အခန်း ၃၄
Vol. 4 Ch. 34
အခန်း(၃၄)
ယခုအကြိမ်တွင် ဆိုင်ရှင်အမျိုးသမီးကိုယ်တိုင် ရောက်လာခဲ့ခြင်း ဖြစ်၏။
အပ်ချုပ်သမကြီးက အတိုင်းအတာ တိုင်းတာပြီး အရောင်ရွေးချယ်နေစဉ်၌ပင် ဆိုင်ရှင်အမျိုးသမီးက အစေခံမလေး၏ သေတ္တာထဲမှ လက်ဝတ်ရတနာများကို ထုတ်ယူကာ ရွေးချယ်ပေးနေသည်။
၎င်းတို့မှာ အပြာရောင်ကျောက်များဖြင့် စီခြယ်ထားသော ငွေထည်လက်ဝတ်ရတနာ တစ်စုံနှင့် အစိမ်းနုရောင် ကျောက်စိမ်းလက်ဝတ်ရတနာ တစ်စုံတို့ ဖြစ်ကြသည်။
ဆံထိုးများ၊ ဆံညှပ်ကလစ်များ၊ ပုယောင် (ဆံပင်မှာထိုးထားရင် တွဲလောင်းကျပြီး လှုပ်ခါနေတတ်တဲ့ အဆင်တန်ဆာလေးများ)၊ နားကပ်များနှင့် လက်ကောက်များ ပါဝင်ကာ အစုံအလင် ရှိလှ၏။
ဒီဇိုင်းက ရိုးရှင်းပြီး အသုံးပြုထားသော ပစ္စည်းများက အလွန်အမင်း ဆန်းပြားခြင်းမရှိသော်လည်း လက်ရာက အလွန်ပင် သေသပ်စေ့စပ်ကာ ပုံသဏ္ဌာန်ကလည်း ထူးခြားဆန်းသစ်လှသည်။ တူညီသော ပစ္စည်းများဖြင့် ပြုလုပ်ထားသည့် သာမန် လက်ဝတ်ရတနာများက ဤအရာကို လုံးဝ မယှဉ်နိုင်ချေ။
ကိစ္စအဝဝ ပြီးစီးသွားသောအခါ ကျိုးချွန်းယွီက ပြုံးလျက် အရိုအသေပေးလိုက်၏။
“မမလေး... ကောင်းကောင်း အနားယူလိုက်ပါ... ကိုယ်ခန္ဓာကို အလွန်အမင်း အပင်ပန်းမခံပါနဲ့ဦး... သခင်ကြီးက ဒီနေ့ ချိန်းဆိုမှုတစ်ခု ရှိနေတာမို့ ဟိုင်အချိန် (ည ၁၀ နာရီဝန်းကျင်ခန့်) လောက်မှ ပြန်ရောက်ပါလိမ့်မယ်... ကျွန်တော်လည်း အလုပ်ရှုပ်နေလို့ သွားလိုက်ပါဦးမယ်...”
ကုဟွား၏ နားရွက်ဖျားလေးများ အနည်းငယ် နီမြန်းသွားရသည်။
သူ ဘာဖြစ်လို့ မုကျွင်းယန်ရဲ့ နေ့စဉ်အချိန်ဇယားကို သူမအား လာရောက်ပြောပြနေရတာလဲ...
ဒါပေမယ့် မုကျွင်းယန်က တကယ်ပဲ ဘာကို ဆိုလိုတာလဲ...
အဝတ်အစားအတွက် လက်ကမ်းရုံ၊ အစားအစာအတွက် ပါးစပ်ဟရုံမျှဖြင့် အရာအားလုံး ပြီးပြည့်စုံနေသည့် ဤကဲ့သို့သော ဘဝမျိုးတွင် နေထိုင်ရခြင်းက သူမအား စိတ်မလုံခြုံမှုကို ခံစားရစေသည်။
မိမိ၏ ရှေ့တွင် ရမ္မက်ကြီးသော ဝံပုလွေကောင်မုအန်းက စောင့်ကြည့်နေပြီး နောက်ကွယ်၌လည်း ရက်စက်သော ကျားမ ကိုယ်လုပ်တော်ပိုင်က တစ်လှမ်းချင်း ဖိအားပေးနေသည်။
သူမအနေဖြင့် ထပ်မံ၍ လက်ဦးမှုယူကာ အစီအစဉ်ဆွဲရတော့မည်။
ကုဟွားတစ်ယောက် အတွေးလွန်နေစဉ်၌ ဘေးနားရှိ ရှန်လီက သူမ၏ လက်ချောင်းလေးများကို စတင်ကိုင်တွယ် ကစားနေတော့သည်။
ကုဟွား သတိပြန်ဝင်လာသည့် အချိန်တွင် သူမ၏ လက်ချောင်း ဆယ်ချောင်းလုံး မုန်လာဥလေးများကဲ့သို့ အဖြူရောင်ပတ်တီးများဖြင့် စည်းနှောင်ခြင်း ခံထားရလေသည်။
ရှန်လီက ပြောလိုက်သည်။
“အစက ငါ နင့်ရဲ့ လက်သည်းတွေကိုပဲ အကုန်ဆွဲနှုတ်ပစ်လိုက်မလို့...”
ကုဟွား၏ မျက်နှာလေးက ချက်ချင်းပင် ဖြူလျော်သွားတော့သည်။
ထို့နောက်တွင်မှ ရှန်လီက စကားကို ဆက်ပြောလာ၏။
“ဒါပေမဲ့ နင့်ကို အရမ်းနာကျင်သွားမှာ စိုးရိမ်လို့ ရိုးရိုးကုထုံးအတိုင်းပဲ သုံးလိုက်ရတာ... သွေးလည်ပတ်မှု ကောင်းစေပြီး သွေးပုပ်တွေကို ဖယ်ရှားပေးလိမ့်မယ်... ပြီးတော့ လက်သည်းအောက်က အသားမျှင်တွေကိုလည်း ပြန်လည်ပြုပြင်ပေးလိမ့်မယ်...”
ကုဟွားက သူမကို ကျေးဇူးတင်စွာဖြင့် ပြုံးပြလိုက်သည်။
“ခြေသည်းတွေမှာရော အဲလိုဖြစ်နေတာ ရှိသေးလား...”
ရှန်လီက ကုဟွား၏ ခြေထောက်များကို စိုက်ကြည့်ရင်း မေးလိုက်၏။
ကုဟွားက ပင်ကိုယ်အသိစိတ်ဖြင့် သူမ၏ ခြေထောက်များကို အနောက်သို့ ဆုတ်လိုက်မိသည်။
ရှန်လီက မျက်မှောင်ကြုတ်လျက် မေးလာသည်။
“နင့်ခြေသည်းတွေကိုပါ အပ်နဲ့ အထိုးခံထားရတာလား...”
ကုဟွားက ခေါင်းခါလိုက်သည်။
“လက်တွေပဲ အဓိကပါ...”
တကယ်လို့ ငါ့ရဲ့ ခြေသည်းတွေကိုပါ ပတ်တီးတွေ ပတ်ထားလိုက်ရင် ငါ လမ်းဘယ်လို လျှောက်လို့ရတော့မှာလဲလို့...
ရှန်လီက စကားဆက်မပြောတော့ဘဲ ကုဟွား၏ အဝတ်အစားများကို ချွတ်ရန် လက်လှမ်းလိုက်သဖြင့် ကုဟွားက ထိတ်လန့်သွားကာ သူမ၏ ရင်ဘတ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း အနောက်သို့ တရွတ်တိုက် ဆုတ်ပြေးတော့သည်။
“နင်... နင်... နင်... ဘာလုပ်မလို့လဲ”
“နင့်ခန္ဓာကိုယ်ပေါ်မှာ တခြားဒဏ်ရာတွေ ရှိမရှိ စစ်ဆေးမလို့လေ”
“မရှိဘူး... မရှိဘူး”
ကုဟွားက အလောတကြီး ထပ်ခါတလဲလဲ ငြင်းဆိုရင်း အဝေးသို့ သုတ်ခြေတင် ပြေးတော့သည်။
ရှန်လီက သူမကို စောင်းငဲ့ကြည့်လိုက်ပြီးနောက် လှည့်ထွက်သွား၏။
ကုဟွားတစ်ယောက် ကြောင်အမ်းအမ်းဖြင့် ရပ်ကျန်ခဲ့ကာ ရေရွတ်လိုက်မိသည်။
“စိတ်ဆိုးသွားတာများလား...”
တုန့်ဟွားက သူမ မျက်လုံးလေးများကို မှေးစင်းလျက် ပြောလာသည်။
“မဖြစ်နိုင်တာ... မဟုတ်လောက်ပါဘူး”
“အာ... အပ်ချုပ်ဆိုင်နဲ့ လင်းလန်ဆောင်က လူတွေ ထွက်သွားကြပြီလား... ငါ အပြေးအလွှား လာခဲ့တာတောင် နောက်ကျသွားသေးတယ်...”
ကျိုးကျစ်လန်၏ စူးရှပြတ်သားသော ရယ်မောသံက ပျံ့လွင့်လာသည်။
မကြာမီအချိန်အတွင်း၌ ပုလဲလိုက်ကာလေးများ တချွင်ချွင် မြည်သွားပြီး ရေနီရောင်ဂါဝန်လေး ဝတ်ဆင်ထားသော မိန်းမပျိုလေးက ပျော်ရွှင်တက်ကြွစွာဖြင့် လျှောက်ဝင်လာခဲ့၏။
မှန်တင်ခုံပေါ်ရှိ လက်ဝတ်ရတနာနှစ်စုံကို မြင်လိုက်ရသောအခါ သူမက ချက်ချင်း အနားသို့ လျှောက်သွားပြီး ကောက်ယူကာ သေသေချာချာ ကြည့်ရှုလိုက်သည်။
“ဆိုင်ရှင်ချိုးရဲ့ လက်ရာကတော့ တကယ်ကို သာမန်မဟုတ်ဘူးပဲ... ဒီလက်ဝတ်ရတနာ နှစ်စုံက တအား ဆန်းပြားမနေပေမဲ့ နုနယ်ပြီး ထူးခြားဆန်းသစ်တယ်... သူတို့ရဲ့ အသာစီးရတဲ့အချက်က ဘယ်အရာနဲ့မှမတူတဲ့ သီးသန့်ဒီဇိုင်း ဖြစ်နေတာပဲ...”
သူမ ဆံထိုးတစ်ချောင်းကို ကောက်ယူကာ ကုဟွား၏ ဆံထုံးလေးနှင့် အနေအထား ယှဉ်ကြည့်လိုက်ရင်း ပြောလာသည်။
“နင်နဲ့ အရမ်းလိုက်ဖက်တာပဲ...”
ကုဟွား ထိုသို့ပင် တွေးမိပါသည်။
“ငါ့အစ်ကိုက သခင်ကြီးရဲ့ နာမည်ကတ်ပြားကို သုံးပြီးတော့မှ လင်းလန်ဆောင်ရဲ့ ဆိုင်ရှင်အမျိုးသမီးကို နင်နဲ့လိုက်ဖက်မဲ့ လက်ဝတ်ရတနာတွေကို ကိုယ်တိုင် လာရောက်ရွေးချယ်ပေးဖို့ ဖိတ်ခေါ်နိုင်ခဲ့တာလေ...”
ကုဟွား၏ စိတ်ဝင်စားမှုက ဆိုင်ရှင်အမျိုးသမီး ဆိုသည့် စကားလုံးပေါ်သို့ ရောက်ရှိသွားရ၏။
“အမျိုးသမီးတစ်ယောက်ကလည်း ဆိုင်ရှင်နဲ့ သူဌေး ဖြစ်လို့ရတာပဲလား”
“ဘာလို့ မရရမှာလဲ။ လင်းလန်ဆောင်ရဲ့ အရင်ဆိုင်ရှင်မှာ သမီးမိန်းကလေး တစ်ယောက်ပဲ ရှိတာလေ... ဒါကြောင့် သူက အိမ်ပါသမက် တစ်ယောက်ကို ရှာခဲ့တာ...အရင်ဆိုင်ရှင် ကွယ်လွန်သွားပြီးတဲ့နောက် သမီးဖြစ်သူက စီးပွားရေးကို လွှဲပြောင်းရယူခဲ့ပြီး ဆိုင်မှာ ကိုယ်တိုင်ထိုင်ပြီး စီမံခန့်ခွဲခဲ့တာ... တကယ့်ကို အံ့ဩစရာကောင်းတဲ့ လူပဲ... လင်းလန်ဆောင်ကို သူ့အဖေ အသက်ရှိစဉ်ကထက် နှစ်ဆလောက် ပိုပြီး ကြီးပွားတိုးတက်အောင် လုပ်နိုင်ခဲ့တာလေ...”
ကုဟွား၏ မျက်ဝန်းများ၌ အားကျအတုယူလိုစိတ်များ ပြည့်နှက်သွားရသည်။
သူမကလည်း အမျိုးသမီးတစ်ဦး ဖြစ်ရာ အဘယ်ကြောင့် ထိုအမျိုးသမီးကဲ့သို့ စီးပွားရေးတစ်ခုကို ဦးဆောင်ပြီး မိမိအလိုရှိသော ဘဝမျိုးဖြင့် မနေထိုင်နိုင်ရမှာလဲ...
ဤဘဝတွင် သူမသည်လည်း ထိုကဲ့သို့ ကြိုးစားကြည့်ချင်မိသည်။
အတိတ်ဘဝတုန်းက သူမသည် ဘဝကို အနည်းငယ် ပိုမိုကောင်းမွန်စွာ ဖြတ်သန်းနိုင်ရန်အတွက် ငွေကြေး ရှာဖွေနိုင်မည့် နည်းလမ်းများကို ကြံစည်ခဲ့ဖူးသည်။
ကဗျာများနှင့် စာအုပ်များကို ကူးရေးပေးခြင်း သို့မဟုတ် ပန်းထိုးခြင်းများ ပြုလုပ်၍ ငွေကြေးနှင့် လဲလှယ်ခဲ့ဖူးသော်လည်း ၎င်းတို့မှာ သေးငယ်သော ကြိုးစားမှုများသာ ဖြစ်ခဲ့ရသည်။
ကျိုးကျစ်လန် ကုဟွား၏ လက်ကို ဆုပ်ကိုင်ကာ စိုးရိမ်တကြီး မေးမြန်းလိုက်သည်။
“သူတို့ နင့်ကို ပြဿနာ ရှာကြသေးလား...”
ကုဟွားက ခေါင်းခါပြလိုက်၏။
သို့သော် ကိုယ်လုပ်တော်ပိုင်နှင့် သူမ၏ သမီးအကြောင်းကို တွေးမိသည့်အခါ၌ သူမ ရင်ထဲတွင် ထပ်မံ၍ စိတ်ရှုပ်ထွေးကာ ဇဝေဇဝါ ဖြစ်သွားရပြန်သည်။
အကယ်၍ ကိုယ်လုပ်တော်ပိုင်က ကုအိမ်တော်မှ လူများကို ခေါ်ဆောင်လာ၍ သူမကို တရားဝင် အတင်းအကြပ် လာရောက်ခေါ်ထုတ်မည်ဆိုပါက မြို့စားအိမ်တော်အနေဖြင့်လည်း သူမကို ဆွဲထားနိုင်ရန် အကြောင်းပြချက် ရှိမည်မဟုတ်ပေ။
ထို့ပြင် သူမကလည်း မြို့စားအိမ်တော်ထဲတွင် တစ်သက်လုံး ပုန်းအောင်းနေ၍ မရနိုင်ချေ။
သူမသည် အားကိုးရာမဲ့ပြီး တစ်ယောက်တည်းသာ ရှိသည်။ အကယ်၍ တစ်ခုခုကို အောင်မြင်အောင် လုပ်ဆောင်ချင်ပါက မြို့စားအိမ်တော်၏ အရှိန်အဝါကို မှီခိုရုံမှတစ်ပါး အခြားမရှိပေ။
မုကျွင်းယန်၏ သူမအပေါ် ထားရှိသော သဘောထားကလည်း ရှင်းရှင်းလင်းလင်း မရှိသေးချေ။ သူမအနေဖြင့် လှပသော အမျိုးသမီးတစ်ဦးအပေါ်တွင် အမျိုးသားတစ်ဦး၌ ရှိတတ်သော အခြေခံစိတ်ဝင်စားမှုကို နှိုးဆွပေးနိုင်ခဲ့လျှင်ပင် ၎င်းအချက်က သူ့ကို ကိုယ်တိုင်ကိုယ်ကျ ဝင်ရောက်စွက်ဖက်စေပြီး သူမနောက်ကွယ်မှ မားမားမတ်မတ် ရပ်တည်ပေးရန်အတွက်မူ မလုံလောက်သေးချေ။
သူမက မုကျွင်းယန်ကို တစ်လှမ်းချင်း ဖမ်းစားနိုင်ရန်အတွက် သေသေချာချာ အစီအစဉ် ချထားခဲ့သည်။ သူမ အလိုရှိသည်မှာ ရုပ်ပိုင်းဆိုင်ရာအရ သိမ်းပိုက်ခြင်းမျိုးသာမဟုတ်ဘဲ သူ့နှလုံးသား၌ သေးငယ်သော နေရာတစ်ခုပါ ရယူလိုခြင်း ဖြစ်သည်။ သို့မှသာ သူ သူမအတွက် လိုလိုလားလား လုပ်ဆောင်ပေးလာလိမ့်မည်ဖြစ်သည်။
သို့သော် ယခုအခါ သူမ၌ အချိန်များစွာ မရှိတော့ချေ။
မုကျွင်းယန်၏ သဘောထားအမှန်ကို သိရှိနိုင်ရန်အတွက် သူအယုံကြည်ရဆုံးသော လူကိုသာ မေးမြန်းကြည့်ရပေလိမ့်မည်။
ကုဟွား တုန့်ဟွားကို အပြင်သို့ ခဏ ထွက်သွားရန် မျက်ရိပ်ပြလိုက်၏။
“ညီမလေးမှာ မေးစရာ မေးခွန်းတစ်ခု ရှိလို့ပါ... မမအနေနဲ့ အမှန်အတိုင်း ဖြေကြားပေးဖို့ တောင်းပန်ချင်ပါတယ်...”
ကုဟွား စကားပင် မဆုံးသေးခင်၌ သူမ၏ မျက်နှာလေးက နီမြန်းသွားရသည်။
ကျိုးကျစ်လန်က ခုတင်ပေါ်သို့ ဗုန်းခနဲ ထိုင်ချလိုက်ရင်း ပြောလာသည်။
“မေးစမ်းပါ... မေးစမ်းပါ... ငါက အမှန်အတိုင်း ပြောတဲ့နေရာမှာ အကျွမ်းကျင်ဆုံးပဲ...”