← Chapters

အခန်း ၂၆

Vol. 3 Ch. 26

အခန်း ၂၆

Vol. 3 Ch. 26

အခန်း(၂၆)

ချီယွီကို အပြစ်ပေးရန်ထက် ကုဟွား၏အရေးကိုသာ မုကျွင်းယန် ပိုအာရုံစိုက်နေမိသည်။

သမားတော်က ခေါင်းခါလိုက်သည်။

“အသက်အန္တရာယ်ကြောင့် မဟုတ်ပါဘူး...မနေ့က မိန်းကလေးကုရဲ့ လက်တွေကို ပတ်တီးစည်းပေးတုန်းက သူ့လက်သည်းတွေမှာ တစ်ခုခုမှားနေတာကို ကျွန်တော် သတိထားမိခဲ့တယ်...အခုပဲ သေချာစစ်ဆေးကြည့်တော့ လက်သည်းအောက်မှာ နှစ်ပေါင်းများစွာ အပ်နဲ့ အထိုးခံထားရတဲ့ ဒဏ်ရာတွေ ရှိနေတာကို တွေ့ရပါတယ်...ဒဏ်ရာအဟောင်းရော အသစ်ရော ရောနေတာပဲ... ဒီလို ရက်စက်တဲ့ နည်းလမ်းမျိုးက နန်းတွင်းအကျဉ်းထောင်က အစေခံမကြီးတွေ သုံးတဲ့ နည်းလမ်းမျိုးနဲ့တောင် တူနေတယ်”

အိမ်တော်သမားတော်သည် ယခင်က နန်းတွင်းသမားတော် ဖြစ်ခဲ့ဖူးသဖြင့် အမျိုးသမီးများအပေါ် ကျင့်သုံးသည့် ဤကဲ့သို့ ရက်စက်သော နှိပ်စက်နည်းများကို မြင်ဖူးခဲ့ခြင်း ဖြစ်သည်။

မုကျွင်းယန် မျက်မှောင်ကြုတ်လိုက်မိသည်။

ဘယ်သူကများ သူ့အပေါ် ဒီလောက်တောင် ရက်စက်နိုင်ရတာလဲ...

မုအန်းက ကုဟွားအပေါ် ယုတ်မာသည့် အတွေးမျိုးရှိနေပြီး ကုဝမ်ရုကလည်း သူမကို သဘောကျမည် မဟုတ်ပေ။

ဒါပေမဲ့ သူတို့က ညီအစ်မအရင်းအချာတွေပဲမလား...

“စုံစမ်းခိုင်းထားတာ ဘယ်လိုလဲ...”

မုကျွင်းယန်က ချီယွီကို ကြည့်လိုက်၏။

ချီယွီ ပျာပျာသလဲပင် ပြန်ဖြေသည်။ “အခုထိ စုံစမ်းနေတုန်းပါပဲ...”

ကျိုးချွန်းယွီ ခေါင်းခဲနေရပြီ ဖြစ်သည်။

ကုမိသားစုထံ လက်ဆောင်ပို့ရန် သခင်ကြီး ပေးထားသော အမိန့်က ယခုထိ မပြီးမြောက်သေးပေ။

ယခုမူ ခမည်းခမက်တော်စပ်သည့် မိသားစုမှ မမလေးက သူမ ခဲအိုအိမ်တော်တွင် ဤကဲ့သို့ ပြဿနာတက်နေပြီဖြစ်သည်။ အကယ်၍ ကောင်းကောင်းမကိုင်တွယ်နိုင်လျှင် အလွန်ပင် ဒုက္ခများပေလိမ့်မည်။

မုကျွင်းယန် ခဏတာမျှ စဉ်းစားပြီးနောက် သမားတော်ကို ပြောလိုက်သည်။

“မင်းရဲ့ နောက်ဆုံး အမျိုးသမီးတပည့်ကို လက်ခံထားတယ်လို့ ငါကြားတယ်...သူ အိမ်တော်မှာ လာပြီး အလုပ်အကျွေးပြုဖို့ ဆန္ဒရှိမလား...လစာကို မင်းစိတ်ကြိုက် သတ်မှတ်နိုင်တယ်...”

သမားတော်၏ မျက်လုံးများ တောက်ပသွားသည်။

“ကျွန်တော် ပြန်သွားရင် မေးကြည့်လိုက်ပါ့မယ်... သူ့ မိသားစုက ဆင်းရဲတော့ သဘောတူမှာ သေချာပေါက်ပါပဲ... ဒါပေမဲ့ အကျင့်စရိုက်က နည်းနည်းတော့ ထူးဆန်းပါတယ်...”

“ခန္ဓာကိုယ်ကို ပြုစုစောင့်ရှောက်ပေးနိုင်ရင်ပဲ ရပါပြီ”

သမားတော် ခေါင်းညိတ်ပြသည်။

“သူက ဆေးဝါးဗေဒမှာ အထူးကျွမ်းကျင်ပါတယ်”

သခင်ကြီး မိန်းကလေးကုအတွက်သီးသန့် အထူးအမျိုးသမီးသမားတော်တစ်ယောက်ကိုပါ ရွေးချယ်ပေးနေသည်တဲ့လား။

သခင်မအိုကြီးကလွဲလို့ ဒီလိုမျိုး အထူးဂရုစိုက်ခံရတဲ့သူ ဘယ်သူရှိသေးလို့လဲ။

ကျိုးချွန်းယွီ၏ ပါးနပ်လှသော မျက်လုံးများ တစ်ချက်ဝေ့သွားသည်။

သူသည် အမြန်ပင် ရှေ့သို့ တိုးလာကာ အလိုက်တသိဖြင့် လျှောက်တင်လိုက်၏။

“သခင်ကြီး... မိန်းကလေးကု ပြောင်းရွှေ့နေထိုင်ဖို့အတွက် ဝမ်ဟန်ရွှမ်ထဲက တိတ်ဆိတ်တဲ့ နေရာတစ်ခုကို ကျွန်တော် ရွေးချယ်ပေးရမလား...သူ့ဒဏ်ရာတွေနဲ့ဆိုရင် အတော်ကြာအောင် အနားယူဖို့ လိုလိမ့်မယ် ထင်ပါတယ်”

မုကျွင်းယန် သူ့ကို ခပ်စောင်းစောင်း ကြည့်လိုက်ပြီး အသံက အေးစက်နေ၏။

“ဝမ်ဟန်ရွှမ်မှာ နေခိုင်းရမယ် ဟုတ်လား...”

ကျိုးချွန်းယွီ၏ နှလုံးသားမှာ တစ်ချက် ဆောင့်ခုန်သွားရသည်။

ငါ ခန့်မှန်းတာ မှားသွားတာများလား...

အချိန်မည်မျှ ကုန်ဆုံးသွားသည်ကို ကုဟွား မသိသော်လည်း သူမ နိုးလာသောအခါ တစ်ကိုယ်လုံး နွေးထွေးနေသည်ကို ခံစားလိုက်ရသည်။

သူမ မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်ကြည့်လိုက်၏။သူမ ရှေ့မှ နေရာတစ်ခုလုံးတွင် ရေနွေးငွေ့များဖြင့် ပြည့်နှက်နေသည်။

သူမ အနည်းငယ် လှုပ်ရှားကြည့်လိုက်သောအခါမှ တစ်ကိုယ်လုံး ဗလာကျင်းလျက် သစ်သားရေချိုးကန်အတွင်း စိမ်နေခြင်းဖြစ်ကြောင်း သတိထားမိသွားတော့သည်။

ငုံ့ကြည့်လိုက်သည့်အခါ ရေများက အညိုရောင်ဖြစ်နေပြီး ဆေးဖက်ဝင်အပင်များ၏ ပြင်းရှရှအနံ့များ ထွက်ပေါ်နေ၏။ သူမ ခန္ဓာကိုယ်မှာမူ နူးညံ့ပျော့ခွေကာ အားအင်ကုန်ခမ်းနေဆဲပင်ဖြစ်သည်။

သူမ ပတ်ဝန်းကျင်ကို ကြောင်တောင်တောင်ဖြင့် ငေးကြည့်မိသည်။ ဤနေရာက သူမနှင့် မရင်းနှီးသော ရေချိုးခန်းတစ်ခု ဖြစ်နေ၏။ စိတ်ထဲတွင် ဝေဝါးနေပြီး မှတ်ဉာဏ်များကလည်း ဗလာနတ္ထိဖြစ်နေသည်။

သူမ အမှန်တကယ်ပင် မည်သည်ကိုမျှ မမှတ်မိတော့ပေ။ အတင်းစဉ်းစားရန် ကြိုးစားသော်လည်း ခေါင်းထဲမှ ထိုးကိုက်ကာ နာကျင်လာသဖြင့် ခေါင်းကို လက်ဖြင့် နှစ်ချက်ခန့် ခပ်ပြင်းပြင်း ထုလိုက်မိသည်။

“အိုး... နိုးလာပြီပဲ...”

ကျိုးကျစ်လန် သန့်ရှင်းသော အတွင်းခံအဝတ်အစားများကို ကိုင်ဆောင်ကာ ကာရံထားသော လိုက်ကာနောက်ကွယ်မှ ထွက်လာသည်။

ကုဟွား ထရန် ပြင်နေသည်ကို မြင်သောအခါ သူမက အမြန်ပင် လှမ်းတားလိုက်၏။

“မဆင်မခြင် မလှုပ်ရှားနဲ့ဦး...ခေါင်းမူးသွားလိမ့်မယ်...”

သူမသည် အဝတ်အစားများကို ချထားလိုက်ပြီး အပြင်ဘက်သို့ အော်ပြောလိုက်သည်။

“မမလေးကု နိုးလာပြီ... နင်တို့နှစ်ယောက် ဝင်လာခဲ့ကြ...”

အသက် ၁၅နှစ် ၁၆ နှစ်ခန့်ရှိသော အစေခံမလေးနှစ်ဦး ပြေးဝင်လာကြသည်။

သူတို့သည် ကုဟွားကို ဘေးတစ်ဖက်တစ်ချက်မှ တွဲထူပေးကာ အဖြူရောင် ဝါဂွမ်းစလေးဖြင့် ပတ်ပေးလိုက်ပြီး ရေချိုးကန်ထဲမှ မကာ ထုတ်ပေးလိုက်ကြ၏။

သူမကို အဝတ်အစားလဲပေးပြီး ကုတင်ပေါ်တွင် စောင်အသေအချာ ခြုံပေးပြီးနောက် အစေခံမလေးနှစ်ဦးသည် နောက်သို့ ဆုတ်သွားကြသည်။

ကျိုးကျစ်လန် ကုတင်ဘေးတွင် ထိုင်ချလိုက်ပြီး ပြုံးရွှင်နေသော မျက်နှာထားဖြင့် သူမကို ကြည့်လာ၏။

“နင် ဘာမေးချင်နေလဲဆိုတာ ငါသိတယ်...”

ကုဟွားက မျက်တောင်လေး ခတ်လိုက်သည်။

“ဒီနေရာက ယာယွင်ဆောင်လေ... အခုကစပြီး နင် မြို့စားအိမ်တော်ကနေ မထွက်သွားသရွေ့ ဒီမှာပဲ နေရတော့မှာ...”

သူမသည် ရုတ်တရက် ကုဟွားအနားသို့ တိုးကပ်လာပြီး နားရွက်နားတွင် တိုးတိုးလေး ကပ်ပြောလိုက်သည်။

“မနေ့ညက ကိစ္စနဲ့ ပတ်သက်ပြီး သခင်ကြီးက ဘယ်သူ့ကိုမှ ဘာမှမပြောကြဖို့ အမိန့်ထုတ်ထားတယ်... ဝမ်ဟန်ရွှမ်က လူတွေကတော့ ပါးစပ်ပိတ်ထားကြမှာပဲ...တခြားလူတွေကတော့ သခင်ကြီးက နင့်ကို တစ်ခုခု ကူညီခိုင်းထားတယ်လို့ပဲ သိကြတယ်... သခင်မအိုကြီးကလည်း နင့်ကို သဘောကျလို့ အနီးအနားမှာပဲ ရှိအောင် ဒီမှာ ယာယီတည်းခိုခိုင်းထားတယ်လို့ပဲ ထင်နေကြတာ...”

သခင်ကြီးက အရာရာကို ဒီလောက်အထိ အသေးစိတ် စဉ်းစားပြီး စီစဥ်ပေးထားတာလား။

ကုဟွား မှင်တက်သွားရ၏။ သူမ စိတ်ထဲတွင် ခံစားချက်မျိုးစုံ ရောထွေးနေပြီး ရင်ဘတ်ထဲတွင်လည်း မွန်းကျပ်နေ၏။

ဒါက သူ နည်းနည်းလောက် အောင်မြင်သွားပြီဆိုတဲ့ အဓိပ္ပာယ်များလား။

ကျိုးကျစ်လန် ကိုယ်ကိုပြန်မတ်လိုက်ပြီး အဓိပ္ပာယ်ပါသော အပြုံးဖြင့် ပြုံးလိုက်၏။

“နင်က ငါတို့ ဝမ်ဟန်ရွှမ်ရဲ့ ကံကောင်းတဲ့ ကြယ်ပွင့်လေးပဲ”

ကုဟွား နားမလည်နိုင်ပေ။ သူမသည် မျက်ရည်များကို ထိန်းကာ စကားပြောရန် ပါးစပ်ဟလိုက်သော်လည်း အသံထွက်မလာသည်ကို တွေ့လိုက်ရသည်။

“အာ... အသံပျောက်သွားတာလား...ခဏစောင့်ဦး”

ကျိုးကျစ်လန်သည် ချက်ချင်းပင် ဝုန်းခနဲ ထရပ်လိုက်ပြီး လေပြင်းတစ်ချက်တိုက်သွားသကဲ့သို့ အပြင်သို့ ပြေးထွက်သွားတော့သည်။

ကုဟွား အခန်းတွင်းကို ကြောင်စီစီဖြင့် ငေးကြည့်နေမိသည်။

ငါ ကျင်းရှို့ဆောင်ကနေ ယာယီလွတ်မြောက်သွားပြီလား။

အခန်းက အလွန်အမင်း မကျယ်သော်လည်း ပရိဘောဂများနှင့် အလှဆင်ပစ္စည်းများသည် အသစ်စက်စက်ဖြစ်နေပြီး အလွန်ပင် လက်ရာမြောက်လှ၏။

ကုတင်လိုက်ကာများက အသစ်ဖြစ်ပြီး စောင်သည်လည်း နူးညံ့ကာ ပိုးထည်အကောင်းစားကိုပင် အသုံးပြုထား၏။

ဤအရာများက သူမ ယခင်ဘဝ၌ မြင်သာမြင်ခဲ့ရပြီး အသုံးပြုခွင့်မရခဲ့သော အကောင်းစားပစ္စည်းများဖြစ်သည်။

တဖြည်းဖြည်းနှင့် သူမ မှတ်မိလာသည်မှာ ရေထဲသို့ မတော်တဆ ပြုတ်ကျသွားခဲ့ခြင်း ၊ မွန်းကျပ်နေခဲ့ခြင်း။

နတ်ဘုရားတစ်ပါးက ငါ့ကို ကယ်တင်ဖို့ လေမှုတ်သွင်းပေးခဲ့တာများလား။

ကုဟွားသည် သူမ နှုတ်ခမ်းများကို လက်ဖြင့် ထိကြည့်လိုက်သည်။

သူမ အတင်းပြန်စဉ်းစားရန် ကြိုးစားနေစဉ် ကျိုးကျစ်လန်၏ စူးရှသောအသံနှင့်အတူ အိမ်တော်သမားတော် ဝင်လာသည့် အသံကိုပါ ကြားလိုက်ရသည်။

“ဟွားအာကို မြန်မြန်ကြည့်ပေးပါဦး... သူ စကားမပြောနိုင်တော့ဘူး”

သမားတော် ကုဟွား၏ သွေးခုန်နှုန်းကို စမ်းသပ်ပြီးနောက် သူ လည်ချောင်းနှင့် လျှာများကိုပါ စစ်ဆေးကြည့်လိုက်သည်။

“အဆင်ပြေပါတယ်...ယာယီဖြစ်တာပါ...အအေးမိတာ ပြင်းထန်ပြီး အဖျားတက်ခဲ့တာရယ်...အော်ဟစ်ငိုယိုခဲ့ရလို့ လည်ချောင်းနာသွားတာရယ်ကြောင့် ယာယီ အသံပျောက်သွားတာပါ”

သမားတော် သူမကို နှစ်သိမ့်လိုက်သည်။

“မိန်းကလေးကုက အခုမှ ဆေးရေချိုးထားတာဆိုတော့ လူက တော်တော်လေး ဝေဝါးနေပါလိမ့်မယ်...အိပ်ရေးဝဝအိပ်လိုက်ရင် သက်သာသွားမှာပါ...”

သမားတော်၏စကားကြောင့် ကုဟွားနှင့် ကျိုးကျစ်လန်တို့ နှစ်ဦးစလုံး စိတ်အေးသွားကြသည်။

သမားတော်ကို ပြန်ပို့ပြီးနောက် ကျိုးကျစ်လန်သည် အသစ်ကြိုထားသော စိတ်ငြိမ်ဆေးရည်တစ်ခွက်ကို ကိုင်ကာ ပြန်ဝင်လာ၏။

ကုဟွားသည် ကုတင်ခေါင်းရင်းကို မှီရင်း ကျိုးကျစ်လန်၏ စကားစမြည်ပြောသံများကို နားထောင်ကာ ဆေးရည်ကို တစ်ငုံချင်း သောက်နေလိုက်သည်။

“ယာယွင်ဆောင်က သခင်မအိုကြီးနေတဲ့ ရှန့်ရွေ့ခန်းမရဲ့ ဘေးတင်ပဲ... ငါလည်း အနီးအနားမှာပဲ နေတာဆိုတော့ အားရင် သခင်မကြီးဆီ လာဆော့နေကျလေ... သခင်ကြီးက နင့်ကို ဒီမှာထားတာ ငါလည်း နင့်ကို ပြုစုပေးလို့ရအောင်လို့ပဲ...ဒါက သီးသန့်ခြံဝင်းလေးလေ...နင့်ကို ပြုစုဖို့အတွက် နာခံတတ်တဲ့ ဒုတိယအဆင့် အစေခံမလေး နှစ်ယောက်ကိုလည်း ငါရွေးပေးထားတယ်...ဘာကိုမှ မတွေးနဲ့တော့...အေးအေးဆေးဆေး အနားယူပြီး နေပြန်ကောင်းအောင်ပဲ လုပ်နော်...”

ကျိုးကျစ်လန် ဆေးမရှိတော့သော ပန်းကန်လုံးအလွတ်ကို ယူလိုက်ပြီး ကုဟွားကို စောင်ထဲပြန်ဝင်ခိုင်းကာ စောင်စွန်းများကို သေသေချာချာ ဖိပေးလိုက်သည်။

“တုန်းဟွားနဲ့ တုန်းချင်းတို့က အပြင်ခန်းမှာ ရှိနေလိမ့်မယ်...ကျန်တဲ့ကိစ္စတွေကိုတော့ ငါ့အစ်ကို ဆက်စီစဉ်လိမ့်မယ်... အများကြီး မတွေးနဲ့တော့...မြန်မြန်အိပ်တော့နော်”

ကုဟွား၏ ရင်ထဲတွင် နွေးထွေးသွားရသည်။ သူမ ကျိုးကျစ်လန်ကိုလည်း ပြန်သွားပြီး အနားယူရန် လက်ယမ်းပြလိုက်၏။

ဒါတွေအကုန် မုကျွင်းယန်ရဲ့ အစီအစဉ်တွေလား...

သခင်မအိုကြီး နာမည်ကို သုံးပြီး သူမကို အနီးအနား၌ နေရာချပေးထားခြင်းက မုအန်းအနေနှင့် မရိုးသားသော စိတ်ကူးရှိလျှင်ပင် မဆင်မခြင် မလုပ်ရဲရန် တားဆီးပေးလိုက်ခြင်းဖြစ်၏။

သူမ အစ်မဖြစ်သူကလည်း သခင်မအိုကြီးဆီကို လာခဲလှသည် မဟုတ်လော။

ဒီနည်းလမ်းနဲ့ဆိုရင်တော့ လောလောဆယ် ငြိမ်းငြိမ်းချမ်းချမ်း နေလို့ရနိုင်ပါပြီလေ။

သူ ဒီလောက်အထိ အသေးစိတ် စဉ်းစားပေးထားတယ်ဆိုရင် ငါ့ကို လက်ခံထားတော့မယ်ဆိုတဲ့ အဓိပ္ပာယ်လား။

ရုတ်တရက် အတွေးတစ်ခု သူမ၏ ဦးနှောက်ထဲသို့ လျှပ်စီးလက်သလို ဖြတ်ခနဲ ဝင်လာသည်။

ငါ့ကို လေမှုတ်သွင်းပေးခဲ့တဲ့ နတ်ဘုရားဆိုတာ မုကျွင်းယန်ပဲ ဖြစ်ရမယ်။

ကုဟွား၏ တစ်ကိုယ်လုံး တောင့်တင်းသွားရပြီး သူမ နှုတ်ခမ်းကို ပြန်လည် ထိတွေ့မိသည်။

ယုံမြို့စားကြီးက လူအများရှေ့မှာ ငါ့ကို နမ်းခဲ့တာလား။

သူမ စိတ်များ ပေါက်ကွဲလုမတတ် ဖြစ်သွားရ၏။

အရှက်ရမှု၊ ကြောက်ရွံ့မှုနှင့် မရေရာသော အနာဂတ်အတွက် စိုးရိမ်မှုတို့ ပေါင်းစပ်ကာ သူမ ခေါင်းထဲတွင် ရှုပ်ထွေးနေတော့သည်။

ဆက်မတွေးနိုင်တော့ပေ။

သူမ အနားယူရန် လိုအပ်နေသည်။

မြို့စားကြီးကို သိမ်းပိုက်နိုင်ရန်အတွက် ကြိုးစားမှုများ ဆက်လုပ်နိုင်ရန် သူမ အားအင်များ စုဆောင်းရမည်ဖြစ်သည်။

ကာရံထားသော လိုက်ကာနောက်ကွယ်တွင် လူရိပ်နှစ်ခု လှုပ်ရှားနေသည်ကို မြင်လိုက်ရ၏။

ကုဟွား ကုတင်ဘောင်ကို အသာအယာ ခေါက်လိုက်သည်။

လိုက်ကာနောက်မှ ခေါင်းလေးနှစ်လုံး ပြူထွက်လာပြီး ကုတင်ပေါ်မှ နူးညံ့သော မျက်ဝန်းများနှင့် အကြည့်ချင်းဆုံသွားကြသည်။ ထိုသူနှစ်ဦးမှာ ကုတင်ဘေးသို့ အလျင်အမြန်လျှောက်လာကာ စနစ်တကျ အရိုအသေပေးလိုက်ကြ၏။

“အစေခံ တုန့်ဟွား နဲ့ တုန့်ချင်းက မမလေးကို ဂါရဝပြုပါတယ်... ဘာများ ခိုင်းစရာ ရှိပါသလဲ”

ပြည့်ပြည့်ဖောင်းဖောင်းနှင့် ချစ်စရာကောင်းသော တုန့်ဟွားနှင့် လှပပြီး အေးဆေးသော တုန့်ချင်းတို့ ဖြစ်ကြသည်။

All Chapters