အခန်း ၂၉
Vol. 3 Ch. 29
အခန်း(၂၉)
မီးဖိုချောင်၌ လိုအပ်သည့် ပါဝင်ပစ္စည်းများကို ပြင်ဆင်ပြီးနောက် ကုဟွား အခန်းသို့ ပြန်လာခဲ့သည်။ စာရေးစားပွဲပေါ်တွင် လွတ်နေသည်ကို တွေ့လိုက်ရသဖြင့် သူမတုန်းချင်းကို လက်ဟန်ခြေဟန်ဖြင့် ညွှန်ပြလိုက်၏။
တုန်းချင်း ဇဝေဇဝါဖြစ်သွားရ၏။
“မမလေး တစ်ခုခု ရှာနေတာလားဟင်... ဒီအစေခံ ခုနက သန့်ရှင်းရေးဝင်လုပ်တုန်းက စားပွဲပေါ်မှာ ဘာမှမရှိပါဘူး...”
ကုဟွား အခြေအနေကို နားလည်သွားသည်။
သူမ မျက်ဝန်းထဲတွင် အစီအစဉ်အောင်မြင်သွားသည့် အရိပ်အယောင်လေး တစ်ချက် ဖြတ်ပြေးသွားသော်လည်း မျက်နှာကို တည်တည်ငြိမ်ငြိမ်ထားကာ နားလည်ပါပြီဆိုသည့် အဓိပ္ပါယ်ဖြင့် ခေါင်းညိတ်ပြလိုက်၏။
တစ်စုံတစ်ယောက် သူမကို နောက်ယောင်ခံလိုက်နေသည် သို့မဟုတ် စောင့်ကြည့်နေသည်ကို သူမ သတိထားမိသည်။
မုကျွင်းယန်ကဲ့သို့ လူမျိုးသည် သူမ အပြစ်ကင်းစင်မှုကို အလွယ်တကူ ယုံကြည်မည့်သူ မဟုတ်ပေ။
သူမ သူ့ကို အပြစ်မကင်းသည့်ခံစားချက်မျိုး ခံစားရအောင် လုပ်ချင်သည်။ သို့မှသာ သူမကို သူ့အလိုလို လက်ခံလာပေလိမ့်မည်။
ကုဟွားသည် စိတ်လှုပ်ရှားပျော်ရွှင်စွာ တုန်းချင်းနှင့် တုန်းဟွားတို့ကို ခေါ်ကာ မီးဖိုချောင်သို့ ပြန်သွားတော့သည်။
မုကျွင်းယန်သည် များသောအားဖြင့် နေ့လယ်စာစားပြီးနောက် အစားထပ်မစားတတ်သော်လည်း နေစောင်းချိန်၌မူ အချိုပေါ့သော မုန့်အချို့သာ စားလေ့ရှိကြောင်း ကုဟွား စုံစမ်းသိရှိထားသည်။
သခင်မအိုကြီး၏ အကြိုက်ကို ကျိုးကျစ်လန်ထံမှ မေးမြန်းစုံစမ်းပြီးနောက် သူမ နူးညံ့ချိုအီသော မုန့်သုံးမျိုးကို ပြုလုပ်လိုက်သည်။ ကျိုးကျစ်လန်မှတစ်ဆင့် ပေးပို့ခိုင်းလိုက်သဖြင့် အရာအားလုံးမှာ ပြီးပြည့်စုံသွားတော့သည်။
…
ညနေစောင်းအချိန်၌ ကုဟွားသည် စား သောက်ဖွယ်ရာများ ထည့်ထားသည့် သေတ္တာကို ကိုယ်တိုင်သယ်ဆောင်ကာ ကွမ်းရှန်းဆောင်သို့ လာခဲ့သည်။
ပြတင်းပေါက်မှတစ်ဆင့် သူမကို မြင်လိုက်ရသောအခါ တုန်းမော့က စာရေးနေသော မုကျွင်းယန်ကို တိုးတိုးလေး လျှောက်တင်လိုက်၏။
“သခင်ကြီး...မမလေးကုက သခင်ကြီးအတွက် စားစရာတွေ ယူလာပေးတာထင်တယ်...”
မုကျွင်းယန် ခေါင်းမော့ကြည့်လိုက်သည်။ မိန်းမပျိုလေးက လည်ပင်းကော်လာမြင့်မြင့်နှင့် အစိမ်းနုရောင် ဝတ်စုံလေးကို ဝတ်ဆင်ထား၏။ ခါးတွင် အဝါနုရောင် ခါးစည်းလေးကို ဖဲပြားပုံစံ စည်းနှောင်ထားပြီး ရှည်လျားသော ဖဲကြိုးစနှစ်ခုက လေထဲတွင် လွင့်နေသည်။
သူမသည် ခြံဝင်းထဲတွင် တိတ်ဆိတ်ငြိမ်သက်စွာ ရပ်နေ၏။ သူမ မျက်နှာလေးက မိတ်ကပ်မပါဘဲ သဘာဝအတိုင်း လှပနေပြီး နေဝင်ရီတရောအချိန်၏ နေရောင်ခြည်ဖျော့ဖျော့လေးက သူမကိုယ်ပေါ်သို့ ဖြာကျနေခြင်းက ပို၍ပင် ဆွဲဆောင်မှု ရှိနေစေသည်။
သို့သော်လည်း စားသောက်ဖွယ်ရာများ ထည့်ထားသော သေတ္တာကြီးက ကြီးလွန်းနေ၏။ မိန်းမပျိုလေးက အားစိုက်ကာ လက်နှစ်ဖက်ဖြင့် သယ်ထားရသဖြင့် သွယ်လျသော ခါးလေးက အလေးချိန်ကြောင့် အနည်းငယ် ကိုင်းနေရရှာသည်။
“အထဲကို ယူလာလိုက်...”
တုန်းမော့က အပြင်သို့ အမြန်ပြေးထွက်ကာ သေတ္တာကို လှမ်းယူလိုက်သည်။
သူက တိုးတိုးလေး ပြောလိုက်၏။
“အာ... လေးလှချည်လား ... ဒီလိုအချိန်မျိုးဆို သခင်ကြီးက အများကြီး မစားတတ်ဘူးလေ...”
ကုဟွား ပြုံးလျက် နှုတ်ခမ်းကို စေ့ထားပြီး လက်နှစ်ဖက်ကို ပူးကာ ကျေးဇူးတင်ကြောင်းနှင့် တောင်းပန်တိုးလျှိုးသည့် အကြည့်လေးဖြင့် ကြည့်လိုက်သည်။
တုန်းမော့က သက်ပြင်းချကာ ဆိုလိုက်သည်။
“ပြန်တော့လေ...ငါပဲ အထဲကို သယ်သွားပေးလိုက်မယ်...”
ကုဟွားက လက်ယမ်းပြပြီး နေရာ၌ပင် ဇွဲနပဲနှင့် ရပ်နေ၏။ တုန်းမော့လည်း မတတ်နိုင်တော့သဖြင့် သစ်ပင်ရိပ်အောက်မှ ကျောက်သားထိုင်ခုံလေးကို ညွှန်ပြကာ ပြောလိုက်ရတော့သည်။
“နေပူထဲမှာ ရပ်မနေပါနဲ့... ဟိုဘက်မှာ သွားထိုင်နေလိုက်ပါလား...”
ကုဟွားက ခေါင်းညိတ်ပြပြီး အလိုက်တသိ လျှောက်သွားကာ ထိုင်ခုံပေါ်တွင် သေသေသပ်သပ် ထိုင်နေလိုက်သည်။
သူမ ပြတင်းပေါက်ဘက်သို့ မျက်နှာမူကာ လက်နှစ်ဖက်ကို ဒူးပေါ်တင်ထား၏။ ဤပုံစံလေးက အလွန်ပင် လိမ္မာယဉ်ကျေးသိမ်မွေ့လှသည်။ သူမ အမူအရာက ပွတ်သပ်ပေးခြင်း ခံချင်နေသော ကြောင်လေးတစ်ကောင်နှင့်ပင် တူနေတော့သည်။
မုကျွင်းယန်သည် စာဆက်ရေးရန် ခေါင်းငုံ့လိုက်သော်လည်း အကြောင်းတစ်စုံတစ်ရာကြောင့် ခေါင်းပြန်မော့ကြည့်မိသွားသည်။ ကြောင်မလေးက သူ့ကို အားကိုးတကြီး စိုက်ကြည့်နေသည်ကို တွေ့လိုက်ရ၏။
“…”
သူမကဲ့သို့ လိမ္မာသော သမီးလေးတစ်ယောက်ကို ပြုစုပျိုးထောင်ရခြင်းကလည်း မဆိုးလှဟု သူ တွေးမိသွားသည်။ သို့သော် နှမြောစရာကောင်းသည်က သူသည် ဤဘဝတွင် ကိုယ်ပိုင်သားသမီး မရနိုင်တော့ခြင်းပင်။
မုကျွင်းယန် အကြည့်လွှဲလိုက်ပြီး တုန်းမော့ မုန့်ပွဲများကို ထုတ်နေသည်ကို ကြည့်ကာ မျက်မှောင်ကြုတ်လျက် ထရပ်လိုက်သည်။
“ဒါတွေက ဘာတွေလဲ...”
အိုး...အိုး...
တုန်းမော့ စိတ်ထဲ၌ ရေရွတ်မိသွားသည်။ သခင်ကြီး၏ မျက်နှာထားက သဘောမကျသည့်ပုံ ပေါက်နေ၏။
“မိန်းကလေးကုက သခင်ကြီးရဲ့ အကြိုက်ကို မသိလို့ နည်းနည်းပိုလုပ်လာတာနေမှာပါ...သခင်ကြီး ကြိုက်တာလေးကို မြည်းစမ်းကြည့်နိုင်ပါတယ်...”
သခင်ကြီးက တစ်ခုမျှ မြည်းကြည့်လျှင်ပင် ကုဟွားက အလွန်ပျော်ရွှင်သွားပေလိမ့်မည်။
ဝင်းဝါနေသော ထမင်းတစ်ပွဲ၊ ပါးပါးလှီးထားသည့် ကျောက်ကပ် မွှေကြော်တစ်ပွဲ၊ လန်းဆန်းစေမည့် အရန်ဟင်းနှစ်ပွဲ၊ ဆန်ပြုတ် ပန်းကန်တစ်လုံးနှင့် အချိုပွဲ မုန့်နှစ်မျိုးပါသော ပန်းကန်တစ်ချပ်။ အစားအစာများ၏ ပြင်ဆင်ပုံကို ကြည့်ရုံနှင့်ပင် ပြင်ဆင်သူ၏ အနုစိတ်စိတ်ကူးကို သိသာစေသည်။
သူမ တကယ်ကို စိတ်ရောကိုယ်ပါ နှစ်ပြီး လုပ်ထားပေးခြင်း ဖြစ်ရမည်။
မုကျွင်းယန် ပြတင်းပေါက်အပြင်ဘက်သို့ တစ်ချက် ကြည့်လိုက်၏။ မိန်းမပျိုလေးက သူမ ငန်းတစ်ကောင်ကဲ့သို့ လှပကျော့ရှင်းနေသော လည်တိုင်လေးကို ဆန့်ထုတ်ကာ အထဲသို့ ချောင်းကြည့်ရန် ကြိုးစားနေသည်။ သို့သော် အကွာအဝေးက ဝေးနေသည့်အပြင် ပြတင်းပေါက်စက္ကူကြောင့် အခန်းက မှောင်နေသဖြင့် သူမ သေချာမမြင်ရပေ။
“သူ့ကို အထဲဝင်လာခိုင်းလိုက်...”
တုန်းမော့ အတိုင်းမသိ ဝမ်းသာသွားကာ တံခါးဝသို့ ပြေးထွက်ပြီး ကုဟွားကို လက်ယပ်ခေါ်လိုက်သည်။
“သခင်ကြီးက အထဲဝင်ခဲ့ဖို့ ပြောလိုက်ပါတယ်...”
ကုဟွား အထဲသို့ ဝင်လာခဲ့သည်။ သူမ စိတ်လှုပ်ရှားနေသဖြင့် ခေါင်းကို အနည်းငယ်ငုံ့ကာ အရိုအသေပေးလိုက်၏။
မုကျွင်းယန်က စားပွဲပေါ်ရှိ အစားအစာများကို ညွှန်ပြကာ မေးလိုက်သည်။
“ဒါတွေအားလုံးက ဘာတွေလဲ...”
ကုဟွားက ရှက်ပြုံးလေး ပြုံးလိုက်ပြီး စာရေးစားပွဲရှိရာသို့ ညွှန်ပြလိုက်၏။
မုကျွင်းယန်က ခေါင်းညိတ်ပြသည်။
သင်းပျံ့သော ရနံ့လေးနှင့်အတူ သူမသည် စာရေးစားပွဲဆီသို့ ယဉ်ကျေးသိမ်မွေ့စွာ လျှောက်သွားပြီး စုတ်တံကို ကိုင်ကာ စာရေးလိုက်၏။
မုကျွင်းယန်ကလည်း သူမ ဘေးနား၌ လိုက်ပါရပ်တန့်လိုက်သည်။
သူ့ကြီးမားလှသော ဖိအားများအောက်တွင် ကုဟွား၏ စုတ်တံကိုင်ထားသော လက်က အနည်းငယ် တောင့်တင်းနေ၏။
သူ့ကိုယ်ပေါ်မှ ခပ်ဖျော့ဖျော့ ဆပ်ပြာနံ့လေးကို ရလိုက်သည့်အခါ သူမ အသက်ပြင်းပြင်းတစ်ချက်ရှူကာ စိတ်ကို တည်ငြိမ်အောင်ထားပြီး လက်ရေးမှန်မှန်ဖြင့် ရေးလိုက်တော့သည်။
“တူကော်အခေါက်နဲ့ ဆိတ်ကျောက်ကပ်မွှေကြော်၊ ရွှေရောင်ငါးဥထမင်းကြော်၊ ကြာစွယ်ကြွပ်ကြွပ်လေးနဲ့ လီလီပန်းဖူး မွှေကြော်၊ ကြာစေ့ပါတဲ့ ကလောဥဆန်ပြုတ်၊ နှမ်းနက်ဖရုံသီးမုန့် နဲ့ သစ်အယ်သီးမုန့်တို့ ဖြစ်ပါတယ်”
သူမ ပြင်ဆင်ထားသည်က တော်တော်လေး အသေးစိတ်လှသည်။
ထိုမိန်းကလေးက ဆက်ရေးပြန်သည်။
“ဒီပါဝင်ပစ္စည်းတွေအားလုံးက အမျိုးသားတွေရဲ့ ခန္ဓာကိုယ်ကို အားဖြည့်ပေးဖို့ သင့်တော်ပါတယ်...ကျောက်ကပ်ကို အားကောင်းစေတယ်...ခါးနာတာကို သက်သာစေတယ်...သွေးအားကောင်းစေပါတယ်...အဆုတ်ကို အားဖြည့်ပေးသလို အစာအိမ်နဲ့ ကျောက်ကပ်ကိုလည်း အကျိုးပြုပြီး အသက်ဓာတ်ကို ဖြည့်ပေးပါတယ်...ကျွန်မရဲ့ ကျေးဇူးတင်ခြင်း အထိမ်းအမှတ် လက်ဆောင်လေးမို့လို့ သခင်ကြီး စိတ်ချမ်းသာစွာနဲ့ သုံးဆောင်ပေးပါ...”
မုကျွင်းယန်: “...”
ဘာတွေပြောနေလဲဆိုတာ ကိုယ်တိုင်ရော သိရဲ့လား...
ကုဟွား ခေါင်းကို အနည်းငယ်မော့ကာ အရပ်ရှည်ရှည်နှင့် အမျိုးသားကို စိုးရိမ်တကြီး ခိုးကြည့်လိုက်သည်။
“မင်းက ဆေးဖက်ဝင်အပင်တွေအကြောင်း နားလည်တာလား...”
မုကျွင်းယန်၏ လေသံမှာ အဓိပ္ပာယ်တစ်ခုခု ပါနေသယောင် ရှိနေသည်။
ကုဟွားက ဆက်ရေးလိုက်၏။
“ကိုယ်လုပ်တော်ပိုင်က ကျွန်မကို အမျိုးသားတွေအတွက် အားရှိစေမဲ့ ဟင်းလျာတွေ သင်ပေးခဲ့တာပါ... ဆေးပညာအကြောင်းတော့ နားမလည်ပါဘူး...”
တကယ်တမ်း၌ သူမက အနည်းငယ် နားလည်ပါသည်။ ယခင်ဘဝတုန်းက သူမ၏ ဒဏ်ရာများကို ကုသရန်အတွက် သင်ယူခဲ့ဖူးခြင်း ဖြစ်၏။ သူမ မသေဆုံးမီ ကိုယ်ဝန်ဖျက်ချရန် သောက်ခဲ့သည့် ဆေးရည်ကလည်း သူမကိုယ်တိုင် ဖော်စပ်ပြင်ဆင်ခဲ့ခြင်းသာ ဖြစ်သည်။
သို့သော် သူမ၏ အရည်အချင်းများကို ဖုံးကွယ်ထားရမည်။ မုကျွင်းယန်ကို သူမ အများကြီးသိနေသည်ဟု မထင်စေချင်ပေ။
ထို့ပြင် ဤဟင်းလျာများကို အဓိပ္ပာယ်တစ်ခုခုဖြင့် တမင်သက်သက် လုပ်ပေးခြင်းဖြစ်ကြောင်းလည်း မုကျွင်းယန်ကို မသိစေချင်ပေ။
ဝတ္ထုစာအုပ်များ အများအပြား ဖတ်ထားဖူးသဖြင့် အမျိုးသားများသည် အလွန်အမင်း တော်လွန်းသော အမျိုးသမီးများကို မကြိုက်တတ်ကြောင်း သူမ သိထားသည်။
ဝတ္ထုထဲက အာဏာရှင်ဆန်သည့် ဇာတ်လိုက်မင်းသားတိုင်း နူးညံ့သိမ်မွေ့ပြီး ကိုယ့်ကိုယ်ကိုယ် မစောင့်ရှောက်နိုင်သည့် အားနွဲ့သော အမျိုးသမီးများကိုသာ နှစ်သက်ကြသည် မဟုတ်လော။
မုကျွင်းယန် သက်ပြင်းတစ်ချက် ချလိုက်သည်။
ကြည့်ရသည်မှာ သူမသည် ဤပါဝင်ပစ္စည်းများက ကာမအားတိုးဆေးများ ဖြစ်နေမှန်း မသိသလို ကျောက်ကပ်ကို အကျိုးပြုပြီး အသက်ဓာတ်ကို ဖြည့်ပေးတယ် ဆိုသည်မှာ မည်သည်ကို ဆိုလိုမှန်းလည်း နားလည်ပုံမရပေ။
သူ့ကို ဤသို့ ကျေးဇူးဆပ်ရန် ကြိုးစားပုံလေးက တကယ်တော့ အတော်လေး နေလို့ထိုင်လို့ ကောင်းလှသည်။
အမျိုးသား၏ လေသံက တည်ငြိမ်သွားသည်။
“မင်းရဲ့ လက်တွေ မသက်သာသေးဘဲ ဒါမျိုးတွေ နောက်တစ်ခါ ထပ်မလုပ်နဲ့တော့...”
ကုဟွား လိမ္မာစွာ ဆက်ရေးလိုက်သည်။
“တုန်းချင်းတို့က ကျွန်မကို ကူညီပေးကြတာပါ...ကျွန်မလက်က ရေမထိပါဘူး”
မုကျွင်းယန်သည် သူမ အလိုက်တသိ ရှိလှသော ပုံစံလေးကို ကြည့်နေမိသည်။
အကယ်၍ ထိုညက သူမ၏ ဆွဲဆောင်မှုရှိသော အမူအရာနှင့် မြူဆွယ်ပုံများကိုသာ သူ ကိုယ်တိုင် မကြုံတွေ့ခဲ့ရလျှင် သူမ အမှန်တကယ်ပင် အပြစ်ကင်းစင်လှသော ယုန်ဖြူလေးတစ်ကောင်ဟု သူ ယုံကြည်မိပေလိမ့်မည်။
“မင်း ပြန်တော့လေ...”
ကုဟွား ဘယ်အချိန်ရပ်ရမည် ဘယ်အချိန်သွားရမည်ကို သိသဖြင့် အရိုအသေပေးကာ နောက်ဆုတ်ထွက်ခွာလာခဲ့သည်။
မုကျွင်းယန် မမြင်နိုင်တော့သော နေရာသို့ ရောက်မှ သူမ နှုတ်ခမ်းလေးကို ဖိကာ ပြုံးလိုက်မိ၏။
သူ စားသည်ဖြစ်စေ၊ မစားသည်ဖြစ်စေ သူမ၏ ဖားယားမှုကို သူ လက်ခံလိုက်ပေသည်။
နောက်ရက်အနည်းငယ်အထိ သူမ မုကျွင်းယန်၏ ရှေ့မှောက်သို့ ထပ်မံ ပေါ်လာမည်မဟုတ်ပေ။
၎င်းကို ရယူရန် ခက်ခဲဟန် ကစားနည်းဟု ခေါ်သည်။
တုန်းမော့သည် ကုဟွား ထွက်ခွာသွားရာ နောက်ကျောပြင်ကို ငေးကြည့်နေသော သခင်ကြီးကို ကြည့်ကာ တိုးတိုးလေး မေးလိုက်သည်။
“သခင်ကြီး...သုံးဆောင်တော့မလား”