← Chapters

အခန်း ၃၀

Vol. 3 Ch. 30

အခန်း ၃၀

Vol. 3 Ch. 30

အခန်း(၃၀)

မုကျွင်းယန် ထိုင်လိုက်သည့်အခါ တုန်းမော့ အမြန်ပင် တူကို လှမ်းပေးလိုက်၏။ သူသည် ဟင်းပွဲအားလုံးကို တစ်လုပ်ချင်း မြည်းကြည့်လိုက်ရာ အရသာက အတော်လေးပင် ကောင်းမွန်လှသည်။

ငါးဥထမင်းကြော်၏ အရသာက ဆန်းသစ်နေသဖြင့် သူ သတိမထားမိဘဲ ကုန်အောင် စားလိုက်မိ၏။ နှမ်းနက်ဖရုံသီးမုန့်နှင့် သစ်အယ်သီးမုန့်တို့ကိုလည်း တစ်ခုစီ စားလိုက်သည်။ အချိုမကဲလှသဖြင့် သူ့အကြိုက်နှင့် ကွက်တိကျနေသည်။

စားပွဲပေါ်မှ အစားအစာများကို ကြည့်ရင်း ဒဏ်ရာရထားသော လက်ကလေးများဖြင့် တက်တက်ကြွကြွ ပြင်ဆင်နေမည့် မိန်းမပျိုလေး၏ ပုံရိပ်ကို သူ မြင်ယောင်နေမိသည်။

သူသည် တူကို ဆက်လက်ကိုင်စွဲကာ စားသောက်နေမိရာ မကြာခင်မှာပင် ဟင်းနှစ်ပွဲလုံး ပြောင်သလင်းခါသွားတော့သည်။

တုန်းမော့ မျက်လုံးပြူးသွားရ၏။ သခင်ကြီး ညနေစာကို ဤမျှလောက်ထိ အများအပြား စားသည်ကို သူ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။

မုကျွင်းယန် အလွန်အမင်း ဗိုက်ပြည့်သွားသဖြင့် သူ့ဓားကို ဆွဲကိုင်ကာ ခြံဝင်းထဲ၌ လေ့ကျင့်နေတော့သည်။

အစားအသောက်ကြောင့်လား သို့မဟုတ် ပြန်ရောက်တည်းက မြင်းမစီး၊ မြှားမပစ်ရသည်မှာ ရက်အနည်းငယ် ကြာသွား၍လား မသိ၊ သူ့တစ်ကိုယ်လုံးတွင် အင်အားများ ပြည့်လျှံနေသကဲ့သို့ ခံစားနေရ၏။

အနည်းငယ်... မတင်းတိမ်သလိုပင်...

…

ထိုညတွင်ပင် တုန်းမော့သည် “နှင်းကြာပန်းကျောက်စိမ်းလိမ်းဆေး” တစ်ပုလင်းကို လာရောက်ပို့ဆောင်ပေးသည်။

“သခင်ကြီးက နန်းတော်အထိ ကိုယ်တိုင်သွားပြီး တောင်းလာပေးတာပါ”

ကုဟွား ပြုံးရွှင်စွာ လက်ခံလိုက်သည်။ သူမ ရင်ထဲတွင်လည်း လှိုက်လှိုက်လှဲလှဲ ဝမ်းသာမိ၏။

နောက်ထပ် သုံးရက်တိုင်တိုင် ကုဟွားသည် သခင်မအိုကြီးအတွက် မုန့်များပြုလုပ်ရန် မီးဖိုချောင်၌သာ အချိန်ကုန်ဆုံးပြီး ကျိုးကျစ်လန်မှတစ်ဆင့် ရှန့်ရွေ့ဆောင်သို့ ပို့ခိုင်းလိုက်သည်။

ဤသို့ ဖားယားခြင်းက ယဉ်ကျေးရာရောက်သော်လည်း တမင်သက်သက် လုပ်ဆောင်နေသည်ဟု မထင်ရပေ။

သို့သော်လည်း မုကျွင်းယန်အတွက်မူ မည်သည့်အစားအစာမျှ ထပ်မလုပ်ပေးတော့ပေ။

သူမသည် ကျန်ရှိသော အချိန်များကို ယာယွင်ဆောင်တွင် သုံးရက်တိုင်တိုင် အေးအေးဆေးဆေး အနားယူရင်း ကုန်ဆုံးစေခဲ့သည်။

နှင်းကြာပန်း ကျောက်စိမ်းလိမ်းဆေးက အမှန်တကယ်ပင် အစွမ်းထက်လှသည်။

သူမ၏ လက်ဖဝါးပေါ်ရှိ အနာဖေးများ ကွာကျသွားပြီး အသားနုလေးများ စတင်ထွက်ပေါ်လာသည်။

“သခင်လေးကတော့ ယန်ကျစ်ကို တကယ် အလိုလိုက်နေတာပဲ... ဖူရုံဆောင်မှာ သုံးရက်ဆက်တိုက် အိပ်နေတာလေ... ဟို ယောင်းယောင်းဆိုတဲ့ တစ်ယောက်ကိုတောင် မေ့နေပြီ... ယောင်းယောင်းကလည်း စိတ်တိုလွန်းလို့ နေ့တိုင်း ခါးထောက်ပြီး ရွဲ့စောင်း ဆဲဆိုနေတော့တာပဲ... သခင်မလေးကတော့ တံခါးပိတ် နေနေပြီး ဗိုက်ထဲက ကလေးအတွက်ဆိုပြီး အိမ်တော်သမားတော်ကို ခဏခဏ ခေါ်ပြနေတာ... သမားတော်ကြီးလည်း ဒီရက်ပိုင်း တော်တော် ဒုက္ခရောက်နေရှာတယ်”

ကျိုးကျစ်လန်သည် အားလပ်ချိန်တိုင်း ကုဟွားဆီသို့ လာရောက်ကာ ကျင်းရှို့ဆောင်မှ အတင်းအဖျင်းများကို ပြောပြလေ့ရှိသည်။

ကုဟွား စိတ်ထဲမှ တွေးမိသည်။

အိမ်တော်သမားတော်ကြီး ဒီသုံးရက်အတွင်း ဘာလို့ မျက်ကွင်းတွေ ညိုပြီး အားအင်ကုန်ခမ်းနေရလဲဆိုတာ အံ့ဩစရာမရှိတော့ဘူးပဲ...

ကျိုးကျစ်လန် လက်ထဲ၌ သလဲသီးတစ်လုံးကို အခွံခွာနေသည်။ သူမသည် တောက်ပနီရဲနေသော သလဲစေ့လေးများကို ကြွေပန်းကန်ဖြူလေးထဲသို့ ခြစ်ထည့်လိုက်ပြီးနောက် ငွေဇွန်းလေးဖြင့် ခပ်ကာ ကုဟွား၏ ပါးစပ်ထဲသို့ ခွံ့ကျွေးလိုက်၏။

ကုဟွား ဝတ္ထုစာအုပ်ကို ကိုင်ထားရင်း ပါးစပ်လေးဟကာ သလဲစေ့များကို ငုံ့စားပြီး သေသေချာချာ ဝါးလိုက်သည်။ ချိုမြိန်ပြီး လန်းဆန်းစေသော သလဲရည်လေးကြောင့် သူမ စိတ်ထဲ၌ ထူးထူးခြားခြား ကြည်နူးမှုကို ခံစားနေရ၏။

ဒီရက်ပိုင်းတွေ ဘာလို့ ဒီလောက်တောင် တိတ်ဆိတ်နေတာလဲလို့ အံ့ဩနေတာ... တကယ်တော့ ကုဝမ်ရုတစ်ယောက် ငါ့ကို လာနှောင့်ယှက်ဖို့ အချိန်မရှိ ဖြစ်နေရရှာတာကိုး...

ကျိုးကျစ်လန်က သူမ မျက်လုံးလေးများဖြင့် ကုဟွားကို တစ်ချက် စောင်းကြည့်လာပြီး ရုတ်တရက် စကားလမ်းကြောင်းကို ပြောင်းလိုက်သည်။

“ဟူး... သခင်ကြီးကလည်း အလုပ်တွေ အရမ်းများလွန်းတယ်ဟာ... အိမ်တော်ထဲက ကိစ္စတွေကို စီမံခန့်ခွဲဖို့ လုံးဝကို အချိန်မရှိဘူး ဖြစ်နေတာ... အိမ်တော်မှာသာ သခင်မတစ်ယောက်လောက် ရှိရင် သိပ်ကောင်းမှာပဲ... အခုတော့ အနောက်ဆောင်တစ်ခုလုံး ရှုပ်ပွနေတော့တာပဲ...”

ထိုစကားကို ကြားလိုက်ရသောအခါ ကုဟွား အလွန်သဘောတူသည့်ဟန်ဖြင့် ခေါင်းညိတ်ပြလိုက်၏။

သူတို့က ဝတ္ထုထဲမှ ဇာတ်လိုက်မင်းသားအကြောင်း ပြောနေကြတာဆိုတော့ သူမလည်း တစ်ခုခု လုပ်ပြရမည်။ သူမ ဝတ္ထုစာအုပ်ကို ချထားလိုက်ပြီး စာရေးစားပွဲဆီသို့ လျှောက်သွားကာ စုတ်တံကို ကိုင်၍ ရေးလိုက်တော့သည်။

“သခင်ကြီးအနေနဲ့ အကျင့်စာရိတ္တရော အသိပညာပါ ပြည့်စုံမြင့်မြတ်တဲ့ ဇနီးတစ်ယောက် ရှိသင့်တယ်... မဟုတ်ရင် ယုံမြို့စားမင်းအိမ်တော်ရဲ့ ဂုဏ်သရေ ညှိုးနွမ်းသွားနိုင်သလို... သခင်ကြီး ကြိုးစားပမ်းစား တိုက်ခိုက်ပြီး ရယူထားရတဲ့ လူထုရဲ့ ယုံကြည်ကိုးစားမှုတွေလည်း အလဟဿ ဖြစ်သွားပါလိမ့်မယ်...”

ကျိုးကျစ်လန် ခေါင်းလေးစောင်းကာ မေးလိုက်၏။

“သခင်ကြီးမှာသာ ဇနီးရှိလာရင် နင် သဝန်တိုနေမှာလား...”

ကုဟွား

“ကျွန်မ ဘာလို့ သဝန်တိုရမှာလဲ... ကျွန်မကတော့ မမကျိုးလိုပဲ သခင်ကြီးရဲ့ ဘေးနားမှာ နေပြီး အလုပ်အကျွေးပြုခွင့်ရရင်ကို ကျေနပ်ပါပြီ...”

ကျိုးကျစ်လန် သူမကို လက်ညှိုးထိုးကာ ပြောလာသည်။

“ဟမ့်... ဒါတောင်မှ သခင်ကြီးကို သဘောမကျပါဘူးလို့ ပြောရဲသေးတယ်ပေါ့လေ...”

ကုဟွားက စိုးရိမ်တကြီး ဖြစ်သွားကာ အမြန်ပင် ဆက်ရေးလိုက်သည်။

“သခင်ကြီးက အင်မတန် ထက်မြက်ပြီး အရှိန်အဝါကြီးမားတဲ့သူပါ... ဒီလောကကြီးမှာရှိတဲ့ အမျိုးသမီးတိုင်းက သခင်ကြီးလို ယောက်ျားမျိုးကို သဘောကျကြတာပဲလေ... ကျွန်မရဲ့ သဘောကျမှုက ဝတ္ထုစာအုပ်တွေထဲကလို ယောက်ျားနဲ့ မိန်းမကြားက အချစ်မျိုး မဟုတ်ပါဘူး... ဒါက သူရဲကောင်းတစ်ယောက်အပေါ် ထားရှိတဲ့ ကြည်ညိုမှု... နတ်ဘုရားတစ်ပါးအပေါ် ထားရှိတဲ့ ယုံကြည်ကိုးကွယ်မှုမျိုးပါ... ကျွန်မရဲ့ ရင်ထဲမှာတော့ သခင်ကြီးက မွန်မြတ်ပြီး မြင့်မြတ်ဖြောင့်မတ်တဲ့ အမျိုးသားကောင်း တစ်ယောက်ပါပဲ...”

“ဝိုး... နင်က လူတွေကို မြှောက်ပင့်ပြောတဲ့ နေရာမှာ အရမ်းတော်တာပဲ...”

ကျိုးကျစ်လန် အံ့ဩတကြီးဖြင့် မျက်လုံးပြူးသွားတော့သည်။ သူမက လက်လှမ်းကာ စက္ကူကို လှမ်းလုလိုက်၏။

“ဒါကို ငါ သခင်ကြီးကို သွားပြဦးမယ်...”

ကုဟွား၏ မျက်နှာလေး ဖြူဖျော့သွားရသည်။ သူမ စက္ကူကို ပြန်လုရန် အတင်းပြေးသွားပြီး လည်ချောင်းထဲမှ အက်ရှရှအသံလေးဖြင့် မနည်းအော်ဟစ်နေရရှာ၏။

“မလုပ်နဲ့... မလုပ်နဲ့... မလုပ်ပါနဲ့...”

မိန်းမပျိုလေးနှစ်ဦးက တစ်ယောက်နှင့်တစ်ယောက် လိုက်တမ်းပြေးတမ်း ဆော့ကစားရင်း ရယ်မောကာ ခြံဝင်းထဲရှိ ဂင်ဂိုပင်ကြီးကို ပတ်ပြေးနေကြတော့သည်။

ရုတ်တရက် အရပ်ရှည်ရှည်နှင့် ပုံရိပ်တစ်ခုက တံခါးဝတွင် ပေါ်လာခဲ့၏။

သခင်ကြီး...

ကျိုးကျစ်လန် လန့်သွားသဖြင့် ခြေလှမ်းကို ချက်ချင်း ရုပ်သိမ်းလိုက်ရသည်။ သူမ အလိုအလျောက်ပင် လက်ထဲမှ စာရွက်ကို ကုဟွား၏ လက်ထဲသို့ အတင်းပြန်ထိုးထည့်ပေးလိုက်၏။

ကုဟွား ထိတ်လန့်တုန်လှုပ်သွားရသည်။ သူမ ဗာဒံစေ့ပုံစံ မျက်ဝန်းလေးများက ကြောက်လန့်နေသော သမင်ငယ်လေးကဲ့သို့ ဟိုဟိုဒီဒီ ပျာပျာသလဲ ကြည့်နေမိ၏။ သူမ အလောတကြီးပင် လက်ထဲမှ စာရွက်ကို အလုံးလိုက် ချေမွပစ်လိုက်ပြီး သူမ၏ အင်္ကျီလက်အထဲသို့ အတင်းထိုးထည့်လိုက်တော့သည်။

မုကျွင်းယန် မိန်းမပျိုလေးနှစ်ဦး၏ လျှို့ဝှက်သော လှုပ်ရှားမှုများနှင့် အမူအရာများအားလုံးကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။

သူမကို မတွေ့ရသည်မှာ သုံးရက်ရှိပြီဖြစ်ပြီး ထိုမိန်းမပျိုလေးထံ၌ ဤကဲ့သို့ တက်ကြွရွှင်လန်းတတ်သော တစ်ဖက်ခြမ်းလည်း ရှိနေသေးသည်ကို သူ အမှတ်မထင် ရှာဖွေတွေ့ရှိလိုက်ရသည်။

ဒီကောင်မလေး ဘာတွေများ ရေးထားလို့ ငါ့ကို မမြင်စေချင်ရတာလဲ...

သူ၏ စူးစမ်းချင်စိတ်က ချက်ချင်းပင် အရှိန်တက်လာသည်။

“အဲဒါ ဒီီကို ပေး...”

ကုဟွားက သူမထံသို့ ဆန့်တန်းလာသော လက်ဖဝါးကြီးကို ငေးကြည့်နေမိသည်။ သူမ နှုတ်ခမ်းလေးများက တုန်ယင်နေပြီး လှပသော မျက်နှာလေးကလည်း ရဲခနဲ ဖြစ်သွားရ၏။ သူမ စိုးရိမ်တုန်လှုပ်စွာ ခြေမွထားသော စက္ကူလုံးလေးကို သူ့လက်ထဲသို့ ကမ်းပေးလိုက်ရရှာသည်။

မုကျွင်းယန်က စက္ကူလုံးလေးကို ဖြန့်ပြီး ဖတ်ကြည့်လိုက်သည်။

“…”

ရင်ထဲမှာ ဘာလို့များ ဒီလောက်ချိုမြိန်ပြီး ကြည်နူးစရာကောင်းတဲ့ ခံစားချက်မျိုး ခံစားလိုက်ရတာလဲ...

မုကျွင်းယန် မိန်းမပျိုလေးနှစ်ဦးကို အေးစက်စက်တစ်ချက် ကြည့်လိုက်ပြီးနောက် မပြုံးမရယ် တည်တံ့နေသော မျက်နှာထားဖြင့် ဆိုလိုက်သည်။

“မင်းရဲ့ ခန္ဓာကိုယ်က အကောင်းပကတိ ပြန်မဖြစ်သေးဘူးလေ... ဘာလို့ လျှောက်ပြီး ပြေးလွှား ဆော့ကစားနေရတာလဲ...”

ကုဟွား ခေါင်းကိုသာ ငုံ့ထားပြီး လုံးဝ အသံမထွက်ရဲပေ။

မုကျွင်းယန်က သူ့လေသံ အလွန်ခက်ထန်သွားသည်ကို သတိပြုမိသွားသဖြင့် ချက်ချင်းပင် အသံကို လျှော့လိုက်၏။

“ကျစ်လန်က ပုံမှန်ဆို အလုပ်များတယ်... မင်းရဲ့ ကျန်းမာရေးကို စောင့်ရှောက်ပေးဖို့ တခြားလူတစ်ယောက်ကို ငါ စီစဉ်ပေးထားတယ်...”

ကုဟွားက သူ သုံးနှုန်းလိုက်သော စကားလုံးကို ထက်မြက်စွာဖြင့် ဖမ်းဆုပ်လိုက်မိနိုင်သည်။

ထိုပုဂ္ဂိုလ်က သူမကို ‘စောင့်ရှောက်ပေး’ ရန်သာ လာသည်ဖြစ်ပြီး’အလုပ်အကျွေးပြု’ ရန်အတွက် လာခြင်းမဟုတ်ပေ။

၎င်းအပြင် သခင်ကြီးကိုယ်တိုင် ခေါ်ဆောင်လာခြင်းဖြစ်၍ သူမ၌ အစေခံတစ်ဦး၏ အဆင့်အတန်းမျိုး လုံးဝမရှိသည်မှာ သေချာလှသည်။

ကုဟွား ခေါင်းမော့ကြည့်လိုက်သည့်အချိန်မှ မုကျွင်းယန်၏ နောက်ကွယ်၌ အမူအရာ အေးစက်တည်ငြိမ်လှသော မိန်းမပျိုလေးတစ်ဦး ရပ်နေသည်ကို သတိထားမိလိုက်သည်။

ထိုမိန်းမပျိုလေးကလည်း သူမကို အေးစက်စက် စိုက်ကြည့်နေ၏။

ကုဟွား ခေါင်းပြန်ငုံ့ကာ မုကျွင်းယန်ကို အရိုအသေပေးလိုက်ပြီး ယခုမှ ပြန်လည်ထွက်ပေါ်လာသည့် အက်ရှရှ အသံတိုးတိုးလေးဖြင့် ဆိုလိုက်သည်။

“သခင်ကြီးကို ကျေးဇူးတင်ပါတယ်...”

“စကားတွေ အများကြီး မပြောပါနဲ့ဦး...”

မုကျွင်းယန် သူမကို တစ်ချက် ကြည့်လိုက်သည်။ သူမကို မြင်ရသည့် အကြိမ်တိုင်း၌ သူသည် မြက်နုနုလေးကို စားမိသော နွားအိုကြီးတစ်ကောင်ကဲ့သို့ အပြစ်မကင်းသည့် ခံစားချက်မျိုး ခံစားရသော်လည်း ဝန်မခံရဲဘဲ ရှိနေ၏။

သူက မိန်းမပျိုလေးရဲ့ နှလုံးသားထဲမှာ မွန်မြတ်ပြီး မြင့်မြတ်ဖြောင့်မတ်တဲ့ အမျိုးသားကောင်းတစ်ယောက်အဖြစ် ရှိနေတာလေ...

သူ ထပ်ပြီး စကားမပြောချင်တော့ပေ။ ချက်ချင်းပြန်လှည့်ကာ ခြေလှမ်းကျဲကြီးများဖြင့် အမြန် ထွက်ခွာသွားတော့သည်။

ကုဟွား ထိုသန်မာသော ခြေသံများ ဝေးကွာသွားသည့်အခါမှ ခေါင်းကို မော့ကြည့်ရဲတော့သည်။

ကျိုးကျစ်လန် စိတ်လှုပ်ရှားစွာ သူမ လက်မောင်းကို ဆွဲလိုက်၏။ သူတို့နှစ်ဦး စကားပြောရန် ပြင်လိုက်စဉ်၌ တုန့်ဟွား အသက်ကို ပြင်းပြင်းရှူလျက် အပြေးအလွှား ဝင်လာခဲ့သည်။

“မမလေး... မမလေးရဲ့ အမေအရင်း ရောက်နေပါတယ်... မမလေးကို ကျင်းရှို့ဆောင်ကို လာခဲ့ဖို့ လှမ်းခေါ်နေပါတယ်...”

ကိုယ်လုပ်တော်ပိုင်က ဘာဖြစ်လို့ အိမ်တော်ထဲကို ဝင်လာရတာလဲ...

ကုဟွား စိုးရိမ်စိတ်ကြောင့် အလိုအလျောက်ပင် လက်နှစ်ဖက်ကို တင်းတင်းဆုပ်မိသွားသည်။

သူမ၏ ယခင်ဘဝတုန်းက ကိုယ်လုပ်တော်ပိုင်သည် ယုံမြို့စားမင်းအိမ်တော်သို့ ခြေတစ်ဖက်မျှပင် မနင်းခဲ့ဖူးချေ။

ပထမအချက်သည် ကိုယ်လုပ်တော်ပိုင်၏ အဆင့်အတန်းက နိမ့်ကျလွန်းသဖြင့် မြို့စားအိမ်တော်တံခါးကို ဝင်ရန်မလွယ်ကူခြင်းဖြစ်ပြီး ဒုတိယအချက်သည် ကုဟွားက အလွန်ရိုးသားနာခံတတ်ကာ ကုဝမ်ရုကလည်း သူမကို မုန်းတီးလှသဖြင့် ကိုယ်လုပ်တော်ပိုင်အနေဖြင့် အိမ်တော်ထဲဝင်လာပြီး အနှိမ်ခံ အစော်ကားခံလုပ်စရာ အကြောင်းရင်း မရှိခြင်းကြောင့် ဖြစ်သည်။

ကုဟွား ကြောက်ရွံ့နေသည်ဟု ထင်မှတ်ကာ ကျိုးကျစ်လန်က သူမ၏ လက်ကောက်ဝတ်ကို ဖမ်းဆွဲလိုက်၏။ “ငါ နင်နဲ့အတူ လိုက်ခဲ့ ပေးမယ်”

“မမ...”

ကုဟွားက အက်ရှရှအသံကို မနည်းညှစ်ထုတ်ကာ ခေါင်းခါပြလိုက်သည်။

သူမအပေါ် အကောင်းဆုံး ဆက်ဆံပေးသော ကျိုးကျစ်လန်ကို သူမ မိသားစုရှေ့မှောက်၌ သနားစရာကောင်းလောက်အောင် အနှိမ်ခံနေရသည့် ပုံစံမျိုးကို မမြင်စေချင်ပေ။

“ကျွန်မ မမလေးကုနဲ့အတူ လိုက်ခဲ့ပါရစေ...”

မိန်းမပျိုလေးက ရှေ့သို့ တစ်လှမ်းတိုးလာပြီး အေးစက်စက်အသံဖြင့် ပြောလိုက်သည်။

“သခင်ကြီးက မမလေးကုကို စောင့်ရှောက်ဖို့ ကျွန်မကို တာဝန်ပေးထားတာပါ...”

ကုဟွားနှင့် ကျိုးကျစ်လန်တို့က သူမကို ပြိုင်တူ ကြည့်လိုက်မိကြ၏။

“ကျွန်မနာမည်က ရှန်လီပါ... သမားတော်ဝူရဲ့ တပည့်ပါ...”

“အာ... နင်က သမားတော်ဝူရဲ့ နောက်ဆုံးပိတ် လက်ရွေးစင်တပည့်လား...”

ကျိုးကျစ်လန် အံ့ဩသွားရသည်။

ကုဟွားကမူ ဇဝေဇဝါ ဖြစ်နေဆဲပင် ဖြစ်သည်။

ကျိုးကျစ်လန်က ရှင်းပြလိုက်၏။

“ဟိုနေ့တုန်းက နင် မေ့လဲသွားတော့ သခင်ကြီးက အိမ်တော်သမားတော်ကြီးကို သူ့ရဲ့ နောက်ဆုံး တပည့်ဖြစ်သူက အိမ်တော်ထဲဝင်ပြီး နင့်ကို ပြုစုစောင့်ရှောက်ပေးဖို့ ဆန္ဒရှိ မရှိ မေးမြန်းခဲ့တာလေ... အဲဒါ သူပေါ့...”

All Chapters