အခန်း ၃၅
Vol. 4 Ch. 35
အခန်း(၃၅)
စကား မစရသေးမီ၌ပင် ကုဟွား၏ မျက်နှာလေးက နီမြန်းသွားရရှာသည်။
သူမ စိတ်ကို မနည်းအားတင်းကာ မေးမြန်းလိုက်၏။
“မမနဲ့ အိမ်တော်ထိန်းချုပ်ကြီးကျိုးက ကျွန်မကို အခုလို ကောင်းကောင်းမွန်မွန် ဆက်ဆံပေးနေကြတာ... အဲဒီညက သခင်ကြီးနဲ့ ကျွန်မကြားမှာ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စကြောင့်လားဟင်...”
ကျိုးကျစ်လန် စနောက်လိုသော အပြုံးဖြင့် ပြုံးလျက် ပြန်ဖြေလိုက်သည်။
“ဟုတ်လည်း ဟုတ်တယ်... မဟုတ်လည်း မဟုတ်ဘူးပေါ့...”
“ဘာကို ဆိုလိုတာလဲဟင်”
ကုဟွား ပို၍ စိတ်ဝင်စားသွားရသည်။
ကျိုးကျစ်လန် လျှို့ဝှက်ဆန်းကြယ်သော လေသံဖြင့် ပြောလိုက်သည်။
“နင် ငါနဲ့ ငါ့အစ်ကိုရဲ့ မျက်လုံးထဲမှာတော့ အဖိုးတန်ရတနာလေးပဲလေ... အာ... မဟုတ်သေးဘူး... ဝမ်ဟန်ရွှမ်တစ်ခုလုံးမှာရှိတဲ့ လူတိုင်းရဲ့ မျက်လုံးထဲမှာလည်း အဖိုးတန်လေးပဲ”
ကုဟွား နားမလည်နိုင်ဘဲ မျက်တောင်လေး ကလယ်ကလယ် လုပ်နေမိ၏။
ကျိုးကျစ်လန် အသံကို ပို၍ တိုးတိုးလေး ဆိုလိုက်သည်။
“ဘာလို့လဲဆိုတော့ နင် သခင်ကြီးကို သာမန်ယောက်ျားတစ်ယောက် ဖြစ်လာအောင် ကူညီပေးနိုင်ခဲ့လို့လေ”
ကုဟွား၏ လည်တိုင်လေးက ချက်ချင်းပင် အရင်းမှစ၍ နီမြန်းသွားရသည်။
ဤကဲ့သို့သော ကိစ္စမျိုးကို လူတစ်ယောက်နှင့် မျက်နှာချင်းဆိုင် ဗြောင်ကျကျ ဆွေးနွေးရခြင်းက သူမကို အလွန်အမင်း အရှက်သည်းစေ၏။
သို့သော်လည်း မုကျွင်းယန်၏ အတွေးများကို သိရှိနိုင်ရန်အတွက် ကျိုးကျစ်လန်ကိုသာ သွယ်ဝိုက်၍ မေးမြန်းရုံမှတစ်ပါး အခြားမရှိချေ။
သူခိုးတစ်ယောက်ကဲ့သို့ စိတ်မလုံမလဲ ဖြစ်နေမိသော ကုဟွား အသံကို တိုးနိုင်သမျှ တိုးကာ မေးလိုက်သည်။
“ဒါဆို... အဲဒီညက ဖြစ်ပျက်ခဲ့တဲ့ ကိစ္စကို ဝမ်ဟန်ရွှမ်က လူတိုင်း... အကုန်သိနေကြပြီလားဟင်...”
သူမ နေရာ၌ပင် ကျင်းတစ်ခု တူးပြီး ကိုယ့်ကိုယ်ကိုယ် မြှုပ်နှံပစ်ချင်စိတ် ပေါက်သွားရသည်။
“မဟုတ်တာ... မဟုတ်တာ... ငါ့အစ်ကိုရယ် ငါရယ်နဲ့ ချီယွီရယ် သုံးယောက်ပဲ သိတာပါ...”
ကုဟွား ရင်ထဲ၌ သက်ပြင်းတစ်ချက်ကို အသာချလိုက်ပြီးနောက် ထူးဆန်းစွာဖြင့် ထပ်မံမေးမြန်းလိုက်၏။
“ချီယွီဆိုတာ ဘယ်သူလဲဟင်...”
သူမအနေဖြင့် ထိုအမည်ရှိသော လူတစ်ယောက်ကို မြင်ဖူးခဲ့သည်ဟု မမှတ်မိချေ။
“သူက...”
ကျိုးကျစ်လန် စကားကျွံလုမတတ် ဖြစ်သွားသော်လည်း အချိန်မီပင် ပါးစပ်ကို ပြန်ပိတ်လိုက်သည်။
ချီယွီသည် သခင်ကြီး၏ အထူးချွန်ဆုံး ကိုယ်ရံတော်တပ်သားတစ်ဦး ဖြစ်သည်။ သူက တစ္ဆေတစ်ကောင်ကဲ့သို့ အမြဲတမ်း အရိပ်အယောင်မပြဘဲ သွားလာတတ်ပြီး လူအများရှေ့တွင် ပေါ်လာခဲသဖြင့် သူမ သူ့အကြောင်းကို စိတ်အလိုရှိတိုင်း လျှောက်ပြော၍ မဖြစ်နိုင်ချေ။
“ဘာပဲဖြစ်ဖြစ် စိတ်မပူပါနဲ့... ငါတို့သုံးယောက်လုံး ပါးစပ် အရမ်းလုံကြပါတယ်... တခြားဘယ်သူမှ မသိစေရဘူးလို့ အာမခံတယ်... ဒါပေမဲ့ တစ်ခုတော့ ရှိတာပေါ့...”
ကျိုးကျစ်လန် တခစ်ခစ် ရယ်မောလိုက်သည်။
“သခင်ကြီး ဒါမှမဟုတ် နင်ကိုယ်တိုင်က တခြားလူတွေကို သိစေချင်ရင်တော့ တစ်မျိုးပေါ့လေ...”
ကုဟွားက ခေါင်းကို အမြန်ခါယမ်းလိုက်သည်။
“ကျွန်မကတော့ လျှောက်မပြောရဲပါဘူး...”
ကုဟွားတစ်ယောက် ရင်ခုန်စိတ်လှုပ်ရှားပြီး ရှက်သွေးဖြန်းနေသည်ကို မြင်လိုက်ရသောအခါ ကျိုးကျစ်လန် ဆက်၍မစနောက်တော့ဘဲ သူမ လက်ကို ဆုပ်ကိုင်လိုက်၏။
သူမ တည်ကြည်သော မျက်နှာပေးဖြင့် ပြောလာသည်။
“နင် ဒါကို မသိသေးလို့ပါ... အရင်မြို့စားမင်းကြီးရဲ့ တိုက်ရိုက်သွေးသားထဲမှာ အခု သခင်ကြီး တစ်ယောက်တည်းပဲ ကျန်တော့တာ... တခြားလူတွေအားလုံး စစ်မြေပြင်မှာ တိုက်ပွဲဝင်ရင်း ကွယ်လွန်သွားခဲ့ကြရတာလေ... သခင်ကြီးက နယ်စပ်ဒေသနဲ့ ပြည်သူတွေအပေါ်မှာ အရမ်းကို စိတ်ရောကိုယ်ပါ အလေးထားတာ... သူက တစ်နှစ်ပတ်လုံး စစ်ပွဲတွေထဲမှာပဲ အချိန်ကုန်လွန်နေပြီး ခေါင်းကို ခါးပတ်မှာ ချည်ထားရသလို (အသက်ကို ဖက်နဲ့ထုပ်ထားရသလို) နေ့တိုင်း ဖြတ်သန်းနေရတာ... စစ်သူကြီးတွေနဲ့ အရေးကိစ္စတွေ ဆွေးနွေးတာ ဒါမှမဟုတ် စစ်တပ်ကို ဦးဆောင်ပြီး တိုက်ပွဲဝင်တာကလွဲရင် တစ်နှစ်ပတ်လုံးမှာ သူပြုံးတာကို ငါတို့ မြင်ရခဲတယ်...ငါတို့အားလုံးက သူ အိမ်ထောင်ပြုပြီး သားသမီးတွေ ထွန်းကားလာဖို့... နွေးထွေးတဲ့ အိမ်ကလေးတစ်လုံး ပိုင်ဆိုင်ပြီး သာမန်ဘဝမျိုးနဲ့ ဖြတ်သန်းသွားနိုင်ဖို့ မျှော်လင့်နေကြတာ... ဒါပေမဲ့ သခင်ကြီးက လုံးဝကို ငြင်းဆန်နေခဲ့တာလေ... အဲဒီညက ကိစ္စကို ငါနဲ့ ငါ့အစ်ကို သိလိုက်ရတဲ့အချိန်မှာ... နင် တမင်တကာ ရည်ရွယ်ချက်ရှိရှိနဲ့ သူ့အနားကို ကပ်ခဲ့တာပဲဖြစ်ဖြစ် အဲဒီလို မဟုတ်ဘူးပဲဖြစ်ဖြစ် သခင်ကြီးက နင့်ကို အနားမှာ ခေါ်ထားပေးဖို့ ငါတို့ မျှော်လင့်ခဲ့ကြတာ... အနည်းဆုံးတော့... နင်က သခင်ကြီးကို ယောက်ျားစစ်ယောက်ျားမှန်တစ်ယောက် ဖြစ်လာအောင် လုပ်ပေးနိုင်ခဲ့တဲ့ တစ်ဦးတည်းသောသူ ဖြစ်နေလို့ပဲ...”
ပုံမှန်အချိန်၌ ပျော်ပျော်နေတတ်သော ကျိုးကျစ်လန်၏ မျက်ဝန်းများ ယခုအချိန်တွင် အနည်းငယ် နီမြန်းနေပြီး သူမ၏ လေသံကလည်း ပို၍ ရိုးသားလာခဲ့သည်။
“သခင်ကြီးရဲ့ အနားမှာ နင့်လိုမျိုး နူးညံ့ပြီး အလိုက်သိတတ်တဲ့ မိန်းကလေးတစ်ယောက် ရှိနေမယ်ဆိုရင်... သူ နေ့တိုင်း ပင်ပင်ပန်းပန်း စစ်တိုက်ပြီး အိမ်ပြန်လာတဲ့အခါ သောက်ဖို့အတွက် စွပ်ပြုတ်ပူပူလေး ရှိမယ်... အဝတ်အစားတွေ လျှော်ဖွပ်ပေးပြီး စောင်တွေကို ခေါက်ပေးမယ့်လူ ရှိမယ်လေ... သူ နောက်ထပ် တစ်ယောက်တည်း အထီးကျန်နေစရာ မလိုတော့ဘူးပေါ့... ဒါကြောင့် ငါနဲ့ ငါ့အစ်ကိုက နင့်ကို မြို့စားအိမ်တော်ရဲ့ ဂရုစိုက်မှုနဲ့ နွေးထွေးမှုကို ခံစားစေချင်တာ... သခင်ကြီးက မျက်နှာထားသာ အေးစက်နေပေမယ့် နှလုံးသားက အရမ်းနွေးထွေးတဲ့ လူကောင်းတစ်ယောက်ဆိုတာကို နင့်ကို သိစေချင်သလို နင်ကိုယ်တိုင်ကလည်း လိုလိုလားလားနဲ့ သူ့အနားမှာ ရှိနေပေးစေချင်တာပါ...”
ကုဟွားတစ်ယောက် ဆွံ့အမှင်တက်သွားရသည်။
သူမက ဤကဲ့သို့သော အခြေအနေမျိုးကို လုံးဝ မျှော်လင့်မထားမိခဲ့ချေ။
သူမသည် အစက မုကျွင်းယန်ကိုယ်တိုင် သူတို့ကို မှာကြားထားသဖြင့် သူမအား ဂရုစိုက်ပေးနေကြခြင်း ဖြစ်သည်ဟု ထင်မှတ်ခဲ့သည်။ သို့သော် သူတို့က မုကျွင်းယန်အတွက်ကြောင့်နှင့် သူမအပေါ် လိုလိုလားလား ကောင်းမွန်စွာ ဆက်ဆံပေးနေကြခြင်း ဖြစ်သည်ကိုမူ မတွေးမိခဲ့ချေ။
ဒါပေမဲ့ ငါကတော့ အသက်ရှင်သန်နိုင်မယ့် အသက်ကယ်ကြိုးလေးတစ်မျှင်ကိုပဲ ဖမ်းဆွဲချင်ခဲ့တာလေ...တကယ်လို့ အန္တရာယ်ကနေ လွတ်မြောက်သွားပြီဆိုရင် ငါက ကောင်းကင်ယံမှာ လွတ်လွပ်လပ်လပ်နဲ့ ပျံသန်းသွားချင်ခဲ့တာ...
ကုဟွား တိုးညှင်းစွာ ရေရွတ်လိုက်မိသည်။
“...ဒါပေမဲ့ သူကိုယ်တိုင်က အိမ်ထောင်မပြုချင်ဘူးလေ...”
သူမက မုကျွင်းယန်၏ အနားတွင် နေထိုင်လိုသည်ဟု တွေးတောလိုက်ရုံမျှဖြင့် သူမ၏ စိတ်အလိုအတိုင်း နေထိုင်ခွင့် ရရှိနိုင်တော့မည် မဟုတ်ချေ။
“ဘယ်ယောက်ျားက အိမ်ထောင်မပြုချင်ဘဲ နေမှာလဲ... သခင်ကြီးက တခြားလူတွေကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေချင်ရုံသက်သက်ပါ...”
ကျိုးကျစ်လန်က သက်ပြင်းချလိုက်သည်။
ကုဟွား ပို၍ပင် အံ့ဩသွားရ၏။
သူမက မုကျွင်းယန်တစ်ယောက် အိမ်ထောင်မပြုဘဲ နေနေခြင်းက ကွယ်လွန်သူ ဇနီးဟောင်းအပေါ် သံယောဇဉ်ကြီးမားလွန်း၍ဟု ထင်မှတ်ခဲ့ခြင်း ဖြစ်သည်။ သို့သော် တကယ်တမ်းတွင် သူက တခြားလူများ၏ နောင်ရေးကို ထည့်တွေးပေးနေခြင်း ဖြစ်နေခဲ့သည်။
ကျိုးကျစ်လန်က အသံကို ပို၍ တိုးလိုက်သည်။
“ဝမ်ဟန်ရွှမ်မှာရှိတဲ့ လူတွေထဲ ဘယ်သူမှ ကျွန်တွေမဟုတ်ကြဘူး... ငါ့အစ်ကိုက အရင်တုန်းက သခင်ကြီးရဲ့ လက်ထောက်စစ််သူကြီးပေါ့... ဒါပေမဲ့ စစ်မြေပြင်မှာ ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့ပြီးတဲ့နောက် မြို့စားအိမ်တော်မှာပဲ ဆက်နေပြီး ကူညီပေးနေတာ... တခြားလူတွေကလည်း ဒဏ်ရာရစစ်သည်တွေ ဒါမှမဟုတ် စစ်မြေပြင်မှာ ကျဆုံးသွားခဲ့တဲ့ စစ်သည်တွေရဲ့ သားသမီးတွေပဲ... သခင်ကြီးနောက်ကိုပဲ ဆက်ပြီး လိုက်ပါချင်ကြလို့ နေနေကြတာ... ငါကိုယ်တိုင်လည်း အပါအဝင်ပေါ့... သခင်ကြီးက တိုင်းပြည်အတွက် အချိန်မရွေး အသက်စွန့်ဖို့ အမြဲတမ်း အဆင်သင့်ပြင်ထားတဲ့သူမို့ သူကွယ်လွန်သွားခဲ့ရင် ဖြစ်လာမဲ့ နောက်ဆက်တွဲကိစ္စတွေကို စောစောစီးစီးတည်းက ကြိုတင်စီစဉ်ပေးထားတာ... အကယ်၍ တစ်နေ့နေ့မှာ သခင်ကြီး စစ်မြေပြင်မှာ ကျဆုံးသွားခဲ့ရင် ငါတို့တစ်ယောက်ချင်းစီကို လွတ်လပ်စွာ ထွက်ခွာသွားနိုင်ဖို့အတွက် အခြေချနေထိုင်စရိတ် အမြောက်အမြား ပေးဖို့ စီစဉ်ထားပြီးသား... ကဲ ပြောစမ်းပါဦး... သခင်ကြီးက ဒီလောကမှာ အာမခံချက်အရှိဆုံးနဲ့ စိတ်နှလုံးအပြည့်ဝဆုံး ယောက်ျားသား မဟုတ်ဘူးလား...”
ကျိုးကျစ်လန်၏ လေသံက စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်လျက် ရှိနေသည်။
ဤစကားကို ကြားလိုက်ရသောအခါ ကုဟွား စိတ်ထဲတွင် အကြီးအကျယ် တုန်လှုပ်သွားရ၏။
ဤကဲ့သို့သော ယောက်ျားမျိုးကို... သူမအနေဖြင့် လှည့်စားရန် တွန့်ဆုတ်မိသွားသည်။
အကယ်၍... နောင်တစ်ချိန်မှာ ငါသာ အဝေးကို ပျံသန်းထွက်ခွာသွားခဲ့ရင် ဘယ်လိုလုပ်မလဲ...
ကုဟွား၏ မျက်နှာတွင် အံ့ဩတုန်လှုပ်မှုများ ပြည့်နှက်နေသည်ကို မြင်လိုက်ရသောအခါ ကျိုးကျစ်လန်၏ ရင်ထဲတွင် ထိတ်ခနဲ ဖြစ်သွားရသည်။
သွားပြီ... ဘယ်လိုနုပျိုလှပတဲ့ မိန်းကလေးမျိုးက အချိန်မရွေး ခေါင်းပြတ်သွားနိုင်တဲ့ လူအိုကြီးတစ်ယောက်နောက်ကို လိုက်ချင်ပါ့မလဲ...
ကျိုးကျစ်လန်က စိတ်ပျက်လက်ပျက်ဖြင့် မိမိဆံပင်ကို ကုတ်ခြစ်လိုက်မိ၏။
ကြည့်ရတာ သူမကတော့ အောင်သွယ်တော်လုပ်ဖို့ ပါရမီမပါလာပုံရသည်။
ကုဟွားတစ်ယောက် အရာရာကို အချိန်မီ မတွေးတောနိုင်သေးခင်၌ ကျိုးကျစ်လန် ရုတ်တရက် ထရပ်လိုက်သည်။
“တကယ်တော့... ဒီရက်ပိုင်းအတွင်း နင်နဲ့အတူ ဖြတ်သန်းခဲ့ရတော့ ငါ နင့်ကို တကယ် သဘောကျမိတယ်... နင်က စိတ်သဘောထားကောင်းပြီး ချစ်စရာကောင်းတဲ့ မိန်းကလေးတစ်ယောက်ပါ... ငါတို့ နင့်ကို အတင်းအကျပ် မလုပ်ပါဘူး... နင့်ဘာသာနင်ပဲ ဆုံးဖြတ်ချက်ချပါ...”
ကုဟွား ပြန်လည်တုံ့ပြန်ရန်ပင် အချိန်မရလိုက်ခင် ကျိုးကျစ်လန်က အပြေးအလွှား ထွက်ခွာသွားပြီး ချက်ချင်းပင် အရိပ်အယောင် ပျောက်ကွယ်သွားတော့သည်။
ဒါကတော့...
ကုဟွားတစ်ယောက် စိတ်ထဲတွင် လွန်ဆွဲနေမိသည်။
သို့သော် ယခုလောလောဆယ်တွင် သူမအနေဖြင့် အရေးပေါ်အကျပ်အတည်းကို အရင်ဆုံး ဖြေရှင်းရပေမည်။ သို့မဟုတ်ပါက သူမသည် သေလမ်းနှင့်သာ ဆက်လက်ရင်ဆိုင်ရပေလိမ့်မည်။