အခန်း ၃၃
Vol. 4 Ch. 33
အခန်း(၃၃)
ကုဝမ်ရု၏ မျက်နှာက ချက်ချင်း ပျက်ယွင်းသွားရသည်။
“ကိုယ်လုပ်တော်ပိုင်... စကားကို လျှောက်မပြောပါနဲ့...”
အကယ်၍ မိခင်ဖြစ်သူ ကွယ်လွန်သွားပြီး ကိုယ်လုပ်တော်ပိုင်က ရာထူးတက်လာခဲ့လျှင်ပင် ကုဝမ်ရုက မူလဇနီးကြီး၏ သမီးအရင်းအဖြစ်သာ ဆက်ရှိနေရမည် ဖြစ်သည်။
ဤကဲ့သို့သော မြင့်မြတ်သည့် အဆင့်အတန်းကြောင့်သာ ယုံမြို့စားကြီးက သူ့သားတော်မောင်အတွက် ဤအိမ်ထောင်ရေးကို တောင်းဆိုပေးခဲ့ခြင်း ဖြစ်သည်။
အကယ်၍ သူမသည် ကိုယ်လုပ်တော်မှ မွေးဖွားလာခြင်းဖြစ်ကြောင်း သတင်းသာ ပျံ့နှံ့သွားပါက အမေရော သမီးပါ အကြီးအကျယ် ပျက်စီးခြင်းသို့ ရောက်ရှိသွားနိုင်သည်။
ထိုသို့ဖြစ်လာပါက သူမ၏ ဂုဏ်သိက္ခာအားလုံး လုံးဝဥဿုံ ဆုံးရှုံးသွားရပေလိမ့်မည်။
သမီးဖြစ်သူ၏ ငေါက်ငမ်းဆူပူခြင်းကို ခံလိုက်ရသဖြင့် ကိုယ်လုပ်တော်ပိုင် ချက်ချင်းပင် ပါးစပ်ပိတ်သွားတော့သည်။ သူမက နီရဲနေသော မျက်ဝန်းများဖြင့် သမီးဖြစ်သူ၏ လက်ကို ဆွဲလိုက်သည်။
“သမီးက အမေ့ဗိုက်ထဲက မွေးထုတ်ထားတဲ့ သမီးအရင်းပါ။ သမီး ဒုက္ခရောက်တာကို အမေ မကြည့်ရက်ပါဘူး... အမေလုပ်သမျှ အားလုံး သမီးရဲ့ အနာဂတ် ကောင်းစားဖို့အတွက်ပဲ စီစဉ်ပေးနေတာပါ...”
ကုဝမ်ရု စိတ်မရှည်ဟန်ဖြင့် ပြန်ဖြေလိုက်၏။
“ကျွန်မ သိပါတယ်... မြန်မြန်သာ ပြန်ပါတော့... တခြားလူတွေ မြင်သွားရင် ပြဿနာတက်လိမ့်မယ်... ကုဟွားကိုတော့ ကျွန်မ ဒီကနေပဲ စောင့်ကြည့်ထားလိုက်မယ်... သူ အိမ်တော်ကနေ ထွက်သွားလို့ရပြီဆိုတာနဲ့ ကျင်းခွေ့ကိုကိုယ်တိုင် လိုက်ပို့ခိုင်းပြီး အိမ်ပြန်လွှတ်လိုက်မယ်...”
“ကောင်းပါပြီ... သမီးအနေနဲ့ သခင်လေးကို လုံးဝဒေါသမထွက်မိစေနဲ့ဦးနော်... သမီးခင်ပွန်းရဲ့ နှလုံးသားကို ဖမ်းဆုပ်ထားနိုင်ရမယ်... အိမ်တော်ကြီးတွေထဲက မိန်းမတွေဆိုတာ လင်ယောက်ျားရဲ့ အချစ်ကိုပဲ အားကိုးမှီခိုပြီး နေကြရတာ”
ကိုယ်လုပ်တော်ပိုင်က စိတ်မချနိုင်ဘဲ မှာတမ်းခြွေနေပြန်သည်။
“ဟုတ်ကဲ့... သိပါပြီ... မြန်မြန်သာ သွားပါတော့...”
ကုဝမ်ရု စိတ်မရှည်ဟန်ဖြင့် သူမ လက်ကို ပုတ်ထုတ်လိုက်ပြီးနောက် လက်ကိုင်ပဝါဖြင့် ပြန်လည်ပွတ်သုတ်နေလိုက်၏။
ကိုယ်လုပ်တော်ပိုင် ဘာမှမတတ်နိုင်ဘဲ ပြန်လည်ထွက်ခွာသွားရတော့သည်။
ကျင်းခွေ့သည် ကိုယ်လုပ်တော်ပိုင်ကို အပြင်အထိ လိုက်ပို့ပေးပြီးနောက် အခန်းထဲသို့ ပြန်ဝင်ကာ တံခါးပိတ်လိုက်၏။
ကုဝမ်ရုက လှမ်းမေးလိုက်သည်။
“ကျင်းခွေ့... ငါ နင့်ကို တံစိုးလက်ဆောင်ပေးခိုင်းထားတဲ့ လူတွေရော အဆင်ပြေရဲ့လား...”
ကျင်းခွေ့ ပြန်လည်ဖြေကြားလာသည်။
“ဝမ်ဟန်ရွှမ်က လူတွေက ပါးစပ် အရမ်းလုံကြပါတယ်... ငွေဘယ်လောက်ပဲပေးပေး လုံးဝလက်မခံကြဘူး... အပြင်က အလုပ်ကြမ်းလုပ်တဲ့ အစေခံအဘွားကြီးတွေကိုတော့ ကိုင်တွယ်ရတာ ပိုလွယ်ပါတယ်... သခင်မလေး ဖြန့်ခိုင်းထားတဲ့ စကားတွေကိုတော့ သူတို့ ဖြန့်ပေးထားကြပါပြီ... ဒါပေမဲ့ သူတို့လည်း အထဲက အကြောင်းအရာတွေကို အများကြီး မသိကြပါဘူး...”
ကုဝမ်ရုက မျက်မှောင်ကြုတ်လိုက်၏။ “နည်းလမ်းတစ်ခုခု ရှာကြည့်စမ်း...ကုဟွား အဲဒီဘက်မှာ ဘယ်လိုအခြေအနေရှိနေလဲဆိုတာနဲ့ အဖေက သူ့အပေါ် ဘယ်လိုသဘောထားလဲဆိုတာကို ငါတို့ သေချာ သိထားရမှဖြစ်မယ်...”
“ဟုတ်ကဲ့ပါ...”
ကျင်းခွေ့ ရင်ထဲ၌ တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။
ငါက ဘယ်လိုနည်းနဲ့ သွားပြီး နည်းလမ်းရှာလို့ရမှာလဲ...
လွန်ခဲ့သည့် နှစ်ရက်အတွင်း၌ပင် ဝမ်ဟန်ရွှမ်မှ လူများ ကျင်းရှို့ဆောင်အပေါ် စတင်၍ ရွံရှာမုန်းတီးနေကြပြီ ဖြစ်သည်။
အိမ်တော်ထဲရှိ အစေခံများအားလုံးကလည်း သခင်မလေး စရိုက်မကောင်းကြောင်းနှင့် သူမ ညီမအရင်းအပေါ်၌ပင် ရက်စက်ယုတ်မာလွန်းကြောင်း တိုးတိုးတိတ်တိတ် အတင်းပြောနေကြသည်။ ဤကဲ့သို့ နှလုံးသားမရှိသောလူက ဘယ်လိုလုပ်ပြီး ဆက်ခံသူသခင်လေး၏ တရားဝင်ဇနီး ဖြစ်လာနိုင်မည်နည်း။
သခင်လေးမုအန်းဘက်တွင်လည်း ကိုယ်လုပ်တော်ယန်ရှိနေသဖြင့် သခင်မလေးကို လုံးဝ အဖက်မလုပ်တော့ပေ။ သူက ကိုယ်လုပ်တော်ယန်အပေါ် မည်မျှအလိုလိုက် အလေးပေးထားကြောင်းကို နေ့တိုင်း အိမ်တော်ထဲ၌ တမင်တကာ ကျယ်ကျယ်လောင်လောင်ဖြင့် ကြွားဝါပြနေသေးသည်။ ၎င်းက သခင်မလေး၏ မျက်နှာကို ဗြောင်ကျကျ ဖြတ်ရိုက်လိုက်ခြင်းပင် ဖြစ်သည်။
သခင်မလေးက သူမ ဂုဏ်သိက္ခာကို ပြန်လည်အဖက်ဆယ်ရန် နည်းလမ်းမရှာဘဲ ကိုယ်လုပ်တော်ပိုင်နှင့် ပူးပေါင်းကာ ဒုတိယမမလေးကို နှိမ်နှင်းရန်အတွက်သာ တွေးတောနေသည်။
သို့သော် သူမသည် အစေခံတစ်ဦးမျှသာ ဖြစ်သဖြင့် ခိုင်းသည့်အတိုင်း နာခံလုပ်ဆောင်ရုံမှတစ်ပါး အခြားမရှိပေ။
အိမ်တော်ထဲ၌ ပျံ့နှံ့နေသော ကောလာဟလများကိုလည်း သခင်မလေးကို သွားရောက်မပြောရဲပေ။ သူမ ကိုယ်ဝန်ကို မတော်တဆ ထိခိုက်မိသွားမည်ကို စိုးရိမ်ရသောကြောင့် ဖြစ်သည်။ အကယ်၍ ဗိုက်ထဲက ကလေးသာ တစ်ခုခုဖြစ်သွားပါက သူမ၏ ဘဝလည်း အဆုံးသတ်သွားနိုင်သည်။
ကျင်းခွေ့တစ်ယောက် ခေါင်းငုံ့ကာ အူကြောင်ကြောင်ဖြင့် ရပ်နေသည်ကို မြင်လိုက်ရသဖြင့် ကုဝမ်ရု ဒေါသတကြီးဖြင့် လက်ကိုင်ပဝါကို ခါယမ်းလိုက်၏။
အသုံးမကျတဲ့ ဟာမပဲ... ယန်ကျစ်ကို ဆုံးရှုံးလိုက်ရတာ တကယ်ကို နှမြောဖို့ ကောင်းလွန်းတယ်...
သူမသည် ယခင်က ယန်ကျစ်ကို မုအန်းထံ ပေးအပ်လိုက်ပါက ကုဟွားကို မရရှိသဖြင့် သောင်းကျန်းနေသော သူ့စိတ်အခြေအနေကို ဆွဲဆောင်ထိန်းချုပ်နိုင်လိမ့်မည်ဟု ထင်မှတ်ခဲ့သည်။ ယန်ကျစ်၏ သစ္စာရှိမှုကို သိထားသဖြင့် အိပ်ယာနွေးစေမည့် အစေခံတစ်ဦး ဖြစ်လာလျှင်ပင် သူမကို သစ္စာဖောက်မည်မဟုတ်ဟု ယူဆခဲ့ခြင်း ဖြစ်သည်။
ဒါပေမဲ့ အခု ဘယ်လိုဖြစ်သွားလဲကြည့်...
မုအန်းက သူမကို ဒေါသထွက်စေရန်အတွက် ယန်ကျစ်ကို အသုံးချနေသည်။ သူမကို ကိုယ်လုပ်တော်အဆင့်သို့ တိုက်ရိုက်တိုးမြှင့်ပေးလိုက်ရုံသာမက နေထိုင်ရန်အတွက် သီးသန့်အဆောင်တစ်ခုကိုပါ ချီးမြှင့်ပေးခဲ့၏။
သူ့အနောက်ဆောင်ရှိ မိန်းမများအားလုံးတွင် ဤကဲ့သို့ အခွင့်အရေးမျိုး ရရှိထားသူမှာ သူမတစ်ဦးတည်းသာ ရှိသေးသည်။ ထို့ကြောင့် အချစ်ခံရဆုံးဖြစ်သော ယောင်းယောင်းပင် ဤကိစ္စကြောင့် ရက်အတော်ကြာအောင် ဒေါသတကြီး သောင်းကျန်းနေခဲ့သည်။
သို့သော်လည်း မုအန်းက သူလုပ်ချင်ရာကိုသာ ဇွတ်လုပ်မြဲ ဖြစ်သည်။ သူက နေ့တိုင်း ဆုလာဘ်များကို အဆက်မပြတ်ပေးသနားနေပြီး ပေးသည့်အကြိမ်တိုင်းတွင်လည်း ကုဝမ်ရု သိရှိစေရန်အတွက် လူလွှတ်၍ တမင်သက်သက် လာရောက်အကြောင်းကြားခိုင်းသေး၏။
ဒါက သူမကို တမင်တကာ ဒေါသထွက်အောင် လုပ်နေတာ သိသာလွန်းနေသည်။
ကြည့်ရသည်မှာ အမေပြောသည့် စကား မှန်ပုံရသည်။ ခင်ပွန်းဖြစ်သူ၏ ဒေါသကို ပြေငြိမ်းစေရန်အတွက် ကုဟွားကို သူ့လက်ထဲသို့ ထည့်ပေးရပေမည်။
အဆိုးဆုံး အခြေအနေ၌ သူမအနေဖြင့် မြို့စားအိမ်တော်၏ မြေးဦးလေးကို မွေးဖွားပြီးသွားသည့်အခါမှ ဤမိန်းမပျက်ကို အနိမ့်ဆုံး ပြည့်တန်ဆာအိမ်ဆီသို့ ရောင်းချပစ်လိုက်ရုံ သို့မဟုတ် အသေရိုက်သတ်ပစ်လိုက်ရုံသာ ရှိသည်။
ဤသို့ တွေးတောမိသွားပြီးနောက်၌ ကုဝမ်ရု၏ စိတ်အခြေအနေက အနည်းငယ် ပြန်လည်ပေါ့ပါးသွားသည်။
“ကျင်းခွေ.... ငါ့ရဲ့ မင်္ဂလာတင်တောင်းလက်ဆောင် သေတ္တာထဲကနေ ငါမဝတ်ချင်တော့တဲ့ လက်ဝတ်ရတနာ နည်းနည်းလောက် သွားရွေးပြီး ယန်ကျစ်ဆီ သွားပေးလိုက်ချေ... ငါ သူ့အပေါ် သံယောဇဉ် ရှိနေတုန်းပဲဆိုတာကို သူမ သိပါစေ... ဒါမှ သူ ငါ့အပေါ် သစ္စာဖောက်မယ့် စိတ်ကူးမျိုး မရှိလာမှာ...”
“ဟုတ်ကဲ့ပါ...”
ကျင်းခွေ့က ပြန်လည်ဖြေကြားပြီး ထွက်ခွာသွားတော့သည်။
…
ကုဟွား၏ ရင်ထဲတွင် အတွေးပေါင်းစုံဖြင့် ယာယွင်ဆောင်သို့ ပြန်လာခဲ့သည်။
သူမ ခြံဝင်းထဲသို့ လှမ်းဝင်လိုက်စဉ်၌ အိမ်တော်ထိန်းချုပ်ကြီး ကျိုးချွန်းယွီက လှပစွာ ဝတ်ဆင်ထားသော အမျိုးသမီးနှစ်ဦးအပြင် သူတို့ အစေခံမိန်းကလေးများနှင့်အတူ ရပ်နေသည်ကို မြင်လိုက်ရ၏။
ထိုအစေခံမိန်းကလေး နှစ်ဦးလုံး၏ လက်ထဲ၌ သေတ္တာကြီးတစ်လုံးစီကို ကိုင်ဆောင်ထားကြသည်။
ကုဟွား ရှေ့သို့ လှမ်းလာပြီး အရိုအသေပေးလိုက်၏။
ကျိုးချွန်းယွီက သူမ အရိုအသေပေးမှုကို အပြည့်အဝမခံယူဘဲ ဘေးသို့ အနည်းငယ် ရှောင်လိုက်ရင်း ပြုံးလျက် ဆိုသည်။
“မမလေးဆီမှာ အဝတ်အစားနဲ့ လက်ဝတ်ရတနာတွေ အများကြီး ပါမလာတာကို ကျွန်တော်မျိုး သတိထားမိလိုက်လို့ ကိုယ်ပိုင်သဘောနဲ့ပဲ ပျန့်ကျင်းမြို့မှာ အကောင်းဆုံး အပ်ချုပ်ဆိုင်ကို လှမ်းခေါ်ပြီး မမလေးအတွက် အင်္ကျီအတိုင်းအတာ တိုင်းတာပြီး ချုပ်လုပ်ခိုင်းထားပါတယ်... ပြီးတော့ လင်းလန်ဆောင်ကိုလည်း မမလေးနဲ့ လိုက်ဖက်မဲ့ လက်ဝတ်ရတနာ အနည်းငယ်ကို လာရောက်ရွေးချယ်ပေးဖို့ ဖိတ်ခေါ်ထားပါတယ်...”
ကုဟွားက လက်ကို အမြန်ခါယမ်းရင်း ပြောလိုက်သည်။
“မလိုပါဘူး... မလိုပါဘူး”
မုကျွင်းယန် ကုဟွားအတွက် အဝတ်အစားနှင့် လက်ဝတ်ရတနာများ ဝယ်ယူရန် ညွှန်ကြားထားခြင်း ဖြစ်သဖြင့် ကျိုးချွန်းယွီအနေဖြင့် သဘာဝကျစွာပင် အကောင်းဆုံးအရာများကိုသာ ရွေးချယ်ရပေမည်။
အဆုံး၌ ဤမိန်းကလေးသည် သခင်ကြီးက ပထမဆုံးအကြိမ်အဖြစ် အမှန်တကယ် စိတ်ဝင်တစား ဂရုစိုက်ပေးနေသော အမျိုးသမီး ဖြစ်ပေသည်။
ကုဟွား ငြင်းဆန်လိမ့်မည်ကို သူ ကြိုတင်ခန့်မှန်းထားပြီးဖြစ်၍ သူမ ငြင်းပယ်ရန် ခက်ခဲမည့် အကြောင်းပြချက်တစ်ခုကို အဆင်သင့် ပြင်ဆင်ထားခဲ့သည်။
သူက တည်ငြိမ်စွာ ပြုံးလျက် ပြောလိုက်သည်။
“မမလေးက ကွယ်လွန်သူ သခင်မကြီးရဲ့ စာမူတွေကို ကူးရေးပေးရမှာဆိုတော့ ဝမ်ဟန်ရွှမ်ကို မကြာခဏ ဝင်ထွက်သွားလာရပါလိမ့်မယ်... အဲဒီအခါ အိမ်တော်ကို လာရောက်လည်ပတ်တဲ့ အရာရှိကြီးတွေ မှူးမတ်တွေနဲ့ မကြာခဏ ဆုံတွေ့နိုင်တာကြောင့် အဝတ်အစားကို သေသေသပ်သပ် ဝတ်ဆင်ထားတာက ပိုပြီး သင့်တော်ပါတယ်...”
ကျိုးချွန်းယွီ၏ စကားက အလွန်ပင် ရှင်းလင်းလှသည်။
သူမ၏ လက်ရှိ အဝတ်အစားများက မြို့စားအိမ်တော်၏ ဂုဏ်သိက္ခာကို ကျဆင်းစေနိုင်သည်ဟု ဆိုလိုခြင်း ဖြစ်သည်။
ကုဟွား၏ မျက်နှာလေး နီမြန်းသွားရ၏။
သူမက အကျိုးရှိမည့် အကြံဉာဏ်များကို နာခံတတ်သူ ဖြစ်သည်။
“ဒါဆိုရင်တော့ ကျွန်မက ရိုသေစွာပဲ လက်ခံပါ့မယ်... အိမ်တော်ထိန်းချုပ်ကျိုးကို ကျေးဇူးတင်ပါတယ်ရှင်...”
အပ်ချုပ်ဆိုင်မှ အတော်ဆုံး အမျိုးသမီး အပ်ချုပ်သမကြီးကို ပို့ပေးလာခြင်း ဖြစ်သည်။ သူမက ကျွမ်းကျင်သွက်လက်စွာ ကုဟွား၏ ကိုယ်တိုင်းကို တိုင်းတာလိုက်ပြီးနောက် အစေခံမလေး၏ သေတ္တာထဲမှ အေးမြသော အရောင်အသွေးရှိသည့် ပိုးထည်အချို့ကို ထုတ်ယူကာ ကုဟွား၏ မျက်နှာနှင့် လိုက်ဖက်မှု ရှိမရှိ အရောင်ချင်း ယှဉ်တွဲကြည့်ရှုနေသည်။
ထိုအပ်ချုပ်သမကြီးက ပြုံးလျက် ပြောလာခဲ့သည်။
“မမလေးက တောက်ပပြီး လှပတဲ့ ရုပ်ရည်ရှိပေမဲ့ အသက်အရွယ်က ငယ်ရွယ်ပါသေးတယ်... အရောင်တောက်တောက်တွေ ဝတ်ရင် အသက်ကြီးပုံပေါက်စေလိမ့်မယ်... ဒီလို အေးမြတဲ့ အရောင်ဖျော့ဖျော့လေးတွေကမှ မမလေးရဲ့ ကျော့ရှင်းမှုကို ပိုပြီး ပေါ်လွင်စေမှာပါ...”
သူမ ကုဟွားကို ကြည့်နေသည့် မျက်ဝန်းများက တောက်ပနေပြီး သူမ၏ အနာဂတ် လက်ရာမွန်ကြီးတစ်ခုကို ကြည့်ရှုနေသကဲ့သို့ ရှိ၏။
“အိမ်တော်ထိန်းကျိုး... အထူးမှာယူထားတဲ့ အင်္ကျီတွေက ချုပ်လုပ်ဖို့ ငါးရက် ခြောက်ရက်လောက် ကြာပါလိမ့်မယ်... ဒါကြောင့် အခုလောလောဆယ် ဝတ်ဆင်နိုင်ဖို့ မမလေးနဲ့ လိုက်ဖက်မယ့် အဆင်သင့်ချုပ်ပြီးသား အင်္ကျီအချို့ကို အရင်ဆုံး လာပို့ပေးခိုင်းလိုက်ပါ့မယ်...”
“ကောင်းပါပြီ...ကူညီပေးတာ ကျေးဇူးတင်ပါတယ်...”
လင်းလန်ဆောင်သည် ပျန့်ကျင်းမြို့တွင် ဈေးအကြီးဆုံး လက်ဝတ်ရတနာဆိုင် ဖြစ်သည်။