အခန်း ၂၇
Vol. 3 Ch. 27
အခန်း(၂၇)
ကုဟွား သူတို့နှစ်ဦးကို ညွှန်ပြကာ လက်နှစ်ဖက်ကို ခေါင်းအောက်ခုလျက် မျက်တောင်ခတ်ပြလိုက်သည်။
တုန့်ဟွား မျက်လုံးပြူးကြည့်နေစဉ် တုန့်ချင်းက တိုးတိုးလေး မေးလာသည်။
“မမလေးက ကျွန်မတို့ကို သွားအိပ်ခိုင်းတာလားဟင်...”
ကုဟွားက ပြုံးကာ ခေါင်းညိတ်ပြီး လက်ဝှေ့ယမ်းပြလိုက်၏။
တုန့်ဟွား ခေါင်းကို ခါယမ်းလိုက်သည်။
“ဒီအစေခံတို့က မမလေးကို စောင့်ပေးပါ့မယ်...မမလေးက နေမကောင်းဖြစ်နေတာလေ”
တုန့်ချင်းကမူ ကုဟွားက သူတို့အတွက် ငဲ့ညှာနေခြင်းမှန်း သိသဖြင့် အမြန်ပင် ပြောလိုက်သည်။
“စိတ်မပူပါနဲ့ မမလေး... ကျွန်မတို့ အပြင်ခန်းမှာ တစ်ယောက်တစ်လှည့် အိပ်ပါ့မယ်... မမလေး ရေသောက်ချင်တာဖြစ်ဖြစ် ရေအိမ်သွားချင်တာဖြစ်ဖြစ် ရှိရင် ကုတင်ဘောင်ကိုပဲ ခေါက်လိုက်ပါနော်”
ကုဟွားက ပြုံးပြလိုက်ပြီး ဖယောင်းတိုင်များကို ညွှန်ပြလိုက်တော့သည်။
“ဟုတ်ကဲ့ပါ...ဒီအစေခံက ဖယောင်းတိုင်တွေ သွားငြှိမ်းလိုက်ပါ့မယ်”
တုန့်ဟွားသည် သူမ ဂါဝန်စကို မကာ အပြေးသွားလိုက်သည်။
သူမသည် မီးအိမ်အုပ်များကို မကာ မီးတောက်များကို တစ်ခုပြီးတစ်ခု မှုတ်ထုတ်လိုက်၏။
ကျွမ်းကျင်သော လှုပ်ရှားမှုတစ်ခုတည်းဖြင့် အခန်းတွင်းရှိ ဖယောင်းတိုင်စင်ငါးခုစလုံး ငြိမ်းသွားပြီး အခန်းတစ်ခုလုံး ချက်ချင်း မှောင်အတိ ကျသွားတော့သည်။
အစေခံမလေးနှစ်ဦး ခြေသံဖွဖွဖြင့် အပြင်ခန်းသို့ ထွက်သွားကြ၏။
စိတ်ငြိမ်ဆေးရည်၏ အာနိသင်ကြောင့် ကုဟွား၏ မျက်ခွံများ လေးလံလာပြီး မကြာခင်မှာပင် နှစ်ခြိုက်စွာ အိပ်ပျော်သွားတော့သည်။
ထိုညက မုအန်း တိတ်တဆိတ် ကြိမ်ဒဏ်ငါးချက် အပေးခံခဲ့ရသည်ကို သူမ မသိခဲ့ပေ။ အပြစ်ပေးခံရပြီးနောက် သူသည် ဒေါသဖြေရန် ကျင်းရှို့ဆောင်သို့ ပြန်သွားခဲ့သည်။
ကျင်းရှို့ဆောင်တစ်ခုလုံးသည် တစ်ညလုံး ပွက်လောရိုက်နေခဲ့သည်။
ကုဟွား နိုးလာသောအခါ နေမှာ သစ်ကိုင်းဖျားများပေါ်သို့ မြင့်တက်နေပြီ ဖြစ်သည်။ မွန်းတည့်ရန် နီးကပ်နေပြီဟု ထင်ရ၏။
နွေးထွေးသော နေရောင်ခြည်သည် ပြတင်းပေါက်မှတစ်ဆင့် အခန်းထဲသို့ ဖြာကျနေသည်။ ပြတင်းပေါက် အပြင်ဘက်ရှိ မြင့်မားသော ဂင်ဂိုပင်ပေါ်မှ ကြွေကျနေသော သစ်ရွက်များကိုသာ မမြင်ရလျှင် မနေ့ညက သည်းထန်သော မိုးသက်မုန်တိုင်း ကျရောက်ခဲ့သည်ဟု ယုံနိုင်စရာပင် မရှိချေ။
ကုဟွား နူးညံ့နွေးထွေးသော ပိုးထည်စောင်များကြားတွင် လဲလျောင်းနေပြီး သင်းပျံ့သော ရနံ့လေးက သူမ၏ နှာခေါင်းဝတွင် ဝေ့ဝဲနေသည်။
ဘဝနှစ်ခုလုံးတွင် သူမ ဤကဲ့သို့ အိပ်ရေးဝဝ အိပ်စက်ခဲ့ရခြင်းမှာ ပထမဆုံးအကြိမ်ပင်ဖြစ်သည်။
အရုဏ်မတက်မီ ထပြီး လူများကို ပြုစုစောင့်ရှောက်ရန် မလိုတော့ပေ။ အလွန်အေးမြလှသော ဆောင်းရာသီတွင် သူမ အစ်မဖြစ်သူ၏ အတွင်းခံများကို ခဲမတတ် အေးစက်နေသော ရေထဲတွင် လက်ဖြင့် လျှော်ပေးရန် မလိုတော့ပေ။ ထိတ်လန့်စိုးရိမ်မှုများဖြင့် ရှင်သန်နေရန်လည်း မလိုတော့ပေ။
ပထမဆုံးအကြိမ်အဖြစ် ဘဝသည် အမှန်တကယ်ပင် မျှော်လင့်ချက်ထားရန် ထိုက်တန်သည်ဟု သူမ ခံစားလိုက်ရသည်။
“မမလေး နိုးပြီလား...ဗိုက်ဆာနေပြီလားဟင်”
တုန့်ဟွား၏ ခပ်ပြည့်ပြည့် မျက်နှာလေးက ကုတင်လိုက်ကာကြားမှ ပြူထွက်လာသည်။
ကုဟွား တောက်ပစွာ ပြုံးပြလိုက်ပြီး မျက်တောင်ခတ်ပြလိုက်၏။ မွန်းတည့်ချိန်အထိ အိပ်လိုက်ရသဖြင့် သူမ ဗိုက်က အမှန်တကယ်ပင် ဆာလောင်၍ အော်မြည်နေခဲ့ပြီ ဖြစ်သည်။
“ခဏလောက် စောင့်ပါဦး...မထပါနဲ့ဦး...အစ်မတုန့်ချင်းက အိမ်တော်သမားတော်ကို သွားခေါ်နေတယ်”
တုန့်ဟွား တခစ်ခစ်ရယ်လျက် လှည့်ထွက်ပြေးသွားတော့သည်။
မကြာမီမှာပင် အဝေးမှ အပြေးအလွှား လာနေသော ခြေသံများကို ကြားလိုက်ရသည်။
“မမလေး အစ်မကျိုးနဲ့ သမားတော် ရောက်လာပါပြီ”
တုန့်ချင်းက လိုက်ကာကို မပေးလိုက်၏။
ကျိုးကျစ်လန် သမားတော်ကို ကျော်ဖြတ်ကာ ကုတင်ဘေးသို့ တည့်တည့်လာပြီး သူမ၏ ခေါင်းကို လိုက်ကာထဲ ပြူသွင်းကာ ပြုံးပြလိုက်သည်။
“ဒီနေ့ နင့်ပုံစံက တော်တော်လေး ကြည့်ကောင်းနေပြီ”
ကုဟွား ပြုံးလျက် နှုတ်ခမ်းကို ဖိထားပြီး စောင်အောက်မှ လက်ကို လိုက်ကာအပြင်သို့ ထုတ်ပေးလိုက်သည်။
သမားတော်က သူမ သွေးခုန်နှုန်းကို စစ်ဆေးလိုက်၏။
“အဖျား နည်းနည်း ရှိနေသေးတယ်... ဆေးကို နောက်ထပ် နှစ်ရက်လောက် ဆက်သောက်လိုက်ပါ... ဒါဆိုရင် အားလုံး သက်သာသွားမှာပါ”
သမားတော်ကို ပြန်ပို့ပြီးနောက် တုန့်ချင်း သူမကို မျက်နှာသစ်ပေးကာ ဆံပင်ဖြီးပေးနေစဉ် ကျိုးကျစ်လန်က ဘေးတွင် ထိုင်ကာ စိတ်လှုပ်ရှားစွာ အတင်းစပြောတော့သည်။
“နင် မသိလို့... မနေ့ညက ကျင်းရှို့ဆောင်တစ်ခုလုံး ပွက်လောရိုက်သွားတာလေ...သခင်လေးက သန်းခေါင်ယံမှာ ကျင်းရှို့ဆောင်ကို အပြေးအလွှားသွားပြီး အဲဒီ ယန်ဘာဆိုလား ဆိုတဲ့ မိန်းမကို အဆောင်ထဲ ဆွဲခေါ်သွားပြီး မိုးလင်းတဲ့အထိ တစ်ညလုံး သောင်းကျန်းနေတာတဲ့... ရေကိုတောင် သုံးခါလောက် တောင်းခဲ့တာတဲ့... သခင်မလေးလည်း စိတ်တိုလွန်းလို့ ကျင်းခွေ့ရဲ့ အခန်းထဲမှာ ပဲ တစ်ညလုံး နေရတာ... ဗိုက်ထဲက ကလေးကလည်း မငြိမ်မသက်ဖြစ်နေပြီး သမားတော်လည်း တစ်ညလုံး အလုပ်ရှုပ်နေရတာတဲ့... ဟင်း... ငါတော့ ဘာပြောရမှန်းတောင် မသိတော့ပါဘူး”
အရိုက်ခံရတာ နည်းတောင် နည်းသေးတယ်။
မုအန်း၏ မျက်နှာကို ထောက်ထားသောအားဖြင့် ချီယွီ သူ့ကို ကွမ်းရှန်းဆောင်၏ အပြင်ဘက်သို့ တိတ်တဆိတ် ခေါ်ထုတ်ကာ ရိုက်နှက်ဆုံးမခဲ့ခြင်းနှင့် သခင်ကြီးက နှုတ်ပိတ်မိန့် ထုတ်ပြန်ထားခြင်းတို့ကိုမူ ကျိုးကျစ်လန် ထုတ်မပြောခဲ့ပေ။
ကုဟွားသည် ကြေးမှန်ထဲတွင် ရောင်ပြန်ဟပ်နေသော မိမိကိုယ်မိမိ စိုက်ကြည့်နေမိရာ မျက်ဝန်းအိမ်တို့ အနည်းငယ် ပူနွေးလာ၏။
သူမ၏ အရင်ဘဝတွင် ခံစားခဲ့ရသမျှကို ယခုအခါ ယန်ကျစ်က ခံစားနေရပြီ ဖြစ်သည်။
ယန်ကျစ်တစ်ယောက် ကောင်းမွန်သော နိဂုံးနှင့် တွေ့ပါစေဟုသာ သူမ ဆုတောင်းမိသည်။
ယခုအချိန်တွင် သူမ၏ အစ်မဖြစ်သူသည် သူမကို သခင်လေးထံ လက်ဆောင်အဖြစ် ပေးအပ်ခဲ့စဉ်ကထက်ပင် ပို၍ စိတ်မသက်မသာ ဖြစ်နေပေလိမ့်မည်။
သို့သော် ကုဟွား၏ စိတ်ခံစားချက်မှာမူ အလွန်ပင် ကြည်နူးနေခဲ့၏။
တကယ်တော့ လူတစ်ယောက်က ပိုပြီး ရိုးသားပြီး နာခံတတ်လေသူတို့၏ ကံကြမ္မာက ပို၍ သနားစရာကောင်းလေ ဖြစ်နေပေလိမ့်မည်။
“ဒီနေ့ မနက်အစောကြီးမှာ သခင်လေးက ကျွန်မအစ်ကိုဆီ ကိုယ်တိုင်လာရှာတယ်... ယန်ကျစ်အတွက် တာဝန်ယူချင်တယ်... သူ့ကို ကိုယ်လုပ်တော်အဆင့် မြှင့်ပေးပြီး ကျင်းရှို့ဆောင်ရဲ့ ဘေးနားတင်ရှိတဲ့ ဖူရုံဆောင်မှာ နေခိုင်းမယ်လို့ ပြောတယ်လေ”
ကုဟွား ခေါင်းလှည့်ကာ မျက်လုံးအစုံ ပြူးကျယ်သွားရသည်။
မုအန်းသည် ကာမဂုဏ် လိုက်စားသူဖြစ်သော်လည်း အမျိုးသမီးများကို တရားဝင် ကိုယ်လုပ်တော်အဆင့်သို့ မြှင့်တင်ပေးခဲလှသည်။ အကြောင်းမှာ ထိုသို့ပြုလုပ်ရန်အတွက် မြို့စားကြီးထံ အစီရင်ခံတင်ပြရသောကြောင့် ဖြစ်၏။
“ဟုတ်တယ်မလား... နင်လည်း အံ့ဩသွားတယ်မလား... သခင်လေးရဲ့ အဆောင်မှာ မိန်းမတွေ အများကြီးရှိပေမဲ့ တရားဝင် ကိုယ်လုပ်တော်က နှစ်ယောက်ပဲ ရှိတာလေ... ဒါကိုကြည့်ရင် သခင်လေးက ယန်ကျစ်ကို တကယ် သဘောကျပုံရတယ်”
ကုဟွားကမူ ဤသို့မထင်ပေ။
သူသည် ယန်ကျစ်ကို သဘောကျနေခြင်းမဟုတ်ဘဲ ကုဝမ်ရုကို စိတ်အနှောင့်အယှက်ဖြစ်အောင် တမင်လုပ်ဆောင်နေခြင်းသာ ဖြစ်ပေလိမ့်မည်။
ကျိုးကျစ်လန် ခေါင်းကိုခါယမ်းလိုက်သည်။
“အခုတော့ သခင်မလေးအတွက် ဆူပူသောင်းကျန်းစရာ အကြောင်းအသစ်တစ်ခု ထပ်တိုးလာပြန်ပြီ... နင် လွတ်အောင် ထွက်လာနိုင်တာ တကယ် ကံကောင်းတယ်... မဟုတ်ရင် အဲဒီကြားထဲမှာတင် နင် စိတ်ညစ်ရလို့ သေလိမ့်မယ်”
မှန်ပါ၏။ ယခင်ဘဝတွင် မုအန်း သူမကို အတင်းအဓမ္မ သိမ်းပိုက်ပြီးနောက်တွင် သူမသည် ငြိမ်းချမ်းစွာ ရှင်သန်နိုင်ရန်နှင့် ထွက်ပြေးဖို့ အခွင့်အရေးရရန်အတွက် သူ့ကို အစွမ်းကုန် ရှောင်တိမ်းခဲ့ပြီး အစ်မဖြစ်သူကိုလည်း ကြိုးစားပမ်းစား အလုပ်အကျွေးပြုခဲ့သည်။
သို့သော် သူတို့က သူမကို အလွတ်မပေးခဲ့ကြပေ။
အစပိုင်းတွင် မုအန်းက သူမအပေါ် ရူးသွပ်ခဲ့သော်လည်း အကြိမ်အနည်းငယ် အဓမ္မပြုကျင့်ပြီးနောက်တွင် သူမသည် အလောင်းကောင်တစ်ကောင်ကဲ့သို့ တောင့်တောင့်ကြီးနှင့် ငြီးငွေ့စရာကောင်းသည်ဟု စိတ်မရှည်စွာ ဆဲရေးတိုင်းထွာခဲ့သည်။
အဆိုးဆုံးမှာ သုံးလအကြာတွင် သူမ ကိုယ်ဝန်ရှိလာခဲ့ခြင်းပင်။ သူမကဲ့သို့ ခါးသီးသော ကံကြမ္မာမျိုးရှိမည့် ကလေးကို မမွေးဖွားချင်သဖြင့် သူမသည် တိတ်တဆိတ် သားလျှောဆေး ဖော်စပ်သောက်ခဲ့သည်။
ဆေးသောက်သည့်ည၌ပင် မုအန်း သိသွားခဲ့၏။ သူ အဆောင်ထဲသို့ ဝုန်းခနဲ ဝင်လာပြီး သူမ သားလျှောနေသည်ကို ဂရုမစိုက်ဘဲ ရက်ရက်စက်စက် ရိုက်နှက်ခဲ့သည်။
သေဆုံးသွားသည့်နေ့အထိ သူမသည် အိပ်ယာနွေးရုံသက်သက်ဖြစ်သော အစေခံတစ်ဦးထက် မပိုခဲ့ပေ။
ကုဟွား ဤလူများကို စိတ်မဝင်စားတော့ပေ။
သူမသည် ကျိုးကျစ်လန်၏ အင်္ကျီလက်ကို ဆွဲလိုက်ပြီး နှုတ်ခမ်းလှုပ်ရှားမှုဖြင့်သာ မေးလိုက်သည်။
“သခင်ကြီးရောဟင်”
“သခင်ကြီးကတော့ မနက်အစောကြီးကတည်းက အပြင်ထွက်သွားတာ အခုထိ ပြန်မလာသေးဘူး”
သူမတို့ စကားပြောနေစဉ်၌ တုန့်ဟွားသည် စားသောက်ဖွယ်ရာများ ထည့်ထားသော သေတ္တာကြီးကို အားစိုက်သယ်ယူလာကာ တံခါးမှ ဝင်လာခဲ့သည်။ သူမ အသံကိုမြှင့်ပြီး အော်ပြောလိုက်၏။
“မမလေး...နေ့လယ်စာ ရောက်ပါပြီ”
“နင် တော်တော် ဗိုက်ဆာနေမှာပဲ”
ကျိုးကျစ်လန် သူမကို အပြင်ခန်းရှိ စတုရန်းပုံစံစားပွဲဆီသို့ ဆွဲခေါ်သွားပြီး ထိုင်ခုံပေါ်တွင်ဖိကာ ထိုင်ခိုင်းလိုက်သည်။
တုန့်ဟွားသည် စားသောက်ဖွယ်ရာများ ထည့်ထားသော သေတ္တာထဲမှ ဟင်းပွဲ ၆ မျိုး၊ စွပ်ပြုတ် ၁ မျိုးနှင့် မုန့် ၂ မျိုးတို့ကို ထုတ်လိုက်၏။
ဟင်းပွဲများက ပေါ့ပေါ့ပါးပါးနှင့် အရသာရှိမည့်ပုံပေါ်ပြီး စွပ်ပြုတ်က ဆေးဖက်ဝင် ကြက်စွပ်ပြုတ် ပျစ်ပျစ်လေး ဖြစ်သည်။
ကုဟွား ကျိုးကျစ်လန်ကို အတူထိုင်ရန် ဆွဲခေါ်လိုက်သည်။
ကျိုးကျစ်လန်ကလည်း အားနာမနေတော့ဘဲ ဝင်ထိုင်လိုက်၏။
“ငါလည်း နင်နဲ့အတူ စားဖို့ လာခဲ့တာ”
မူလက ကုဟွားသည် သခင်မအိုကြီးထံ သွားရောက်ဂါရဝပြုရန် စိတ်ကူးရှိခဲ့သည်။ သူမ အိမ်နီးချင်းဖြစ်သွားသဖြင့် မျက်နှာမပြဘဲနေလျှင် မလျော်ကန်သလို ဖြစ်နေလိမ့်မည်။
၎င်းအပြင် မုကျွင်းယန်သည် အလွန်သိတတ်သော သားတစ်ယောက် ဖြစ်သည်။ အကယ်၍ သူမ သခင်မအိုကြီး၏ အချစ်ကို ရအောင် လုပ်နိုင်လျှင် မြို့စားကြီးကို သိမ်းပိုက်မည့် သူမ ရည်မှန်းချက်အတွက် များစွာ အထောက်အကူဖြစ်ပေလိမ့်မည်။
သို့သော် ပြန်စဉ်းစားကြည့်လျှင် သူမက ဖျားနေဆဲ ဖြစ်သည်။ အကယ်၍ သခင်မအိုကြီးကို ရောဂါကူးစက်သွားစေလျှင် မကောင်းပေ။
မျက်နှာမပြဘဲ ဂါရဝတရား ပြနိုင်မယ့်နည်းလမ်းလေးများ မရှိနိုင်ဘူးလား။
ကျိုးကျစ်လန်က သူမ၏ တူဖြင့် စားပွဲကို ခေါက်လိုက်ကာ သတိပေးလိုက်သည်။
“ငါပြောမယ်... စားနေတုန်း အများကြီး မတွေးပါနဲ့...တစ်ခုခုကို စဉ်းစားချင်ရင်တောင် ဗိုက်ဝမှ ဦးနှောက်က ကြည်ကြည်လင်လင် ထွက်မှာ”
ကုဟွားက မျက်မှောင်ကြုတ်ထားသည်ကို လျှော့ချလိုက်ပြီး ချိုသာစွာ ပြုံးပြကာ အစားအစာကိုသာ အာရုံစိုက်၍ စားသောက်လိုက်တော့သည်။
နှစ်ယောက်သား နေ့လယ်စာ စားပြီးချိန်၌ ကျိုးကျစ်လန်သည် မျက်လှည့်ပြလိုက်သလိုမျိုး ဝတ္ထုစာအုပ် နှစ်အုပ်ကို ထုတ်လိုက်ပြီး တခစ်ခစ်ရယ်ကာ လှုပ်ပြလိုက်သည်။
“အသစ်စက်စက်လေးတွေပဲ...တော်တော် စိတ်လှုပ်ရှားဖို့ ကောင်းတယ်နော်”
ကုဟွား၏ စိတ်အခြေအနေက ထူးထူးခြားခြား ကောင်းမွန်နေခဲ့သည်။
အပြင်ဘက်တွင် နေရောင်ခြည်က တောက်ပနေပြီး မိုးရွာပြီးစ လေထုလေးက လတ်ဆတ်နေ၏။ ကုဟွားသည် ကျိုးကျစ်လန်၏ လက်မောင်းကို ချိတ်ကာ ခြံဝင်းလေးထဲရှိ သစ်ပင်အောက်တွင် အတူထိုင်နေကြသည်။ လီလီပန်းဖူးများနှင့် ကြာစေ့များပါသော နို့စွပ်ပြုတ်ကို သောက်ရင်း ဝတ္ထုစာအုပ်များကို ဖတ်နေကြ၏။
နွေးထွေးသော နေရောင်ခြည်က မိန်းမပျိုလေး၏ သွယ်လျလှပသော ကိုယ်ဟန်ကို ပုံဖော်ပေးထားသည်။
သူမ ခေါင်းငုံ့ထားစဉ်တွင် ငန်းတစ်ကောင်ကဲ့သို့ လှပသော လည်တိုင်လေး ပေါ်လွင်နေပြီး သူမ၏ အသားအရေက နှင်းထက်ပင် ဖြူဝင်းနေ၏။
နက်မှောင်နေသောဆံပင်များကို ခပ်လျော့လျော့ စည်းထားပြီး ထမင်းစားတူတစ်ချောင်းတည်းဖြင့် ထိုးစိုက်ထားပုံက အေးချမ်းလှပသည့် ရေဆေးပန်းချီကားတစ်ချပ်သဖွယ် တင့်တယ်လှပလွန်းသည်။
လေညင်းတစ်ချက်အဝေ့၌ တစ်ဝက်ခန့် ဝါနေပြီဖြစ်သော ဂင်ဂိုရွက်များက နှင်းပွင့်များသဖွယ် ကြွေကျလာသည်။ အဖြူရောင်ဝတ်စုံနှင့် မိန်းမပျိုလေး၏ ခေါင်း၊ ပုခုံးနှင့် ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းလာပြီးနောက် ပုခုံးစောင်းလေးမှတစ်ဆင့် မြေပြင်သို့ လျှောကျသွားကြ၏။
မုကျွင်းယန် ဝင်လာချိန်၌ ဤမြင်ကွင်းကို အမှတ်မထင် မြင်တွေ့လိုက်ရသည်။