အခန်း ၂၈
Vol. 3 Ch. 28
အခန်း(၂၈)
ကုဟွား အရှိန်အဝါကြီးမားသော လူတစ်ယောက် ချဉ်းကပ်လာသည်ကို ခံစားလိုက်ရသဖြင့် ဝတ္ထုစာအုပ်ကို ကိုင်ထားသော လက်ချောင်းလေးများက အနည်းငယ် တောင့်တင်းသွားရ၏။
သူမ ခါးက ချက်ချင်းပင် မတ်သွားသော်လည်း ဘာမှမဖြစ်သလိုပင် ဟန်ဆောင်ကာ စာအုပ်ကို ဆက်လက် ဖတ်ရှုနေလိုက်သည်။
ကျိုးကျစ်လန် မော့ကြည့်လိုက်သောအခါ လန့်ဖျပ်သွားကာ ဝုန်းခနဲ ထရပ်လိုက်ပြီး စိတ်ထဲမှ ရေရွတ်လိုက်မိသည်။
ငါတော့ သေပါပြီ...
သူမ အလိုအလျောက်ပင် လက်ထဲမှ ဝတ္ထုစာအုပ်ကို ကုဟွား၏ ပေါင်ပေါ်သို့ ပစ်တင်လိုက်ကာ ပြုံးရွှင်သော မျက်နှာဖြင့် ရှေ့သို့ တိုးသွားလိုက်၏။
“သခင်ကြီး...ရောက်လာတာလား...”
မုကျွင်းယန် သူမကို ခပ်စောင်းစောင်း ကြည့်ပြီး မေးလိုက်သည်။
“ဒီစာအုပ်တွေ ဘယ်က ရလာတာလဲ...”
“အဲဒါ... ဟို... မိန်းကလေးကု ပျင်းနေမှာစိုးလို့...”
ကျိုးကျစ်လန်၏ စကားများ ထစ်အကုန်တော့သည်။
အကယ်၍ သခင်ကြီးသာ သူမ ရှာလာပေးသည့် စာအုပ်များက အချစ်အလွမ်း ဇာတ်လမ်းကြမ်းကြမ်းများဖြစ်ကြောင်း သိရှိသွားလျှင် သူမကို ဆူပူကြိမ်းမောင်းတော့မည်မှာ အသေအချာပင်ဖြစ်သည်။
ကုဟွားသည် စာအုပ်နှစ်အုပ်ကို ကိုင်လျက် အူကြောင်ကြောင်ဖြင့် ထရပ်လိုက်မိ၏။ သူမ၏ လှပသော မျက်ဝန်းများက သနားစဖွယ်နှင့် အပြစ်ကင်းစင်နေဟန် ပေါက်နေသည်။ သူမ ပါးစပ်ဟလိုက်သော်လည်း အသံကမူ ထွက်မလာခဲ့ပေ။
သူ မနေ့ညက သူမကို လေမှုတ်သွင်းပေးပြီး ကယ်တင်ခဲ့သည့် မြင်ကွင်းကို ကုဟွား၏ စိတ်ထဲတွင် ပြန်လည် မြင်ယောင်နေမိသည်။
မုကျွင်းယန်သည် သူမ အနားသို့ ဖြည်းညင်းစွာ လျှောက်လာခဲ့၏။ မိန်းမပျိုလေး၏ အနည်းငယ် ဖြူလျော့နေသော မျက်နှာလေးကို စိုက်ကြည့်ရင်းပင် သူက မေးလိုက်သည်။
“အခုထိ စကားမပြောနိုင်သေးဘူးလား...”
ကုဟွား ခေါင်းညိတ်ပြလိုက်သည်။
သို့သော် သူမအနေဖြင့် ရိုသေမှု ကင်းမဲ့နေသည်ကို သတိထားမိသွားသဖြင့် အရိုအသေပေးရန် ခါးကို အမြန်ပင် ညွှတ်လိုက်မိ၏။
သို့သော် သူက အနားတွင် ကပ်ရပ်နေသဖြင့် သူမ ခါးညွှတ်လိုက်သည့်အခါ သူမ ခေါင်းက သူ၏ ရင်ဘတ်ဆီသို့ တည့်တည့် တိုးဝင်မိသွားတော့သည်။
ကုဟွား အလွန်အမင်း အိုးတိုးအမ်းတမ်း ဖြစ်သွားကာ ချက်ချင်းပင် နောက်သို့ တစ်လှမ်းဆုတ်လိုက်မိ၏။
သူမ၏ မျက်နှာလေးက နီရဲသွားကာ လက်ထဲမှ ဝတ္ထုစာအုပ်များကို ခပ်တင်းတင်းပိုက်လျက် ကြောက်ရွံ့စွာ ခေါင်းလေးငုံ့ထားမိသည်။
မုကျွင်းယန်၏ အကြည့်များက သူမ ပိုက်ထားသော ပထမဆုံး စာအုပ်၏ ခေါင်းစဉ်ဆီသို့ ရောက်သွား၏။
“…”
မုကျွင်းယန်၏ မျက်နှာက ချက်ချင်းပင် မှောင်ကျသွားတော့သည်။
“နူးညံ့သော အမျိုးသမီးငယ်လေးက ကြမ်းတမ်းသော စစ်သူကြီးနှင့် ချစ်ကျွမ်းဝင်မိခြင်းတဲ့လား...”
‘ဒါ ဘယ်လိုတောင် လျှောက်တွေးပြီး ရေးထားတဲ့ အဓိပ္ပာယ်မရှိတဲ့ အရာမျိုးတွေလဲ’
မိန်းမပျိုလေးများက ဤကဲ့သို့ အဆိပ်အတောက်ဖြစ်စေသော ဝတ္ထုများကို ဖတ်ရန် မသင့်တော်ပေ။
ကျိုးကျစ်လန် တခစ်ခစ် ရယ်လိုက်၏။ သူမသည် လက်တစ်ဖက်ဖြင့် ကုဟွား၏ ရင်ခွင်ထဲမှ စာအုပ်များကို ဆွဲယူလိုက်ပြီး အခြားလက်တစ်ဖက်ဖြင့် ကုဟွားကို မုကျွင်းယန်ရှိရာဘက်သို့ တွန်းပို့လိုက်သည်။
“မိန်းကလေးကုက သခင်ကြီးကို ကျေးဇူးတင်စကား ပြောချင်လို့ ရှာနေတာပါ...”
ကုဟွားက ငိုသံတိုးတိုးလေး ထွက်သွားရသည်။ ရုတ်တရက် တွန်းပို့ခံလိုက်ရသဖြင့် သူမ ဟန်ချက်ပျက်သွားပြီး မသိစိတ်အရ ရှေ့မှ ခိုင်မာတောင့်တင်းနေသော ရင်ဘတ်ကြီးကို လက်ဖြင့် လှမ်းဖိမိသွား၏။ သူမ မျက်နှာလေးက ဖြူဖျော့သွားကာ လက်ကို ချက်ချင်းပင် ပြန်ရုပ်လိုက်မိသည်။
ဤတောင့်တင်းသန်မာသော အမျိုးသားက တောင်ကြီးတစ်တောင်ကဲ့သို့ မတ်တပ်ရပ်နေပြီး သူမ ခေါင်းက သူ၏ ရင်ဘတ်အထိသာ ရှိသည်။
သူမသည် အမျိုးသားကို တိတ်တဆိတ် ခိုးကြည့်လိုက်မိသော်လည်း သူမကို ငုံ့မိုးကြည့်နေသည့် အေးစက်သော မျက်ဝန်းများနှင့် ဆုံသွားရသည်။
သူမက ကြောက်လန့်သွားကာ မျက်လုံးလေးများကို ဟိုကြည့်ဒီကြည့်နှင့် မည်သည်ကို ကြည့်ရမှန်း မသိဖြစ်နေပြီး လှုပ်ပင် မလှုပ်ရဲတော့ပေ။
သူမ အလွန်အမင်း စိုးရိမ်နေသည်ကို မြင်လိုက်ရသည့်အခါ မုကျွင်းယန် သူ၏ လေသံကို လျှော့လိုက်သည်။
“ဘာကိုမှ အများကြီး တွေးမနေနဲ့... ဒီမှာ နေနေသရွေ့တော့ မင်းကို ဘယ်သူမှ လာမထိရဲစေရဘူး...”
ဤစကားကို ကြားလိုက်ရသည့်အခါ ကုဟွားက ခေါင်းမော့ကြည့်လိုက်မိ၏။ ထိတ်လန့်နေသော ယုန်သူငယ်လေးကဲ့သို့ အမူအရာက ချက်ချင်းပင် ပျောက်ကွယ်သွားကာ သူမ၏ လှပသော မျက်ဝန်းများ၌ လေးစားမှု၊ ယုံကြည်အားကိုးမှုများဖြင့် ပြည့်နှက်သွားသည်။ သူမ အလွန်အမင်း စိတ်လှုပ်ရှားစွာ ပြုံးလျက် ခေါင်းညိတ်ပြလိုက်၏။
မုကျွင်းယန်ကလည်း တစ်စုံတစ်ယောက်က သူ့ကို နတ်ဘုရားတစ်ပါးကဲ့သို့ လေးစားနေသည့် ထူးဆန်းသော ခံစားချက်မျိုးကို ခံစားလိုက်ရသည်။
သူမ အကြည့်များက သာမန်လူများ သူ့အပေါ် ၌ထားရှိသော လေးစားမှုမျိုးနှင့် မတူညီပေ။
သူမသည် သူ့ကို ကယ်တင်ရှင်တစ်ဦး သူမ အားကိုးရာ တစ်ဦးတည်းသောသူအဖြစ် မြင်နေပြီး တစ်ဖက်၌လည်း သူ့ကို စိတ်ဆိုးအောင် လုပ်မိမည်ကို အလွန်ပင် သတိထား စိုးရိမ်နေရှာသည်။
နှိပ်စက်ခံထားရသော ကြောင်ပေါက်စလေးတစ်ကောင်ကဲ့သို့ အလွန်ပင် သနားစဖွယ် ကောင်းလှသည်။
အလွန်ပင် သနားစဖွယ် ကောင်းလွန်းလှသည်။
မုကျွင်းယန် နှလုံးသား ထောင့်တစ်နေရာ၌ အရည်ပျော်သွားရ၏။
“ကောင်းကောင်း အနားယူလိုက်ပါ...”
မုကျွင်းယန် ဤနေရာတွင် ဆက်မနေနိုင်တော့ပေ။ သူသည် တစ်စုံတစ်ဦးကို အနိုင်ကျင့်ပြီး တာဝန်မယူချင်သော လူယုတ်မာတစ်ယောက်ကဲ့သို့ ခံစားချက်မျိုး ခံစားနေရသည်။
ကုဟွား ထွက်ခွာသွားသော သူ၏ ကျောပြင်ကို ကြောင်ကြည့်နေမိ၏။ သူမ မျက်ဝန်းထဲတွင် မျက်ရည်များ ဝိုင်းလာကာ စိတ်ပျက်ဝမ်းနည်းမှုက မျက်နှာပေါ်တွင် အထင်းသား ပေါ်နေတော့သည်။
ကျိုးကျစ်လန် ကုဟွားကို တစ်လှည့်၊ သခင်ကြီး၏ ကျောပြင်ကို တစ်လှည့် ကြည့်လိုက်ပြီးနောက် ရုတ်တရက် အခြေအနေကို သဘောပေါက်သွားသည်။
သူမက ကုဟွား၏ နားရွက်နားသို့ ကပ်ကာ တိုးတိုးလေး မေးလိုက်၏။
“နင် သခင်ကြီးကို သဘောကျနေတာလား...”
ကုဟွားက ထိတ်လန့်သွားကာ လက်နှစ်ဖက်လုံးကို အမြန်ဝှေ့ယမ်းပြီး ခေါင်းကိုလည်း ခါယမ်းပြလိုက်သည်။
ကျိုးကျစ်လန် မျက်လုံးပြူးကာ မျက်ခုံးပင့်ပြလိုက်၏။
“သဘောကျရင် သဘောကျတယ်ပေါ့... သဘောကျရင် အသံထွက်ပြီး ပြောပြရမှာလေ...”
ကုဟွားက စိုးရိမ်လွန်းသဖြင့် ငိုချင်သလို ဖြစ်လာကာ ကျိုးကျစ်လန်၏ လက်မောင်းကိုဆွဲပြီး ခေါင်းကိုသာ အဆက်မပြတ် ခါနေတော့သည်။
ကျိုးကျစ်လန်က “အာ...” ဟု အသံထွက်သွားပြီး ပြုံးလိုက်တော့သည်။
“နင်က အသံပျောက်နေသေးတာပဲ... ဒါကြောင့် အသံထွက်ပြီး ပြောလို့မှ မရသေးတာ...”
ကုဟွား၏ ငိုချင်သော်လည်း မငိုရဲဘဲ မခံချင်စိတ်များကို အတင်းအောင့်အည်းသည်းခံထားရသည့် အမူအရာလေးက ကျိုးကျစ်လန်၏ နှလုံးသားကို အကြီးအကျယ် နာကျင်စေသည်။
သူမသည် ကုဟွား၏ ပုခုံးလေးကို ဖက်လိုက်ပြီး နားရွက်နားသို့ကပ်ကာ တိုးတိုးလေး ပြောလိုက်၏။
“နင်က သခင်ကြီးရဲ့ အမျိုးသမီးဖြစ်သွားပြီပဲ... သခင်ကြီးက တာဝန်မယူဘဲ နေမှာမဟုတ်ပါဘူး...”
ကျိုးကျစ်လန်ကပါ ထိုညကကိစ္စကို သိနေတာလား...
ဒါဆိုရင်တော့ အရာရာက ပိုပြီးလွယ်ကူသွားပြီ...
သူ့ကို သဘောကျနေပြီး မဖော်ပြရဲသလို ဟန်ဆောင်ခဲ့ရသည့် သူမ ကြိုးစားမှုများက အလဟဿ မဖြစ်တော့ပေ။
ကုဟွား အလွန်အမင်း ထိတ်လန့်သွားသည့်ဟန်ဖြင့် မျက်လုံးပြူးကာ ပတ်ဝန်းကျင်ကို ပျာပျာသလဲ ကြည့်လိုက်သည်။ တုန်းချင်းနှင့် တုန်းဟွားကလည်း အဝေးသို့ ရောက်နေကြသဖြင့် အနီးအနားတွင် မည်သူမျှ ရှိမနေပေ။
သူမသည် ကျိုးကျစ်လန်ကို အခန်းတွင်းသို့ အမြန်ဆွဲခေါ်သွားပြီး စက္ကူတစ်ချပ်ကို ဖြန့်ကာ စုတ်တံဖြင့် ရေးလိုက်၏။
“ကျွန်မက မူးနေခဲ့တာပါ...သခင်ကြီးကို အပြစ်တင်လို့ မရပါဘူး...သူနဲ့ ဘာမှမဆိုင်ပါဘူး... ဒီကိစ္စကို သခင်ကြီးရှေ့မှာ ဘယ်တော့မှ ထုတ်မပြောပါနဲ့နော်...သူ့ကို အခက်အခဲ မဖြစ်စေချင်လို့ပါ...”
ကျိုးကျစ်လန် ဆွံ့အသွားရသည်။
“ငါ နင့်ကို ဝတ္ထုစာအုပ်တွေ အများကြီး ပေးဖတ်ထားတာ အလကားပါပဲလား... နင် အမြဲတမ်း သူ့အကြောင်းပဲ တွေးနေတယ်... သူ့ကို အခက်တွေ့မှာကိုပဲ စိုးရိမ်နေတယ်... နင်ကော နင့်ကိုယ်နင် ပြန်မကြည့်ဘူးလား... သူ့ကို သဘောကျရင် အပိုင်ကြံလိုက်လေ... ဘာကို ကြောက်နေတာလဲ...”
ကျိုးကျစ်လန် သူမ၏ လက်မောင်းကိုမြှောက်ကာ လက်သီးဆုပ်ပြပြီး အားပေးနေသည်။
ကုဟွားက သူမကြောင့် အမူအရာကို မနည်းထိန်းထားရ၏။
ဘယ်လိုတောင် ဖြူစင်ရိုးသားလိုက်တဲ့ ကောင်မလေးလဲ...
ယောက်ျားတစ်ယောက်ကို အပိုင်ကြံဖို့က တကယ်ပဲ အဲဒီလောက် လွယ်ကူလို့လား...
အထူးသဖြင့် မုကျွင်းယန်လို အတွေးနက်တဲ့သူမျိုးကိုပေါ့...
ကုဟွား ခဏတာ တွန့်ဆုတ်နေပြီးမှ စုတ်တံကို ပြန်ကိုင်ကာ ရေးလိုက်ပြန်သည်။
“ကျွန်မရဲ့ အဆင့်အတန်းက နိမ့်ကျလွန်းပါတယ်... သခင်ကြီးနဲ့ မထိုက်တန်ပါဘူး... ဒါကြောင့် အဲဒီညက ကိစ္စကို ဘာမှမဖြစ်ခဲ့သလိုပဲ သဘောထားလိုက်ကြရအောင်... ကျွန်မတို့ နှစ်ယောက်လုံး မူးနေခဲ့ကြတာပဲလေ... ရင်ထဲကလာတဲ့ ဆန္ဒမှ မဟုတ်ခဲ့ကြတာ... ဘာလို့ တစ်ယောက်ကိုတစ်ယောက် အနှောင်အဖွဲ့တွေ ဖြစ်စေမှာလဲ...”
ကျိုးကျစ်လန် ပါးစပ်အဟောင်းသား ဖြစ်သွားရ၏။ အတော်ကြာမှ သက်ပြင်းအရှည်ကြီးတစ်ချက် ချလိုက်မိတော့သည်။
“နင်က တကယ်ကို သဘောထား ကြီးလွန်းတာပဲ... နင့်ရဲ့ အဲဒါကိုတောင် နင် ဂရုမစိုက်ဘူးလား”
“အပျိုစင်ဘဝ” ဆိုသည့် စကားလုံးကို သူမ ထုတ်မပြောရက်ပေ။
ကုဟွား ပြုံးလိုက်ပြီး စုတ်တံဖြင့် အမြန်ရေးလိုက်၏။
“ကျွန်မကို ကယ်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်တဲ့အနေနဲ့ သခင်ကြီးအတွက် ဟင်းပွဲအချို့ ချက်ပြုတ်ပေးချင်လို့ပါ...မီးဖိုချောင်ကို အသုံးပြုလို့ ရမလားဟင်...”
ကျိုးကျစ်လန်က ခေါင်းညိတ်ပြလိုက်သည်။
“ရတာပေါ့... ငါ လိုက်ပို့ပေးမယ်”
သူတို့နှစ်ယောက် ထွက်သွားပြီးနောက် ချီယွီသည် တိတ်တဆိတ် ဝင်လာ၏။ သူသည် စားပွဲပေါ်၌ ရေးထားသော စက္ကူကို ခေါက်ကာ အိတ်ကပ်ထဲသို့ ထည့်လိုက်တော့သည်။
စာကြည့်ဆောင်အတွင်း၌ မုကျွင်းယန်သည် စားပွဲတွင် ထိုင်ကာ လှပသေသပ်သော လက်ရေးစာလုံးလေးများကို ကြည့်နေသည်။ သို့သော် စာပါအကြောင်းအရာများက သူ့ရင်ကို မငြိမ်မသက် ဖြစ်စေ၏။
တကယ်လို့ ငါသာ သူ့ကို အသိအမှတ်မပြုရင် ငါက အနိုင်ကျင့်သူ လူယုတ်မာတစ်ယောက် ဖြစ်သွားတော့မှာလား...
မုကျွင်းယန်က စိတ်ရှုပ်ထွေးသွားကာ စက္ကူကို အလုံးလိုက် ချေမွပစ်လိုက်ပြီး ‘သခင်ကြီးက နှလုံးသားမရှိတဲ့ လူယုတ်မာတစ်ယောက်ပါ’ ဆိုသည့် မျက်နှာထားဖြင့် ရပ်နေသော ကိုယ်ရံတော်ဆီသို့ ပစ်ပေါက်လိုက်သည်။
ချီယွီက လက်ဖြင့် အမိအရဖမ်းလိုက်၏။
“မီးရှို့ပစ်လိုက်...”
ဤမိန်းကလေးက မထင်မှတ်ထားလောက်အောင် စိတ်သဘောထား ပွင့်လင်းလွန်းနေသည်။
သူ ငိုယိုပြီး ငါ့ဆီမှာ တာဝန်ယူပေးပါလို့ လာတောင်းပန်သင့်တာ မဟုတ်ဘူးလား...
ဒါမှမဟုတ်... အစတည်းက သူ့ကို အလိုမရှိခဲ့တာများလား...
ငါက သူ့ထက် အသက်အများကြီး ကြီးတာမို့ ဒါက တကယ်လည်း မသင့်တော်လှပါဘူးလေ...
သူ့မှာ စေ့စပ်ထားတဲ့သူ ရှိတယ်မဟုတ်ဘူးလား...
ဒါဆိုရင်တော့ သူ့အတွက် အဖိုးတန်တဲ့ မင်္ဂလာလက်ဆောင်တွေပဲ ပြင်ဆင်ပေးလိုက်တော့မယ်...
မုကျွင်းယန် ချီယွီကို ခပ်စောင်းစောင်း စိုက်ကြည့်လိုက်သည်။
“မင်းရဲ့ အလုပ်လုပ်နှုန်းက နောက်ပိုင်းမှာ တော်တော်လေး နှေးကွေးနေတယ်... မင်းကို အနောက်မြောက်ဘက် ပြန်ပို့ပြီး ကင်းထောက်အဖြစ် ပြန်လေ့ကျင့်ခိုင်းလိုက်ရမလား...”
ချီယွီ၏ နှလုံးသားက ဒိန်းခနဲ ဆောင့်ခုန်သွားရ၏။ သူ၏ ဦးနှောက်ထဲ၌ အတွေးပေါင်း ရှစ်ရာလောက် ဖြတ်ပြေးသွားသည်။
ငါ့ရဲ့ ဘယ်လုပ်ရပ်ကများ သခင်ကြီးကို စိတ်မကျေနပ်အောင် လုပ်မိသွားတာလဲကွာ...
သန်မာသော လက်ချောင်းများက စားပွဲကို တောက်... တောက်... တောက် ဟု ခေါက်နေသည့် အသံကို ကြားလိုက်ရမှ ချီယွီက လျှောက်တင်လိုက်သည်။
“အာ... ချီယန်ဆီက စာက ဒီည ရောက်လာပါလိမ့်မယ်...”
မုကျွင်းယန်က စားပွဲပေါ် လက်ခေါက်နေခြင်းကို ရပ်တန့်ပြီး ဆိုလိုက်သည်။
“ထွက်သွားတော့...”
ချီယွီက စာကြည့်ဆောင်တံခါးမှ ထွက်လာသည့်အခါ ကျောပြင်တစ်ခုလုံး ချွေးများဖြင့် စိုရွှဲနေခဲ့သည်။
ကြည့်ရတာတော့ သခင်ကြီးက မိန်းမပျိုလေးရဲ့ အသေးအဖွဲ ကိစ္စလေးတွေအပေါ်မှာတောင် တော်တော်လေးကို ဂရုစိုက်နေပုံရတယ်…