အခန်း ၃၇
Vol. 4 Ch. 37
အခန်း(၃၇)
ကုဟွား နောက်သို့ တစ်လှမ်းဆုတ်လိုက်ပြီး သူမ ဝတ်ရုံကို ပြန်လည်၍ ကျစ်ကျစ်ပါအောင် ဆွဲပိတ်လိုက်၏။
သူမ အသံတိုးတိုးလေးဖြင့် ပြောလိုက်သည်။
“အစတုန်းက... ကျွန်မ သခင်ကြီးရဲ့ ညဝတ်အင်္ကျီကို ယူသွားမိတယ်ဆိုတာကို ဝန်မခံရဲခဲ့တာပါ... ဘာလို့လဲဆိုတော့ ကျွန်မရဲ့ အဝတ်အစားတွေက... စုတ်ပြဲသွားလို့... ခန္ဓာကိုယ်ကို ဖုံးကွယ်ပြီး ထွက်ခွာသွားနိုင်ဖို့အတွက် သခင်ကြီးရဲ့ ဝတ်ရုံကို မတတ်သာဘဲ ယူဝတ်ခဲ့ရတာပါ... လမ်းမှာတင် သစ်ကိုင်းတစ်ခုနဲ့ ငြိပြီး အင်္ကျီလက်မောင်းနားက စုတ်ပြဲသွားခဲ့လို့... ဒါကြောင့်... ဒါကြောင့်မို့လို့ အဲဒီနေရာကို ဖာထေးတဲ့အနေနဲ့ ပန်းထိုးလိုက်ရတာပါ...”
မုကျွင်းယန် စကားတစ်ခွန်းမျှ မဆိုဘဲ ညဝတ်အင်္ကျီကိုသာ စိုက်ကြည့်နေသည်။
ကုဟွား အလောတကြီး ထပ်ပြောလိုက်သည်။
“အကယ်၍ သခင်ကြီးဘက်က စိတ်တိုင်းမကျဘူးဆိုရင်... ကျွန်မ အသစ်တစ်ထည် ပြန်ပြီး လျော်ပေးပါ့မယ်”
“လျော်ပေးမယ် ဟုတ်လား...”
မုကျွင်းယန် ပျင်းရိပျင်းတွဲဖြင့် မျက်လုံးများကို ပင့်ကြည့်လိုက်ရာ သူ့မျက်ဝန်းများက ‘မင်းမှာ လျော်ပေးစရာ ဘာများရှိလို့လဲ’ ဟူ၍ ရှင်းလင်းတိကျစွာ မေးခွန်းထုတ်နေဟန် ရှိ၏။
ကုဟွား၏ အသံလေးက ခြင်သံလေးကဲ့သို့ တိုးညှင်းလွန်းလှသည်။
“အခုလောလောဆယ်တော့ ကျွန်မမှာ လျော်ပေးနိုင်တဲ့ အင်အားမရှိသေးပါဘူး... ကျွန်မမှာ ငွေတစ်ပြားမှ မရှိလို့ပါ... ကျွန်... ကျွန်မ... လုပ်ပေးနိုင်...”
သူမ အသံလေးက တဖြည်းဖြန်း ပိုမိုတိုးဝင်သွားပြီး မျက်နှာလေးကလည်း ပို၍ နီမြန်းလာသည်။
သူမ ရင်ထဲ၌ အလွန်အမင်း မချိတင်ကဲ ခံစားရလွန်းသဖြင့် မျက်ရည်များပင် ဝဲတက်လာခဲ့သည်။
မုကျွင်းယန် : “...”
‘ငါ ဘာများ လုပ်မိလို့လဲ’
‘သူ ဘာဖြစ်လို့ ငါကပဲ အနိုင်ကျင့်နေသလိုမျိုး ပြုမူနေရတာလဲ’
မုကျွင်းယန် ရုတ်တရက် စိတ်အနှောင့်အယှက် ဖြစ်သွားရသည်။
သူ ညောင်စောင်းမှ တိုက်ရိုက်ထရပ်လိုက်ပြီး တံခါးဆီသို့ လှမ်းသွားရင်း ဆိုလိုက်၏။
“ပန်းထိုးလက်ရာက မဆိုးပါဘူး... လျော်ပေးဖို့ မလိုဘူး...”
ကုဟွား ကိုယ့်ကိုယ်ကိုယ် သူရဲဘောကြောင်လှသည်ဟု စိတ်ထဲမှ တိတ်တဆိတ် ကျိန်ဆဲမိသည်။
‘နင်က ဘာလို့ ငိုနေရတာလဲ’
သူမ မျက်ရည်များကို အမြန်သုတ်လိုက်ပြီး သူ၏နောက်သို့ လိုက်လာခဲ့သည်။
“ကျွန်မရဲ့ အပ်ချုပ်လက်ရာက တကယ်ပဲ မဆိုးပါဘူး... သခင်ကြီးအတွက် အဝတ်အစားတွေ ချုပ်ပေးလို့ရပါတယ်... သခင်ကြီးက ဘယ်လိုပန်းမျိုးကို သဘောကျတတ်... အာ့...”
သူမ သူ၏ သန်မာထွားကျိုင်းလှသော ရင်ဘတ်ကြီးဆီသို့ အရှိန်အဟုန်ဖြင့် ခေါင်းနှင့် တည့်တည့် တိုးမိသွားတော့သည်။
‘ဒီလူက ဘာဖြစ်လို့ ရုတ်တရက်ကြီး ပြန်လှည့်လာရတာလဲ’
ကုဟွား သူမနဖူးလေးကို ပွတ်သပ်ရင်း နောက်သို့ တစ်လှမ်းဆုတ်လိုက်မိသည်။ သူမ စိတ်ထဲတွင် အနည်းငယ် ဒေါသထွက်သွားပြီး သူ့ကို မော့ကြည့်လိုက်၏။
မျှော်လင့်မထားစွာပင် မုကျွင်းယန် တံခါးကို ဖွင့်လိုက်ပြီး ဘေးသို့ အနည်းငယ် စောင်းလျက် အပြင်ဘက်သို့ လှမ်းကြည့်နေသည်။
“ညည့်နက် သန်းခေါင်ယံ အချိန်ဆိုတော့ ပတ်ဝန်းကျင်က တိတ်ဆိတ်နေပြီ... ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက်က အခန်းတစ်ခန်းတည်းမှာ အတူရှိနေတာက မင်းရဲ့ ဖြူစင်တဲ့ ဂုဏ်သိက္ခာကို ပျက်စီးစေလိမ့်မယ်...မြန်မြန် ပြန်တော့”
ကုဟွားတစ်ယောက် ကြောင်အမ်းသွားရပြီး နှာခေါင်းထဲ၌ ချဥ်စူးသွားရသည်။
သူက ခန့်ညားထည်ဝါပြီး ဖြောင့်မတ်တည်ကြည်သော အမျိုးသားတစ်ဦး ဖြစ်ရုံသာမက တကယ်ကို စစ်မှန်သော လူကြီးလူကောင်းတစ်ဦးလည်း ဖြစ်သည်။
သူမအနေဖြင့် သူ့အပေါ် ဤကဲ့သို့ လှည့်ကွက်များ သုံးပြီး အကွက်မချခဲ့သင့်ချေ။
အတော်ကြာသည်အထိ မည်သည့်လှုပ်ရှားမှုမျှ မရှိသဖြင့် မုကျွင်းယန် လှည့်ကြည့်လိုက်သည့်အခါ သူမ၏ လှပသော မျက်ဝန်းအစုံတွင် မျက်ရည်များ ပြည့်လျှံနေပြီး ဝေခွဲမရဖြစ်လျက် သနားစရာကောင်းအောင် ရပ်နေသည်ကို မြင်တွေ့လိုက်ရသည်။
သူသည် အဆုံး၌ ဆက်၍ မရက်စက်နိုင်တော့ဘဲ ညင်သာစွာ ပြောလိုက်၏။
“ရပါတယ်... အရာအားလုံး အဆင်ပြေသွားမှာပါ”
သူ့လေသံက ဤမျှအထိ နူးညံ့ခဲလှသည်။ ကုဟွား ရင်ထဲရှိ မချိတင်ကဲဖြစ်မှုအားလုံး မျက်ရည်များအဖြစ်သို့ ပြောင်းလဲသွားကာ တိတ်တဆိတ် စီးကျလာသည်။
မုကျွင်းယန် သူမကို ထပ်မံ၍ တွန်းမထုတ်ရက်ချေ။ သူက လက်လှမ်း၍ သူမ၏ ဆံပင်လေးများကို အသာအယာ ပွတ်သပ်ပေးလိုက်သည်။
“မင်း တစ်ခုခု လိုအပ်တာရှိရင် အချိန်မရွေး ပြောပါ... ကျန်တဲ့အရာတွေအတွက်ကတော့... မင်းရဲ့ နှလုံးသားအစစ်အမှန်အတိုင်းသာ လိုက်နာပါ”
သူ သူမကို ဤကဲ့သို့ လေသံမျိုးဖြင့် စကားပြောလာခြင်းကြောင့် ကုဟွား ရင်ထဲ၌ အပြစ်ရှိသလို ခံစားရကာ ပိုမို၍ လွန်ဆွဲသွားရတော့သည်။
‘ငါ ဘာလုပ်သင့်လဲ’
ကိုယ်လုပ်တော်ပိုင်၏ ယုတ်မာလှသော အကြံအစည်များ၊ ကုဝမ်ရုနှင့် သူမခင်ပွန်းတို့၏ အတ္တကြီးပြီး ရက်စက်ကြမ်းကြုတ်မှုများ။
အတိတ်ဘဝက သူမ သေဆုံးသွားခဲ့ပြီးနောက် သူတို့ဇနီးမောင်နှံက သာယာအဆင်ပြေစွာ မြို့စားအိမ်တော်၏ စည်းစိမ်ချမ်းသာနှင့် ဂုဏ်အသရေကို စံစားခဲ့ကြသည်။
‘သူတို့မှာ အဲဒီလို စံစားပိုင်ခွင့်ရစရာ ဘာအကြောင်းများရှိလို့လဲ’
သူမသည်လည်း အသက်ရှင်သန်နိုင်ရန်အတွက်သာ ရုန်းကန်နေရခြင်း ဖြစ်သည်။
ကုဟွား ရုတ်တရက် သူမ၏ ဝတ်ရုံကို လွှတ်ချလိုက်ပြီး လက်နှစ်ဖက်ကို ဆန့်တန်းကာ မုကျွင်းယန်၏ ရင်ခွင်ထဲသို့ တိုးဝင်ဖက်တွယ်လိုက်တော့သည်။ သူမက သူ့ခါးကို အသံမထွက်ဘဲ ကျစ်ကျစ်ပါအောင် သိုင်းဖက်ထားမိသော်လည်း မျက်ရည်များက ပိုမို၍ စီးကျလာခဲ့၏။
ပါးလွှာသော အဝတ်အစားလွှာများသာ ခြားနေသဖြင့် သူတို့နှစ်ဦး၏ အေးစက်လှသော ခန္ဓာကိုယ်နှင့် နွေးထွေးလှသော ခန္ဓာကိုယ်တို့သည် တစ်ဦးနှင့်တစ်ဦး၏ အပူချိန်ကို လျင်မြန်စွာ ကူးစက်မျှဝေနေကြသည်။
မုကျွင်းယန်၏ ခန္ဓာကိုယ်ကြီးက တောင့်တင်းသွားရ၏။ သူ့ဝတ်ရုံရင်ဘတ်ပိုင်းက ချက်ချင်းပင် သူမ မျက်ရည်များဖြင့် စိုစွတ်သွားတော့သည်။ သူ သက်ပြင်းတစ်ချက်ကို အသာချလိုက်ရင်း တံခါးကို ဖြည်းညှင်းစွာ ပြန်ပိတ်လိုက်တော့၏။
သူက ကုဟွား၏ မေးစေ့လေးကို ဆွဲမလိုက်ပြီး သူမအား သူ့ကို တည့်တည့်မော့ကြည့်စေလိုက်သည်။ ငိုထားသဖြင့် နီရဲပြီး ဖောယောင်နေသော သူမ မျက်ဝန်းလေးများကို မြင်လိုက်ရသည့်အခါ၌ သနားစရာကောင်းလှသော ကြောင်ပေါက်စလေးတစ်ကောင်ကဲ့သို့ ဖြစ်နေသဖြင့် သူ၏ ရင်ထဲ၌ သနားကရုဏာစိတ်များ အမှန်တကယ်ပင် ထွက်ပေါ်လာရ၏။
သူမ အလွန်အမင်း ဝမ်းနည်းပူဆွေးနေသည်ကို သိရှိထားသဖြင့် မုကျွင်းယန်အနေဖြင့် သဘာဝကျစွာပင် အခြား အတွေးများ ဝင်ရောက်လာခြင်း မရှိချေ။
သူ သူမ၏ လက်ကလေးကို ဆုပ်ကိုင်ကာ နူးညံ့သော ညောင်စောင်းရှိရာဆီသို့ လျှောက်လှမ်းခေါ်ဆောင်သွားတော့လေသည်။
ကုဟွား၏ မျက်ရည်များက ထိတ်လန့်သွားမှုကြောင့် မျက်ဝန်းအိမ်ထဲသို့ ပြန်လည်ဝင်ရောက်သွားရသည်။
ဤနူးညံ့သော ညောင်စောင်းထက်တွင် သူတို့နှစ်ဦး ရမ္မက်ပြင်းပြစွာ ချစ်တင်းနှောခဲ့ကြသည့် အတိတ်မှတ်ဉာဏ်များက သူမ အာရုံထဲတွင် လတ်လတ်ဆတ်ဆတ် ရှိနေသေးဆဲ ဖြစ်၏။
‘သူ အခုပဲ ကိစ္စကို တန်းပြီး စတော့မလို့လား’
ရှက်သွေးဖြန်းမှုနှင့်အတူ နှလုံးခုန်သံများက ကုဟွားထံသို့ တိုးဝှေ့လာသဖြင့် သူမက စာအုပ်စင်ရှိရာဘက်သို့ ခေါင်းကို အမြန်လွှဲ၍ ကြည့်လိုက်မိသည်။
ကွယ်လွန်သူ သခင်မကြီး၏ ပုံတူပန်းချီကားက နေရာ၌ မရှိတော့ချေ။
သူမ ရင်ထဲမှ တိတ်တဆိတ် သက်ပြင်းတစ်ချက် ချလိုက်မိသည်။
မုကျွင်းယန်က သူမ လက်ကို လွှတ်ပေးလိုက်ပြီး စားပွဲငယ်ပေါ်ရှိ လက်ဖက်ရည်အိုးကို လက်ညှိုးထိုးပြလိုက်သည်။
“စိတ်ငြိမ်စေမဲ့ လက်ဖက်ရည်လေးတစ်ခွက် သောက်ပြီး စိတ်အေးအေးထားလိုက်ဦး... မင်းကို ပြောစရာ စကားရှိတယ်”
ကုဟွား လိမ္မာသိတတ်သော ပုံစံလေးဖြင့် လက်ဖက်ရည်တစ်ခွက်ကို အလိုက်သိစွာ ငှဲ့လိုက်ပြီးနောက် မုကျွင်းယန်ထံသို့ လက်နှစ်ဖက်ဖြင့် ရိုသေစွာ ကမ်းပေးလိုက်သည်။
“သခင်ကြီး... လက်ဖက်ရည် သုံးဆောင်ပါဦး”
မုကျွင်းယန် : “...”
‘အတုအယောင် ကပ်ဖားရပ်ဖား လုပ်နေတာ လုံးဝ စိတ်မပါဘူးပဲ’
သူ လက်ကို ဝှေ့ယမ်းပြလိုက်ပြီး နူးညံ့သော ညောင်စောင်းထက်တွင် ကိုယ်တိုင် ဝင်ထိုင်လိုက်၏။
သူတို့နှစ်ဦးကြားတွင် အနည်းငယ် ကွာဝေးသွားသည့်အတွက်ကြောင့် ကုဟွား ရင်ထဲရှိ ဖိအားများနှင့် စိုးရိမ်တုန်လှုပ်မှုများက အနည်းငယ် လျော့ပါးသွားရသည်။ သူမ သူ့ကို တစ်ချက်ခိုးကြည့်လိုက်ပြီးနောက် လက်ဖက်ရည်ခွက်ကို မြှောက်ကာ တစ်ငုံတည်းဖြင့် အကုန်မော့သောက်လိုက်ရာ စိတ်အခြေအနေက ချက်ချင်းပင် ပြန်လည်တည်ငြိမ်သွားတော့သည်။
သူမအနေဖြင့် ဤခြေလှမ်းကို မဖြစ်မနေ လှမ်းရမည် ဖြစ်သည်။
အကယ်၍ သူ သူမကို ကူညီပေးရန် လိုလားသည်ဆိုပါက သူမအနေဖြင့် ဤဆယ်ရက်ကျော်ကာလအတွင်း သူ့ကို အစွမ်းကုန် ပြုစုလုပ်ကျွေးသွားမည် ဖြစ်သည်။
ဤမျှနှင့်တင် ပြီးဆုံးသွားပြီ ဖြစ်၏။
သူ နောက်တစ်ကြိမ် မြောက်ဘက်ဒေသသို့ ပြန်လည်ထွက်ခွာသွားပြီးသည့်နောက်တွင် သူတို့နှစ်ဦး ဘယ်သောအခါမျှ ပြန်လည်ဆုံတွေ့ကြတော့မည် မဟုတ်ချေ။
သူမ၏ စိတ်ခံစားချက်များ တည်ငြိမ်သွားပုံရသည်ကို မြင်ရသောအခါ မုကျွင်းယန်က ဖြည်းညှင်းစွာ မေးလိုက်သည်။
“မင်း တကယ်ပဲ ငါ့နောက်ကို လိုက်ချင်တာလား...”
ဖယောင်းတိုင်အလင်းရောင်ကို ကျောပေးထားသော ကုဟွား၏ မျက်ဝန်းအစုံက မျက်ရည်များဖြင့် ဆေးကြောထားသကဲ့သို့ ထူးဆန်းစွာ တောက်ပနေပြီး ၎င်းတို့ထဲတွင် မီးတောက်ကလေးတစ်ခု လှုပ်ခါကခုန်နေသကဲ့သို့ ရှိ၏။
မိန်းမပျိုလေးသည် သူမ၏ ဝတ်ရုံကို ဖြုတ်လိုက်ရာ ခရမ်းရောင်ဝတ်ရုံကြီးက အောက်သို့ လျှောကျသွားတော့သည်။ သူမက သူ၏ဒူးနှင့် ထိလုနီးပါးအထိ ရှေ့သို့ တစ်လှမ်းတိုးလာခဲ့ပြီး တုံ့ဆိုင်းခြင်းမရှိဘဲ ခေါင်းညိတ်ပြလိုက်၏။
ဆီးနှင်းကဲ့သို့ ဖြူစင်ဝင်းပသော အလှတရားတစ်ခုက သူ့မျက်စိရှေ့မှောက်သို့ ရောက်ရှိလာသည်။
မုကျွင်းယန်က ဤအချိန်မှပင် ကုဟွား၏ ဝတ်ရုံအောက်တွင် ပါးလွှာသော အတွင်းခံအင်္ကျီနှင့် အတွင်းခံဘောင်းဘီရှည်တို့ကိုသာ ဝတ်ဆင်ထားကြောင်း သတိပြုမိသွားသည်။ ဖယောင်းတိုင်အလင်းရောင်အောက်တွင် ပါးလွှာလှသော အဖြူရောင်ပိုးထည်စက သူမ၏ ခန္ဓာကိုယ် ကောက်ကြောင်းအလှများကို အထင်အရှား ပေါ်လွင်စေလျက် ရှိ၏။
သူ၏ ခန္ဓာကိုယ်တစ်ခုလုံးရှိ သွေးသားများက ချက်ချင်းပင် ဆူပွက်လာတော့သည်။ သူ့မျက်နှာထားက ပြောင်းလဲခြင်းမရှိသော်လည်း အေးစက်လှသော အကြည့်များက ကျောက်စိမ်းကဲ့သို့ ဖြူစင်သော လည်ပင်းလေးမှသည် ဝင်းပအိထွေးနေသော ပခုံးသားလေးများ၊ မို့မောက်နွဲ့နှောင်းနေသော ရင်အစုံနှင့် လက်တစ်ဝါးစာမျှသာရှိသော ခါးသိမ်လေးဆီသို့ တဖြည်းဖြည်းချင်း လှည့်လည်ကြည့်ရှုနေမိသည်။
‘သူ သတ္တိတွေ ပိုပြီး ကောင်းလာတာပဲလား’
သူမအပေါ် ဤကဲ့သို့ စိုက်ကြည့်နေသော အကြည့်များကြောင့် ကုဟွားတစ်ယောက် ချက်ချင်းပင် ရှက်သွေးဖြန်းသွားရသည်။ သူမ ကိုယ့်ကိုယ်ကိုယ် လက်နှစ်ဖက်ဖြင့် အမြန်ဖုံးကွယ်ရန် ကြံစည်လိုက်စဉ်၌ သူက သူမ၏ လက်ကောက်ဝတ်နှစ်ဖက်ကို ဖမ်းဆွဲကာ ဘေးသို့ ဆွဲခွာလိုက်၏။
သူ၏ လေသံမှာ ရုတ်တရက် တိုးဝင်ပြီး ဩရှသွားရသည်။
“မင်း ငါ့နောက်ကို လိုက်ချင်တာက... ငါက မင်းကို အကာအကွယ်ပေးနိုင်ဖို့အတွက်လား”
ကုဟွား သူ့မျက်ဝန်းများကို တည့်တည့်မကြည့်ဝံ့ဘဲ ရိုးသားစွာ ခေါင်းညိတ်ပြလိုက်မိသည်။
သူကဲ့သို့ ထက်မြက်ပြီး အရည်အချင်းရှိလှသော အမျိုးသားတစ်ဦး၏ ရှေ့မှောက်တွင် ဖုံးကွယ်လိမ်ညာနေခြင်းက အပိုအလုပ်သာ ဖြစ်ပေလိမ့်မည်။
မုကျွင်းယန် ရင်ထဲ၌ ခုနကတင် တောက်လောင်လုနီးပါး ဖြစ်သွားခဲ့သော ရမ္မက်မီးတောက်များ အနည်းငယ် ပြန်လည်ငြိမ်းအေးသွားရ၏။
မျှော်လင့်ထားသည့်အတိုင်းပင် သူမ သူ့ကို ဖြားယောင်းနေခြင်းက သူမအတွက် အကာအကွယ်တစ်ခု ရှာဖွေနေခြင်းသာ ဖြစ်သည်။
မုကျွင်းယန်က သူမ၏ လက်များကို လွှတ်ပေးလိုက်ပြီး လေသံကလည်း အေးစက်သွားသည်။
“ငါက ကိုယ်လုပ်တော်လည်း မယူဘူး...လက်လည်း မထပ်ဘူး... ပြီးတော့ အကြောင်းပြချက်မရှိဘဲနဲ့ မိန်းမတစ်ယောက်ကိုလည်း အလကား အကာအကွယ်မပေးနိုင်ဘူး... ဒါ့အပြင်... မင်းက ငါ့သားရဲ့ ခယ်မလေ...”
“ခယ်မ” ဆိုသည့် စကားလုံးက ကုဟွား၏ ရင်ဘတ်ကို တည့်တည့် စူးဝင်သွားသကဲ့သို့ ရှိ၏။
ထိုစကားက သူမအား အလွန်အမင်း အရှက်ရစေသည်။