အခန်း ၃၆
Vol. 4 Ch. 36
အခန်း(၃၆)
ကုဟွားက အသက် ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး စိတ်ကို ဒုန်းဒုန်းချလိုက်တော့သည်။
သူမက အဝတ်ဗီရိုကို ဖွင့်လိုက်ပြီး သေသေသပ်သပ် ခေါက်ထားသော ကော်လာပါရှိသည့် အဖြူရောင် ညဝတ်အင်္ကျီကို ထုတ်ယူလိုက်၏။
အပေါ်ဘက်တွင် ခေါက်ထားသော လက်မောင်းအနားသတ်များပေါ်တွင် အဖြူရောင်တိမ်တိုက်ပုံစံ ပန်းထိုးအလှဆင်ခြင်းကို ပြုလုပ်ထားသည်။
ဤညဝတ်အင်္ကျီက တုန့်ဟွားကို ကျင်းရှို့ဆောင်သို့ လွှတ်၍ အဝတ်အစားများ သွားရောက်ယူခိုင်းစဉ်က ပါလာခဲ့ခြင်း ဖြစ်သည်။
သူမက ထိုအင်္ကျီကို အဝတ်စတစ်ခုဖြင့် သေသေချာချာ ထုပ်ပိုးထားခဲ့သဖြင့် တုန့်ဟွားအနေဖြင့် အထဲတွင် ယုံမြို့စားကြီး၏ ညဝတ်အင်္ကျီ ရှိနေသည်ကို မသိရှိခဲ့ချေ။
လွန်ခဲ့သည့် နှစ်ရက်တာ ညချမ်းအချိန်များတွင် တုန့်ဟွားနှင့် တခြားလူများ အိပ်ပျော်သွားသည့်အချိန်မှသာ သူမက ၎င်းကို ထုတ်ယူ၍ တိတ်တဆိတ် ပန်းထိုးခဲ့ခြင်း ဖြစ်သည်။
ယခင်က သူမသည် အလွန်အမင်း ထိတ်လန့်နေခဲ့သဖြင့် ဤညဝတ်အင်္ကျီကို ယူဆောင်လာခဲ့မိကြောင်း မဝန်ခံရဲခဲ့ချေ။ ယခုအခါ ၎င်းကို ပြန်လည်ပေးအပ်လိုသဖြင့် အကြောင်းပြချက်တစ်ခုကို ရှာဖွေရပေလိမ့်မည်။
ကုဟွားက တုန့်ဟွားနှင့် တုန့်ချင်းတို့ကို စောစောစီးစီး သွားရောက်အိပ်စက်ခိုင်းလိုက်သည်။ သူမကိုယ်တိုင်က မှောင်မည်းနေသော အခန်းထဲတွင် ထိုင်ရင်း သစ်သားဇကာကွက် ပြတင်းပေါက်မှတစ်ဆင့် သာယာနေသော လမင်းကြီးကို ငေးမောကြည့်ရှုနေမိ၏။
ညစောင့်သမား၏ ဗုံတီးသံသည် ဟိုင်အချိန် (ည ၁၀ နာရီဝန်းကျင်ခန့်) ရောက်ရှိကြောင်း အချက်ပေးလာခဲ့သည်။
‘ဒုန်း... ဒုန်း... ဒုန်း...’
ထိုဗုံသံက ကုဟွား၏ ရင်ဘတ်ထဲသို့ တည့်တည့် တိုးဝင်ရိုက်ခတ်နေသကဲ့သို့ ရှိ၏။
ကုဟွားက သတ္တိကို မွေးမြူလိုက်သည်။
သူမက ဆီးနှင်းကဲ့သို့ ဖြူစင်သော ပိုးထည်အတွင်းခံဂါဝန်လေးကိုသာ ဝတ်ဆင်ထားပြီး ညဝတ်အင်္ကျီ ထည့်ထားသော ကတ္တီပါသေတ္တာလေးကို ရင်ခွင်ထဲတွင် ပိုက်လျက် ခရမ်းရောင် ဝတ်ရုံကြီးကို ခြုံကာ ယာယွင်ဆောင်မှ ဝမ်ဟန်ရွှမ်ဘက်သို့ တိတ်တဆိတ် ခြေဖွဖွနင်းကာ ထွက်ခွာလာခဲ့သည်။
ကုဟွားက စိုးရိမ်ပူပန်စိတ်များဖြင့် လမ်းလျှောက်ရင်း ဘေးဘီဝဲယာသို့ ဝေ့ဝဲကြည့်ရှုနေမိပြီး အကယ်၍ လမ်းတွင် လူတစ်ယောက်ယောက်နှင့် တိုးမိပါက မည်ကဲ့သို့ ဆင်ခြေပေးရမည်ကို ကြံစည်နေခဲ့၏။
သို့သော် သူမနောက်ကွယ်မှ လူတစ်ယောက်က ဤမှောင်မည်းသောညတွင် သူမ လျှောက်လှမ်းမည့် လမ်းတစ်လျှောက်ရှိ အတားအဆီးအားလုံးကို ကြိုတင်ဖယ်ရှားပေးထားသဖြင့်သာ သူမအနေဖြင့် ကွမ်းရှန်းဆောင်သို့ ချောချောမွေ့မွေ့ ရောက်ရှိလာနိုင်ခြင်း ဖြစ်သည်ကို သူမ မသိရှိခဲ့ပေ။
ကုဟွား ကံကောင်းလှသည်ဟု တွေးမိကာ ရင်ဘတ်ကို သာသာလေး ဖိလိုက်မိသည်။ သူမ ရင်ထဲမှ သက်ပြင်းတစ်ချက်ကို အသာချလိုက်စဉ်၌ ရုတ်တရက် ပြတင်းပေါက်မှတစ်ဆင့် မားမားမတ်မတ် ရပ်နေသော အရိပ်တစ်ခု၏ ရောင်ပြန်ကို မြင်တွေ့လိုက်ရသဖြင့် ခုနက ချလိုက်သော သက်ပြင်းက လည်ချောင်းဝ၌ ချက်ချင်းပင် ပြန်လည်တစ်ဆို့သွားရတော့သည်။
သူမက တံခါးကို တွန်းဖွင့်ရန် လက်လှမ်းလိုက်သော်လည်း စိတ်ထဲတွင် အလွန်အမင်း လွန်ဆွဲနေမိ၏။
ကျိုးကျစ်လန်၏ ပြောပြချက်များက သူမ၏ နားထဲတွင် ထပ်မံ၍ ပဲ့တင်ထပ်လာခဲ့သည်။
မုကျွင်းယန်ကဲ့သို့ ဖြောင့်မတ်တည်ကြည်ပြီး ဂုဏ်သိက္ခာရှိလှသော ယောက်ျားကောင်းတစ်ယောက်ကို... သူမအနေဖြင့် ဤကဲ့သို့ လှည့်ကွက်များ သုံးပြီး မလှည့်ဖြားသင့်ပါချေ။
သို့သော်လည်း သူမ၏ နောက်ကွယ်၌ အဆုံးမရှိသော ချောက်ကမ်းပါးကြီးသာ ရှိနေသည်။
သူမအတွက် နောက်ဆုတ်ရန် လမ်းမရှိတော့ချေ။
ကုဟွားက တံခါးကိုသာ စိုက်ကြည့်နေမိသဖြင့် ဘေးနားရှိ ပြတင်းပေါက်အဟလေးမှတစ်ဆင့် နက်မှောင်သော မျက်ဝန်းတစ်စုံက သူမကို စောင့်ကြည့်နေသည်ကို သတိမထားမိခဲ့ချေ။
အမှန်တကယ်တွင် ချီယန်က အမတ်ကြီးကုနှင့်ပတ်သက်သော တုန်လှုပ်ချောက်ချားဖွယ်ရာ လျှို့ဝှက်ချက်တစ်ခုကို ဖော်ထုတ်ထားနိုင်ခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း သက်သေများကို အပြည့်အဝ အတည်မပြုရသေးသည့်အပြင် ကုအိမ်တော်၏ အတွင်းရေးကိစ္စများကို ဝင်ရောက်စွက်ဖက်ရန် မသင့်တော်ခြင်းကြောင့် ထိုအကြောင်းကို ကုဟွားအား ပြောပြရမည်လား မပြောရမည်လားကို သူ မဆုံးဖြတ်ရသေးခြင်း ဖြစ်၏။
သူမက သူ့ကို မှီခိုအားထားပြီး သူ၏အရှိန်အဝါကို အသုံးပြုကာ သူမ၏ သနားစရာကောင်းသော ကံကြမ္မာဆိုးမှ ရုန်းထွက်ချင်နေခဲ့သည်။ သူမ ကြောက်တတ်သော်လည်း လုပ်ဆောင်ချင်စိတ်ရှိပြီး ကိုယ်ပိုင်အတွေးအခေါ် ရှိသည့် အမျိုးသမီးတစ်ဦး ဖြစ်သည်။
မုကျွင်းယန်အနေဖြင့် သူမကို သတ္တိမွေးကာ ရှေ့သို့ ဆက်လက်လှမ်းလာစေချင်တာလား ဒါမှမဟုတ် သနားကရုဏာသက်မိပြီး သူမကို မငြင်းပယ်ရက်တာလား ဆိုသည်ကို ကိုယ်တိုင်ပင် ဝေခွဲမရဖြစ်နေမိသည်။
ဒါပေမဲ့ သူ အခု ဘာတွေကို တုံ့ဆိုင်းနေရတာလဲ...
မုကျွင်းယန် ရုတ်တရက် စိတ်အနှောင့်အယှက်ဖြစ်သွားရ၏။ သူက သူမ၏ သူရဲဘောကြောင်လှသော ပုံစံကို ဆက်၍မကြည့်ချင်တော့သဖြင့် ပြတင်းပေါက်မှ လှည့်ထွက်လိုက်တော့သည်။
ကုဟွားက အသက်ကို ပြင်းပြင်းနှစ်ချက် ရှူလိုက်ပြီးနောက် တံခါးကို အသာအယာ တွန်းဖွင့်လိုက်၏။
သူမ အထဲသို့ ဝင်လာသည်နှင့်တစ်ပြိုင်နက် ချက်ချင်း လှည့်ကာ တံခါးကို ပြန်ပိတ်လိုက်သည်။ သူမ၏ နှလုံးခုန်သံများကလည်း ဆူညံနေတော့၏။ သူမ အနောက်သို့ လှည့်မကြည့်ရဲဘဲ နားကိုသာ စွင့်ထားမိသော်လည်း သူမ၏နောက်ကွယ်မှ မည်သည့်အသံမျှ ထွက်ပေါ်မလာခဲ့ချေ။
သူမ စိတ်ကို တင်းကာ လှည့်ကြည့်လိုက်သည့်အခါတွင် စာရေးခုံကို ချက်ချင်း မြင်လိုက်ရသည်။ ဝတ်ရုံနက်ကို ခါးစည်းမပါဘဲ ဝတ်ဆင်ထားသော အမျိုးသားသည် ညောင်စောင်းအစွန်းတွင် ခြေထောက်နှစ်ဖက်ကို ခပ်ကားကားဖြန့်လျက် ထိုင်နေသည်။
သူက လက်တစ်ဖက်ကို ဒူးပေါ်တွင် တင်ထားပြီး ခေါင်းကို အနည်းငယ် စောင်းကာ သူမကို နက်မှောင်သော မျက်ဝန်းများဖြင့် တည်ငြိမ်စွာ စိုက်ကြည့်နေ၏။
သူမ၏ စိတ်ထဲတွင် စကားလုံးသုံးလုံး ချက်ချင်း ဖြတ်ပြေးသွားခဲ့သည်။
“မုဆိုးကြီး...”
ကုဟွားတစ်ယောက် ထိတ်လန့်ကြောက်ရွံ့လွန်းသဖြင့် တုန်ယင်သွားရကာ ပင်ကိုယ်အသိစိတ်ဖြင့် ချက်ချင်း ပြန်လှည့်မိသွားကာ ထွက်ပြေးချင်စိတ် ပေါက်သွားရသည်။
ထိုစဉ် အနောက်ဘက်မှ အေးစက်သော အော်သံတစ်သံ ထွက်ပေါ်လာခဲ့၏။
“ရပ်လိုက်စမ်း...”
မုကျွင်းယန် သူမကို စိတ်ပျက်လက်ပျက်ဖြင့် စိုက်ကြည့်လိုက်သည်။
သူ ဘာဖြစ်လို့ အမြဲတမ်း သိမ်းငှက်ကို မြင်လိုက်ရတဲ့ ယုန်ကလေးတစ်ကောင်လို ပြုမူနေရတာလဲ...
ငါက သူ့အပေါ် ရက်ရက်စက်စက် ပြုမူနေတာလည်း မဟုတ်ဘဲနဲ့ကို...
ကုဟွား၏ ခြေလှမ်းများ တုန့်ခနဲ ရပ်တန့်သွားရ၏။ သူမက အသက်ကို မြန်မြန်နှင့် ခပ်တိုတို ရှူရှိုက်ရင်း ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်အောင် အစွမ်းကုန် ကြိုးစားနေရသည်။ သူမ တံတွေးကို မျိုချလိုက်ပြီးနောက် ခန္ဓာကိုယ်ကို တောင့်တောင့်ကြီးဖြင့် ခက်ခဲစွာ လှည့်လိုက်ရ၏။
သူမ ဝတ်ရုံစကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားရင်း ဒူးနှစ်ဖက်ကို တောင့်တောင့်ကြီး ညွတ်ကာ ခြောက်ကပ်ကပ်ဖြင့် ပါးစပ်ဟလိုက်သည်။
“ကျွန်... ကျွန်... ကျွန်မ...”
မုကျွင်းယန်က မျက်လုံးများကို မှေးစင်းလိုက်၏။ သူ၏ အကြည့်များက သူမ၏ ဝတ်ရုံအတွင်းမှ ဖောင်းကြွနေသော နေရာတစ်ခုပေါ်သို့ ကျရောက်သွားပြီး ချွန်ထက်သော အစွန်းတစ်ခုကို မြင်လိုက်ရသည်။ ၎င်းမှာ သေတ္တာတစ်လုံး ဖြစ်ပုံရသည်။
ပထမတစ်ကြိမ်တုန်းက ခြေကျင်းဝတ်ခေါက်လဲတာ...ဒုတိယတစ်ကြိမ်တုန်းက မုန့် လာပို့တာ... အခုတစ်ကြိမ်ကျတော့ ညလယ်စာ လာပို့တာလား...
လူတစ်ယောက်ကို ဖြားယောင်းရန်အတွက် သူမ ပေးသော ဆင်ခြေများက တကယ့်ကို အူကြောင်ကြောင်နိုင်လွန်းလှသည်။
တခြားအမျိုးသမီးတွေ ဒီနည်းလမ်းတွေကို အကုန်သုံးပြီး ဘာလို့အရှုံးပေးသွားခဲ့ကြတယ်ဆိုတာကို သူ မသိဘူးလား...
လုံးဝကို ဆန်းသစ်မှု မရှိဘူးပဲ...
သူမ၏ ထိတ်လန့်တုန်လှုပ်နေသော ပုံစံကို သူ တကယ်ကို ဆက်မကြည့်နိုင်တော့ချေ။ ထိုပုံစံက သူ့ဘက်ကပဲ သူမအပေါ် အတင်းအဓမ္မ ပြုမူနေသကဲ့သို့ ဖြစ်နေသောကြောင့် ဖြစ်သည်။ ထို့ကြောင့် သူ မအောင့်နိုင်ဘဲ မေးလိုက်တော့သည်။
“လက်ထဲမှာ ကိုင်ထားတာက ဘာလဲ...”
ကုဟွား သတ္တိကို မနည်းစုစည်းကာ တိုးညှင်းစွာ ပြောလိုက်၏။
“ဒါက... သခင်ကြီးရဲ့ ညဝတ်အင်္ကျီပါ...”
မုကျွင်းယန်က ဤကိစ္စကို အမှန်တကယ်ပင် မေ့လျော့နေခဲ့ခြင်း ဖြစ်သည်။ သူ မျက်ခုံးတစ်ဖက်ကို ပင့်လိုက်ရင်း သူမ ဆက်ပြောလာမည့်အရာကို စောင့်ဆိုင်းနေလိုက်၏။
ကုဟွား၏ စိတ်ထဲ၌ ဗြောင်းဆန်နေသည်။ အရှက်တရားကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ဤမျှအထိ အကျပ်ကိုင်ခံနေရသည်ကို တွေးမိသည့်အခါ သူမ၏ မျက်ဝန်းအစုံက မအောင့်နိုင်ဘဲ စိုစွတ်လာရသည်။
သူမ ခေါင်းကို ငုံ့ထားလျက် ညောင်စောင်းဘေးရှိ လက်ဖက်ရည်စားပွဲအနားသို့ လှမ်းလာခဲ့၏။ သေတ္တာကို ကိုင်ထားသော သူမ လက်ကလေးက ဝတ်ရုံထဲမှ ထွက်ပေါ်လာပြီး ၎င်းကို လက်ဖက်ရည်စားပွဲပေါ်သို့ တင်ကာ သေတ္တာအဖုံးကို ဖွင့်လိုက်သည်။
ဆီးနှင်းကဲ့သို့ ဖြူစင်သော ညဝတ်အင်္ကျီက သေသေသပ်သပ် ခေါက်လျက်ရှိနေပြီး လက်မောင်းအနားသတ်ပေါ်ရှိ ပန်းထိုးလက်ရာက သူ၏အမြင်အာရုံကို ဆွဲဆောင်သွားတော့သည်။