အခန်း ၃၈
Vol. 4 Ch. 38
အခန်း(၃၈)
ကုဟွား ခေတ္တမျှ တိတ်ဆိတ်သွားရသည်။
သူမက ဖြည်းညှင်းစွာ ဒူးထောက်ထိုင်ချလိုက်၏။ အရိုးမရှိသကဲ့သို့ နူးညံ့အိထွေးလှသော ကျောက်စိမ်းကဲ့သို့ လက်ကလေးနှစ်ဖက်ကို သူ၏ဒူးပေါ်သို့ တင်လိုက်ပြီး မျှော်လင့်တောင့်တမှုနှင့် ရိုသေလေးစားမှုများ ပြည့်နှက်နေသော မျက်ဝန်းအစုံက တောက်ပလျက် ရှိသည်။
“ကျွန်မက... သခင်ကြီးရဲ့ အနားမှာပဲ နေခွင့်ရဖို့ တောင်းပန်ချင်တာပါ... အစေခံတစ်ယောက် ဒါမှမဟုတ် အိမ်စေမလေးတစ်ယောက်အနေနဲ့ပဲ ဖြစ်ဖြစ် ရပါတယ်...”
သူမ၏ ခေါ်ဝေါ်နှုတ်ဆက်ပုံက “သခင်ကြီး” (zhujun) မှသည် “သခင်ကြီး” (ye) အဖြစ်သို့ ပြောင်းလဲသွားသည်။
[Translator notes: zhujunက အိမ်တော်တစ်ခုရဲ့ သခင်ကြီး၊ နယ်စားမင်း အဲဒီလို ရာထူးရှိတဲ့လူကို လေးစားသမှုနဲ့ ခေါ်တာ yeက မိသားစုရဲ့ သခင်ကြီး ဆိုတဲ့ အဓိပ္ပါယ်နဲ့ ခေါ်တာပါ]
မိန်းမပျိုလေး၏ ဆံကေသာက နက်မှောင်နေပြီး နှုတ်ခမ်းအစုံကလည်း နီမြန်းလျက် ရှိသည်။ သူမ မျက်ဝန်းများက ရေကဲ့သို့ ကြည်လင်လှသော်လည်း အမျိုးသားတစ်ဦး၏ ပြင်းပြလှသော အလိုဆန္ဒများကို မထိန်းချုပ်နိုင်ဘဲ ရုန်းမထွက်နိုင်အောင် ဆွဲဆောင်နိုင်စွမ်း ရှိနေသည်။
‘လောကမှာ ဒီလိုမျိုး အမျိုးသမီးမျိုးကို ငြင်းပယ်နိုင်တဲ့ အမျိုးသား ရှိနိုင်ပါဦးမလား’
မုကျွင်းယန်၏ အသံမှာ ပိုမို၍ ဩရှလာခဲ့သည်။
“အိပ်ယာနွေးပေးမဲ့ အစေခံမလေး တစ်ယောက်အနေနဲ့လား...”
ကုဟွားက ဖြည်းညှင်းစွာ ခေါင်းညိတ်ပြလိုက်၏။
“ဟုတ်ပါတယ်...”
“အကယ်၍ အိပ်ယာဝင် အစေခံမလေး အဖြစ်တောင် ခွင့်မပြုဘူးဆိုရင်ရော...”
မုကျွင်းယန်၏ မျက်ဝန်းများက ပိုမို၍ နက်မှောင် လေးနက်သွားသည်။
ဂုဏ်ဒြပ် သို့မဟုတ် ရာထူးအဆင့်အတန်းမရှိဘဲ သူ့နောက်ကို လိုက်ရခြင်းက ကစားစရာ သက်သက်မျှသာ ဖြစ်သွားလိမ့်မည်။
ကုဟွား၏ ခန္ဓာကိုယ်လေး တောင့်တင်းသွားရပြန်သည်။ သူမက မျက်ဝန်းအိမ်ထဲတွင် တစ်ဖန်ပြန်လည် ပြည့်လျှံလာသော မျက်ရည်များကို မထိန်းချုပ်နိုင်တော့ချေ။ မျက်ရည်များ စီးကျမလာစေရန်အတွက် နှာခေါင်းကို ခပ်ပြင်းပြင်း ရှုံ့လိုက်ရင်း အစွမ်းကုန် အောင့်အီးထားမိသည်။
ဤကဲ့သို့ သနားစရာကောင်းလှသော်လည်း သန်မာဟန်ဆောင်နေသည့် ပုံစံလေးက တကယ်ကို ရင်နာဖွယ် ကောင်းလှ၏။
မုကျွင်းယန်က တစ်စုံတစ်ခု ပူးကပ်ခံရသကဲ့သို့ပင် လက်လှမ်း၍ သူမ၏ မျက်ဝန်းထောင့်မှ မျက်ရည်စများကို အသာအယာ သုတ်ပေးလိုက်မိသည်။ သူ့လေသံကလည်း ပိုမိုနူးညံ့သွားခဲ့၏။
“မင်းနဲ့ ကုဝမ်ရုရဲ့ ပတ်သက်မှုကြောင့်... မင်း ငါ့အနားမှာ နေမယ်ဆိုရင် ကုအိမ်တော်ရဲ့ ဒုတိယမမလေး အဖြစ်နဲ့ပဲ နေလို့ရလိမ့်မယ်... မင်း နားလည်ရဲ့လား...”
အကယ်၍ သူ သူမကို ကိုယ်လုပ်တော်အဖြစ် တရားဝင် သိမ်းပိုက်လိုက်မည်ဆိုပါက နောင်တစ်ချိန်တွင် သူမအနေဖြင့် ကုဝမ်ရုကို မည်ကဲ့သို့ မျက်နှာချင်းဆိုင်ရဲပါ့မလဲ...
အမျိုးသမီးတစ်ဦးအနေဖြင့် အောင်သွယ်တော်မပါဘဲ တိတ်တဆိတ် ခိုးရာလိုက်ပြေးသည့် ကိစ္စမျိုးသည် တစ်သက်လုံး ခေါင်းမော့နိုင်တော့မည် မဟုတ်ချေ။
သူမကို သူက ကာကွယ်ပေးထားနိုင်လျှင်ပင် လောကကြီး၏ ကဲ့ရဲ့ရှုံ့ချမည့် အကြည့်များနှင့် ရက်စက်လှသော တံတွေးခွက်များကို သူမ ကြံ့ကြံ့ခံနိုင်ပါ့မလား...
မုကျွင်းယန်အနေဖြင့် ထိုသို့ အဖြစ်မခံနိုင်ချေ။
ကုဟွားကလည်း သဘာဝကျစွာပင် နားလည်ပါ၏။
အကယ်၍ မုကျွင်းယန်က ချွေးမဖြစ်သူ၏ တရားမဝင်ညီမကို လူသိရှင်ကြား သိမ်းပိုက်လိုက်မည်ဆိုပါက ပြည်သူများ၏ ဝေဖန်ပြစ်တင်သံများက သူတို့ကို ရေနစ်သေစေနိုင်သည်အထိ ပြင်းထန်လိမ့်မည်ဖြစ်ပြီး မုကျွင်းယန်၏ ဂုဏ်သိက္ခာကိုလည်း အကြီးအကျယ် ထိခိုက်စေပေလိမ့်မည်။
ကြီးမြတ်သော လျန်တိုင်းပြည်၏ နံပါတ်တစ် မြို့စားမင်းကြီးဖြစ်သည့်အလျောက် မုကျွင်းယန်က သူ၏ ဂုဏ်ကျက်သရေကို အလေးထားရပေမည်။
ရာထူးအဆင့်အတန်းနှင့် ဂုဏ်ဒြပ်ဟူသည် သူမအတွက် ဘာမျှမဟုတ်ချေ။
သူမ အလိုရှိသည်က အသက်ရှင်သန်ခွင့် ရရှိရန်သာ ဖြစ်သည်။
မုအန်း၏ အိပ်ရာဝင်အစေခံ ဖြစ်ရခြင်းက အနာဂတ်မရှိဘဲ နေ့စဉ်နှင့်အမျှ နင်းခြေဖျက်ဆီးခံရခြင်းကိုသာ ကြုံတွေ့ရပေလိမ့်မည်။
မုကျွင်းယန်၏ အမျိုးသမီး ဖြစ်ရခြင်းက အနည်းဆုံး ဝမ်ဟန်ရွှမ်ကလူများ၊ ကျိုးကျစ်လန်နှင့် အိမ်တော်ထိန်းချုပ်ကျိုးတို့က သူမအပေါ် စစ်မှန်သော စေတနာဖြင့် ကောင်းကောင်းမွန်မွန် ဆက်ဆံပေးကြလိမ့်မည်။
အနည်းဆုံး မုအန်းနှင့် သူမ၏ အစ်မဖြစ်သူတို့က သူမအပေါ် တစ်ခုခုကြံစည်ရန် တွန့်ဆုတ်သွားကြပေလိမ့်မည်။
သူမ၏ လက်ထဲ၌ လဲလှယ်ရန် အခြားဝှက်ဖဲမရှိချေ၊။ သူမ၏ ခန္ဓာကိုယ်တစ်ခုသာ ရှိသည်။
ကုဟွားက တိုးညှင်းသော လေသံလေးဖြင့် ခေါင်းညိတ်ပြလိုက်၏။
“ကျွန်မ နားလည်ပါတယ်... ရာထူးအဆင့်အတန်းတွေကို ကျွန်မ မမက်မောပါဘူး... သခင်ကြီးရဲ့ သနားကရုဏာသက်မှုကိုပဲ အားကိုးပါရစေ”
မိန်းမပျိုလေး၏ လိမ္မာသိတတ်လှသော ပုံစံလေးက သူမကို ပိုမို၍ သနားစရာကောင်းနေစေသည်။
မုကျွင်းယန် မျက်မှောင်ကြုတ်လိုက်မိ၏။
‘ဒါက သူ့ ကောင်းကျိုးအတွက်ဆိုတာကို တကယ်ပဲ နားလည်ရဲ့လား’
“မင်း ပြန်လိုက်ပါဦး... သေသေချာချာ စဉ်းစားပြီးမှ...”
“ဒီနေ့... ကျွန်မ သေရည် လုံးဝမသောက်ထားပါဘူး...”
ကုဟွား သတ္တိမွေးကာ သူမ၏ လက်ကလေးဖြင့် သူ၏ လက်ဖဝါးကြီးကို အုပ်မိုးဆုပ်ကိုင်လိုက်ရင်း တိုးရှနေသော လေသံလေးထဲ၌ မြှူဆွယ်လိုသော အငွေ့အသက်အချို့ကို ထည့်သွင်းလိုက်သည်။
မုကျွင်းယန်၏ မျက်ဝန်းများ အမှောင်ကျသွားရ၏။
အမျိုးသားတစ်ဦး၏ အခြေခံ စိတ်ရိုင်းအလိုဆန္ဒများက ငရဲကျမတတ် ထပ်မံ၍ တိုးဝှေ့ထွက်ပေါ်လာခဲ့ပြန်သည်။
သူ အမျိုးသမီးပေါင်းစုံကို မြင်တွေ့ခဲ့ဖူးသော်လည်း ဤကဲ့သို့ စိတ်အထိန်းအကွပ်မဲ့မှုမျိုး တစ်ကြိမ်တစ်ခါမျှ မဖြစ်ဖူးခဲ့ချေ။ အဘယ်ကြောင့် သူမကို မြင်ရသည့်အခါတိုင်း၌ သူ့ကိုယ်သူ မထိန်းချုပ်နိုင် ဖြစ်နေရသနည်း။
သူမကပဲ သူ၏ အားကောင်းလှသော အမျိုးသားဗီဇ အာရုံခံစားမှု အဆို့ရှင်ကို ဖွင့်လှစ်ပေးလိုက်ခြင်းမျိုးလော။
ဒါမှမဟုတ် သူကိုယ်တိုင်က စိတ်ဆန္ဒတွေကို အချိန်အကြာကြီး ဖိနှိပ်ထားခဲ့မိလို့ အခုမှ ပေါက်ကွဲထွက်လာခြင်းမျိုးလား။
သူမ အကွက်ချစီစဉ်တတ်ပြီး စဉ်းလဲတဲ့ အမျိုးသမီးမျိုးနှင့် မတူချေ။
ထိုညက အသည်းအသန် ဖြစ်နေခဲ့သော ရမ္မက်ပြင်းပြမှုများမှစ၍ နောက်ပိုင်း၌ ယုန်ကလေးတစ်ကောင်ကဲ့သို့ ဖြူစင်ပြီး တုံးအအ ပြုမူနေထိုင်ပုံများအထိ။
‘အမျိုးသမီးတစ်ယောက် အလေးအနက်ထားရမဲ့ အရှက်တရားနဲ့ အပျိုစင်ဘဝကိုပါ စွန့်လွှတ်ပြီး လာရောက် ဖျားယောင်းနေတယ်ဆိုတာက သူ့အနေနဲ့ တကယ်ကို လမ်းဆုံးရောက်နေပြီး အကျပ်အတည်းနဲ့ ရင်ဆိုင်နေရလို့ပဲ ဖြစ်ရမယ်’
သူမ၏ အဆင့်အတန်းက ပြောင်းလဲခံထားရခြင်း ဖြစ်သည်။ တစ်ဆယ့်ခုနစ်နှစ်တာ ကာလပတ်လုံး ရွှေနှင့် ကျောက်စိမ်းတို့ဖြင့် စီခြယ်ဝန်းရံနေရမည့် အဖိုးတန်လှသော မိန်းကလေးတစ်ဦးက ငတ်မွတ်ခေါင်းပါးခြင်း၊ အအေးဒဏ် ခံရခြင်းနှင့် နှိပ်စက်ညှင်းပန်းခံရခြင်းများစွာကို ခံစားခဲ့ရသည်။ သနားစရာကောင်းသည်က ထိုအကြောင်းကို သူမကိုယ်တိုင်ပင် မသိရှိခဲ့ခြင်း ဖြစ်၏။
အမေနှင့် သမီးက နေ့တိုင်း မျက်နှာချင်းဆိုင် ဆုံတွေ့နေကြသော်လည်း တစ်ဦးကိုတစ်ဦး မမှတ်မိကြချေ။ ဤအကြောင်းကို တွေးမိရုံမျှဖြင့် အရွယ်ရောက်ပြီးသား အမျိုးသားတစ်ဦးဖြစ်သည့် သူပင် ရင်ထဲ၌ မသက်မသာ ခံစားရသည်။
‘အားနွဲ့လှသော အမျိုးသမီးတစ်ဦးက အဲဒီလို ပတ်ဝန်းကျင်ဆိုးကြီးမှာ ဘယ်လိုများ ကြီးပြင်းလာခဲ့ရတာလဲ’
သို့သော်လည်း သူမ ကြိုးစားအားထုတ်လိုစိတ်ရှိပြီး ပညာရပ်များကို သင်ယူလိုစိတ် ရှိသည်။ သူမတွင် လှပသော လက်ရေးလှပညာရှိပြီး ထူးချွန်ပြောင်မြောက်သော အပ်ချုပ်လက်ရာကိုလည်း တတ်မြောက်ထား၏။
ပုံမှန်ဆိုလျှင် သူမ ပျန့်ကျင်းမြို့ရှိ စာအုပ်ဆိုင်ငယ်လေးတစ်ခုနှင့် ချိတ်ဆက်ကာ ပညာသင်များ ဖတ်ရှုလိုသော်လည်း မဝယ်ယူနိုင်သော စာအုပ်များကို ကူးရေးပေးခြင်း၊ အပ်ချုပ်ပန်းထိုးခြင်းများ ပြုလုပ်၍ ငွေကြေးအနည်းငယ်နှင့် လဲလှယ်ခဲ့ဖူးသည်။
သူမ၏ ဒဏ်ရာများကို ကုသရန်အတွက် ဆေးဝါးများကိုပင် တိတ်တဆိတ် ဝယ်ယူခဲ့ဖူး၏။
ဤမျှအထိ ဆင်းရဲဒုက္ခပေါင်းစုံကို ခံစားခဲ့ရသော်လည်း ဘဝကို အားတက်သရော ရှင်သန်ရန် ကြိုးစားနေသည့် မိန်းကလေးတစ်ဦးက မုအန်း၏ အိပ်ရာဝင်အစေခံ မဖြစ်လာစေရန်အတွက် သူမ၏ ဖြူစင်သော ခန္ဓာကိုယ်ကို သုံးပြီး သူ့ကို လာရောက်ဖြားယောင်းနေခြင်းလား...
ဤကိစ္စက အနည်းငယ် ယုတ္တိမရှိချေ။
သူမ အမှန်တကယ် ရယူလိုသောအရာက ဤမျှသာမကဘဲ ပိုမိုများပြားနိုင်ပေသည်။ အကယ်၍ သူမ ရည်မှန်းချက်က အလွန်အမင်း ကြီးမားနေမည်ဆိုပါက သူ သဘောတူနိုင်မည် မဟုတ်ချေ။
မုကျွင်းယန်က မေးလိုက်၏။
“မင်းက ငါ့ရဲ့ အကာအကွယ်ကိုပဲ လိုချင်တာလား... တခြားဘာကိုမှ ထပ်ပြီး မတောင်းဆိုဘူးပေါ့”
ကုဟွား ခေါင်းညိတ်ပြလိုက်သည်။
သူ မယုံကြည်ပါချေ။
မိန်းမပျိုလေးက အမှန်တရားအားလုံးကို ပြောပြမနေခြင်းသာ ဖြစ်ရမည်။
မုကျွင်းယန် ကိုယ်ကိုကိုင်းညွတ်လိုက်ပြီး သူမ၏ မေးစေ့ချွန်ချွန်လေးကို ဆွဲကိုင်လိုက်၏။
“ငါ့သားရဲ့ အိပ်ရာဝင်အစေခံ ဖြစ်ရတာနဲ့ ငါ့ရဲ့ အိပ်ရာဝင်အစေခံ ဖြစ်ရတာက ဘာများကွာခြားလို့လဲ... ငါ့သားကမှ ငယ်ရွယ်ပြီး အနာဂတ်ရှိသေးတယ်... ဒါပေမဲ့ မင်းက ငါ့လို လူအိုကြီးကိုမှ လာပြီး ဖြားယောင်းနေတယ်... မင်း တကယ်ပဲ ဘာတွေ ကြံစည်နေတာလဲ...”
ကုဟွား စိတ်ထဲတွင် တိတ်တဆိတ် ရေရွတ်လိုက်မိသည်။
‘တကယ်လို့ ကျွန်မမှာ တခြားရည်ရွယ်ချက် ရှိနေတယ်လို့ အမှန်အတိုင်း ပြောပြလိုက်ရင် ရှင်က ကျွန်မကို ကူညီပါဦးမလား’
မုကျွင်းယန်ကဲ့သို့သော အမျိုးသားများသည် အမျိုးသမီးများက လှည့်ကွက်များသုံးပြီး သူတို့ကို အသုံးချရန် ကြိုးစားသည်ကို အမုန်းဆုံး ဖြစ်သည်။
ထို့ကြောင့် သဘာဝကျစွာပင် သူမအနေဖြင့် သူမ မြို့စားမင်းကို ကြည်ညိုလေးစားပြီး စိတ်ရောကိုယ်ပါ ပြုစုလုပ်ကျွေးချင်ပါသည်ဟူသော ပုံစံမျိုးကိုသာ ပြသရမည်။
သူ့ကို ဖြည်းဖြည်းချင်း ဖမ်းစားနိုင်ပြီးမှသာ သူမ၏ အစီအစဉ်များကို တစ်လှမ်းချင်း ချပြရမည်။
ကုဟွားက နူးညံ့စွာ ပြောလိုက်၏။
“ကျွန်မ ပြောရင်လည်း သခင်ကြီးက ယုံချင်မှ ယုံပါလိမ့်မယ်... ကျွန်မရဲ့ နောက်ခံက မကောင်းလို့ လူကောင်းတစ်ယောက်နဲ့ လက်ထပ်ဖို့တော့ မမျှော်လင့်ရဲပါဘူး... ဒါပေမဲ့ ကျွန်မရဲ့ အစ်မနဲ့တော့ ယောက်ျားတစ်ယောက်တည်းကို အတူတူ ဝေမျှပြီး မပြုစုချင်ပါဘူး... ဒါတင်မကသေးဘူး... ကျွန်မက သူနဲ့ ကိုယ်လုပ်တော်ပိုင်တို့ရဲ့ လက်ခုပ်ထဲကရေ ဖြစ်နေတုန်းပဲ... မြို့စားအိမ်တော်ထဲကို မဝင်ခင်တုန်းက ကျွန်မကို ကျွန်စာချုပ်မှာ အတင်းအကြပ် လက်မှတ်ထိုးခိုင်းထားခဲ့ကြတာ... ကျွန်မ ဘယ်ကိုပဲ ထွက်ပြေးပါစေ ကျွန်တစ်ယောက်ပဲ ဖြစ်နေဦးမှာပဲ...
ကျွန်မက လူပီသစွာနဲ့ ပွင့်ပွင့်လင်းလင်း ရှင်သန်ချင်တာပါ... ရေမြောင်းထဲက ကြွက်တစ်ကောင်လိုမျိုး သနားစရာကောင်းပြီး အရှက်ရစရာကောင်းတဲ့ ဘဝမျိုးနဲ့ မနေချင်ဘူး...
ကျွန်မက အားနွဲ့တဲ့ အမျိုးသမီးတစ်ယောက် ဖြစ်ပေမဲ့ တကယ်လို့ ကိုယ့်ကိုယ်ကိုယ် ပေးဆပ်ရမယ်ဆိုရင် အဲဒီပေးဆပ်မှုက တန်ဖိုးရှိရမယ်ဆိုတာကို သိပါတယ်... သခင်ကြီးက တိုင်းပြည်အတွက် တိုက်ပွဲဝင်ပေးနေတဲ့ ဖြောင့်မတ်တဲ့ သူရဲကောင်းတစ်ဦးပါ... သခင်ကြီးရဲ့နောက်ကို လိုက်ရခြင်းက ကျွန်မအတွက် ဂုဏ်ယူမှုကို ခံစားရစေပါတယ်...
သခင်ကြီး အိမ်ပြန်လာတဲ့အခါမှာလည်း ဒီကိုယ်လုပ်တော်က အလိုက်သိစွာနဲ့ နူးနူးညံ့ညံ့ ပြုစုပေးပြီး တစ်နေ့တာလုံးရဲ့ ပင်ပန်းနွမ်းနယ်မှုတွေကို ဆေးကြောပေးပါ့မယ်... ဒါက ကျွန်မတစ်ယောက်တည်းရဲ့ ဆန္ဒပဲ မဟုတ်ပါဘူး... မြို့စားအိမ်တော်ကလူတွေနဲ့ သခင်ကြီး အသက်နဲ့လဲပြီး ကာကွယ်ပေးထားတဲ့ လောကတစ်ခွင်က ပြည်သူတွေကိုယ်စား ပြုစုပေးတာပါ... ဒါတွေကို တွေးမိရင် ကျွန်မ တခြားဘာကိုမှ ဂရုမစိုက်တော့ပါဘူး”
မုကျွင်းယန် : “...”
‘ဒီပါးစပ်လေးကတော့ တကယ့်ကို စကားဘယ်လိုပြောရမလဲဆိုတာ ကောင်းကောင်းသိတာပဲ’
သူ၏ မျက်ဝန်းများ အနည်းငယ် လှုပ်ရှားသွားသည်ကို သတိပြုမိလိုက်သောအခါ ကုဟွား သတ္တိမွေး၍ လက်လှမ်းလိုက်ပြီး မုကျွင်းယန်၏ ပေါင်တစ်လျှောက်ကို အသာအယာ ပွတ်သပ်လိုက်၏။
မုကျွင်းယန်က စကားတစ်ခွန်းမျှ မဆိုသော်လည်း သူ၏ လည်စေ့က အပေါ်အောက် အနည်းငယ် လှုပ်ရှားသွားသည်။
သူ သူမ၏ ငြိမ်ငြိမ်မနေသော လက်ကလေးကို ဖမ်းဆုပ်လိုက်၏။
ထိုနေ့ညက သူ အရက်မူးနေခဲ့သော်လည်း သူမ၏ နူးညံ့အိထွေးလှသော ခန္ဓာကိုယ်ကို ထိတွေ့ခဲ့ရသည့် အာရုံခံစားမှုများက သူ့လက်ဖျားများတွင် အရိပ်အယောင် ကျန်ရှိနေဆဲ ဖြစ်သည်။
ကုဟွားက သူ့အကြည့်များကို ရိုးရိုးသားသား ရင်မဆိုင်နိုင်တော့သဖြင့် သူမ မျက်နှာလေးကို သူ၏ လက်ဖဝါးကြီးဆီသို့ အသာအယာ ဖိကပ်လိုက်သည်။
မိန်းမပျိုလေး၏ နားရွက်ဖျားလေးများအထိ နီရဲနေသည်ကို မြင်လိုက်ရသောအခါ မုကျွင်းယန်၏ သွေးကြောများအတွင်းရှိ အပူလှိုင်းများက ဆူပွက်လာကာ ခါးအောက်ပိုင်းဆီသို့ တိုက်ရိုက်စီးဆင်းသွားသည်။
သူမ၏ နူးညံ့သော ပါးပြင်လေးကို ထိတွေ့လိုက်ရခြင်းက အမျိုးသား၏ ရင်ထဲ၌ မီးတောက်တစ်ခုကို ချက်ချင်း တောက်လောင်စေခဲ့၏။
မုအိမ်တော်သည် မင်းဆက်သုံးဆက်တိုင်တိုင် တိုင်းပြည်တာဝန်ကို ထမ်းဆောင်ခဲ့ကြသော အဆင့်မြင့် အရာရှိ မျိုးရိုးဖြစ်သည်။ စစ်တပ်မျိုးနွယ်များအနက် ထိပ်သီး စစ်သူကြီးမိသားစုမျိုးနွယ်ကြီး ဖြစ်သည်။
မုကျွင်းယန်သည် ငယ်စဉ်တည်းက အလွန် တင်းကျပ်သော မိသားစုစည်းကမ်းများဖြင့် သွန်သင်ဆုံးမခံခဲ့ရသူဖြစ်သည်။ သူ၏ အရိုးထဲအထိ ခံယူထားသည်က အမျိုးသမီးများသည် နူးညံ့သိမ်မွေ့ပြီး ဂုဏ်သိက္ခာရှိရမည် ဖြစ်သည်။
ထို့ကြောင့် သူသည် ကိုယ့်ကိုယ်ကိုယ် အရောက်ပို့ပေးလာသော အမျိုးသမီးများကို တစ်ချက်မျှပင် စောင်းငဲ့မကြည့်ခဲ့ဖူးချေ။
ထို့အပြင် တစ်နှစ်ပတ်လုံး စစ်မြေပြင်၌သာ အချိန်ကုန်လွန်နေရသဖြင့် ဂုဏ်သရေရှိ အမျိုးသမီးများနှင့် ဆုံတွေ့ခွင့်လည်း မရှိခဲ့ချေ။
သို့သော် အံ့သြဖွယ်ကောင်းစွာပင် ကုဟွား သတ္တိရှိရှိဖြင့် လက်ဦးမှုယူလာချိန်၌ သူမ၏ အပြုအမူများကို စိတ်အနှောင့်အယှက် မဖြစ်မိသည့်အပြင် အကျင့်စာရိတ္တ ပျက်ပြားသည်ဟုလည်း မခံစားရချေ။
ဆန့်ကျင်ဘက်အနေဖြင့် သူမ၏ အပြုအမူများက သူ၏ စိတ်ဝင်စားမှုကို ဆွဲဆောင်နေသည်။