← Chapters

အခန်း ၃၁

Vol. 4 Ch. 31

အခန်း ၃၁

Vol. 4 Ch. 31

အခန်း(၃၁)

ကုဟွား ပါးစပ်အဟောင်းသား ဖြစ်သွားရပြီး ခဏတာ ဘာပြန်ပြောရမှန်း မသိတော့ပေ။

သူမ ရင်ထဲတွင် လှိုက်လှိုက်လှဲလှဲ ဆို့နင့်ကာ စိတ်လှုပ်ရှားသွားရ၏။

ကျိုးကျစ်လန် တုန့်ဟွားကို အနားသို့ ဆွဲခေါ်ပြီး ပြောလိုက်သည်။

“တုန့်ဟွားက အားသန်တယ်... ဘယ်သူမဆို နင့်ကို လာအနိုင်ကျင့်ရင် တုန့်ဟွားကို ခိုင်းပြီး သူတို့ကို ရိုက်ခိုင်းလိုက်...”

တုန့်ဟွားက သူမ အင်္ကျီလက်ကို ပင့်တင်လိုက်ရင်း ဆိုလေသည်။

“ဒီအစေခံက လူရိုက်တဲ့နေရာမှာ တော်တော်လေးကို ထူးချွန်တာပါ...”

ကုဟွား မငြင်းဆန်တော့ပေ။

တကယ်လို့ မမျှော်လင့်ထားတဲ့ ကိစ္စရပ်တစ်ခုခု ဖြစ်ပွားခဲ့ရင် မြို့စားအိမ်တော်ဘက်က သက်သေတစ်ယောက်ယောက် ရှိနေတာက ပိုကောင်းနိုင်တာပဲလေ...

“အရမ်း ဒုက္ခများလွန်းတယ်... သွက်ချာပါဒဖြစ်သွားအောင် အဆိပ် ခတ်လိုက်ရင် ပြီးတာပဲကို...”

ရုတ်တရက် ထွက်ပေါ်လာသော အေးစက်စက် အသံတစ်သံကြောင့် စကားဝိုင်းက ပြတ်တောက်သွားရ၏။

လူတိုင်းသည် စောနက စကားပြောလိုက်သည့် မိန်းမပျိုလေးကို ကြောင်အမ်းစွာဖြင့် စိုက်ကြည့်မိသွားကြရ၏။

“…”

သူမ၏ ‘သူစိမ်းတွေ ဝေးဝေးနေစမ်း’ ဆိုသည့် မျက်နှာပေးနှင့် ကြည့်လျှင် ဤကဲ့သို့သော စကားမျိုး ပြောထွက်လာသည်မှာ မထူးဆန်းပေ။

ကျိုးကျစ်လန် တိုးတိုးလေး သတိပေးလိုက်သည်။

“နင်က ရောဂါဝေဒနာတွေကို ကုသပေးပြီး လူ့အသက်ကို ကယ်တင်ဖို့အတွက် ဆေးပညာသင်ထားတာလေ...”

“ကျွန်မက အဆိပ်ခတ်ရတာကို ပိုကျွမ်းကျင်ပါတယ်...”

ရှန်လီ မည်သည့်အမူအရာမျှ မပြဘဲ လိုရင်းတိုရှင်းသာ ပြန်ဖြေလိုက်၏။

ကုဟွား ဆွံ့အသွားရပြီး ပြောစရာစကား ရှာမတွေ့တော့ချေ။ သူမ တုန့်ဟွားကို အမြန်ဆွဲကာ ရှန်လီကို ပြုံးပြလိုက်သည်။ သုံးယောက်သား ကျင်းရှို့ဆောင်ဆီသို့ အတူတူ လျှောက်လှမ်းခဲ့လိုက်ကြသည်။

ရှန်လီ ရုတ်တရက် ခြေလှမ်းကို အရှိန်မြှင့်လိုက်ကာ ကုဟွားကို ဖမ်းကိုင်လိုက်ပြီးနောက် သူမ၏ လက်ဖဝါးထဲသို့ အစိမ်းရောင် ဆေးလုံးလေးတစ်လုံး လောင်းထည့်ပေးလိုက်၏။

ကုဟွားက သူမကို ယုံကြည်သဖြင့် ပြုံးလျက်ပင် ပါးစပ်ထဲထည့်ကာ ဝါးစားလိုက်သည်။

အရသာက အနည်းငယ် အေးမြမြနှင့် ချိုမြိန်လှ၏။ ၎င်းက ပါးစပ်ထဲ၌ပင် အရည်ပျော်သွားပြီး အလွန်ပင် စားကောင်းလှသည်။

အေးမြသော ခံစားချက်တစ်ခုက သူမ၏ လည်ချောင်းမှတစ်ဆင့် ဦးခေါင်းထိပ်အထိ ဆောင့်တက်သွားသည်။

မကြာမီအချိန်အတွင်း၌ပင် ကုဟွား သူမ၏ လည်ချောင်း သိသိသာသာ သက်သာသွားသည်ကို ခံစားလိုက်ရသဖြင့် စကားစမ်းပြောကြည့်လိုက်၏။

“အမ်း... အာ... အများကြီး သက်သာသွားပြီပဲ...”

ကုဟွားက အလွန်တရာ အံ့ဩဝမ်းသာသွားရ၏။

ရှန်လီကမူ ‘ဒီလောက်လေးကို ဘာလို့ အထူးအဆန်းလုပ်နေတာလဲ’ ဆိုသည့် မျက်နှာပေးမျိုး လုပ်ထား၏။

သုံးယောက်သား ကျင်းရှို့ဆောင်၏ တံခါးဝသို့ ရောက်ရှိလာကြသည်။

ကုဟွား ခြေလှမ်းများကို ရပ်တန့်လိုက်မိ၏။

သူမ၏ ဘဝတစ်ခုလုံးကို ခိုးယူဖျက်ဆီးခဲ့သော တရားခံများနှင့် ပြန်လည်မွေးဖွားလာပြီးနောက် ပထမဆုံးအကြိမ် ထိပ်တိုက်တွေ့ရမည် ဖြစ်သဖြင့် ရင်ထဲ၌ ပြည့်လျှံနေသော ဒေါသမာန်ဟုန်များက ထိန်းချုပ်ရခက်ခဲစွာ ရုန်းကန်ထကြွလာကြ၏။

သူမ အသက်ပြင်းပြင်းတစ်ချက်ရှူကာ အထဲသို့ လျှောက်ဝင်လာခဲ့သည်။

ကျင်းခွေ့သည် လိုက်ကာကို ပင့်တင်ကာ အပြင်သို့ ထွက်အလာတွင် ကုဟွားကို မြင်လိုက်ရသဖြင့် အခန်းထဲသို့ ချက်ချင်း ပြန်ဝင်သွား၏။ ခဏအကြာတွင်မှ အပြင်သို့ ပြန်ထွက်လာခဲ့သည်။

“ကိုယ်လုပ်တော်ပိုင် ရောက်နေပါတယ်... ဒုတိယမမလေး... အထဲကို ကြွပါရှင်...”

ကျင်းခွေ့သည် ကုဟွားကို ခေါ်ဝေါ်သည့် အသုံးအနှုန်းကို ‘ဒုတိယမမလေး’ဟု ပြောင်းလဲသုံးနှုန်းလိုက်သည်။ ယခင်ကဆိုလျှင် သူမက ကုဟွား၏ နာမည်ကိုသာ တည့်တည့်ခေါ်တတ်ခြင်း ဖြစ်သည်။

ကုဟွား၏ နှလုံးသားက ချက်ချင်းပင် အေးစက်သွားရ၏။

ငါ့ရဲ့ ‘မွေးမိခင်အရင်း’ ဆိုသူနဲ့ တရားဝင်သမီးအတုက နောက်ကွယ်မှာ ဘာတွေ ထပ်ပြီး ကြံစည်နေကြပြန်ပြီလဲဆိုတာ ဘယ်သူသိနိုင်မှာတဲ့လဲ...

ကုဟွား အထဲသို့ လှမ်းဝင်လိုက်ပြီး ခေါင်းပင် မမော့ရသေးချိန်၌ ကိုယ်လုပ်တော်ပိုင်၏ စူးရှလှသော အော်ဟစ်သံက အခန်းတွင်းမှ ပျံ့လွင့်လာခဲ့သည်။

“အပျက်မ... အခုချက်ချင်း ဒူးထောက်ပြီး ဝင်လာခဲ့စမ်း...”

တုန့်ဟွားနှင့် ရှန်လီတို့သည် မယုံကြည်နိုင်လောက်အောင် ဖြစ်သွားကာ မျက်လုံးများ ပြူးကျယ်သွားကြ၏။

ကုဟွား အခန်းတွင်းသို့ ဖြည်းညှင်းစွာ ဝင်လာခဲ့သည်။

ကုဝမ်ရု၏ မျက်ဝန်းများက ငိုထားသဖြင့် နီရဲကာ ဖောင်းအစ်နေပြီး ကိုယ်လုပ်တော်ပိုင်က ဒေါသတကြီး စိုက်ကြည့်နေ၏။

သူမ၏ ဘဝကို ခိုးယူကာ သူမကို ခြေဖဝါးအောက်၌ နင်းချေခဲ့ပြီး မချိမဆံ့ သေဆုံးစေခဲ့သော တရားခံများနှင့် ထိပ်တိုက်တွေ့လိုက်ရသည့်အခါ ကုဟွားအနေဖြင့် ဟန်ဆောင်ကောင်းရန်ပင် ဆက်မကြိုးစားချင်တော့ပေ။

သူမက အခန်းထဲရှိ လူနှစ်ယောက်ကို အေးစက်စက် စိုက်ကြည့်လိုက်သည်။

လှပသော မျက်နှာလေးပေါ်၌ ပုံမှန်ရှိနေတတ်သော ကျိုးနွံနာခံသည့် အမူအရာမျိုး မရှိတော့ဘဲ တည်တင်းအေးစက်နေသည်ကို မြင်တွေ့လိုက်ရသောအခါ ကိုယ်လုပ်တော်ပိုင်၏ မျက်ဝန်းများတွင် ဒေါသမီးများ ချက်ချင်း ဟုန်းခနဲ တောက်လောင်သွားပြီး ဝုန်းခနဲ ထရပ်လိုက်သည်။

မြို့စားအိမ်တော်မှ အစေခံများ နောက်၌ ပါလာသည်ကို ကုဝမ်ရု မြင်လိုက်ရသဖြင့် ကိုယ်လုပ်တော်ပိုင်ကို အမြန်ပင် ဆွဲလိုက်ရင်း ရှိုက်ကြီးတငင် ဆိုလိုက်၏။

“ကိုယ်လုပ်တော်ပိုင်... စိတ်မဆိုးပါနဲ့ဦး... ဒါက မြို့စားမင်းအိမ်တော်ထဲမှာပါ...”

ကိုယ်လုပ်တော်ပိုင်ကလည်း မြို့စားအိမ်တော်မှ လူများကို သွားရောက်မပြစ်မှားသင့်မှန်း သိသည်။

သူမက ဒေါသကို မနည်းအောင့်အည်း ထိန်းချုပ်လိုက်ရင်း အေးစက်စွာ ပြောလိုက်၏။

“မသက်ဆိုင်တဲ့လူတွေ အပြင်ထွက်သွားကြ... ငါတို့ သားအမိတွေ သီးသန့် ပြောစရာကိစ္စရှိတယ်…”

ဟူး... သူတို့က တံခါးပိတ်ပြီး မမလေးကို ထပ်နှိပ်စက်ချင်ကြပြန်ပြီပေါ့လေ...

တုန့်ဟွား ကျောကိုမတ်ကာ ရှေ့သို့ တစ်လှမ်းတိုးလိုက်သည်။

“ကုအိမ်တော်က ဒုတိယမမလေးက နေမကောင်းသေးသလို လည်ချောင်းကလည်း အသံဝင်နေပါတယ်... ကိုယ်လုပ်တော်ကုမှာ ပြောစရာရှိရင် ဒီက အစေခံတွေဖြစ်တဲ့ ကျွန်မတို့ရှေ့မှာတင် ပွင့်ပွင့်လင်းလင်း ပြောနိုင်ပါတယ်...ဒီအစေခံက မမလေးကိုယ်စား ပြန်ပြောပေးပါ့မယ်...”

အစေခံတစ်ယောက်၏ ပြန်လှန်ပြောဆိုခြင်းကို ခံလိုက်ရသဖြင့် ကိုယ်လုပ်တော်ပိုင်၏ ဒေါသက ချက်ချင်း ပေါက်ကွဲသွားတော့သည်။

သူမ စားပွဲကို ရိုက်ချကာ ဒေါသတကြီးဖြင့် အော်ဟစ်လိုက်၏။

“မြို့စားအိမ်တော်က အစေခံတွေက ဒီလောက်တောင် ရိုင်းစိုင်းကြတာလား...”

တုန့်ဟွားက နှာခေါင်းရှုံ့လျက် လှောင်ပြုံးပြုံးလိုက်သည်။

“ဟား... မြို့စားအိမ်တော်က လူတွေကတော့ ရဲရင့်ကြတာပေါ့... ရှင်တို့ မှူးမတ်အိမ်တော်ရဲ့ စည်းကမ်းတွေကသာ ပရမ်းပတာ ဖြစ်နေကြတာ... ကိုယ်လုပ်တော်ဆိုတာလည်း အစေခံတစ်ယောက်ပဲ မဟုတ်ဘူးလား... ဒီမှာ လာပြီး ဘာတွေ အခွင့်အာဏာပြနေတာလဲ... အဆင့်ကတော့ သာမန်ပါပဲ... ဟန်ကတော့ အကြီးအကျယ် ထုတ်နေလိုက်တာ...”

တုန့်ဟွားက “အရှိန်အဝါကြီးသူကို အမှီပြု၍ အခြားသူများကို အနိုင်ကျင့်ခြင်း” ဆိုသည့် စကားပုံအတိုင်း ပီပြင်စွာ သရုပ်ဆောင်ပြနေခြင်း ဖြစ်သည်။

ကုဟွားလည်း ဘေးမှကြည့်ရင်း အတော်လေး အားရကျေနပ်နေမိ၏။

သူမက ရယ်ချင်စိတ်ကို မနည်းအောင့်အည်းကာ ခေါင်းကို အမြန်ငုံ့ထားလိုက်ရသည်။

ကိုယ်လုပ်တော်ပိုင်က ဒေါသထွက်လွန်းသဖြင့် နားရွက်များမှ မီးခိုးပင် ထွက်မတတ် ဖြစ်နေတော့သည်။ သူမ ပြန်လည်ဆဲဆိုရန် ပြင်လိုက်စဉ်၌ပင် ကုဝမ်ရု သူမကို အတင်းဆွဲကာ ရွံရှာမုန်းတီးသောအကြည့်ဖြင့် စိုက်ကြည့်လိုက်၏။

တကယ်ကို အရှက်မရှိတာပဲ...

ကုဝမ်ရု မြို့စားအိမ်တော်၏ သခင်မလေးတစ်ဦးကဲ့သို့ ဂုဏ်သရေရှိလှသော အမူအရာကို ဖော်ဆောင်ကာ အက်ရှရှအသံဖြင့် ငေါက်ငမ်းလိုက်သည်။

“ကိုယ်လုပ်တော်ပိုင်... ရှင် စည်းကမ်းတွေကို နားမလည်ဘူးလား... ဒါက မြို့စားအိမ်တော်ပါ... ရှင်က ကုမှူးမတ်အိမ်တော်လို့ ထင်နေတုန်းပဲလား... ကုအိမ်တော်မှာတော့ ရှင် အခွင့်အာဏာပြချင်ပြလို့ရမယ်... ဒါပေမဲ့ ဒီနေရာမှာတော့ မြို့စားအိမ်တော်ရဲ့ စည်းကမ်းတွေကို လိုက်နာရမယ်...”

ကိုယ်လုပ်တော်ပိုင်၏ မောက်မာမှုများက လေလျှော့လိုက်သော ပူဖောင်းတစ်ခုကဲ့သို့ ချက်ချင်းပင် ကျုံ့ဝင်သွားတော့သည်။

“အကြီးဆုံး သခင်မလေး ပြောတာ မှန်ပါတယ်... သခင်မလေးက အသိအမြင်ရှိပြီး အကျိုးအကြောင်း နားလည်တတ်တာပဲ... ကုဟွားလိုမျိုး အသိဉာဏ်မရှိတဲ့ မိန်းမပျက်နဲ့ စကားပြိုင်ပြောပြီး အဆင့်အတန်းကို အကျမခံပါနဲ့ဦး”

ဟေး...

တုန့်ဟွား ဒေါသထွက်သွားရသည်။ သူမတို့ မမလေးက စကားတစ်လုံးမျှပင် မပြောရသေးဘဲ အကြောင်းမဲ့သက်သက် ဆွဲချကာ နင်းခြေခြင်း ခံလိုက်ရသည်။

သူမ ရှေ့သို့တိုးကာ ပြန်လည်ပြောဆိုရန် ပြင်လိုက်စဉ်၌ ကုဟွား သူမကို လှမ်းဆွဲလိုက်၏။

ကုဟွားက ရှေ့သို့ တစ်လှမ်းတိုးကာ ခါးလေးကို အနည်းငယ်ညွတ်ပြီး ဝင်နေသော အသံလေးဖြင့် မနည်းရုန်းကန် ကာ ပြောလိုက်ရသည်။

“သမီးက... ကိုယ်လုပ်တော်အမေနဲ့ အစ်မကို အရိုအသေပေးပါတယ်...”

သူမ အသံက တိုးလွန်းသဖြင့် နားထောင်၍ရရုံမျှသာ ကြားရသည်။

သူမ ယခင်အတိုင်းပင် ရိုးသားနာခံဆဲ ဖြစ်သည်ကို မြင်လိုက်ရသောအခါ ကိုယ်လုပ်တော်ပိုင်က သူမကိုယ်သူမ ပြန်လည်ထိန်းချုပ်နိုင်စွမ်း ရှိလာသည်ဟု ခံစားလိုက်ရ၏။

“နင်နဲ့အတူ ပါလာတဲ့လူတွေကို အပြင်ထွက်ခိုင်းလိုက်... ငါ နင့်ကို သီးသန့်ပြောစရာရှိတယ်...”

ကိုယ်လုပ်တော်ပိုင်က မိခင်အရင်းတစ်ယောက်၏ အရှိန်အဝါကို ထုတ်ပြရန် ကုလားထိုင်တစ်လုံးဆီသို့ လျှောက်သွားကာ ထိုင်ရန် ပြင်လိုက်သည်။

သို့သော် မျက်စိလျင် လက်မြန်လှသော တုန့်ဟွားက သူမ၏ တင်ပါးကို ပစ်ထုတ်ကာ ကိုယ်လုပ်တော်ပိုင်၏ တင်ပါးကို ဆောင့်တွန်းပစ်လိုက်၏။

ထို့နောက် ကုဟွားကို တွဲကာ ကုလားထိုင်ပေါ်သို့ ဖိထိုင်ခိုင်းလိုက်တော့သည်။

“မမလေး... မမလေးရဲ့ ကျန်းမာရေးက မကောင်းသေးဘူးလေ... မြန်မြန်ထိုင်လိုက်ပါဦး...”

ကိုယ်လုပ်တော်ပိုင် အရှိန်ဖြင့် တွန်းထုတ်ခံလိုက်ရသဖြင့် ယိုင်ထွက်သွားရ၏။ သူမ ဒေါသတကြီးဖြင့် တုန့်ဟွား၏ မျက်နှာကို ဖြတ်ရိုက်ရန် လက်ကို မြှောက်လိုက်၏။

ရုတ်တရက် ပုံရိပ်တစ်ခုက သူမ၏ မျက်စိရှေ့တွင် လျှပ်ခနဲ ဖြတ်ပြေးသွားသည်။ မည်သို့လုပ်လိုက်သည်ကိုပင် မသိလိုက်ရဘဲ သူမ၏ မြှောက်ထားသော လက်မောင်းကြီးက လေထဲတွင် တောင့်တင်းသွားကာ စူးရှသော နာကျင်မှုတစ်ခုက ပြန့်နှံ့သွားတော့သည်။ သူမ ပါးစပ်အဟောင်းသား ဖြစ်သွားရပြီး နာကျင်စွာ အော်ဟစ်လိုက်ရတော့၏။

“အား... နာတယ်... နာတယ်... နင် ငါ့ကို ဘာနဲ့ ထိုးလိုက်တာလဲ”

ကုဝမ်ရုက ထိတ်လန့်သွားရသည်။ သူမက ဗိုက်ကို ပွတ်သပ်ရင်း ဒေါသကြောင့် မျက်နှာက ဖြူဖျော့သွားရ၏။

ရှန်လီက သူမ၏ လက်ကို ပြန်ရုပ်သိမ်းလိုက်ပြီး လက်ထဲရှိ နှစ်လက်မခန့် ရှည်လျားသော ငွေအပ်လေးကို ခါယမ်းပြကာ အေးစက်စက် ပြောလိုက်သည်။

“ရှင် နောက်တစ်ခါ ပါးစပ်သရမ်းဦးမယ်ဆိုရင်တော့ စကားမပြောနိုင်တဲ့ ငအတစ်‌ယောက်အဖြစ်သွားစေရမယ်...”

ကိုယ်လုပ်တော်ပိုင်က ကြောက်လန့်လွန်းသဖြင့် မျက်နှာတစ်ခုလုံး ပြာနှမ်းသွားရသည်။ သူမက အသံမထွက်ဘဲ ငြိမ်သက်စွာ ထိုင်နေသော ကုဟွားကို ကြောက်ရွံ့တုန်လှုပ်စွာ စိုက်ကြည့်နေမိ၏။

ပုံမှန်ဆိုလျှင် နူးညံ့ပြီး ကြောက်တတ်လှသော ကုဟွားက ယခုအခါ၌ လူစားလဲသွားသကဲ့သို့ ဖြစ်နေသည်။

တုန့်ဟွားကမူ လှောင်ပြုံးပြုံးလိုက်ပြီး အပြတ်အသတ် ပြောဆိုလိုက်သည်။

“ကျွန်မတို့ မြို့စားအိမ်တော်မှာတော့ သခင်တွေရှိတဲ့နေရာမှာ ကိုယ်လုပ်တော်တွေနဲ့ အစေခံတွေက ထိုင်ခွင့်မရှိပါဘူးရှင်...”

ကိုယ်လုပ်တော်ပိုင်က ဒေါသကြောင့် ရင်ကွဲလုမတတ် ဖြစ်သွားရ၏။

“ငါက ယုံမြို့စားမင်းရဲ့ သားတော်မောင် မုအန်းရဲ့ ယောက္ခမအရင်းဟဲ့...”

တုန့်ဟွားက မျက်ခုံးတစ်ချက် ပင့်ပြလိုက်ပြီး တမင်တကာပင် အသံကျယ်ကျယ်လောင်လောင်ဖြင့် ရွဲ့စောင်းပြောလိုက်သည်။

“ကျွန်မတို့ သခင်လေးရဲ့ ယောက္ခမဆိုတာ ကုအိမ်တော်ရဲ့ တရားဝင်မှူးမတ်ကတော်ကြီးကို ပြောတာပါ... ရှင့်လိုမျိုး ကိုယ်လုပ်တော်အဆင့်လေးက ဘယ်လိုလုပ်ပြီး ယောက္ခမ ဖြစ်နိုင်မှာလဲ... ရှင်ကသာ ရဲရဲဝံ့ဝံ့ လျှောက်ပြောရဲပေမဲ့ အနိမ့်အမြင့် အဆင့်အတန်း စည်းကမ်းတွေကို မဖောက်ဖျက်မိအောင် ကျွန်မတို့လို အစေခံတွေကတော့ နားထောင်ဖို့တောင် မဝံ့ရဲပါဘူးရှင်...”

All Chapters