← Chapters

အခန်း ၃၂

Vol. 4 Ch. 32

အခန်း ၃၂

Vol. 4 Ch. 32

အခန်း(၃၂)

တစ်ခွန်းမကျန် ပြန်လည်ချေပခြင်း ခံလိုက်ရသဖြင့် ကိုယ်လုပ်တော်ပိုင်၏ မျက်နှာက နီရဲတောက်သွားတော့သည်။

ကုဟွားက လည်ချောင်းတစ်ချက် ရှင်းလိုက်ပြီး တိုးညှင်းအက်ရှသော အသံဖြင့် ဆိုလိုက်၏။

“ကိုယ်လုပ်တော်ပိုင်... ကိုယ့်ရဲ့ အဆင့်အတန်းကို မမေ့ပါနဲ့... ကုအိမ်တော်ရဲ့ သိက္ခာကို ချပြီး အဖေ့ကို စိတ်အနှောင့်အယှက် မဖြစ်ပါစေနဲ့ဦး...”

ဟ... ဒီအပျက်မလေးက ငါ့ကို ဖိအားပေးဖို့ ကုအမတ်ကြီးကိုတောင် ထုတ်သုံးရဲတယ်ပေါ့လေ...

ကိုယ်လုပ်တော်ပိုင်က ဒေါသကြောင့် အံကြိတ်မိတော့သည်။ မြို့စားအိမ်တော်က လူတွေကို သူမ ဘာမှမလုပ်ရဲသော်လည်း ကုဟွားလို ကောင်မစုတ်လေးကိုတော့ သူမ နိုင်နင်းသည်မဟုတ်ပါလား...

ကုဝမ်ရု နေထိုင်မကောင်းဖြစ်နေသည်ကို မြင်လိုက်ရသဖြင့် သူမက စကားဝိုင်းကို အမြန်ဖြတ်ရန် ဆုံးဖြတ်လိုက်ပြီး ဒေါသကို မြိုသိပ်ကာ လိုရင်းသို့ တန်းပြောလိုက်တော့သည်။

“ကုဟွား... နင်နဲ့ စေ့စပ်ထားတဲ့သူက မြို့တော်ကို ရောက်နေပြီ... နင့်ရဲ့ အမေတစ်ယောက်အနေနဲ့ ငါက နင့်ကို သူ့ဆီခေါ်သွားပြီး တွေ့ဆုံပေးဖို့နဲ့ မင်္ဂလာရက်ရွေးဖို့ ကိစ္စတွေကို တစ်ခါတည်း ဆွေးနွေးပေးမလို့ လာခေါ်တာ...”

ပုံမှန်အတိုင်း တည်ငြိမ်နေသော ကုဟွား၏ မျက်နှာအမူအရာက အနည်းငယ် ပျက်ယွင်းသွားပြီး ခေါင်းမော့ကာ သူမကို စိုက်ကြည့်လိုက်သည်။

သူမက ငါ့အတွက် စေ့စပ်ထားသူတစ်ယောက်ကို တကယ်ပဲ လုပ်ကြံဖန်တီးလိုက်တာလား...

ကုဝမ်ရုက ကျင်းခွေ့ကို အားကိုးတကြီး မှီထားရင်း အားနည်းသော အသံလေးဖြင့် ဝင်ပြောလာသည်။

“ညီမလေး... ကိုယ်လုပ်တော်ပိုင်က နင့်ရဲ့ တစ်သက်တာ အရေးကြီးကိစ္စအတွက် လာတာပါ... နင် လက်ထပ်တော့မှာပဲလေ... မြို့စားအိမ်တော်မှာပဲ ဇွတ်တရွတ်နေပြီး အိမ်မပြန်လို့ ဘယ်ဖြစ်ပါ့မလဲ... ဒီလိုသာဆို မြို့စားအိမ်တော်က လူတွေက ငါတို့ ကုမိသားစုမှာ အိမ်တွင်းဆုံးမမှုမရှိဘူးလို့ ကဲ့ရဲ့ကြလိမ့်မယ်...”

ကုမိသားစုမှာ အိမ်တွင်းဆုံးမမှုဆိုတာမျိုး တကယ်ပဲ ရှိခဲ့ဖူးလို့လား...

ကုဟွား ဇဝေဇဝါ ဖြစ်သွားရသည်။

ကုဝမ်ရုက ဘာဖြစ်လို့ စိတ်ကူးပြောင်းသွားရပြန်တာလဲ...

ငါ့ကို မြို့စားကြီးဆီ မကပ်စေချင်တော့တာလား...

သူမအနေဖြင့် အခုအချိန်၌ အိမ်တော်မှ လုံးဝ ထွက်သွား၍ မဖြစ်ပေ။ အကယ်၍ ထွက်သွားခဲ့လျှင် မည်သည့်နည်းလမ်းမျိုးနှင့် သေဆုံးသွားရမည်ကိုပင် သိနိုင်မည်မဟုတ်ချေ။

ကုဟွား တုန့်ဟွားကို တစ်ချက် ဝေ့ကြည့်လိုက်သည်။

တုန့်ဟွားက ချက်ချင်းပင် ခေါင်းမော့ကာ ဆိုလိုက်၏။

“သခင်ကြီးက မမလေးကုကို ကွယ်လွန်သူ သခင်မကြီးရဲ့ စာမူတွေကို ကူးရေးဖို့ တာဝန်ပေးထားတာပါ... မမလေးကုမှာ ကုအိမ်တော်ကို ပြန်ဖို့ အချိန်မရှိပါဘူး...”

“မြို့စားကြီးက သူ့ရဲ့ ခမည်းခမက်အိမ်တော်က အိမ်ထောင်မရှိသေးတဲ့ မိန်းမပျိုလေးကို ဇွတ်ဆွဲထားပြီး ပြန်ခွင့်မပြုဘဲ နေလို့မရပါဘူး... ဒီသတင်းသာ အပြင်ကို ပျံ့သွားရင်...”

ကုဟွားက ရုတ်တရက် ထရပ်လိုက်ပြီး ခါးကို ညွှတ်ကာ ပြောလိုက်၏။

“ကိုယ်လုပ်တော်ပိုင်... စကားကို ဆင်ခြင်ပြီး ပြောပါ... ကျွန်မကို သခင်ကြီးအတွက် အလုပ်အကျွေးပြုဖို့ ခွင့်ပြုခဲ့တာက အစ်မကိုယ်တိုင်ပဲလေ... အကယ်၍ ကျွန်မ တကယ်ပြန်ရမယ်ဆိုရင်တောင် သခင်ကြီးကို ကိုယ်တိုင် သွားရောက်ရှင်းပြရပါလိမ့်မယ်...”

“နင် အခုချက်ချင်း ငါနဲ့ လိုက်ခဲ့ရမယ်...” ကိုယ်လုပ်တော်ပိုင် ကုဟွားကို အမိန့်ပေးနေကျအတိုင်း အကျင့်ပါနေဆဲ ဖြစ်သည်။

ဒီအပျက်မက မြို့စားကြီးကို အမှီပြုပြီး ဇာမဏီဖြစ်ချင်နေတာလား... အိပ်မက်တောင် မက်မနေနဲ့...

သူမအနေဖြင့် ဤကောင်မစုတ်လေးကို သူမ၏ ထိန်းချုပ်မှုအောက်မှ လွတ်မြောက်စေပြီး သူမသမီး၏ ဦးခေါင်းပေါ်ကို ကျော်တက်သွားခွင့် ဘယ်တော့မှ ပေးမည်မဟုတ်ပေ။

ကုဟွားက သူမကို တစ်ချက် စောင်း ကြည့်လိုက်သည်။

“အကယ်၍ သခင်ကြီးကသာ အပြစ်ရှာခဲ့ရင် ကိုယ်လုပ်တော်ပိုင်အနေနဲ့ ဒီတာဝန်ကို ယူနိုင်ပါ့မလား... အစ်မအတွက်ရော ထည့်မတွေးပေးဘူးလား...”

ကိုယ်လုပ်တော်ပိုင်က ကုဝမ်ရုကို အမြန်လှမ်းကြည့်လိုက်ရာ ကုဝမ်ရု မျက်ရိပ်ပြလိုက်သဖြင့် သူမက ဒေါသကို မနည်းပြန်အောင့်လိုက်ရသည်။

“ဒါဆိုရင်လည်း ငါ ဒီမှာပဲ စောင့်နေမယ်... နင် မြန်မြန်သွားပြီး မြန်မြန်ပြန်လာခဲ့...”

သူမက ယနေ့ ကုဟွားကို အိမ်တော်ကနေ မည်သည့်နည်းလမ်းမျိူးနှင့်မဆို အတင်းခေါ်ထုတ်သွားဖို့ သန္နိဋ္ဌာန်ချမှတ်ထားသည်။

ကုဟွားက မျက်ဝန်းကို အောက်ချကာ ခဏမျှ စဉ်းစားလိုက်ပြီးနောက် ကိုယ်လုပ်တော်ပိုင်၏ အစီအစဉ်ကို ရိုက်ချိုးဖျက်ဆီးပစ်မည့် အချက်တစ်ချက်ကို ရှာဖွေတွေ့ရှိသွားခဲ့သည်။

ကုဟွားက ခပ်ဖျော့ဖျော့လေး ပြုံးလိုက်သည်။

“ကိုယ်လုပ်တော်ပိုင်... အိမ်တော်ကနေ တိတ်တဆိတ် ထွက်လာတာမလား... မေမေကြီးကရော ခွင့်ပြုရဲ့လား... ပြီးတော့ မြို့စားအိမ်တော်ကိုရော ကိုယ်လုပ်တော်ပိုင်က တရားဝင် ဝင်ခွင့်တောင်းခံလွှာ ပေးပို့ထားဖူးလို့လား...”

ဤမေးခွန်းသုံးခုကြောင့် ကိုယ်လုပ်တော်ပိုင်၏ မျက်နှာက ချက်ချင်းပင် ဖြူဖျော့ပြာနှမ်းသွားရသည်။

ယခင်က မြို့စားအိမ်တော်မှ ကုအိမ်တော်သို့ လက်ဆောင်သေတ္တာတစ်လုံး ရုတ်တရက် ပေးပို့လာခဲ့ပြီး ကုဟွားက မြို့စားကြီးအတွက် အလုပ်လုပ်ပေးနေသဖြင့် ကုဟွား၏ နောင်ရေးလက်ထပ်ပွဲအတွက် မြို့စားကြီး အပိုဆောင်း မင်္ဂလာလက်ဆောင် ပေးပို့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထိုစဉ်က ကုအမတ်ကြီးနှင့် ဇနီးဖြစ်သူတို့ ဇဝေဇဝါ ဖြစ်ခဲ့ကြရ၏။ ကိုယ်လုပ်တော်ပိုင်က ကုဝမ်ရုတစ်ယောက် သခင်လေးမုအန်းနှင့် အဆင်မပြေဖြစ်နေမည်ကို စိုးရိမ်ကာ ပျာယာခတ်သွားခဲ့သည်။

ယနေ့တွင်လည်း သူမက ကုဝမ်ရုထံမှ စာတစ်စောင် လက်ခံရရှိခဲ့ပြီး စာထဲ၌ ကုဟွားက ထိန်းချုပ်ရ ခက်ခဲလာကြောင်းနှင့် သခင်လေးမုအန်းက ကုဟွားကို မရရှိသဖြင့် ကုဝမ်ရုနှင့် အကြီးအကျယ် ရန်ဖြစ်ထားကြောင်း ဖော်ပြထားပြီး သူမကို နည်းလမ်းတစ်ခုခု ရှာကြံပေးရန် တောင်းဆိုထားခြင်း ဖြစ်ပေသည်။

သူမ သမီးဖြစ်သူ ဒုက္ခရောက်နေမည်ကို စိုးရိမ်သဖြင့် စွန့်စားကာ ကုအိမ်တော်မှ တိတ်တဆိတ် ခိုးထွက်လာခဲ့ခြင်း ဖြစ်သည်။ ထို့နောက် ကျင်းခွေက မြို့စားအိမ်တော်၏ ဘေးတံခါးကို တိတ်တဆိတ် ဖွင့်ပေးခဲ့သဖြင့် သူမ အထဲသို့ ဝင်လာနိုင်ခဲ့ခြင်း ဖြစ်သည်။

ကိုယ်လုပ်တော်ပိုင်၏ မျက်နှာအမူအရာကို ကြည့်ရုံဖြင့် သူမ ခန့်မှန်းချက် မှန်ကန်ကြောင်း ကုဟွား သိလိုက်ရသည်။

သူမ ခပ်ဖျော့ဖျော့လေး ပြုံးလိုက်သည်။

“ကိုယ်လုပ်တော်ပိုင်... ရှင် လာတဲ့လမ်းအတိုင်းပဲ မြန်မြန်ပြန်သွားတာ ပိုကောင်းပါလိမ့်မယ်... အစ်မအတွက် ပြဿနာတွေ လာမရှာပါနဲ့ဦး... အစ်မကလည်း ဒီရက်ပိုင်း စိတ်အခြေအနေ မကောင်းတာအပြင် သခင်လေးနဲ့လည်း အကြီးအကျယ် ရန်ဖြစ်ထားရတာ... အခု သခင်ကြီးကိုပါ ထပ်ပြီး သွားပြစ်မှားမိရင် နောက်ဆက်တွဲအကျိုးဆက်ကို တွေးမိရဲ့လား...”

စကားအရှည်ကြီးကို တစ်ဆက်တည်း ပြောလိုက်ရသဖြင့် ကုဟွား၏ လည်ချောင်းထဲမှ ပြန်လည်ပူလောင်လာကာ သူမ မအောင့်နိုင်ဘဲ တဟွတ်ဟွတ်နှင့် ချောင်းဆိုးမိတော့သည်။

၎င်းကို မြင်လိုက်ရသောအခါ ရှန်လီက ချက်ချင်းပင် တောက်ပသောအစိမ်းရောင် ဆေးလုံးလေးနှစ်လုံးကို သူမအား ထပ်မံတိုက်ကျွေးလိုက်၏။

ဆေးလုံးလေးများ လည်ချောင်းထဲသို့ ရောက်သွားသည်နှင့်တစ်ပြိုင်နက် သူမ ချက်ချင်းပင် သိသိသာသာ သက်သာသွားတော့သည်။

ရင်ထဲတွင် တောက်လောင်နေသော ဒေါသမီးများလည်း တော်တော်လေး ငြိမ်းအေးသွားရ၏။

ကုဟွား သူတို့နှစ်ဦးကို နောက်ထပ်တစ်စက္ကန့်မျှပင် ဆက်၍မကြည့်ချင်တော့သဖြင့် လှည့်ကာ ထွက်ခွာခဲ့တော့သည်။

ကိုယ်လုပ်တော်ပိုင်က ဒေါသထွက်လွန်းသဖြင့် စကားပင် ပြန်မပြောနိုင်တော့ပေ။

“ဒီမိန်းမပျက်က မြို့စားအိမ်တော်ထဲ ရောက်သွားတာနဲ့တင် အတောင်အလက်တွေ စုံလာတာပေါ့လေ...”

ကုဝမ်ရုက သူမကို လှမ်းဆွဲလိုက်သည်။

“ကျင်းခွေ့... အပြင်မှာ သွားပြီး လူစောင့်နေချေ...”

ကျင်းခွေ အပြင်သို့ ထွက်သွားပြီး တံခါးပိတ်လိုက်သည်ကို မြင်ရမှသာ ကုဝမ်ရုက မျက်မှောင်ကြုတ်လျက် အသံကို နှိမ့်ကာ ပြောလိုက်သည်။

“ကိုယ်လုပ်တော်... အသံကို နည်းနည်းလျှော့ပါ... ဒါက မြို့စားအိမ်တော်လေ... တခြားလူတွေ ကြားသွားရင် ကျွန်မ ဘယ်လိုမျက်နှာပြရမလဲ...”

ကိုယ်လုပ်တော်ပိုင်က ချက်ချင်းပင် မေတ္တာကြီးမားသော မိခင်တစ်ဦး၏ မျက်နှာပေးကို ပြောင်းလဲလိုက်သည်။

“သမီးမှာ ကိုယ်ဝန်ရှိနေတာဆိုတော့ စိတ်ပူစရာတွေ အများကြီး မတွေးနဲ့... အဲဒီမိန်းမပျက်ကို အိမ်တော်ပြင်ပ ရောက်အောင် ခေါ်ထုတ်ပြီး သေသေချာချာ ဆုံးမပေးဖို့ အမေတာဝန်ယူပါတယ်... သူ စကားလုံးဝနားထောင်ပြီး ပြန်လာစေရမယ်...”

ကုဝမ်ရုက မျက်မှောင်ကြုတ်လိုက်သည်။

“တကယ်တော့ သခင်ကြီးက သူ့ကို တကယ်ပဲ သဘောကျနေတာလားဆိုတာ ကျွန်မလည်း သေသေချာချာ မသိဘူး... ဒါပေမဲ့ မနေ့ညက အိမ်တော်ထိန်းကြီးကိုယ်တိုင် လာပြီး သူ့ကို ယာယွင်ဆောင်မှာ သီးသန့်ပြောင်းနေခိုင်းတယ်လို့ လာပြောသွားတယ်... အကယ်၍ အဲဒါသာ တကယ်ဆိုရင်ရော... ကျွန်မတို့ကပဲ အရင်ဦးအောင် လက်ဦးမှုယူပြီး နှိမ်နှင်းလိုက်ရမလား... သခင်ကြီးကို ဒေါသထွက်အောင် လုပ်မိရင် ဘယ်လိုလုပ်မလဲ... မုအန်းကလည်း အခုထိ ဆက်ခံသူသခင်လေး ဖြစ်မလာသေးဘူး...”

ကိုယ်လုပ်တော်ပိုင်က ခေါင်းခါလိုက်သည်။

“ယုံမြို့စားကြီးကို ကိုယ်တိုင် မတွေ့ဖူးပေမဲ့ သူ့အကြောင်းတွေကိုတော့ နားနဲ့မဆံ့အောင် ကြားဖူးပါတယ်... သူက မြို့တော်တစ်ခုလုံးမှာရှိတဲ့ မြင့်မြတ်တဲ့ မိန်းမပျိုတွေကိုတောင် တစ်ယောက်မှ အဖက်မလုပ်တာ... ကုဟွားလိုမျိုး အဆင့်မရှိတဲ့ မိန်းမပျက်ကို သဘောကျပါ့မလား... အမေ့အမြင်တော့ အဲဒီကောင်မစုတ်လေးက တစ်ဖက်သတ် အိပ်မက်ယဉ်နေရုံတင်... မြို့စားကြီးက သူ့ လက်ရေးလှတာကို သဘောကျလို့ စာမူကူးခိုင်းရုံသက်သက်ပဲ နေမှာပါ... သူ နေတဲ့နေရာဆိုတာလည်း စာမူကူးရတာ အဆင်ပြေအောင် စီစဉ်ပေးတာ နေပါလိမ့်မယ်... အမေက သမီးကို ဆုံးမတာတော့ မဟုတ်ဘူး... ဒါပေမဲ့ သမီးက ရိုးအလွန်းလို့ အဲဒီအပျက်မလေးရဲ့ လှည့်ကွက်တွေထဲ လွယ်လွယ်နဲ့ ရောက်သွားတာကို ထည့်မတွေးမိဘူးလား... သူသာ မြို့စားကြီးဆီ တကယ် ကပ်နိုင်ခဲ့ရင် သမီးရှေ့မှာ ဒီလောက်အထိ ကျိုးနွံနာခံပြနေဦးမလား... သူက ကိုယ်လုပ်တော် ဖြစ်သွားရင်တောင် အဆင့်အတန်းအရ သမီးရဲ့ အထက်လူကြီး ဖြစ်သွားမှာလေ... ဒါ့အပြင် သမီးရဲ့ခင်ပွန်းကရော ဘယ်လိုလုပ်မလဲ... သူသဘောကျနေတဲ့လူက သူ့အဖေရဲ့ ကိုယ်လုပ်တော် ဖြစ်သွားရင် သူ ဒေါသပေါက်ကွဲသွားမှာပေါ့... အခုလည်း သမီးက ကိုယ့်ရဲ့ အယုံကြည်ရဆုံး အစေခံကို ဆုံးရှုံးထားရပြီးပြီ... တစ်ပူပေါ်နှစ်ပူဆင့်ပြီး ခင်ပွန်းရဲ့ အချစ်ကိုပါ ထပ်ပြီး အဆုံးရှုံးခံလို့ မဖြစ်ဘူးလေ...”

ကုဝမ်ရု ထိုစကားကို အလွန်အမင်း သဘောတူမိသွားသည်။

“ကျွန်မကလည်း ခင်ပွန်းဖြစ်သူကြောင့် ဒေါသတွေထွက်ပြီး ဉာဏ်နည်းသွားလို့ အဲဒီမိန်းမပျက်ရဲ့ လျှောက်ပြောနေတဲ့ စကားတွေကို ယုံမိသွားတာပဲ...”

သူမက မျက်လုံးလှိမ့်လျက် စဉ်းစားလိုက်သည်။

“ဒီလိုလုပ်ရအောင်... ရှင်က နေရာတစ်ခု စီစဉ်ပြီး သူ့ကို ဆေးတစ်မျိုးမျိုး တိုက်ထားလိုက်... ကျွန်မ ခင်ပွန်းကို အဲဒီကို သွားခိုင်းလိုက်မယ်... ကိစ္စတွေအားလုံးက ကျွန်မခင်ပွန်းရဲ့ ဆန္ဒအတိုင်း ဖြစ်သွားပြီဆိုရင် သူလည်း ကျွန်မ သူ့အပေါ် ဘယ်လောက်ကောင်းလဲဆိုတာ သိသွားလိမ့်မယ်...”

“အဲဒါမှ ဟုတ်တာပေါ့...”

ကိုယ်လုပ်တော်ပိုင်က သူမ၏ ရင်ဘတ်ကို ဂုဏ်ယူဝင့်ကြွားစွာ ပုတ်ရင်း ပြောလိုက်သည်။

“ဒီကိစ္စကို အမေ့ကိုသာ လွှဲထားလိုက်...စိတ်မပူပါနဲ့...”

ထို့နောက် ကိုယ်လုပ်တော်ပိုင်က ရုတ်တရက် ဝင့်ကြွားစွာ ပြုံးလိုက်သည်။

“အိမ်ကတစ်ယောက် (အမတ်ကြီး၏ တရားဝင်ဇနီးကြီး) ကလည်း သိပ်ပြီး အသက်ရှည်တော့မှာ မဟုတ်ပါဘူး... အမေသာ တရားဝင် ဇနီးကြီးအဖြစ် ရာထူးတိုးမြှင့်ခံရရင် သမီးကလည်း အမေ့ရဲ့အမည်အောက်မှာ တရားဝင် မြင့်မြတ်တဲ့ သမီးအရင်းအဖြစ် ဂုဏ်သိက္ခာရှိရှိ ပြန်ဖြစ်လာမှာပါ...”

All Chapters