေးကို စိုက်ကြည့်နေမိသည်။အတော်ကြာသည်အထိ အိမ်တော်သမားတော် ဝင်မလာသည်ကို တွေ့သောအခါ သူ ခေါင်းလှည့်ကာ အော်လိုက်၏။
“သမားတော်... မြန်မြန်လာစမ်း...”
အိမ်တော်သမားတော်သည် သတိပြန်ဝင်လာပြီး ဆေးသေတ္တာကို မကာ ပြေးလာတော့သည်။
“အိုး...အိုး...အိုး...လာပါပြီ...လာပါပြီ...”
ကျိုးကျစ်လန်သည် တုန်းမော့ကို ဆွဲကာ လှည့်ထွက်ပြေးရင်း အော်ပြောလိုက်သည်။
“မြန်မြန်... တစ်ယောက်ယောက်ကို ရေနွေးအိုး တည်ခိုင်းထားလိုက်တော့...ပြီးရင် သမားတော်ဆီမှာ ရေစိမ်ဖို့ ဆေးနည်းတောင်းလိုက်ဦး... မမလေးကုက အအေးမိသွားနိုင်တယ်... ဒါကြောင့် ချွေးထွက်အောင် ဆေးဖက်ဝင်ရေနဲ့ စိမ်ချိုးပေးဖို့ လိုလိမ့်မယ်...”
“ဟုတ်ကဲ့ပါ...”
တုန်းမော့ကလည်း အလျင်အမြန် ပြေးထွက်သွားတော့သည်။
ခဏအကြာတွင် ကျိုးကျစ်လန်သည် သူမ ကိုယ်ပိုင်ဝတ်စုံအသစ်တစ်စုံကို ယူဆောင်လာ၏။
သမားတော်က ကုဟွား၏ သွေးခုန်နှုန်းကို စမ်းသပ်ပြီး အပ်အချို့စိုက်ပေးထားသော်လည်း သူမ သတိပြန်မရလာသေးပေ။
ကျိုးကျစ်လန်သည် ကုဟွား၏ အဝတ်အစားများကို လဲလှယ်ပေးရန် အစေခံမကြီးတစ်ဦးကို ခေါ်ဆောင်လာပြီး မုကျွင်းယန်ကမူ ကျန်လူများကို ခေါ်ကာ အခန်းပြင်သို့ ထွက်ပေးလိုက်သည်။
“မိန်းကလေးကုက စိတ်ခံစားချက်တွေ အရမ်းပြင်းထန်သွားပြီး စိတ်ဖိစီးမှုတွေကြောင့် အသည်းစွမ်းအင်တွေ ပိတ်ဆို့သွားတာပါ...အလွန်အမင်း စိတ်လှုပ်ရှားပြီး ထိတ်လန့်သွားတာကြောင့် သတိလစ်သွားတာ ဖြစ်ပါတယ်”
မုကျွင်းယန် မျက်မှောင်ကြုတ်လိုက်၏။
ဤမျှ သည်းထန်သော လေပြင်းနှင့် မိုးရေထဲတွင် သူမ ဤကဲ့သို့ အဝတ်အစားမျိုးနှင့် ထွက်ပြေးလာခဲ့သည်တဲ့လား...
သူ ခေါင်းလှည့်ကာ ချီယွီကို ကြည့်လိုက်သည်။
ချီယွီက ကြောက်လန့်လွန်းသဖြင့် ခေါင်းလေးပုကာ ဒူးထောက်ကျမတတ် ဖြစ်သွားရ၏။
ဒါပေမဲ့ မိန်းကလေးကုက အဲဒီလိုအဝတ်အစားမျိုးနဲ့ တစ်ကိုယ်လုံး စိုရွှဲနေခဲ့တာလေ... တကယ်လို့ ငါသာ သူ့ကို ထိတွေ့ပြီး ကူညီဖို့ ကြိုးစားခဲ့ရင်...
ငါ့ရဲ့လက်နှစ်ဖက်ကို ငါ လိုချင်သေးတယ်လေ...
သခင်ကြီး မျက်လုံးတွေက ဒီလောက်တောင် ကြောက်စရာကောင်းမနေလို့ မရဘူးလား...
“သခင်ကြီး...”
သမားတော် တွေဝေစွာ ခေါ်လိုက်သည်။
“အသက်ကယ်ဖို့က ပိုအရေးကြီးပါတယ်... ဘာမဆို ပွင့်ပွင့်လင်းလင်းသာ ပြောပါ...”
ချီယွီကို အပြစ်ပေးရန်ထက် ကုဟွား၏အရေးကိုသာ မုကျွင်းယန် ပိုအာရုံစိုက်နေမိသည်။
သမားတော်က ခေါင်းခါလိုက်သည်။
“အသက်အန္တရာယ်ကြောင့် မဟုတ်ပါဘူး...မနေ့က မိန်းကလေးကုရဲ့ လက်တွေကို ပတ်တီးစည်းပေးတုန်းက သူ့လက်သည်းတွေမှာ တစ်ခုခုမှားနေတာကို ကျွန်တော် သတိထားမိခဲ့တယ်...အခုပဲ သေချာစစ်ဆေးကြည့်တော့ လက်သည်းအောက်မှာ နှစ်ပေါင်းများစွာ အပ်နဲ့ အထိုးခံထားရတဲ့ ဒဏ်ရာတွေ ရှိနေတာကို တွေ့ရပါတယ်...ဒဏ်ရာအဟောင်းရော အသစ်ရော ရောနေတာပဲ... ဒီလို ရက်စက်တဲ့ နည်းလမ်းမျိုးက နန်းတွင်းအကျဉ်းထောင်က အစေခံမကြီးတွေ သုံးတဲ့ နည်းလမ်းမျိုးနဲ့တောင် တူနေတယ်”
အိမ်တော်သမားတော်သည် ယခင်က နန်းတွင်းသမားတော် ဖြစ်ခဲ့ဖူးသဖြင့် အမျိုးသမီးများအပေါ် ကျင့်သုံးသည့် ဤကဲ့သို့ ရက်စက်သော နှိပ်စက်နည်းများကို မြင်ဖူးခဲ့ခြင်း ဖြစ်သည်။
မုကျွင်းယန် မျက်မှောင်ကြုတ်လိုက်မိသည်။
ဘယ်သူကများ သူ့အပေါ် ဒီလောက်တောင် ရက်စက်နိုင်ရတာလဲ...
မုအန်းက ကုဟွားအပေါ် ယုတ်မာသည့် အတွေးမျိုးရှိနေပြီး ကုဝမ်ရုကလည်း သူမကို သဘောကျမည် မဟုတ်ပေ။
ဒါပေမဲ့ သူတို့က ညီအစ်မအရင်းအချာတွေပဲမလား...
“စုံစမ်းခိုင်းထားတာ ဘယ်လိုလဲ...”
မုကျွင်းယန်က ချီယွီကို ကြည့်လိုက်၏။
ချီယွီ ပျာပျာသလဲပင် ပြန်ဖြေသည်။ “အခုထိ စုံစမ်းနေတုန်းပါပဲ...”
ကျိုးချွန်းယွီ ခေါင်းခဲနေရပြီ ဖြစ်သည်။
ကုမိသားစုထံ လက်ဆောင်ပို့ရန် သခင်ကြီး ပေးထားသော အမိန့်က ယခုထိ မပြီးမြောက်သေးပေ။
ယခုမူ ခမည်းခမက်တော်စပ်သည့် မိသားစုမှ မမလေးက သူမ ခဲအိုအိမ်တော်တွင် ဤကဲ့သို့ ပြဿနာတက်နေပြီဖြစ်သည်။ အကယ်၍ ကောင်းကောင်းမကိုင်တွယ်နိုင်လျှင် အလွန်ပင် ဒုက္ခများပေလိမ့်မည်။
မုကျွင်းယန် ခဏတာမျှ စဉ်းစားပြီးနောက် သမားတော်ကို ပြောလိုက်သည်။
“မင်းရဲ့ နောက်ဆုံး အမျိုးသမီးတပည့်ကို လက်ခံထားတယ်လို့ ငါကြားတယ်...သူ အိမ်တော်မှာ လာပြီး အလုပ်အကျွေးပြုဖို့ ဆန္ဒရှိမလား...လစာကို မင်းစိတ်ကြိုက် သတ်မှတ်နိုင်တယ်...”
သမားတော်၏ မျက်လုံးများ တောက်ပသွားသည်။
“ကျွန်တော် ပြန်သွားရင် မေးကြည့်လိုက်ပါ့မယ်... သူ့ မိသားစုက ဆင်းရဲတော့ သဘောတူမှာ သေချာပေါက်ပါပဲ... ဒါပေမဲ့ အကျင့်စရိုက်က နည်းနည်းတော့ ထူးဆန်းပါတယ်...”
“ခန္ဓာကိုယ်ကို ပြုစုစောင့်ရှောက်ပေးနိုင်ရင်ပဲ ရပါပြီ”
သမားတော် ခေါင်းညိတ်ပြသည်။
“သူက ဆေးဝါးဗေဒမှာ အထူးကျွမ်းကျင်ပါတယ်”
သခင်ကြီး မိန်းကလေးကုအတွက်သီးသန့် အထူးအမျိုးသမီးသမားတော်တစ်ယောက်ကိုပါ ရွေးချယ်ပေးနေသည်တဲ့လား။
သခင်မအိုကြီးကလွဲလို့ ဒီလိုမျိုး အထူးဂရုစိုက်ခံရတဲ့သူ ဘယ်သူရှိသေးလို့လဲ။
ကျိုးချွန်းယွီ၏ ပါးနပ်လှသော မျက်လုံးများ တစ်ချက်ဝေ့သွားသည်။
သူသည် အမြန်ပင် ရှေ့သို့ တိုးလာကာ အလိုက်တသိဖြင့် လျှောက်တင်လိုက်၏။
“သခင်ကြီး... မိန်းကလေးကု ပြောင်းရွှေ့နေထိုင်ဖို့အတွက် ဝမ်ဟန်ရွှမ်ထဲက တိတ်ဆိတ်တဲ့ နေရာတစ်ခုကို ကျွန်တော် ရွေးချယ်ပေးရမလား...သူ့ဒဏ်ရာတွေနဲ့ဆိုရင် အတော်ကြာအောင် အနားယူဖို့ လိုလိမ့်မယ် ထင်ပါတယ်”
မုကျွင်းယန် သူ့ကို ခပ်စောင်းစောင်း ကြည့်လိုက်ပြီး အသံက အေးစက်နေ၏။
“ဝမ်ဟန်ရွှမ်မှာ နေခိုင်းရမယ် ဟုတ်လား...”
ကျိုးချွန်းယွီ၏ နှလုံးသားမှာ တစ်ချက် ဆောင့်ခုန်သွားရသည်။
ငါ ခန့်မှန်းတာ မှားသွားတာများလား...